အခန်း (၃၆၄)
Vol. 37 Ch. 364
လူများကို ရရှိပြီဖြစ်၍ ကျန်းကျန်းက ပြုံး၍ ပြောလိုက်လေ၏။
“ဒါဆို ကျွန်မ လယ်ကွင်းကို သွားကြည့်လိုက်မယ်၊ အဲဒီနေရာမှာ မင်းတို့နေဖို့အတွက် အိမ်တွေဆောက်ရမယ်၊ ခြံစည်းရိုးတွေလည်း ကာရမယ်၊ ဒီတော့ အုတ်၊ ကြွပ်၊ သစ်သားတွေ ဝယ်ခိုင်းလိုက်ဦးမယ်”
ကျန်းကျန်းက ပြောပြီးသည်နှင့် ဤလူအုပ်စုအတွက် ခေါင်းဆောင်တစ်ဦးကို ရှာဖွေရမည်ကို သတိရသွားသည်။
သူမက ဤနေရာ၌ အချိန်ကြာကြာနေရန် မဖြစ်နိုင်ပါချေ။ တစ်ဦးဦးက အလုပ်များကို စီစဉ်ပေးရန် လိုအပ်နေသေးသည်။ ကျန်းကျန်းက လူများကို ဝေ့ကြည့်လိုက်၍ ပြောခဲ့သည်။
“မင်းတို့ထဲမှာ ဘယ်သူက ပိုပြီး အရည်အချင်းရှိလဲ”
လူငယ်လေးများက ဤစကားကို ကြားသော် အသက်သုံးဆယ်ကျော် အရွယ် အမျိုးသားတစ်ဦးကို လှည့်ကြည့်လိုက်ကာ ပြောလာခဲ့လေ၏။
“ပုံမှန်ဆိုရင်တော့ အကိုကြီးတာ့ရှန်က ကျွန်တော်တို့ကို ဦးဆောင်ပြီး အလုပ်လုပ်တာပါ၊ အကိုကြီးတာ့ရှန်က လယ်လုပ်တာရော အိမ်ဆောက်တာရော လုပ်တတ်တယ်၊ ဒါကြောင့် ကျွန်တော်တို့ အားလုံးက သူ့ရဲ့စကားကို နားထောင်ကြတယ်”
“ကောင်းပြီ၊ ဒါဆို မင်းတို့တွေ ငါနဲ့ အရင်ဆုံး ကားပေါ်ကိုတက်လိုက်ကြ၊ ငါ နေရာကို အရင်လိုက်ပြပေးမယ်”
ကျန်းကျန်းက သန်မာထွားကြိုင်းသည့် လူငယ်သုံးဦးအား ထပ်မံ၍ လက်ညှိုးထိုးပြလိုက်ကာ ပြောလိုက်လေ၏။
“ရှင်တို့သုံးယောက် ကျွန်မနဲ့ အရင်လိုက်ခဲ့၊ ကျန်တဲ့သူတွေကတော့…”
ကျန်းကျန်း တုံ့ဆိုင်းသွားသည်။ သူမ၏ ကားနှင့်ဆိုလျှင် ဤမျှများပြားသော လူများကို အမှန်တကယ် မဆွဲခေါ်နိုင်ပါချေ။
“ရွာထဲမှာ ကားကြီးတစ်စီးရှိပါတယ်”
ရွာသူကြီးက ချက်ချင်းဆိုသလို ပြောလိုက်သည်။
“ကျွန်တော် ကားကြီးမောင်းပြီး သူတို့ကို ပို့ပေးပါ့မယ်”
“ကောင်းပါပြီ၊ ဒါဆို ရွာသူကြီးကို ဒုက္ခပေးရတော့မှာပဲ”
ကျန်းကျန်း ပြုံးကာ ပြောလိုက်လေသည်။
“ရပါတယ်၊ ကျွန်တော်တို့ကသာ မင်းကို ဒုက္ခပေးရတာပါ”
ရွာသူကြီးက လူငယ်တစ်စုအား လက်ပြလိုက်၍ ရွှင်မြူးစွာ ပြောလိုက်သည်။
“ရှောင်ဝူ၊ ငါ့အိမ်သွားပြီး ယာဉ်မောင်းကို ကားယူလာဖို့ ပြောခဲ့၊ မြန်မြန်လုပ်၊ ဒါရိုက်တာလီရဲ့ အလုပ်ကို မနှောင့်နှေးစေနဲ့”
ရွာအတွင်းရှိ လူတိုင်းက မြေလွတ်မြေရိုင်းများအကြောင်းကို သိကြသည်ဖြစ်သောကြောင့် ကျန်းကျန်းက လမ်းပြရန်အတွက် စောင့်နေစရာမလိုတော့ချေ။ သူမက လူငယ်ငါးဦးကို ကားဖြင့် မြေလွတ်မြေရိုင်းဆီသို့ အရင်မောင်းသွားခိုင်းလိုက်ကာ မျိုးစေ့ချပြီးသား မြေကို လက်ညှိုးထိုးပြလျက် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ကျွန်မ အစိုးရနဲ့ စာချုပ်ချုပ်ပြီး လုပ်ထားတဲ့ မြေပဲ၊ အခုဆိုရင် လူငှားပြီးသွားတော့ မြေဆွပြီး မျိုးစေ့ချထားပြီးပြီ၊ ရှင်တို့က ရေမှန်မှန်လောင်းပေးရုံ၊ ပေါင်းသင်ပေးရုံပဲ၊ ပြီးတော့ ပုံမှန်လေးဂရုစိုက်ပေးရင်ရပြီ”
တာ့ရှန်က နေရာကို လှည့်ပတ်ကြည့်လိုက်သည်။ မြေနေရာက အလွန်ကျယ်သော်လည်း ဤအလုပ်များသည်က အလွန် ပေါ့ပါး၍ အားလည်း အလွန်အမင်း မစိုက်ထုတ်ရပါချေ။
မည်သို့ပင် ကြည့်စေကာမူ လူဆယ့်ငါးဦး လုပ်ဆောင်ရန် မလိုအပ်ပေ။ တာ့ရှန်က ကျန်းကျန်းအနေဖြင့် ဆင်းရဲသားများအား ကူညီရန် လာသည်ဟုသာ ထင်မြင်၍ တုံ့ဆိုင်းစွာဖြင့် သူမအား ကြည့်၍ ပြောမိသည်။
“တကယ်တော့ နှစ်ယောက်သုံးယောက်နဲ့လည်း လုပ်လို့ရပါတယ်၊ ငွေကြေးအကူအညီအတွက် ပိုက်ဆံတွေ အလဟဿ မဖြုန်းပါနဲ့”
ကျန်းကျန်းက ပြုံး၍ သူ့ဘေးနားရှိ မြေအလွတ်တောင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီတောင်ကလည်း ကျွန်မ ပိုင်တာပဲ၊ မြေလွတ်မြေရိုင်းတွေကို ပြုပြင်ပြီးရင် ဆေးဖက်ဝင်အပင်တွေ စိုက်မယ်၊ ရှင်တို့တွေလောက်က ကျွန်မအတွက် မလုံလောက်မှာတောင် စိုးရိမ်တယ်”
ထိုစကားကိုကြားမှသာ တာ့ရှန်လည်း စိတ်အေးလက်အေး ပြုံးလိုက်မိပြီး ချက်ချင်းဆိုသလို တက်တက်ကြွကြွဖြင့် မေးလာသည်။
“ဒါဆို ကျွန်တော်တို့ ဒီနေ့ဘာလုပ်ရမလဲ”
ကျန်းကျန်းက သူ့ကို မြေလွတ်မြေရိုင်း၏ အစွန်းဘက်သို့ ခေါ်သွားခဲ့သည်။ ထိုနေရာ၌ အိမ်ဆောက်ရန် လိုအပ်သည့် ပစ္စည်းပေါင်း များစွာ စုပုံထားလေသည်။
“မင်းတို့ အိမ်နည်းနည်းလောက် ဆောက်လိုက်လေ၊ အပင်တွေနဲ့ ပန်းတွေ ကြီးလာရင် ညဘက်မှာ ဒီနေမှာ အစောင့်အဖြစ် နေပေးမယ့်သူ လိုလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းတို့ကိုယ်တိုင် စီစဉ်ပြီး အလှည့်ကျ နေကြပေါ့၊ ညဘက်တွေမှာ လယ်ကွင်းထဲမှာ လူငါးယောက်ထက် မနည်း ရှိရမယ်”
ကျန်းကျန်းက ပြောပြီးသည်နှင့် ဘေးနားရှိ တဲအိမ်အတွင်းသို့ ဝင်သွားခဲ့သည်။ ခဏအကြာတွင် ကျန်းကျန်းက အပြင်သို့ ထွက်လာခဲ့ကာ တာ့ရှန်အား ပြောလိုက်သည်။
“မီးဖိုတွေ၊ အိုးတွေ၊ ဒယ်အိုးတွေ အကုန် ရှိတယ်၊ အစားအသောက်တွေကို ရှင်တို့ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရမယ်”
တာ့ရှန်က ဤစကားကို ကြားသော် ကျန်းကျန်း၏နောက်မှ လိုက်၍ တဲအတွင်း လိာက်ကြည့်ခဲ့သည်။
ဤသည်ကား ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် ပြုလုပ်ထားသော သီးသန့်တဲ ဖြစ်သည့်အတွက် အတွင်း၌ နေရာများစွာ ရှိလေသည်။
ခုတင်တစ်လုံးအပြင် ချက်ပြုတ်စားသောက်ရန် အရာအားလုံး အဆင်သင့်ရှိနေပြီး ထောင့်၌ ဆန်အိတ် ဆယ့အိတ်ကျော်၊ ဂျုံမှုန့်ဖြူများ၊ ဆီပုံးများနှင့် ဟင်းသီးဟင်းရွက်ခြင်းများလည်း ရှိသည်။
ကျန်းကျန်းက အင်တုံတစ်ခုပေါ်၌ ဖုံးထားသည့် ပုဝါစကို ဖွင့်လိုက်သည်။ ထိုအထဲတွင် ပေါက်စီများ အပြည့်ရှိနေခဲ့သည်။
“ဒါတွေက ဒီနေ့ ရှင်တို့တွေ စားဖို့ လုံလောက်မှာပါ၊ မနက်ဖြန်ကျရင်တော့ ရှင်တို့ကိုယ်တိုင် လုပ်ရမယ်”
တာ့ရှန်တစ်ယောက် နှလုံးသားအတွင်း၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူသည်ကား သူ၏ အသက်ကြီးပြီဖြစ်သည့် အမေဖြစ်သူအား စိုးရိမ်သည့်အတွက် ရွာပြင်သို့ ထွက်ကာ အလုပ်မလုပ်ခြင်း ဖြစ်လေသည်။
သို့သော်လည်း တရုတ်နှစ်သစ်ကူးကာလ၌ ပြန်လာသည့် ရွာမှ လူငယ်လေးက အပြင်ဘက်မှ ဒုက္ခအခက်အခဲများအကြောင်းကို များစွာ ပြောပြဖူးသည်။
သူဌေးက အစားအသောက်ကို ဂရုမစိုက်ပဲ နေ့ရောညပါ အလုပ်လုပ်ခိုင်းသည်။
ဤကဲ့သို့သော ဆန်၊ ဂျုံမှုန့်၊ ဟင်းသီးဟင်းရွက်များကိုပါ ပြင်ဆင်ပေးပြီး ပေါက်စီဖြူကြီးများကို အသင့်ယူလာပေးသည့် အလွန်ကောင်းမွန်လှသည့်သူဌေးမျိုးက မည်သည့်နေရာ၌ ရှိမည်နည်း။
ဤသည်က သူတို့အတွက် ပထမဆုံးနေ့ အလုပ်လာလုပ်ခြင်း ဖြစ်သည့်အတွက် အချိန်မီ မချက်နိုင်ပဲ ဆာလောင်မည်ကို စိုးရိမ်သောကြောင့် စိတ်စေတနာအပြည့်နှင့် ပြင်ဆင်ပေးခြင်းသာ ဖြစ်ကြောင်း သိနိုင်ပေသည်။။
စကားပြောနေစဉ်ပင် နောက်မှ လိုက်လာသည့် ကားလည်း ရောက်လာခဲ့သည်။ ကျန်းကျန်းက အပြင်သို့ ထွက်လာခဲ့ပြီး လူတိုင်းကို စုခေါ်လိုက်သည်။
“ဒီပျိုးပင်တွေက ခုနစ်ရက် ရှစ်ရက်လောက်ဆိုရင် ထွက်လာလိမ့်မယ်၊ ကြီးလာဖို့လည်း အချိန်နည်းနည်း ကြာဦးမယ်၊ ဒီတော့ ဒီကာလအတွင်းမှာ မင်းတို့ထဲက တစ်ယောက်က ညဘက်တွေဆိုရင် တဲထဲမှာ စောင့်နေပြီး ပစ္စည်းတွေကို ကြည့်ပေးရုံပဲ
ကျန်တဲ့သူတွေကတော့ ဒီမှာ ညအိက်နေစရာမလိုဘူး၊ ဒါပေမယ့် နေ့ဘက်မှာ၊ အိမ်ဆောက်တာကို မြန်မြန်လုပ်ရမယ်၊ ဒါမှ နေ့ခင်ဘက် ပူလာရင် တဲထဲမှာ နေလို့အဆင်ပြေမှာ”
ကျန်းကျန်း ထိုစကားကို ပြောပြီးသည်နှင့် သူ၏ အိတ်အတွင်းမှ ငွေအထပ်များစွာကို ထုတ်ယူလိုက်ကာ တစ်ဦးချင်းစီအား ခွဲဝေပေးလိုက်သည်။
“မင်းတို့ရဲ့ အိမ်မှာလည်း မလွယ်ကူဘူးဆိုတာ ငါသိတယ်၊ ဒီတစ်ခါ အိမ်မှာနေရင်း အလုပ်လာလုပ်တဲ့သူတွေကို ပိုလို့တောင် သိတယ်
ဒါကြောင့် တစ်လစာ လုပ်အာခကို ကြိုထုတ်ပေးမယ်၊ နောက်လကစပြီး လကုန်ရက်တွေမှာ လုပ်အားခ ပေးမယ်”
တာ့ရှန်က သူ့လက်အတွင်းမှ ရာတန်ငါးရွက်ကို ဆုပ်ကိင်ထားခဲ့ပြီး ဤအရပ် 1.8 မီတာခန့်ရှိသည့် ထွားကြိုင်းသည့်အမျိုးသား၏ မျက်လုံးများက နီရဲလာသည်။
“သူဌေး၊ ကျွန်တော်တို့ကို ဒီလောက်အထိ ဂရုစိုက်ပြီး ပေးစရာ မလိုပါဘူး”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။
“ရှင်တို့က ဒီပိုက်ဆံနဲ့ ထိုက်တန်တယ်လို့ ကျွန်မယုံပါတယ်၊ ကျွမ်မတို့ရဲ့ အလုပ်က ထူးထူးခြားခြား မဟုတ်ဘူးလို့ မထင်နဲ့၊ ဒါပေမယ့် ကြာလာရင် ပန်းပင်တွေနဲ့ အပင်တွေကို ပြုစုစောင့်ရှောက်တာက သည်းခံခြင်းအပြင် ကျွမ်းကျင်မှုလည်း လိုအပ်တယ်ဆိုတာ ရှင်တို့ သိလာလိမ့်မယ်”
သူမက လူဆယ်ဦးကျော်ကို ကြည့်၍ ပြောလိုက်သည်။
“ကျွန်မက ပန်းပင်တွေနဲ့ အပင်တွေ ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းတွေကို ပုံမှန် လာပြီး ပြောပြပေးမယ်၊ ရှင်တို့က အလေးအနက်ထား လေ့လာပြီး ကျွန်မအပင်တွေကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်မယ်လို့ မျှော်လင့်တယ်”
“မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ သေချာပေါက် ကောင်းကောင်း လုပ်ပါ့မယ်”
တာ့ရှန်က ဟစ်အော်လိုက်လျှင် ကျန်သည့်လူများကလည်း ပြောလာကြလေ၏။
“မစိုးရိမ်ပါနဲ့ သူဌေး၊ ခင်ဗျားကို အလကား ပိုက်ဆံကုန်အောင် ကျွန်တော်တို့ မလုပ်ပါဘူး”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။
“ကောင်းပြီ၊ ရှင်တို့တို့ လုပ်စရာရှိတာကို ဆက်လုပ်နေကြပါ၊ ကျွန်မ ဟိုဘက်တောင်ကို သွားကြည့်ပြီး သူတို့ကို နှုတ်ဆက်လိုက်ဦးမယ်”
တာ့ရှန်က ခေါင်းညိတ်လိာက်ပြီး လူငယ်အနည်းငယ်အား အိမ်ဆောက်ရန်အတွက် မြေပြန့်နေရာကို တိုင်းတာခိုင်းလိုက်သည်။
ကျန်းကျန်းလည်း ကားကို မြေလွတ်တောင်ခြေရင်းဆီသို့ မောင်းသွားခဲ့လေသည်။ အချိန်က နေ့တစ်ဝက်သာရှိသေးသည့်အတွက် မြေလွတ်တောင်ကို သိပ်ပြီး မရှင်းလင်းရသေးပေ။
ကျန်းကျန်းက ထိုတိုးတက်မှုကို ကြည့်၍ တောင်ရှင်းလင်းပြီးချိမ်၌ နွေရာသီသို့ရောက်လုနီးပါး ဖြစ်လာမည်ဟု ခန့်မှန်းလိုက်သည်။
“အောက်ဘက်က မြေလွတ်မြေရိုင်းကို ဂရုစိုက်ဖို့ တာ့ရန်ရွာက လူတွေကို ငှားထားတယ်၊ ဒါက မြို့ပေါ်က လူကြီးတွေရဲ့ ရည်ရွယ်ချက်ကြောင့်ပဲ”
ကျန်းကျန်းက အနီးအနားရွာများမှာ ပုံမှန်အားဖြင့် အလုပ်ကိစ္စနှင့် ရန်ဖြစ်ခြင်းတို့ အနည်းငယ်ရှိသည်ကို သိသည့်အတွက် တိုက်ရိုက်ထုတ်ပြောလိုက်သည်။
“ရှင်တို့တွေ မြေလွတ်မြေရိုင်းကို ဆက်ပြီး ရှင်းလင်းပေးကြပါ၊ ပြီးရင် တာ့ရန်ရွာက လူတွေကို အပ်ပြီး ဆက်ပြီး ကိုင်တွယ်ခိုင်းလိုက်မယ်”
အလုပ်သမားခေါင်းဆောင်သည်လည်း တာ့ရန်ရွာမှ အခြေအနေကို သိပေသည်။
သူ့တို့၏ရွာသားများက ဤကဲ့သို့သော ကောင်းမွန်သည့်အလုပ်ကို လက်လွတ်သွားသည်ကိုတော့ အနည်းငယ် နှမျောမိသွားသော်လည်း သူ နားလည်နိုင်ခဲ့သည်။
“မြို့က ဆုံးဖြတ်ချက်ကို ကျွန်တော် နားလည်ပါတယ်၊ တာ့ရန်ရွာက ဒီနှစ်တွေအတွင်းမှာ အရမ်းကို ခက်ခဲခဲ့တာ”
သူက သက်ပြင်းချ၍ ကျန်းကျန်းဆီမှ ထပ်၍ မျက်နှာသာရရန် အခွင့်အရေးယူလိုက်သည်။
“ဒါပေမယ့် ကျွန်တော်တို့ရွာက လူတွေက အလုပ်လုပ်တဲ့နေရာမှာ မဆိုးပါဘူး၊ ဒီနေရာက ဘယ်လောက် ကောင်းလဲဆိုတာ ကြည့်ပေးပါ၊ နောင်အနာဂတ်မှာ အလုပ်ရှိရင် ကျွန်တော်တို့ကို အရင် စဉ်းစားပေးပါဦး၊
တာ့ရန်ရွာက လူမလုံလောက်ဘူးဆိုရင် ကျွန်တော်တို့ရွာက ငှားဖို့ မမေ့ပါနဲ့”
ကျန်းကျန်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။
“ စိတ်ချပါ၊ ရှင်တို့ အလုပ်ကောင်းကောင်း လုပ်နိုင်သရွေ့ ကျွန်မက ရှင်တို့ကို သေချာပေါက် ငှားရမ်းမှာပါ”
*