အခန်း (၃၆၇)
Vol. 37 Ch. 367
ဖုန်းချပြီးနောက် ကျန်းကျန်းတစ်ယောက် ဖြူဖျော့သော မျက်နှာနှင့် ကုလားထိုင်ပေါ်၌ ထိုင်နေခဲ့မိသည်။
ရုံးဝန်ထမ်းတစ်ဦးက စာရွက်စာတမ်းတစ်ခုကို ကျန်းကျန်း၏ စားပွဲပေါ် တင်လိုက်ချိန်တွင် ကျန်းကျန်းက ဖိုင်ကို တွန်းထုတ်လိုက်ပြီး စားပွဲပေါ်မှ ကားသော့ကို ဆွဲယူကာ ပြေးထွက်သွားတော့သည်။
“မန်နေဂျာ၊ ဒါက မြေလေလံပွဲရဲ့ နောက်ဆုံး စာရွက်စာတမ်းပါ”
လက်အောက်ငယ်သားက ကုမ္ပဏီ၏ အရေးကြီးကိစ္စများ နောက်ကျမည်စိုး၍ အမြန်အော်ပြောလိုက်သည်။
သို့သော် ဤအချိန်၌ ကျန်းကျန်းသည်ကား မြေလေလံပွဲကို လုံးဝဂရုမစိုက်တော့ပါ။ သူမ၏စိတ်ထဲ၌ ကျန်ရှိနေသည့် တစ်ခုတည်းသော အတွေးကား “အိမ်သို့ အမြန်ပြန်” ဟူ၍သာ ဖြစ်သည်။
ဤအချိန်သည်က အလုပ်ဆင်းချိန် မဟုတ်သေးသောကြောင့် လမ်းများပေါ်၌ လူသွားလူလာ သိပ်မရှိသေးပေ။ ကျန်းကျန်းက ကားကို အတားအဆီးမရှိ အိမ်တံခါးဝအထိ မောင်းလာခဲ့ပြီး တံခါးဖွင့်ကာ အတွင်းသို့ ပြေးဝင်သွားသည်။
ရှီကျွင့်ကျဲက နောက်ဆုံးအင်္ကျီကို အိပ်ရာပေါ်မှ ခရီးဆောင်သေတ္တာထဲ ထည့်လိုက်ပြီး အခန်းပတ်ပတ်လည်ကို ကြည့်ပြီးနောက် ထုပ်ပိုးစရာ မည်သည့် အရာများမှ မရှိတော့ကြောင်း မြင်တွေ့လိုက်ည်နှင့် ကိုယ်ကိုင်း၍ ခရီးဆောင်သေတ္တာကို ဇစ်ပိတ်လိုက်သည်။
“ဒုန်း”
တံခါးက ရုတ်တရက် ပွင့်လာခဲ့သောကြောင့် ရှီကျွင့်ကျဲက ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ကျန်းကျန်းက တံခါးဘောင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ မောဟိုက်နေသည်ကို တွေ့လိုက်ရသည်။
ရှီကျွင့်ကျဲ သက်ပြင်းချလိုက်၍ ထရပ်လိုက်ကာ တံခါးဆီသို့လျှောက်သွား၍ ကျန်းကျန်းကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
“အဆင်ပြေပါတယ်”
ကျန်းကျန်း၏ မျက်လုံးများက ရုတ်တရက် နီရဲလာခဲ့ပြီး ရှီကျွန့်ကျဲ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်သည်။
“ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ၊ ကျွန်မက ငတုံးတစ်ယောက် မဟုတ်ဘူး”
“မင်းသိပါတယ်၊ ဒီလိုကိစ္စမျိုးကို ကိုယ်တို့ ရွေးချယ်လို့ မရဘူး၊ ဒီတိုင်းပြည်သားတွေက ကိုယ်တို့တွေ အိမ်ပြန်ခေါ်မယ်အချိန်ကို စောင့်ဆိုင်းနေကြတယ်၊ ကိုယ်တို့ကို လိုအပ်နေတယ်”
ရှီကျွန့်ကျဲက ကျန်းကျန်း၏ ဆံပင်များကို ညင်သာစွာ နမ်းလိုက်သည်။
“ဒါပေမဲ့ ကိုယ် မင်းကို ကတိပေးတယ်၊ ကိုယ် ဘေးကင်းလုံခြုံစွာနှင့် ပြန်လာခဲ့မယ်၊ ရပြီလား”
ကျန်းကျန်း၏ မျက်ရည်များကရှီကျွန့်ကျဲ၏ ရှပ်အင်္ကျီကို စိုစွတ်သွားစေခဲ့သည်။ သူမက သူ့၏ ရင်ခွင်ထဲမှ ခေါင်းငြိမ့်လိုက်၍ ပြောလာသည်။
“ရှင် ကျွန်မကို ကတိပေးရမယ်၊ သူရဲကောင်းမလုပ်ပါနဲ့၊ သူရဲကောင်းမဖြစ်ပါနဲ့၊ ရှင် ဘေးကင်းကင်းနှင့် ပြန်လာဖို့ပဲ လိုချင်တယ်”
ရှီကျွန့်ကျဲက ပြုံးလိုက်ပြီး တမင်ပေါ့ပါးသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
“ကိုယ် ဘေးကင်းကင်းနှင့် ပြန်လာနိုင်မှာ သေချာပါတယ်၊ အိမ်မှာ မင်းနှင့် ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်ရယ် ရှိနေသေးတာကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ၊
စိတ်မပူပါနဲ့၊ ငါတို့နဲ့အတူ တပ်ဖွဲ့တွေ လိုက်ပါမှာလေ၊ တရုတ်နိုင်ငံကလည်း အဲဒီနိုင်ငံနှစ်ခုနဲ့ အဆက်မပြတ် ဆက်သွယ်ပြီး ကိုယ်တို့ရဲ့ ဆုတ်ခွာမဲ့လမ်းကြောင်းကို ရှင်းလင်းဖို့ လုပ်ဆောင်ပေးပါလိမ့်မယ်”
ဤသို့သော နိုင်ငံတော်မှ ပေးအပ်သည့် မစ်ရှင်မျိုးကို တားဆီး၍ မရကြောင်း ကျန်းကျန်း သိထားသည်။ ရှီကျွင့်ကျဲ မသွား၍ မရကြောင်းကို သူမ သိနေခဲ့သည့်အတွက် သူ၏ခါးကိုသာ ဖက်ထားခဲ့ပြီး အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားရန်သာ ဆန္ဒပြုနေမိသည်။
ရှီကျွန့်ကျဲလည်း သူမကို တိတ်ဆိတ်စွာ ပြန်လည်ပွေ့ဖက်ထားခဲ့သည်။ နံရံပေါ်မှ နာရီကို ကြည့်လိုက်ပြီးနောက်တွင် နောက်ထပ် မနှောင့်နှေးသင့်တော့ကြောင်း ကိုယ့်ကိုယ်ကိုသတိပေးလိုက်ကာ ကျန်းကျန်းကို ဖြည်းဖြည်းချင်း တွန်းဖယ်လိုက်ပြီး သူမကို စနောက်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
“ကြည့်လိုက်ဦး၊ ကိုယ် မထွက်ခင်မှာကို အဝတ်အစားတွေ ပြန်လဲရတော့မယ်”
ရှီကျွန့်ကျဲ၏ ရှပ်အင်္ကျီပေါ်မှ စိုစွတ်နေသည့် အမှတ်အသားများကို ကြည့်၍ ကျန်းကျန်းတစ်ယောက် သူမ မျက်ရည်များကို သုတ်လိုက်ပြီး ပြုံးရန် ကြိုးစားခဲ့သည်။
“ရှင့်အတွက် ရှပ်အင်္ကျီ သွားယူပေးမယ်”
ရှီကျွင့်ကျဲက သူ့၏ကိုယ်ပေါ်မှ အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်ကာ၊ အင်္ကျီကိုချွတ်၍ ဘေး၌ ချလိုက်သည်။
ကျန်းကျန်းကလည်း မီးပူတိုက်ထားသည့်အတွင် ခေါက်ရိုးကျိုးနေသော ရှပ်အင်္ကျီတစ်ထည်ကိုယူလာပေးခဲ့ကာ သူနကိုယ်တိုင် ဝတ်ပေးလိုက်ပြီး ကြယ်သီးများကို တစ်လုံးချင်းစီ ဖြည်းဖြည်းချင်း တပ်ပေးလိုက်လေသည်။
“ကိုယ် သွားတော့မယ်”
ရှီကျွင့်ကျဲ၏ အသံက အနည်းငယ် တိုးသွားခဲ့သည်။
ကျန်းကျန်းက စားပွဲပေါ်မှ ကားသော့ကို ကောက်ကိုင်လိုက်သည်။
“တခြားလူတွေနှင့် ဘယ်မှာတွေ့မှာလဲ၊ ကျွန်မ လိုက်ပို့ပေးမယ်”
*
ကျန်းကျန်းတစ်ယောက် လေဆိပ်အပြင်ဘက်၌ ရပ်၍ ရှီကျွင့်ကျဲ၏ အထူးလေယာဉ်က ပြေးလမ်းမှ လျှောတိုက်၍ ကောင်းကင်ပြာထဲသို့ ပျံတက်သွားသည်ကို ကြည့်နေခဲ့သည်။
ထို့နောက် ကားတံခါးကိုမှီ၍ ငြိမ်သက်စွာ ရပ်နေခဲ့မိလေသည်ရ ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်လာမှသာ ကျန်းကျန်း သတိပြန်ဝင်လာခဲ့ပြီး ကားတံခါးကို ဖွင့်ကာ အိမ်သို့ ပြန်လာခဲ့သည်။
ကားက တံခါးဝ၌ ရပ်လိုက်သောအခါ ခြံတံခါးဝ၌ ထိုင်နေသည့် လီမူဝူက ချက်ချင်း ထရပ်၍ ကျန်းကျန်းကို တိုးတိုးလေး ပြောပြလာသည်။
“မင်းရဲ့ (ယောက္ခမ)အဖေနဲ့ မင်းရဲ့အမေ ရန်ဖြစ်နေကြတယ်၊ ရှီကျွင့်ကျဲရဲ့ အလုပ်က အဆင်မပြေလို့ ထင်တယ်”
“အိုး”
ကျန်းကျန်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ရှီချန်ပေါ်သည်ကား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်ပြီး ဆုံးဖြတ်ချက်များစွာကို သူနှင့် ထိပ်တန်းခေါင်းဆောင်ကသာ ချမှတ်ခြင်း ဖြစ်သည်။
ရှီကျွင့်ကျဲကို စေလွှတ်သည့်ကိစ္စကို ရှီချန်ပေါ် သိနေလိမ့်မည်။ တကယ်တမ်းတွင် ယောက္ခမတစ်ဦး၏ ရပ်တည်ချက်အရ ကျန်းကျန်းလည်း သူ့၏ဆုံးဖြတ်ချက်ကို နားလည်နိုင်ပေသည်။
ဤအန္တရာယ်ရှိသည့်အချိန်၌ သူ့သားကို မစေလွှတ်လျှင် လူအများ၏ ပြောစရာ ဖြစ်လာပေလိမ့်မည်။
“နားလည်ပါပြီ”
ကျန်းကျန်း ဆက်ပြောလိုက်သည်။
“ကျွန်မ သွားပြီး ဖြောင်းဖြပေးမယ်၊ ခဏနေမှ နဂါးနဲ့ ဖီးနစ်ကလေးကို လာတွေ့တော့မယ်၊ အမေ့ကို ကျွန်မအတွက် ခဏစောင့်ကြည့်ပေးဖို့ပြောပေးပါဦး”
“ရေခဲသေတ္တာထဲမှာ နို့တွေ ရှိသေးတယ်၊ အရမ်းစိတ်မပူပါနဲ့”
လီမူဝူက ပြောလာသည်။
“နိုင်ငံခြားကို ရက်နည်းနည်းလောက်ပဲ သွားတာကို၊ ဘာလို့ အားလုံးက မျက်နှာမကောင်းဖြစ်နေတာလဲ”
ကျန်းကျန်း၏ မျက်လုံးအောက်၌ နီရဲနေသည်ကို တွေ့သောအခါ လီမူဝူက အနည်းငယ် စိုးရိမ်လာရသည်။
“ငါ တို့ မသိသေးတဲ့ ကိစ္စများ ရှိသေးလား”
“မဟုတ်ပါဘူး”
ကျန်းကျန်းက ပြုံးပြရန် အတတ်နိုင်ဆုံး ကြိုးစားလျှက် ပြန်ဖြေခဲ့သည်။
“လက်ထပ်ပြီးကတည်းက ဒီလောက်ကြာအောင် ခွဲခွာဖူးတာ မဟုတ်တော့ နည်းနည်းတော့ မသက်မသာ ဖြစ်တာပေါ့”
“အိုး၊ မင်းက ဒီအသက်အရွယ်ရောက်နေတာတောင် ကလေးတစ်ယောက်လိုလုပ်နေသေးတာပဲ”
လီမူဝူ ရယ်မောလာခဲ့သည်။
“ရှီကျွင့်ကျဲက ဆယ်ရက်ခွဲလောက်ဆို ပြန်ရောက်မယ်လို့ ပြောတယ်”
“နားလည်ပါပြီ”
ကျန်းကျန်းက တံခါးဝကို ညွှန်ပြလျှက် ဆက်ပြေလိုက်သည်။
“ဒါဆို ကျွန်မအရင်သွားတော့မယ်”
လီမူဝူက ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်းကျန်း တံခါးထဲ ဝင်သွားသည်ကို ကြည့်ပြီးမှ သူ့အိမ်ဘက်သို့ လှည့်သွားသည်။
ကျန်းကျန်း အိမ်ကြီးဝင်းထဲသို့ လျှောက်သွားသောအခါ လင်းရှို့လန်နှင့် ရှီချန်ပေါ်တို့ ရန်ဖြစ်နေသည့်အသံကို သူမ၏စွမ်းအင်ကို မသုံးဘဲနှင့်ပင် ကြားနေရသည်။
ကျန်းကျန်းအနေဖြင့် ရှီမိသားစု၏ ဘေးနားသို့ ပြောင်းလာသည်မှာ နှစ်အနည်းငယ် ရှိနေခဲ့ပြီ။ သူမ၏ ယောက္ခမ(ထီး)နှင့် ယောက္ခမကို တွေ့တိုင်း သူတို့က အမြဲတမ်း ချစ်ချစ်ခင်ခင်နှင့် ရှိနေခဲ့ကြသည်။
ဤသို့မျိုး ရန်ဖြစ်ခြင်းမှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်ပင်။
ကျန်းကျန်း သက်ပြင်းချလိုက်၍ တံခါးကို ညင်သာစွာ ခေါက်လိုက်လေ၏။ ထို့နောက် အတွင်းမှ ရန်ဖြစ်သံများက ချက်ချင်း ပျောက်ကွယ်သွားသည်။
တံခါးက အတွင်းမှ ပွင့်လာခဲ့ပြီးနောက် ကျန်းကျန်းက တံခါးဖွင့်ပေးသည့် ရှီချန်ပေါ်ကို ကြည့်၍ တိုးတိုးလေး ခေါ်လိုက်သည်။
“အဖေ”
ရှီချန်ပေါ်က အနည်းငယ် မသက်မသာဖြစ်စွာနှင့် ခေါင်းငုံ့လိုက်သည်။
ကျန်းကျန်းက တံခါးဝမှလှမ်းကြည့်လိုက်လျှင် ဆိုဖာပေါ်၌ မျက်ရည်သုတ်နေသည့် လင်းရှို့လန်ကို တွေ့လိုက်ရသောကြောင့် သူမ၏အနားသို့ သွားထိုင်ကာ လက်ကို ဆုပ်ကိုင်လိုက်သည်။
“အမေ၊ မငိုပါနဲ့၊ ကျွင့်ကျဲက ဘေးကင်းကင်းနှင့် ပြန်လာမှာပါ”
ဤစကားကို မပြောလိုက်လျှင် ကိစ္စမရှိသော်လည်း ပြောလိုက်သည်နှင့် ခလုတ်နှိပ်လိုက်သကဲ့သို့ ဖြစ်သည်။ လင်းရှို့လန်က ဘေးကိုလှည့်၍ ကျန်းကျန်းကို ဖက်ကာ တအီအီဖြင့် ရှိုက်ကြီးတငင် ငိုတော့သည်။
“မင်းအဖေကတော့ လွယ်လွယ်လေး ပြောတာပေါ့၊ နိုင်ငံနှစ်ခုကို လမ်းကြောင်းရှင်းခိုင်းမယ်ဆိုပြီးတော့လေ!
ဒါပေမဲ့ ဒါက စစ်ပွဲပဲ၊ အဲဒီလောက် တိကျပါ့မလား၊ သူတို့သာ ဒီလောက် ဆင်ခြင်တုံတရားရှိရင် ဒီနှစ်နိုင်ငံမှာ လူတွေ ဒီလောက် အသေအပျောက် များပါ့မလား”
ကျန်းကျန်းက လင်းရှို့လန်၏ ကျောကို ညင်သာစွာ ပုတ်ပေးလျှက် သူမ၏ ယောက္ခမအတွက် စကားနှစ်ခွန်းလောက် ပြောလိုက်သည်။
“အမေ၊ တကယ်တော့ အဖေလည်း စိတ်ဆင်းရဲနေရတာပါပဲ၊ ရှီကျွင့်ကျဲက သူ့ရဲ့ တစ်ဦးတည်းသောသားပဲလေ၊ သူလည်း စိတ်ပူပန်နေမှာပါ၊ ဒါပေမဲ့ သူ့ရာထူးအရ သူ တားလို့ မရဘူး၊ သူ ဒီလိုလုပ်ရမှာပဲ”
ရှီချန်ပေါ်က သက်ပြင်းချလိုက်လေ၏။ သူ့၏လေသံသည်လည်း အရင်လို ပြင်းထန်မနေတော့ပါချေ။
“မင်းနဲ့ပြောရတာထက် ကလေးတစ်ယောက်ကတောင် ငါ့ကို ပိုနားလည်တယ်”
“ဒါပေမဲ့ ကျွန်မ စိတ်မကောင်းဘူး”
လင်းရှို့လန်၏ မျက်လုံးများ နီရဲလာကာ ဆက်ပြောလာခဲ့သည်။
“ဒါ ကျွမ်မရဲ့သား၊ ကျွမ်မရဲ့ တစ်ဦးတည်းသော သားပဲ၊ သူသာ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ”
ကျန်းကျန်း ခဏတာ တိတ်ဆိတ်သွားပြီးမှ စကားလုံးတစ်လုံးချင်းစီကို ပြောလိုက်သည်။
“ကျွန်မ သူ့ကို ဘာမှ ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး”
လင်းရှို့လန်၏ မျက်လုံးများသည် ကျန်းကျန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့ပြီး ရုတ်တရက် အတွေးတစ်ခုကြောင့် ကြောက်ရွံ့သွားသည်။ သူမက ငိုကြွေးရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ကျန်းကျန်း၏ လက်ကို ဆွဲကိုင်၍ ပြောလိုက်လေ၏။
“ကျန်းကျန်း၊ မင်းလည်း ရှီကျွင့်ကျဲကို စိတ်ပူနေတယ်ဆိုတာ အမေ သိတယ်၊ ဒါပေမဲ့ အမေ ပြောတာကို နားထောင်ပါဦး၊
မင်းအဖေ ပြောတာက သူတို့ကိုကာကွယ်ပေးမဲ့သူတွေက ငါတို့နိုင်ငံရဲ့ အကောင်းဆုံး တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့က ကျွင့်ကျဲကို ကာကွယ်ပေးမှာဆိုတော့ သူ ဘာမှ ဖြစ်မှာမဟုတ်ဘူးတဲ့
ဒီတော့ မင်းကိုယ်တိုင် ရှီကျွင့်ကျဲကို သွားရှာဖို့တော့ အလျင်စလို မလုပ်ရဘူးနော်၊ နဂါးနဲ့ ဖီးနစ်ကို စဉ်းစားကြည့်ပါဦး၊ နဂါးနဲ့ ဖီးနစ်လေးက အမေနှင့် ဘယ်လောက်ဝေးဝေးနေနိုင်မှာလဲ၊ မင်းကို အမေ လုံးဝ သွားခွင့်ပြုမှာ မဟုတ်ဘူး”
*