အခန်း (၃၆၂)
Vol. 37 Ch. 362
ကျန်းကျန်းတစ်ယောက်သူမ၏အစ်ကို နောက်မှ လိုက်ဝင်လာသော လူအုပ်ကို ကြည့်ကာ အံ့အားသင့်သွားရသည်။
“ရှင်တို့အားလုံး အလုပ်ထွက်လာကြတာလား”
“ဟုတ်တယ်”
လူအများထဲမှ တစ်ဦးက လီမင်ပေကို ကြည့်၍ ပြုံးလိုက်ကာ ပြောလာခဲ့သည်။
“သူက ငါတို့ကို ဂုဏ်ကျက်သရေဆီကိုရောက်အောင် ဦးဆောင်လမ်းပြပေးမယ်လို့ ပြောခဲ့တယ်လေ”
နောက်တစ်ယောက်ကလည်း ပြုံး၍ ပြောလာသည်။
“တကယ်တော့ ငါတို့က သူ့ကို ယုံတာမဟုတ်ဘူး၊ မင်းကို ယုံတာ၊ မင်းရဲ့နောက်ကို လိုက်တာက လုံးဝမှန်တယ်လို့ ခံ၀ားရတယ်”
“ဟုတ်တယ် ? ဟုတ်တယ်”
နောက်ဆုံးမှ အငယ်ဆုံးဟုထင်ရသော လူငယ်သည်လည်း ကျန်းကျန်းကို လေးစားအားကျသော မျက်ဝန်းများဖြင့် ကြည့်၍ အားတက်တရော ပြောလာခဲ့သည်။
“ငါတို့ မင်းကို ယုံတယ်၊ လီမင်ကျန်း”
ဟွားကော်တက္ကသိုလ် ဗိသုကာဌာနမှ ဘွဲ့ရရှိခဲ့ပြီး အင်ပါယာဒီဇိုင်းဌာန၌ နှစ်ပေါင်း များစွာ လုပ်ကိုင်ခဲ့သော ဤထိပ်တန်းပညာရှင်များသည်က သူမ နောက်သို့ လိုက်မည်ဟု ပြိုင်တူ ပြောဆိုလာကြသည်ကို မြင်သောအခါ ကျန်းကျန်း၏ ရင်ထဲ နွေးထွေးသွားခဲ့ရကာ သူတို့ကို ပြုံးပြလိုက်မိသည်။
“ဒါဆို ရှင်တို့တွေက တကယ်ကို ရဲရင့်တာပဲ ၊ ပြောရရင် ကျွန်မအတွက်က အိမ်ခြံမြေလုပ်ငန်းထဲကို ဒါပထမဆုံးအကြိမ် ခြေချဖူးတာလေ၊ ကျွန်မက မြစ်ကို ကျောက်တုံးခံပြီး ကူးနေရသလိုပဲ”
“ရပါတယ်၊ ငါတို့မှာ အနည်းဆုံးတော့ အတွေ့အကြုံ နှစ်အတော်ကြာအောင်ရှိပြီဆိုတော့ မင်းကို လမ်းမှားရောက်အောင် မလုပ်ပါဘူး”
လီမင်ပေက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
ကုမ္ပဏီ စတင် တည်ထောင်ချိန်၌ ဤသို့သော အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော အဖွဲ့တစ်ဖွဲ့ ရှိခြင်းကြောင့် ကျန်းကျန်းသည်လည်း ချက်ချင်းပင် ယုံကြည်မှု အပြည့် ဖြစ်သွားခဲ့သည်။
ကုမ္ပဏီကို မှတ်ပုံတင်ပြီးနောက် ကျန်းကျန်းက ဒုတိယထပ်ရှိ ဆိုင်ခန်း တစ်ခုကို ယာယီရုံးခန်းအဖြစ် အသုံးပြုရန် ရှင်းလင်းခဲ့သည်။
လီမင်ပေ နှင့် သူ၏ အတန်းဖော် ခုနစ်ဦးအပြင် သူတို့ ခေါ်လာခဲ့သော ဆောက်လုပ်ရေး အဖွဲ့ နှစ်ဖွဲ့က လီမင်ကျန်းအိမ်ခြံမြေကုမ္ပဏီ၏ လက်ရှိဝန်ထမ်းများ ဖြစ်လာခဲ့သည်။
သို့သော် ဤအသစ်တည်ထောင်ထားသော ကုမ္ပဏီ၌ ဒီဇိုင်းရေးဆွဲ၍ အလုပ်လုပ်နိုင်သော လူအုပ်စုမှ လွဲ၍ စီမံခန့်ခွဲမှုကို နားလည်သော သူတစ်ဦးမျှ မရှိနေခဲ့ပေ။ ထို့အတွက် ကျန်းကျန်းသည်သာ အထွေထွေ မန်နေဂျာ ဖြစ်လာခဲ့သည်။
ဝန်ထမ်း အားလုံး နှင့် စာချုပ်ချုပ်ဆိုပြီးနောက် ကျန်းကျန်းနှင့် မင်ပေတို့က အသစ်ရရှိထားသော အရည်အသွေးမြင့်ကုန်စည်များ နှင့် အစိုးရအိမ်ရာ ဆောက်လုပ်ရေး အတွက် လေလံဆွဲရန် သွားခဲ့ကြသည်။
ဤအချိန်တွင် အိမ်ခြံမြေကုမ္ပဏီများ က များစွာ မရှိသေးပေ။ လီမင်ကျန်းအိမ်ခြံမြေကုမ္ပဏီမှ လွဲ၍ ကျန်ရှိသော လေလံဆွဲသူများ အားလုံး သည်က နိုင်ငံပိုင်များသာ ဖြစ်ကြပြီး တစ်ဦး နှင့် တစ်ဦးလည်း ရင်းနှီးကြသည်။
သူတို့ စကားပြောဆိုနေကြသည့်အချိန်တယ် ငယ်ရွယ်သော အမျိုးသမီးတစ်ယောက် ဝင်လာခဲ့လေသည်။
“ဟိုမိန်းကလေးကို ရင်းရင်းနှီးနှီးသိနေသလိုပဲ”
တစ်ဦးက ဘေးရှိလူကို တိုးတိုး ပြောသည်။
“မင်း မမှတ်မိဘူးလား”
ထိုသူကပြန်ပြောလာလေ၏။
“မင်း ဘယ်လိုသိတာလဲ”
“အဲဒါ လီမင်ကျန်း မဟုတ်ဘူးလား”
ရုတ်တရက် သူတို့အားလုံးက အတော်လေး အံ့အားသင့်သွားကြပြီး တစ်ဦးကို တစ်ဦး ကြည့်လိုက်မိကြသည်။
“သူမ ဘာလို့ ဒီကိုရောက်နေတာလဲ”
ဤ နိုင်ငံပိုင်အလုပ်ဌာနများ၏ အကြီးအကဲများအတွက်မူ လီမင်ကျန် ၏ ရှေးဟောင်းပစ္စည်း လှူဒါန်းမှု နာမည်ကြီးခြင်းထက် သူမကအလုပ်ဌာနများကို ဝယ်ယူသော နှုန်းကို ပိုမို ကြောက်ရွံ့ကြသည်။
နှစ် အနည်းငယ်အတွင်း သူမက ပရိဘောဂစက်ရုံတစ်ခု နှင့် အဝတ်အထည်စက်ရုံတစ်ခုကို ဝယ်ယူခဲ့ပြီး ဖြစ်သည်။
ထို့အပြင် မကြာမီက တည်ထောင်ခဲ့သော အလှကုန်စက်ရုံကိုလည်း မူလက ဆေးကြောသန့်စင်ရေး နှင့် ဓာတုစက်ရုံကို ဝယ်ယူကာ တိုးချဲ့ခဲ့ခြင်း ဖြစ်သည်ဟု ကြားခဲ့ရသည်။
သူတို့အနေဖြင့် သူတို့၏ ဤကဲ့သို့ ကြမ်းတမ်းသည့်လုပ်ငန်းကိုတော့ သူမ စိတ်မဝင်စားလောက်ဟု ထင်ခဲ့ကြသည်။ သို့သော် ရက်အနည်းငယ်မျှ ပျော်ရမည် မမျှော်လင့်ထားခဲ့မိပေ။
လီမင်ကျန်းသည်က အမှန် တကယ်ပင် လေလံဆွဲသော နေရာ၌ ပေါ်လာခဲ့သည်။
ဆောက်လုပ်ရေးကုမ္ပဏီ အကြီးအကဲများစွာက တစ်ဦးကို တစ်ဦး ကြည့်ကြပြီး သူတို့ မျက်လုံးများမှာ လုပ်ငန်းတိုးတက်မှု အဆိုးဆုံး ဖြစ်သော စက်ရုံမန်နေဂျာ ဝမ်ယွီဖူဆီသို့ ရောက်ရှိသွားသည်။
ရုတ်တရက် ဝမ်ယွီဖူ ၏ ခေါင်းမှ ချွေးများ စီးကျလာပြီး လီမင်ကျန်းထံသို့ အပြုံးတစ်ခုပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားပြုံး၍ ပြောလိုက်မိသည်။
“ စက်ရုံဒါရိုက်တာလီ၊ ကျွန်တော်တို့ ဆောက်လုပ်ရေးကုမ္ပဏီကို ဝယ်ယူဖို့ အစီအစဉ်ရှိနေတာလား”
လီမင်ကျန်း၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။
“ရှင်တို့တွေ ရောင်းမှာလား၊ အစိုးရက ရောင်းရင် ကျွန်မ ဝယ်မယ်လေ”
ထိုအခါမှသာ ဝမ်ယွီဖူတစ်ယောက် သူ ပြောသော စကားက မရှင်းမလင်း ဖြစ်သွားသည်ကို သဘောပေါက်ကာ သူ့ကိုယ်သူ ရိုက်ချင်စိတ် ပေါက်သွားသည်။
“ဟေး၊ ဟေး.. ကျွန်တော် ပြောချင်တာ အဲဒါမဟုတ်ဘူး၊ ကျွန်တော်တို့ စက်ရုံက မပိတ်သေးပါဘူး”
လီမင်ကျန်း က “အာ” တုံ့ပြန်လိုက်ပြီး စနောက်သကဲ့သို့ လေသံဖြင့် ပြောလိုက်သည်။
“ရှင် ကျွန်မကို နောက်နေတာလား”
ဝမ်ယွီဖူ : “ကျွန်တော် မင်းကို မနောက်ရဲပါဘူး၊ ကျွန်တော်က ကြောက်နေတာ!”
လူတိုင်းက ရယ်မောလိုက်ကြပြီး ကျန်းကျန်းလည်း မရယ်ဘဲ မနေနိုင်ခဲ့ခေေ။
“စနောက်ပြောင်တာဆိုရင်လည်း ထားလိုက်ပါတော့၊ ဒါပေမဲ့ ရှင်တို့ ဌာနတွေထဲက တစ်ခုခု ပြန်လည်ဖွဲ့စည်းဖို့ လိုရင် ကျွန်မကို အသိပေးဖို့ မမေ့နဲ့နော်”
ဝမ်ယွီဖူက ခါးသက်စွာဖြင့် ပြုံးလိုက်လေ၏။
“မင်း လုပ်ငန်းတစ်ခုထဲကို ဝင်တာနဲ့ အဲဒီစက်ရုံက ကျရှုံးတတ်ပြီး မင်းဆီက အဝယ်ခံလိုက်ရတာပဲလို့ အမြဲခံစားရတယ်”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်လေသည်။
“ရှင်ပြောသလိုဆိုရင် ကျွန်မက ကံဆိုးစေတဲ့ ကြယ်ဖြစ်နေပြီ၊ အဲဒီလို မဟုတ်ပါဘူး”
ဝမ်ယွီဖူက စိတ်ထဲမှ သဘောတူသော်လည်း အပေါ်ယံတွင် ခေါင်းမညိတ်ရဲခဲ့ချေ။ ထိုအချိန်၌ပင် လေလံပွဲ ပြုလုပ်သူ ရောက်လာပြီး လူတိုင်းလည်း သူတို့ နေရာကို ပြန်သွားကြသည်။
ထိုအခါမှ ဝမ်ယွီဖူ သက်ပြင်းချနိုင်ခဲ့သည်။
လေလံကြေးကို ပေးဆောင်ပြီးနောက် လေလံဆွဲသူက လေလံဆွဲရန်ကုန်ပစ္စည်းများ၏ အရည်အသွေးးများကို ပြန်လည်သုံးသပ်ရန် သွားခဲ့ပြီး ကျန်လူများကတော့ နှစ်ဦး တစ်တွဲ၊ သုံးဦး တစ်တွဲ စကားပြောနေကြသည်။
ဤပရောဂျက်သည်က တစ်နှစ်တာလုံးတွင် တစ်ခုတည်းသော ပြည်သူ့အိမ်ရာ လေလံ ဖြစ်လေသည်။ ဤတစ်ကြိမ်၌ လေလံ များစွာ ရရှိလျှင် တစ်နှစ်တာ၏စွမ်းဆောင်ရည် အားလုံးက ထိုလုပ်ငန်းထဲတွင် ရှိနေမည် ဖြစ်သဖြင့် ရောက်လာသောသူ အားလုံးသည်က လုပ်ငန်း၏ တာဝန်ခံများ ဖြစ်ကြသည်။
တော်ဝင်မြို့တော် ပထမ ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာ ချန်နျဥ်ထျန်းက ကျန်းကျန်းဆီသို့ လမ်းလျှောက်လာပြီး ဘေးတွင် ထိုင်ကာ သိလိုစိတ်ဖြင့် မေးလာလေ၏။
“ဒါရိုက်တာလီ၊ ဘာလို့ ဒီလုပ်ငန်းဘက်ကိုပါ လုပ်ချင်တာလဲ၊ ကျွန်တော်က ခင်ဗျား အလှကုန်စက်ရုံကိုပဲ အာရုံစိုက်မယ် ထင်ထားတာ”
ကျန်းကျန်းက ပြုံး၍ ပြန်ဖြေခဲ့သည်။
“ ကျွန်မက လောဘကြီးလို့ ဖြစ်နိုင်တယ်၊ အခုနာမည်ကြီးနေတဲ့ လုပ်ငန်းနယ်ပယ်တစ်ခုမှာ ပါဝင်ချင်တယ်လေ”
ဤစကားသည် မှန်ခြင်း၊ မှားခြင်းကို ပြော၍ မရသော်လည်း လီမင်ကျန်းက ဤလုပ်ငန်းကို မည်မျှ အရေးထားသည်ကို မြင်သာသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က ပရိဘောဂစက်ရုံ၊ အဝတ်အထည်စက်ရုံ သို့မဟုတ် အလှပြင်ဆိုင် ဖြစ်စေ၊ လီမင်ကျန်းက အခြားသူများကို စီမံခန့်ခွဲခိုင်းခဲ့ခြင်း ဖြစ်သည်။
ဤ အသစ် တည်ထောင်သော အိမ်ခြံမြေကုမ္ပဏီကိုမူ လီမင်ကျန်း ကိုယ်တိုင် စီမံခန့်ခွဲရုံသာမက သူမ၏ နာမည်ဖြင့်ပင် မှည့်ခေါ်ထားသည်။
ဆောက်လုပ်ရေးယူနစ် အကြီးအကဲများစွာသည်လည်း တစ်ဦးကို တစ်ဦး ကြည့်ကြပြီး ဖိအားများစွာ ခံစားခဲ့ရသည်။
သုံးနာရီကြာအောင် စောင့်ပြီးနောက် အစိုးရဌာနက နောက်ဆုံးတွင် လေလံကို ဖွင့်ခဲ့သည်။ ဤနှစ်တွင် ပြည်သူ့အိမ်ရာအစု၏ ဆောက်လုပ်ရေး ပမာဏက များစွာ ကြီးမားသည်။
အခြေခံအားဖြင့် သူတို့၏ ဆောက်လုပ်ရေးကုမ္ပဏီက လေလံများစွာကို အနိုင်ရခဲ့သည်။ ယခုမှ တည်ထောင်ထားသော အိမ်ခြံမြေကုမ္ပဏီ အတွက်မူ အစကောင်းနေသည်ဟုဆိုနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ဝမ်ယွီဖူ၏ တတိယဆောက်လုပ်ရေးကုမ္ပဏီပင် ပြည်သူ့အိမ်ရာ ဆောက်လုပ်ရေး ပရောဂျက် တစ်ခုသာ ရခဲ့သည်။
လီမင်ပေတစ်ယောက် အပျော်လွန်နေခဲ့ပြီး ကုမ္ပဏီသို့ ပြန်သွားပြီး ကြွားလုံး ထုတ်လာသည်။
“ငါတို့ရဲ့ နာမည်ကြည့်ပြီး လေလံနိုင်တာ သေချာတယ်”
ကျန်းကျန်းက သူ ၏ ခေါင်းနောက်ကို အသာ ရိုက်လိုက်ပြီး ပြောခဲ့သည်။
“ဘာတွေ ပြောနေတာလဲ၊ ဗိသုကာဆိုင်ရာ အရည်အချင်းမရှိရင် နာမည်ကို ကြည့်ဖို့မပြောနဲ့၊ မျက်နှာကိုကြည့်ရင်တောင် မရဘူး”
လူများစွာလည်း ချက်ချင်း ရယ်မောလိုက်ကြသည်။
ကျန်းကျန်းက သူမ၏ လက်ထဲမှ အချက်အလက်ဖိုင်များကို စားပွဲပေါ် တင်လိုက်ပြီး စကားစခဲ့သည်။
“ကောင်းပြီ၊ ပြဿနာမရှာကြနဲ့တော့၊ အရေးကြီးတဲ့ကိစ္စကို သွားရအောင်၊
ဒီနေ့ ကျွန်မတို့ ယူနစ်နှစ်ခုအတွက် ပြည်သူ့အိမ်ရာ ဆောက်လုပ်ရေး လေလံကို အနိုင်ရခဲ့တယ်၊ စာချုပ်လည်း ချုပ်ပြီးပြီ၊ လုပ်ငန်းကြေးက ငါးရက်အတွင်း ကျွန်မတို့အကောင့်ထဲကို ဝင်လာလိမ့်မယ်
အခု ရှင်တို့က ပရောဂျက်ဌာနနှစ်ခု ခွဲထားလိုက်တော့၊ ကျွန်မတို့ ကုမ္ပဏီရဲ့ ကိုယ်ပိုင်ဆောက်လုပ်ရေးအဖွဲ့အပြင် ရှင်တို့တွေ အပြင်ကနေ အဖွဲ့အချို့ကိုလည်း ရှာရဦးမယ်၊ ဒါပေမဲ့ ဆောက်လုပ်ရေးအရည်အသွေးက အာမခံချက်ရှိရမယ်”
လီမင်ပေက ချက်ချင်းပင် စိတ်အားထက်သန်စွာ ဝင်ပြောခဲ့သည်။
“ငါတို့တွေ တော်ဝင်မြို့တော်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ ဆောက်လုပ်ရေးအဖွဲ့တွေကို အားလုံးသိပါတယ်၊ အများကြီးနဲ့လည်း ပူးပေါင်းလုပ်ကိုင်ဖူးတယ်၊
စိတ်ချပါ၊ အကောင်းဆုံးကိုပဲ ငါတို့ ရွေးချယ်မှာပါ”
ကျန်းကျန်းက ခေါင်းညိတ်၍ လက်ခံလိုက်သည်။
“ဒါက ကျွန်မတို့ကုမ္ပဏီ စတင်တည်ထောင်ပြီးတဲ့နောက် ပထမဆုံးရတဲ့ လုပ်ငန်းပဲ၊ ကျွန်မတို့က အကျိုးအမြတ်နည်းရင်တောင် ဒါမှမဟုတ် လုံးဝမရရင်တောင် အရည်အသွေးကို အာမခံပြီး နာမည်ကောင်းကို ပျံ့နှံ့အောင် လုပ်ရမယ်”
*