← Chapters

အခန်း (၃၇၁)

Vol. 38 Ch. 371

အခန်း (၃၇၁)

Vol. 38 Ch. 371

ကျန်းကျန်းက တီးတိုးလေး ပြောလာခဲ့လေ၏။ ကျန်းကျန်း ပြောပြမည့် ပုံပြင်က အတော်လေး ရှည်မည်ကို ရှီကျွင့်ကျဲ သတိပြုမိလိုက်သောကြောင့် သူမ ၏ဘေးမှ လွတ်နေသော နေရာကို ပုတ်ပြလိုက်သည်။

“လှဲလိုက်လေ၊ ကိုယ် မင်းကို ဖက်ထားမယ်”

ကျန်းကျန်းလည်း ဖိနပ်ချွတ်လိုက်ပြီး ကုတင်ပေါ်သို့ တက်လိုက်သည်။

သူမ၏ လက်များက ရှီကျွင့်ကျဲ၏ သန်မာသော ခါးကို ရစ်ပတ်ပွေ့ဖက်ထားခဲ့ပြီး ခေါင်းထောင်ကာ သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

“ကျွန်မ မွေးတဲ့နှစ်က သုံးနှစ်တာ သဘာဝဘေးအန္တရာယ် ကာလအတွင်းမှာပဲ၊ သယံဇာတပေါကြွယ်ဝလွန်းတဲ့ အရှေ့မြောက်ပိုင်းလိုဒေသမှာတောင် ဆန်ပြတ်လပ်မှုတွေ ရှိခဲ့တယ်

အဘွား ပြောပြတာက အဲဒီနှစ်တွေတုန်းက လပေါင်းများစွာ စပါးနဲ့ ဟင်းသီးဟင်းရွက်တွေ မရခဲ့ဘူးတဲ့၊ အရင်နှစ်တုန်းက ချွေတာစုဆောင်းထားတဲ့ စပါးတွေကို စားသောက်တာကလွဲလို့ ကျန်တာကတော့ တောင်ပေါ်က မှိုတွေနဲ့ တောဟင်းသီးဟင်းရွက်တွေကိုပဲ စားပြီး အသက်ရှင်ခဲ့ရတယ်”

ရှီကျွင့်ကျဲအနေဖြင့် ထိုအချိန်ကာလတွင် သူ၏မိသားစုနှင့်အတူ နိုင်ငံခြားတွင် ရှိနေခဲ့သောကြောင့် ဤသို့သော ကိစ္စမျိုးကို တစ်ခါမျှ မကြုံဖူးပါချေ။

ထိုနှစ်များသည်က တရုတ်ပြည်အတွင်း၌ အလွန်အမင်း ခက်ခဲခဲ့သည်ကို သိသော်လည်း ဤသို့မျိုးလောက့အထိ ဖြစ်နေလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။

ရှီကျွင့်ကျဲက ကျန်းကျန်း၏ နဖူးကို ညင်သာစွာ နမ်းလိုက်၍ စိတ်မကောင်းစွာဖြင့် ဆက်မေးလိုက်သည်။

“အဲဒီတုန်းက အရမ်း ဒုက္ခရောက်ခဲ့ရတာလား”

“တကယ်တော့ တခြားမိသားစုတွေနဲ့ ယှဉ်ရင် ကျွန်မတို့မိသားစုရဲ့ ဘဝက သိပ်မခက်ခဲပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မက ထူးခြားနေလို့ပဲ”

ကျန်းကျန်းက ဖြည်းဖြည်းချင်း ပြောပြသည်။

“ကျွန်မတို့ရဲ့ မိသားစုက တောင်ပေါ်ကနေ လယ်ကွင်းနည်းနည်းလောက်ကို ထွန်ယက်ပြီး စပါးစိုက်ခဲ့တယ်၊ တောင်ပေါ်မှာက အလင်းရောင်တွေ မလုံလောက်ဘူးလေ၊ ဒီတော့ ကောက်နှံတွေက သိပ်ပြီးကောင်းကောင်း မဖြစ်ထွန်းခဲ့ဘူး၊

အဲဒီအချိန်တုန်းက ကျွန်မရဲ့အဖေက ကောက်နှံစတိုးဆိုင်မှာအလုပ်သွားလုပ်ပြီး အမေနဲ့ အဘွားကတော့ အိမ်မှာနေရင်းနဲ့ လယ်ကွင်းတွေကို စိုက်ပျိုးရတယ်၊ ဒါကြောင့် သူတို့က ကျွန်မကိုပါ တောင်ပေါ် ခေါ်သွားပြီး ယာခင်းဘေးမှာ ထားခဲ့တယ်”

“အဲဒီအချိန်တုန်းက ရွှေရောင်အလင်းတန်းတစ်ခုက ကျွန်မရဲ့ကိုယ်ပေါ်မှာ ပေါ်လာပြီးတော့ ကျွန်မတို့ရဲ့စိုက်ခင်းထဲမှာရှိနေတဲ့ ကောက်နှံနှင့်သီးပင်တွေ အားလုံး ရင့်မှည့်သွားခဲ့တယ်”

ရှီကျွင့်ကျဲ အလွန်အမင်းအံ့အားသင့်သွားရသည်။ ဤသို့သော ကိစ္စမျိုးကို သူ အရင်က တစ်ခါမျှ မကြားဖူးပါချေ။

“ဒါက အဘွား မင်းကို ပျော်အောင် ပြောပြတဲ့ ပုံပြင် မဟုတ်ဘူးလား”

ကျန်းကျန်း ပြုံးလိုက်သည်။

“ကျွန်မ ကြီးလာတာနဲ့အမျှ အပင်တွေကို ထိန်းချုပ်နိုင်စွမ်းရှိတာကို တဖြည်းဖြည်း သိလာခဲ့တယ်၊ မျိုးစေ့လေးပဲဖြစ်ဖြစ်၊ အမြစ်နည်းနည်းလေးပဲဖြစ်ဖြစ်၊ မျက်လုံးနှင့် မြင်ရတာတောင် မဟုတ်ရင်တောင် မြေကြီးထဲမှာ ရှိနေတာကို သတိပြုနိုင်ပြီး မြေပြင်မှာထားလိုက်တာနဲ့ အဲဒီအပင်ကို ချက်ချင်း အမြစ်တွယ်ပြီး ရှင်သန်လာအောင် ကျွန်မ လုပ်ပေးနိုင်တယ်”

ရှီကျွင့်ကျဲ မယုံကြည်နိုင်ပုံရသည်ကို မြင်သည်တွင် သူမက ပြတင်းပေါက်အပြင်ဘက်သို့ လက်ဝှေ့ရမ်းလိုက်သည်။

ရှီကျွင့်ကျဲက သူမ လက်ညွှန်ရာဘက် ပြတင်းပေါက်အပြင်သို့ ကြည့်လိုက်သည်တွင် ရုတ်တရက် ပန်းသီးပင်တစ်ပင်က ပြတင်းပေါက်မှ ပေါ်လာသည်ကို တွေ့လိုက်ရလေ၏။

စမြင်သည့်အချိန်က သစ်ပင်ထိပ်ဖျားလေးကိုသာ မြင်ရသေးသည်ကို မျက်စိတစ်မှိတ်အတွင်း၌ ပြတင်းပေါက်ထက် ပိုမြင့်လာခဲ့သည်။

မကြာခင်မှာပင် ပန်းသီးများ ပြည့်နေသည့် အကိုင်းအခက်တစ်ခုက ပွင့်နေသည့် ပြတင်းပေါက်ထဲသို့ တိုးဝင်လာခဲ့ပြန်သည်။ ထို့နောက် ပန်းသီး ခုနစ်လုံး၊ ရှစ်လုံးခန့်က ခုတင်ပေါ်သို့ ပြုတ်သွားခဲ့ပြီး အကိုင်းအခက်ကတော့ ဖြည်းဖြည်းချင်း ပြန်ကျုံ့ကာ နောက်သို့ ဆုတ်သွားခဲ့သည်။

ထို့နောက်တွင် ပန်းသီးပင်တစ်ပင်လုံးက ရှီကျွင့်ကျဲ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့တော့သည်။

ရှီကျွင့်ကျဲတစ်ယောက် ပန်းသီးများစွာကို ကိုင်ထားရင်း ကြောင်ငေးနေခဲ့သည်။ အတန်ကြာမှ သူခေါင်းလှည့်၍ ကျန်းကျန်းကို မေးလိုက်သည်။

“ကိုယ် အခုထိ မေ့မြောနေတုန်းပဲလား၊ ဒါက ကိုယ့်ရဲ့ဇနီးနဲ့ နတ်သမီးပုံပြင်ကမ္ဘာအကြောင်း အိပ်မက်မက်နေတာမလား”

ရှီကျွင့်ကျဲက ထိုစကားကို ပြောပြီးသည့်နောက် ပန်းသီးတစ်လုံးကို ကိုင်ကာ “တကြွပ်ကြွပ်”မြည်အောင် တစ်ကိုက်ကိုက်လိုက်သည်။

“အရမ်းချိုတာပဲ၊ ဒါ ကိုယ်တို့အိမ်မှာ စိုက်တဲ့ ပန်းသီးအရသာပဲ”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ နဖူးပေါ်မှ ခရမ်းရောင်အညိုအမည်းရာကြီးကို လက်ဖြင့်ထိုးလိုက်သည်။

“အိပ်မက်လို့ ထင်နေသေးတာလား”

ရှီကျွင့်ကျဲတစ်ယောက် ဒဏ်ရာကို အထိုးခံရသည်တွင် လည်ပင်းကို ပြန်ကျုံ့လိုက်မိသည်။

“အိုး၊ အိုး၊ နာတယ်၊ ဒါက အိပ်မက်မဟုတ်ဘူး၊ အိပ်မက်မဟုတ်ဘူး”

ကျန်းကျန်းက လက်ပြန်ရုပ်သွားသည်ကို မြင်သည်နှင့် ရှီကျွင့်ကျဲက ရယ်မောကာ ပန်းသီးကို နှစ်ကိုက်ကို ကိုက်လိုက်ပြီး ရုတ်တရက် သတိရသွားသည်။

“ကိုယ်တို့ရဲ့အိမ်မှာ သစ်သီးမျိုးစုံရှိပြီး အပြင်ဘက်မှာ ရောင်းတဲ့ဟာတွေထက် အရသာပိုကောင်းတယ်လို့ ကိုယ်ပြောနေခဲ့တာ၊ ဒီတော့ အဲဒါက မင်းရဲ့စွမ်းရည်ကြောင့်ကိုး”

“ဟုတ်တယ်”

ကျန်းကျန်းလည်း ထထိုင်လိုက်ပြီး ကုတင်ခေါင်းရင်းကို မှီကာ ပန်းသီးကို ကိုက်လိုက်သည်။

“ကျွန်မ သိပ်ပြီး ထင်ရှားသွားအောင် မလုပ်ရဲသေးလို့၊ မဟုတ်ရင် လိုင်ချီးနဲ့ ဒူးရင်းသီး စိုက်ချင်တယ်”

“ဒီစွမ်းရည်က အံ့မခန်းပဲ”

ရှီကျွင့်ကျဲက ကျန်းကျန်းကို အံ့သြစွာ ကြည့်လိုက်သည်။

“ဒါ အရှေ့တိုင်းက နတ်သမီးပုံပြင်လိုပဲ”

“ဒီထက် ပိုပြီး ဒဏ္ဍာရီဆန်တာတွေတောင် ရှိသေးတယ်”

ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

“ကျွန်မ အသက်ကြီးလာတော့ နေရာတစ်နေရာကနေ ပျောက်ကွယ်သွားပြီး တခြားတစ်နေရာကနေ တိုက်ရိုက်ပေါ်လာနိုင်တာကို သိလာတယ်”

ရှီကျွင့်ကျဲတစ်ယောက် ပါးစပ်ထဲမှ ပန်းသီးကြောင့် သီးသွားလုနီးပါး ဖြစ်သွားသည်။ သူ လည်ပင်းကို ဖုံးအုပ်ကာ ထပ်မံ၍ အံ့သြတကြီး မေးမိပြန်သွားသည်။

“ဒါက ဘာကို ဆိုလိုတာလဲ”

“ရှင့်ကို ခုနက ပြောသလိုပဲ၊ ကျွန်မက အရမ်းအဝေးကြီး မြင်နိုင်တယ်၊ ကျွန်မ မြင်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိနေသရွေ့ ကျွန်မ အဲဒီနေရာကို ချက်ချင်း ရွေ့လျားသွားနိုင်တယ်”

ကျန်းကျန်းက ရှီကျွင့်ကျဲကို ကြည့်လိုက်ပြီး သူမ၏ လေသံမှာ အရင်ကကဲ့သို့ ပေါ့ပါးခြင်း မရှိတော့ပေ။

“ရှင် ဒီမှာ မတော်တဆဖြစ်တာကို မြင်လိုက်တာနဲ့ ကျွန်မ ချက်ချင်း အိမ်ကနေ ပါကစ္စတန်ကို ရောက်လာပြီး ရှင့်ကို ကယ်ခဲ့တာ”

“မင်း တစ်ခါတည်း ရောက်လာတာလား”

ရှီကျွင့်ကျဲ ကျန်းကျန်း၏ ဆိုလိုရင်းကို နားလည်ရန် ကြိုးစားမိသည်။

“မိနစ်အနည်းငယ်အတွင်းမှာလား။”

“တကယ်တော့ စက္ကန့်ပိုင်းအတွင်း ရောက်နိုင်တယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မက နဂါးနဲ့ ဖီးနစ်အမြွှာကို နို့တိုက်နေတာလေ၊ ဒါကြောင့် ကျွန်မချက်ချင်းထပြီး ရောက်လာတဲ့အချိန်မှာက ရှင်ကကားကို စွန့်ပြီး ထွက်ပြေးနေပြီ”

ကျန်းကျန်းက အနည်းငယ် စိတ်တိုနေခဲ့သည်။

“ ကျွန်မ ပိုပြီးစောစော ရောက်လာခဲ့သင့်တယ်၊ ဒါဆို ရှင်ဒဏ်ရာရမှာ မဟုတ်ဘူး”

“တကယ်တော့ နောက်ကျတာ မဟုတ်ပါဘူး”

ရှီကျွင့်ကျဲက ပြုံးကာ ကျန်းကျန်းကို ပွေ့ဖက်လိုက်သည်။

“မင်းသာ မရှိရင် ကိုယ် သေနေလောက်ပြီ”

ကျန်းကျန်း ထိုစကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းလှည့်၍ သူ့ကို စိုက်ကြည့်လိုက်သည်။

“ရှင် ဘယ်လိုများ ပြောရဲတာလဲ”

“ဒါဆို မင်း ကိုယ့်ကို ဘယ်နေရာကို ကယ်လာခဲ့တာလဲ။”

ရှီကျွင့်ကျဲသည် ပြတင်းပေါက်မှ သူမြင်ခဲ့ရသော ထူးဆန်းသည့် မြင်ကွင်းကို သတိရသွားသည်။

“အပြင်ဘက်မှာ အပြာနဲ့အဖြူရောင် ကြွေထည်တွေ အများကြီး ရှိနေပုံရတယ်။”

“အဲဒါ ကျွန်မရဲ့ ရတနာတွေ”

ကျန်းကျန်းက ရှီကျွင့်ကျဲကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ကျွန်မနဲ့အတူ လိုက်ကြည့်မလား။”

ရှီကျွင့်ကျဲ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ဖိနပ်စီးကာ ခုတင်ပေါ်မှ ဆင်းလိုက်လေသည်။

သူတို့နှစ်ယောက် လက်ချင်းချိတ်ကာ ကြီးမားသည့် အိမ်ကြီးထဲမှ ထွက်လာခဲ့သည်။ ထိုအခါမှသာ ရှီကျွင့်ကျဲတစ်ယောက် ဤနေရာတွင် ပစ္စည်းများစွာ ထားရှိသည်ကို သိလိုက်ရသည်။

“ဒါတွေက ကျွန်မ ငယ်ငယ်ကတည်းက စုဆောင်းခဲ့တာတွေလေ”

ကျန်းကျန်းက တိတိကျကျ ညွှန်ပြလိုက်သည်။

“နိုင်ငံတော်မှာ သက်ဆိုင်ရာ မူဝါဒတွေ ရှိလာပြီးရင် ကျွန်မ ပုဂ္ဂလိက ပြတိုက်တစ်ခု ဖွင့်မယ်လို့ တွေးထားတယ်”

ရှီကျွင့်ကျဲ ခေါင်းညိတ်လိုက်သည်။ ပုဂ္ဂလိက ပြတိုက်များသည်က နိုင်ငံခြားတွင် မထူးဆန်းပေ။

ကျန်းကျန်း ပျော်နေသရွေ့အဆင်ပြေသည်။ သူမတွင် ပြတိုက်ဖွင့်နိုင်သည့် စွမ်းရည် အပြည့်အဝ ရှိသည်။

“ကံကောင်းလို့ ပြင်သစ်မှာ မမျှော်လင့်ဘဲ အမြတ်ရခဲ့တယ်၊ နှစ်စဉ်ဝင်ငွေက မင်းရဲ့ ပြတိုက်လည်ပတ်မှုအတွက် လုံလောက်တယ်”

ကျန်းကျန်းက ပိုက်ဆံအကြောင်း ကြားသည်နှင့် ရှီကျွင့်ကျဲကို အဆောက်အအုံနောက်ဘက်သို့ ချက်ချင်း ဆွဲခေါ်သွားသည်။

ထိုနေရာတွင် သစ်သားသေတ္တာကြီး ၃၀၀ ခန့် ရှိလေသည်။ ရှီကျွင့်ကျဲက တစ်ခုကို ကိုင်ကြည့်ပြီး နားမလည်စွာနှင့် ကျန်းကျန်းကို ကြည့်လိုက်သည်။

“ဒါတွေက ဘယ်လိုရှေးဟောင်းပစ္စည်းမှ မဟုတ်ဘူးထင်တယ်။”

ကျန်းကျန်းက ရယ်မောလိုက်ပြီး ပြောခဲ့သည်။

“တန်ဖိုးရှိတာက အတွင်းထဲမှာ ရှိတာ”

သူမက ပြောပြီးသည်နှင့် သေတ္တာအဖုံးတစ်ခုကို တွန်းဖွင့်လိုက်လေသည်။ ထို့နောက်တွင် ရွှေရောင်တဖြတ်ဖြတ်တောက်ပနေသော ရွှေများ အပြည့်ပါသည့် သေတ္တာတစ်လုံးက နေရောင်အောက်၌ ရှီကျွင့်ကျဲကို မျက်စိစူးလုနီးပါး ဖြစ်စေသည်။

“ရွှေတွေလား”

ရှီကျွင့်ကျဲက အထဲမှ အလေးချိန်ကို ကြီးမားသည့် ရွှေချောင်းတစ်ချောင်းကို ကောက်ယူလိုက်ပြီး နေရာတွင်ရှိနေသော ရာနှင့်ချီသည့် သစ်သားသေတ္တာကြီးများကို ကြည့်လိုက်မိကာ နောက်တစ်ဖန် ထပ်မံ အံ့အားသင့်သွားသည်။

“ဒီလောက် အများကြီးက အကုန်လုံး ရွှေတွေတေား မဟုတ်လောက်ပါဘူးနော်”

“ဒါက လွတ်လပ်ရေး မရခင် ယူနန်ပြည်နယ်က ဓားပြတစ်ယောက် ဖွက်ထားတဲ့ ရွှေတွေပဲ၊ နောက်ပိုင်းမှာ သူ ပစ်သတ်ခံရတော့ ဒါတွေက ဘယ်သူ့ပိုင်ဆိုင်မှုမှ မဟုတ်တော့ဘူး”

ကျန်းကျန်းက လက်ဝှေ့ယမ်းလိုက်သည်နှင့် သေတ္တာအဖုံးများ အားလုံး ပြုတ်ကျသွားသည်။ ရှီကျွင့်ကျဲသည်လည်း တစ်ခုချင်းစီ လိုက်ဖွင့်ကြည့်နေစရာ မလိုတော့ဘဲ နေရောင်ခြည်ထဲမှ အလင်းပြန်မှုမှ ကြည့်ရုံနှင့် သေတ္တာတိုင်းက ပြည့်နေသည်ကို သိလိုက်ရသည်။

ကျန်းကျန်းကလည်း ရွှေချောင်းတစ်ချောင်းကို ကောက်ယူပြီး လက်ထဲ၌ ဆော့ကစားနေခဲ့သည်။

“ကျွန်မက စက်ရုံဖွင့်တာနဲ့ စီးပွားရေးလုပ်တာကလွဲရင် တခြား ရင်းနှီးမြှုပ်နှံမှု မသိဘူးဆိုတာ ရှင်သိတယ်မလား၊ ဒါကြောင့် ဒီရွှေတွေကို ရှင့်ဆီ အပ်လိုက်မယ်၊ ဒီရွှေတွေကနေ ပိုက်ဆံတွေ အများကြီးထွက်လာအောင် လုပ်ရမယ်”

“ကောင်းပါပြီ”

ရှီကျွင့်ကျဲက ပြုံး၍ ပြောလိုက်သည်။

“ဖိအားတွေ အများကြီး ခံစားရတယ်၊ ဒီလောက်များတဲ့ ရွှေတွေကို တစ်ခါမှ မမြင်ဖူးဘူး”

ရှီကျွင့်ကျဲ ခဏနားပြီး ထပ်ပြောသည်။

“အရင်က ရွှေဒင်္ဂါးတွေထက်တောင် ပိုများပုံရတယ်။”

ရှီကျွင့်ကျဲက ရွှေချောင်းများကို သေတ္တာထဲ ပြန်ထည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ထပ်ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။

“မင်း ဒီမှာ ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အများကြီး ထားထားတာကို တခြားသူတွေ မတွေ့ဘူးလား”

*

All Chapters