အခန်း (၃၇၆)
Vol. 38 Ch. 376
ရှီကျွင့်ကျဲက သူ၏ခေါင်းပေါ်ရှိ ပတ်တီးကိုကိုင်လျက် ပြုံးကာ ပြောလာလေ၏။
“တကယ်တော့ ဒါက သိပ်ပြီးကြီးမားတဲ့ ဒဏ်ရာ မဟုတ်ပါဘူး”
သူ၏စကားဆုံးသည်နှင့် လင်းရှို့လန်နှင့် ကျန်းကျန်းတို့က သူ့ကို တပြိုင်နက်တည်း စိုက်ကြည့်လာကြလေ၏။ထို့ကြောင့် ရှီကျွင့်ကျဲလည်း ချက်ချင်းပင် ပညာရှိစွာဖြင့် စကားပြောင်း၍ ပြောခဲ့သည်။
“ဒါပေမဲ့ ကျွန်တော် တကယ်နားဖို့ လိုတယ်၊ ဆရာဝန်က နေ့တိုင်း ဆေးရုံကိုသွားပြီး ဆေးလဲရမယ်လို့ ပြောထားတယ်လေ”
ကားက အိမ်ရှေ့တံခါးဝ၌ ရပ်လိုက်သည်နှင့် ကလေးများအား ပွေ့လျက် အိမ်တံခါးဝမှ စောင့်နေကြသည့် မဒမ်လီ၊ ဝမ်စုဖန်းနှင့် လီမူဝူတို့ကို မြင်တွေ့လိုက်ရသည်။ သူတို့က စိုးရိမ်ပူပန်စွာ ပြောလာကြလေ၏။
“ဘာလို့ အဲဒီလိုမျိုး အန္တရာယ်များတဲ့ နေရာကို သွားရတာလဲ၊ နောက်ပြီး ဘာတစ့ခုမှလည်း မပြောခဲ့ဘူး၊ သတင်းတွေကိုသာ မကြည့်ရရင် ငါတို့တွေ သိတောင်သိမှာ မဟုတ်ဘူး”
ရှီကျွင့်ကျဲက ပြုံးလိုက်မိကာ အသာအယာပြောလိုက်သည်။
“အခုအမိန့်က အရေးပေါ်ဖြစ်နေတာဆိုတော့ အသေးစိတ်ကိုပြောပြလို့ မရဘူးလေ”
သူက ကလေးများ၏ ဖောင်းကားနေသည့် ပါးလေးများကို ငုံ့ကြည့်၍မေးသည်။
“ ဖရဲသီးနဲ့ စပျစ်သီး အဖေ့ဆီကို လာကြမလား”
နဂါးနဲ့ဖီးနစ်လေးများက သူ့အား တစ်ချက်ကြည့်၍ နောက်သို့လှည့်ကာ ကျန်းကျန်းဘက်သို့ လက်ဆန့်လိုက်သည်။
“မေ… မေ ..မေ…”
ရှီကျွင့်ကျဲက ပြုံးလျက် ထိုသူနှစ်ဦး၏ တင်ပါးကို ရိုက်လိုက်သည်။
“မင်းတို့က တကယ်ကို မသိတတ်တဲ့ ကလေးတွေပဲ၊ အဖေက ရက်ပိုင်းလေးပဲ ခွဲသွားရတာကို မမှတ်မိကြတော့ဘူးလား”
ဝမ်စုဖန်းသည် ပြုံးလျက် စပျစ်သီးလေး၏ တင်ပါးကို ပွတ်သပ်ပေးလိုက်သည်။
“ကောင်းပြီ၊ အပြင်မှာ မရပ်နေကြနဲ့တော့၊ အိမ်ထဲကို မြန်မြန် ဝင်လိုက်ကြ ၊ ထမင်းစားဖို့ အဆင်သင့်ဖြစ်နေပြီ၊ ရှီကျွင့်ကျဲအတွက် အားဖြည့်စေမဲ့ စွပာပြုတ်ဟင်းချိုတွေ အများကြီး ချက်ထားတယ်”
ထို့နောက် သူမက ထပ်မေးလိုက်သည်။
“မင်း ဘယ်ဟင်းချိုကို သောက်ချင်လဲ”
ရှီကျွင့်ကျဲက ကျန်းကျန်းအား ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ကွေးကာ ပြုံးလိုက်သည်။
“ကြက်သားစွပ်ပြုတ်ဟင်းချို သောက်မယ်”
“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ”
ဝမ်စုဖန်းသည် ချက်ချင်းပင် ပြောလာသည်။
“ငါတို့ရဲ့ ခြံထဲမှာ မွေးထားတဲ့ ကြက်တွေက ဝဝတုတ်တုတ်နှင့် အသားကလည်း နူးညံ့တယ်”
သူတို့က လူများကို ထမင်းစားခန်းသို့ ခေါ်သွားခဲ့ကြလေ၏။ စားပွဲအပြည့်ရှိသည့် ဟင်းပွဲများအား မြင်သောအခါ လင်းရှို့လန်တစ်ယောက် စိတ်လှုပ်ရှားသွားခဲ့ရသည်။
“ကျွန်မလည်း သူ့အတွက်ပဲ တစ်ချိန်လုံး တွေးနေခဲ့တာ၊ စိတ်ပူနေတာနဲ့ ချက်ပြုတ်ဖို့ ပြောဖို့တောင် မေ့သွားတယ်”
“ဘာလို့ ဒီလိုတွေပြောတာလဲ၊ ကျွန်မတို့က မိသားစုတွေပဲလေ”
ဝမ်စုဖန်းက ရှီကျွင့်ကျဲအား ကြက်သားဟင်းချိုတစ်ပန်းကန် ခပ်ပေးကာ ကြက်ပေါင်နှင့် တောင်ပံများကိုလည်း ထည့်ပေးလိုက်သည်။
“အများကြီးစားလိုက်၊ အပြင်မှာ ဒုက္ခရောက်ခဲ့ရတာပဲ”
ရှီကျွင့်ကျဲသည် ကြက်ပေါင်ကို တစ်ကိုက်စား၍ ပြုံးရင်း ပြောလိုက်လေ၏။
“အဆင်ပြေပါတယ်၊ ဒီလောက်တော့ ကိစ္စမရှိပါဘူး”
ဝမ်စုဖန်းလည်း ထိုစကားများကို ကြားလျှင် စိတ်မကောင်း ဖြစ်သွားခဲ့ရပြီး ရှီကျွင့်ကျဲ၏ဘေးရှိ ပန်းကန်အလွတ်ထဲ နံရိုးတစ်ခုထည့်ပေးလိုက်သည်။
“ဒဏ်ရာရထားတာဆိုတော့ ငါးနဲ့ပုစွန်စားလို့မရဘူး၊ ဒီတော့ အသားများများစားလိုက်ဦး”
ဗိုက်ပြည့်သွားပြီးနောက်တွင် ဝမ်စုဖန်းနှင့် မဒမ်လီတို့က ကလေးများအား သူတို့မိသားစု၏အိမ်သို့ ခေါ်သွားခဲ့ကြကာ လူငယ်ဇနီးမောင်နှံအား သီးသန့်စကားပြောခွင့် ပေးလိုက်သည်။
အခန်းတံခါးကိုပိတ်ပြီးနောက်တွင် ရှီကျွင့်ကျဲက ရှေ့သို့တိုး၍ ကျန်းကျန်းအား ပွေ့ဖက်လိုက်ကာ သူမ၏နှုတ်ခမ်းကို နူးညံ့ချိုမြိန်စွာ နမ်းလိုက်ပြီး မျက်နှာ၌ အပြုံးတစ်ခုနှင့် ပြောလာသည်။
“မင်း အိမ်ရောက်ရင် ကိုယ့်ကို စာရင်းရှင်းမယ်လို့ ပြောထားတာပဲ၊ လာလေ၊ ကိုယ့်ကို ဆုံးမလို့ရပြီ”
ကျန်းကျန်းက ရယ်မောရင်း သူ၏ခါးကို ဆွဲလိမ်လိုက်သည်။
“ရှင်က လက်တစ်ဖက်ပဲ သုံးလို့ရပေမဲ့ တော်တော်လေး လှုပ်ရှားနိုင်သားပဲ”
ရှီကျွင့်ကျဲသည် တဟားဟား ရယ်ကာ လက်တစ်ဖက်တည်းနှင့် ကျန်းကျန်းအား ပွေ့ဖက်ရန် ကြိုးစားသော်လည်း အားမရသည့်အတွက် ကျန်းကျန်းဘက်ကို သနားစဖွယ် ကြည့်လိုက်လေသည်။
“ဇနီးလေး၊ ကိုယ့်ကို ခုတင်ပေါ် တင်ပေးနိုင်မလား”
သူက စိတ်ခံစားမှု ပြင်းထမ်နှင့် ထပ်ငုံ့နမ်းလိုက်ပြန်သည်။
“ကိုယ် တကယ် အိပ်ချင်နေပြီ”
ရှီကျွင့်ကျဲ၏ မျက်လုံးများက တောက်ပစွာနှင့် မျက်တောင်များကို တဖြတ်ဖြတ်ခတ်နေခဲ့လေ၏။ ကျန်းကျန်းလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းမထားနိုင်တော့ဘဲ သူ၏အဝတ်အစားများအား ကူညီချွတ်ပေးရင်း ခါးသက်စွာ ပြောဆိုလိုက်သည်။
“ရှင်က ရှင့်ရဲ့မျက်နှာနဲ့ပဲ ကျွန်မကို မြှူဆွယ်နေတာပဲ”
ရှီကျွင့်ကျဲက ညင်သာစွာ ရယ်မောလိုက်ပြီး မဒဏ်ရာရသေးသည့် လက်တစ်ဖက်နှင့် ကျန်းကျန်း၏ ခါးကို ပွေ့ဖက်လိုက်ကာ သူမ၏ စကားပြောနေသည့် ပါးစပ်ကို သူ၏နှုတ်ခမ်းများနှင့် ပိတ်ဆို့လိုက်သည်။
သူတို့ နှစ်ဦး တစ်နာရီမျှ ရုန်းကန်ပြီးနောက် ရှီကျွင့်ကျဲက ချွေးများ စိုရွှဲစွာနှင့် ခုတင်ပေါ် လဲလျောင်းနေခဲ့ပြီး စိတ်ကျေနပ်စွာဖြင့် ကျန်းကျန်းအား ပွေ့ဖက်ထားခဲ့သည်။
“မင်းကို လက်ထပ်ရတာက ကိုယ့်ဘဝရဲ့ အကြီးမားဆုံး ကံကောင်းခြင်းပဲလို့ ကိုယ်ထင်တယ်”
ကျန်းကျန်းက မျက်လုံးများကိုဖွင့်၍ သူ့အား တစ်ချက်ကြည့်လိုက်သည်။
“မဟုတ်ဘူး၊ ကျွန်မသာ ရှင့်ကို မကယ်ခဲ့ရင် အခုဆို ရှင့်အတွက် အောက်မေ့ဖွယ် အခမ်းအနားလုပ်နေရပြီ”
“အဲဒီအခြေအနေမှာ ကိုယ်ဘာမှ မလုပ်နိုင်ဘူးလေ၊ ကိုယ်ရခဲ့တဲ့ အမိန့်က လူအများကြီးကို တတ်နိုင်သလောက် ခေါ်ထုတ်လာဖို့ပဲ၊
ဒါ့အပြင် သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေက ကိုယ့်ဆီမှာ ရှိနေတုန်းပဲ၊ ဒါကြောင့် ကိုယ် သူတို့ကို ရှာမှဖြစ်လိမ့်မယ်”
ရှီကျွင့်ကျဲက ကျန်းကျန်း၏ ပိုမိုမည်းမှောင်လာသည့် မျက်နှာကို ကြည့်၍ အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
“ နောက်ထပ် ဒီလိုအခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းရေးကို အဓိကထားမယ်လို့ ကျိန်ဆိုပါတယ်”
“ကျွန်မ ရှင်ကို ယုံဦးမယ်လို့ ထင်နေတာလား၊ အဲဒီစကားကို ရှင်မသွားခင်ကလည်း ကတိပေးခဲ့တာပဲဘေ”
ကျန်းကျန်းက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
“ဒီတစ်ခါက ရှင့်ဘဝကို သနားလို့ကယ်လိုက်တာ၊ နောက်တစ်ကြိမ် ကျွန်မ ရှင့်ကို ကယ်မယ်လို့ မထင်နဲ့၊ ရှင့်အဲဒီလိုထပ်လုပ်ရင် နဂါးနှင့်ဖီးနစ်လေးတို့အတွက် မွေးစားအဖေတစ်ယောက် ရှာပေးပြီး ရှင့်ကို ရူးအောင်လုပ်ပစ်မယ်”
ရှီကျွင့်ကျဲက သူ၏မျက်နှာကို ကျန်းကျန်းရှေ့သို့ ပို့ကာ မျက်နှာညှိုးငယ်စွာနှင့် ပြောလိုက်သည်။
“မင်း လူတွေ အများကြီးကို တွေ့မြင်ဖူးတာပဲလေ၊ အဲဒီအထဲမှာမှ ကိုယ်တစ်ယောက်တည်းက ဒီလောက်ထိချောမောနေတာ မဟုတ်ဘူးလား၊ နောက်ပြီး ဒီလိုမျိုးချစ်စရာကောင်းတဲ့ ဇနီးလေးကို အရမ်းချစ်တာ မဟုတ်ဘူးလား၊ ဒီလိုမှမဟုတ် ကိုယ်က ဒီလို ဘယ်လိုလုပ် ကံကောင်းမှုမျိုးရလာပြီး မင်းကိုလက်ထပ်နိုင်မှာလဲ”
“မျက်နှာပြောင်တိုက်လိုက်တာ”
ကျန်းကျန်းက ရှီကျွင့်ကျဲ၏ မျက်နှာကို ဖြစ်ညှစ်လိုက်သည်။
ရှီကျွင့်ကျဲကလည်း ကျန်းကျန်း၏ ချောမွေ့သည့် ပခုံးကို သူ၏မေးစေ့နှင့် ပွတ်သပ်ရင်း ရုတ်တရက် ပြောလာသည်။
“ကိုယ့်ကို မင်းရဲ့ ဇာတိကို လိုက်ပြပါဦး”
“ကျွန်မရဲ့ ဇာတိကို သွားမယ် ဟုတ်လား”
ကျန်းကျန်း သူ့ကို ပြန်လှည့်ကြည့်၍ မေးမိသည်။
“ပေရှားဒေသကို ပြောတာလား”
“ဟုတ်တယ်”
ရှီကျွင့်ကျဲသည် ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ ဇာတိမှာ ရှိနေတဲ့ လှပတဲ့ ထင်းရှူးနီတောအကြောင်းကို ကိုယ် အမြဲကြားနေရတာလေ၊ မင်းပြောပြတဲ့အချိန်တိုင်း ကိုယ်အမြဲတမ်း ကြည့်ချင်ခဲ့တာ”
ကျန်းကျန်း ရယ်မောလိုက်ပြီး ခု တင်ပေါ်မှ ဆင်းကာ သန့်ရှင်းသည့် အဝတ်အစားတစ်စုံကို ထုတ်၍ ရှီကျွင့်ကျဲဆီသို့ ပစ်ပေးလိုက်သည်။
“မြန်မြန်ထ၊ ကျွန်မတို့ အခုပဲ စထွက်မယ်”
ရှီကျွင့်ကျဲလည်း ကျန်းကျန်း၏ လက်ကို ဆွဲကိုင်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်နှင့် စိမ်းစိမ်းစိုစိုတောအုပ်ထဲ ရောက်နေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။
“မင်းရဲ့ စွမ်းရည်က အံ့ဩစရာပဲ”
ရှီကျွင့်ကျဲ ထပ်မံ၍ သက်ပြင်းချလိုက်သည်။
“နောက်ဆို ခရီးထွက်ရင် တစ်ရက်ကို နေရာအများကြီး သွားနိုင်မှာမလား”
ကျန်းကျန်းက ပြုံးလျက် မျက်လုံးလှန်ကြည့်လိုက်သည်။
“ပြီးတော့ ပြောလိုက်တာနဲ့ ထွက်သွားလို့ရတာကလည်း အရမ်းအဆင်ပြေတယ်”
ရှီကျွင့်ကျဲက ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် မိုးကောင်းကင်တမျှ မြင့်မားသည့် ထင်းရှူးနီပင်များက ကောကားကင်ယံကို ကွယ်နေခဲ့ပြီး မျက်စိကျိန်းစရာ ကောင်းသည့် ကောင်းကင်ပြာကို အနည်းငယ်မျှသာ မြင်နေရသည်။
ခြေထောက်အောက်တွင်တော့ ထူထဲသည့် ထင်းရှူးရွက်များ ရှိနေပြီး ပတ်ဝန်းကျင်၌ အရောင်အမျိုးမျိုးရှိသည့် တောရိုင်းအသီးများ များစွာ ပေါက်နေသည်။
ငှက်ကလေးများ၏ တေးဆိုသံမှလွဲ၍ ပတ်ဝန်းကျင်၌ ဆူညံသံ လုံးဝမရှိနေခဲ့ပေ။
ရှီကျွင့်ကျဲအနေဖြင့် ဤသစ်တောကြီးသို့ ပထမဆုံးအကြိမ် ရောက်လာသည်ဖြစ်၍ အလွန်အံ့ဩနေမိသည်။
သူက သူ့၏ လက်မောင်းတစ်ဖက်စာထက် ပိုထူသည့် သစ်ပင်တစ်ပင်ကို တို့ထိ၍ မေးခဲ့သည်။
“ကိုယ်တို့ တောနက်ထဲ ရောက်နေတာလား”
“ဟုတ်တယ်”
ကျန်းကျန်းက သူတို့ ရောက်ရှိနေသည့်နေရာကို တစ်ချက်ကြည့်၍ ခေါင်းညိတ်လိုက်သည်။
“ဒီရှေးဦး ထင်းရှူးတောရဲ့ ဧရိယာက နှစ်တိုင်း ကျုံ့လာပေမဲ့ ဒီနေရာကတော့ ဘယ်သူမှ မရောက်ဖူးသေးတဲ့ နေရာပဲ”
ကျန်းကျန်း ပြောပြီးသည်နှင့် အပင်ပေါာမှ အသီးများကိုကြည့်လိုက်သည်။
“ကညာသစ်သီး”
သူမက သစ်သီးတစ်ဆုပ်စာကို ခူး၍ သူ့အား ပေးလိုက်သည်။
“မြည်းကြည့်ဦး၊ ဒါက ကျွန်မတို့ဆီက တောရိုင်းသစ်သီးတွေပဲ”
ကျန်းကျန်း၏ လက်ထဲမှ ရောက်လာသည့် အသီးများက အကောင်းဆုံးနှင့် အချိုဆုံးများများပင် ဖြစ်ပေသည်။
ရှီကျွင့်ကျဲ အပြင်ဘက်မှ အဝါရောင်အခွံကို ခွာလိုက်သော် အတွင်း၌ မီးအိမ်သေးသေးလေးကဲ့သို့ ပုံသဏ္ဍာန်ရှိသည့် အဝါရောင်အသီးလေး ပေါ်လာခဲ့သည်။
“ကညာသစ်သီး” ကို ပါးစပ်ထဲသို့ ထည့်ကာ ညင်သာစွာ ကိုက်လိုက်လျှင် အစေ့များနှင့် ပြည့်နေသည့် ချိုမြိန်သည့် အရည်များ ပါးစပ်ထဲ လျှံကျလာကာ အရသာက အံ့သြစရာကောင်းနေခဲ့သည်။
“အရမ်းကောင်းတယ်”
ရှီကျွင့်ကျဲက နောက်တစ်လုံး ခွာ၍ ကျန်းကျန်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ကျန်းကျန်းက ပုလင်းလေးတစ်လုံးကို နေရာမှ ထုတ်ယူပြီး ဘေးနားရှိ ဘလူးဘယ်ရီအစုလိုက်ဆီ လျှောက်သွားကာ ညင်သာစွာ ထိလိုက်သော် မမှည့်သေးသည့် ဘလူးဘယ်ရီများက ချက်ချင်း ကြီးမားကာ မှည့်လာခဲ့သည်။
“ကျွန်မ ကလေးဘဝတုန်းက တောင်ပေါ်က အသီးတွေကို စားရတာ ကြိုက်တယ်၊ ဖရဲသီးနဲ့ စပျစ်သီးအတွက် ဘလူးဘယ်ရီတွေ ထပ်ခူးပြီးမှ ပြန်ယူသွားရအောင်”
*