အခန်း (၃၇၇)
Vol. 38 Ch. 377
ရှီကျွင့်ကျဲဘလူးဘယ်ရီတစ်လုံးကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
သူ ပြည်ပ၌ စားခဲ့သည့် ဘလူးဘယ်ရီများထက် အမှန်တကယ်ကို ပိုကောင်းသည့် အရသာရှိသည်။ ရှီကျွင့်ကျဲက နောက်ထပ် အနည်းငယ် ခူး၍ ကျန်းကျန်း၏ ပါးစပ်ထဲ ထည့်ပေးကာ ပါးစပ်ထဲတွင် ပလုပ်ပလောင်းနှင့် ပြောလိုက်သည်။
“ကိုယ်တို့ ဘလူးဘယ်ရီတွေကို အိမ်ပြန်ယူသွားရင် ဘယ်လိုပြောမလဲ”
ကျန်းကျန်းက သူ့အား တစ်ချက်ကြည့်လိုက်သော်လည်း လက်များကမူ အလုပ်များနေဆဲပင်။
“ကျွန်မတို့ ဈေးမှာတွေ့ခဲ့လို့ ဝယ်လာတာပဲ”
ရှီကျွင့်ကျဲတစ်ယောက် မရယ်မောဘဲ မနေနိုင်တော့ပေ။
“မင်းက အရသာရှိတာတွေ ခဏခဏ ဝယ်စားတတ်တာကို မှတ်မိတယ်၊ အဲဒါတွေက သူများတွေပေးတာ ဒါမှမဟုတ် လမ်းဘေးဆိုင်တွေမှာ ဝယ်တာ မဟုတ်ဘူးမလား၊
ဒါနဲ့၊ မင်း အဲဒီ လှုပ်ရှားတဲ့ ပင်လယ်တွေဆီကို ဆောင်းရာသီတိုင်း သွားနေတတ်တာလား၊ ပင်လယ်ကမ်းစပ်မှာ ကိုယ့်ဘာသာ ဖမ်းလာတာလား၊
ကိုယ်ပြောရရင်၊ အထူးရထားနဲ့သွားရင်တောင် ပင်လယ်စာတွေ တော်ဝင်မြို့တော်ကို ရောက်တဲ့အချိန်မျိုးမှာ အသက်ရှင်လျက် ရှိနေမယ်လို့ အာမခံဖို့ ခက်တယ်မလား”
ကျန်းကျန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ပင်လယ်ပြင်မှာ ရွက်လှေစီးပြီး ပင်လယ်စာဖမ်းရတာ အရမ်းမိုက်တယ်၊ အချိန်ရရင် ရှင့်ကို ပင်လယ်ပြင်မှာ တစ်ခေါက်လောက် လိုက်ပြမယ်”
ရှီကျွင့်ကျဲလည်း ထိုသို့သော မြင်ကွင်းကို တွေး၍ မျှော်လင့်ချက်များ အပြည့်ရှိလာခဲ့သည်။
“ကိုယ်တို့ တစ်နေ့ကို နေရာတစ်ခုစီကို သွားမယ်ဆိုရင် တစ်နေ့ကျရင် ကမ္ဘာအနှံ့ ခရီးသွားနိုင်မယ်လို့ ထင်တယ်”
ကျန်းကျန်းလည်း သူ့၏စကားကို ခေါင်းညိတ်လိုက်သည်။
“ဒီလိုဘဝမျိုးကလည်း အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်လို့ ရုတ်တရက် ခံစားရတယ်၊ ဒါဆို ရှင် အလုပ်က နုတ်ထွက်ရင်တောင် ကျွန်မတို့ ကမ္ဘာအနှံ့ ခရီးသွားနိုင်သေးတယ်လေ”
အကိုင်းအခက်များပေါ်ရှိ ဘလူးဘယ်ရီများ အားလုံးကိုခူးပြီးနောက် မျက်စိတစ်မှိတ်အတွင်း၌ပင် ပုလင်းအပြည့် ခူးပြီးသွားခဲ့သည်။
ကျန်းကျန်းက ဘလူးဘယ်ရီများအား နေရာထဲ ထည့်ပြီး မှိုများကို ခူးရန် ခြင်းတစ်လုံး ထုတ်လိုက်သည်။
“တောင်ပေါ်မှာ မှိုအမျိုးအစားတွေ အများကြီးရှိတယ်၊ ရှင် ကြိုက်တဲ့ မှိုနဲ့ ကြက်သားစတူးချက်တဲ့မှိုကက ဒီ သစ်အယ်သီးမှိုပဲ။ ဟိုဘက်က ဝိုင်းဝိုင်းလေးတွေကတော့ ခြင်္သေ့လည်ဆံမှိုတွေလို့ခေါ်တယ်”
ကျန်းကျန်းသည်ကား ကလေးဘဝမှစ၍ မှိုနှုတ်တတ်ခဲ့သူဖြစ်သော်လည်း ရှီကျွင့်ကျဲမှာ ကလေးဘဝတွင် အထက်တန်း ပညာရေးကိုသာ သင်ကြားခဲ့ရသည့်အတွက် မှိုခူးခြင်းမျိုး မည်သည့်အခါမှ မပြုလုပ်ဖူးပေ။
သို့နှင့် သူတို့နှစ်ယောက် သီချင်းညည်းရင်း မြင်သမျှ မှိုများအားလုံးကို ခြင်းထဲသို့ ထည့်လိုက်ကြသည်။
ဤနေရာမှာ လူသူနည်းပါးပြီး နေရောင်ခြည်လည်း သိပ်မရသည့်အတွက် မှိုများက ကြီးမားထူထဲစွာ ပေါက်နေခဲ့သည်။
ခြင်းထဲ၌ မှိုများ များသည့်ထက် များလာသော် ရုတ်တရက် ရှီကျွင့်ကျဲတစ်ယောက် သစ်ပင်ပေါ်၌ ထီးပုံသဏ္ဍာန်ရှိသည့် တစ်စုံတစ်ခုကို တွေ့လိုက်ပြီး ကျန်းကျန်းအား စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ခေါ်လိုက်သည်။
“ဇနီးလေး ကြည့်ပါဦး၊ လင်ဇီးမှို”
ကျန်းကျန်းကအနားသို့ လျှောက်သွားပြီး ကြည့်လိုက်လျှင် ဤလင်းဇီးမှိုမှာ လက်ဖဝါးတစ်ဝက်စာမျှသာ ရှိပြီး ဤတောအုပ်ကြီးထဲတွင်တော့ သိပ်မကြီးလှပေ။ သူမက လက်ဆန့်၍ ချိုးယူကာ ရှီကျွင့်ကျဲအား ပေးလိုက်သည်။
“အဖွားအတွက် ရေနွေးကြိုသောက်ဖို့ ထပ်ခူးပြီး ယူသွားလို့ရတယ်”
ရှီကျွင့်ကျဲသည် လင်းဇီးမှိုကို မှိုခြင်းထဲ ထည့်လိုက်ပြီး ပတ်ပတ်လည် ထပ်ကြည့်လိုက်သည်။
“အဲဒီတုန်းက မင်းအဖွားကို ပေးခဲ့တဲ့ ပုံစံမျိုး အရမ်းကြီးတဲ့ လင်းဇီးမှိုတွေ မရှိဘူးလား”
ကျန်းကျန်းသည် ပြုံးလျက် မျက်လုံးလှန်ကာ ကြည့်လိုက်သည်။
“ရှိတယ်၊ ကျွန်မနဲ့ လိုက်ခဲ့”
ကျန်းကျန်း သူမ၏ အသိစိတ်နှင့် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်လျှင် ဆယ်မီတာအကွာ၌ လက်သီးတစ်ဝက်စာမျှရှိသည့် လင်းဇီးမှိုကို မကြာခင်၌ပင် တွေ့လိုက်ရသည်။
ရှီကျွင့်ကျဲသည် အပေါ်အောက် ကြည့်၍ နားမလည်စွာ မေးလိုက်သည်။
“ဘာမှ ထူးခြားတာမရှိပါဘူး။ ခုနက ကိုယ်ကောက်ခဲ့တဲ့ လင်းဇီးမှိုက ပိုကြီးသေးတယ်”
ကျန်းကျန်းက ပြုံးလိုက်ပြီး မည်သည့်စကားကိုမှ မပြောဘဲ မှိုခြင်းကို ချလိုက်ပြီး နေရာမှ သူမ ယခင်က ပြုလုပ်ခဲ့သည့် ကလောင်တံကို လင်းဇီးမှိုပေါ်၌ တင်ကာ အသာပွတ်သပ်လိုက်သည်ကို တွေ့လိုက်ရသည်။
မိနစ်ဝက်မျှ ကြာပြီးနောက် ကျန်းကျန်း ထိုကလောင်တံကို ဖယ်လိုက်သည်။
ထို့နောက်တွင် လက်သီးတစ်ဝက်စာမျှသာ ရှိသည့် လင်ဇီးမှိုက ဇလုံတစ်လုံးစာမျှ ကြီးလာပြီး လင်ဇီးမှို၏ မျက်နှာပြင်ပေါ်၌ “ရှောင်” ဟူသည့် စာလုံးသည်လည်း ထင်ထင်ရှားရှား ပေါ်လာခဲ့လေသည်။
ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်း၏ ပြုမူဆောင်ရွက်မှုများကြောင့် ကြောင်အ,သွားခဲ့သည်။ သူသည်ကား ဇနီးသည်၏ စွမ်းရည်ကို သိရှိထားပြီးဖြစ်သော်လည်း ဤကဲ့သို့ ကစား၍ရလိမ့်မည်ဟု မည်သည့်အခါမှ မထင်ခဲ့ပေ။
ရှီကျွင့်ကျဲ၏ စကားမပြောနိုင်သည့် ပုံစံကို မြင်သော် ကျန်းကျန်းက ဧရာမလင်းဇီးမှိုကို ပုတ်၍ အလွန် အမင်းကြီးစိုးခြယ်လှယ်ကာ အာဏာရှင်ဆန်သည့်ပုံစံဖြင့် မေးလိုက်သည်။
“ဘယ်လိုပုံစံတွေ ထပ်လိုချင်သေးလဲ”
ရှီကျွင့်ကျဲတစ်ယောက် မယုံနိုင်စွာ ခေါင်းရမ်းလိုက်သည်။
“ကိုယ်က နှစ်ထောင်ပေါင်းများစွာ တစ်ကြိမ်ပဲ ဖြစ်ပေါ်တတ်တဲ့ အံ့ဖွယ်ဖြစ်ရပ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အမှန်တရားက အရမ်းရက်စက်တာပဲ၊ ဒီလင်းဇီးမှိုကို မြန်မြန်ယူလိုက်ပါတော့၊ ဒီနေရာမှာ ထားခဲ့ပြီး တစ်ယောက်ယောက်က တွေ့သွားရင် သတင်းကြီးဖြစ်သွားနိုင်တယ်”
ရှီကျွင့်ကျဲက ထူထဲမာကျောသည့် ပင်စည်ကို ကြည့်လိုက်ပြီး သူ၏ ဒဏ်ရာမထားသည့် လက်တစ်ဖက်နှင့် လှုပ်ကြည့်သော်လည်း ဧရာမလင်ဇီးမှိုက လုံးဝမလှုပ်ရှားလာခဲ့ပေ။
ရှီကျွင့်ကျဲလည်း ကျန်းကျန်းအား ရှက်ရွံ့စွာ မေးလိုက်သည်။
“ဒါကို ဘယ်လိုဖြုတ်ရမလဲ၊ ပုဆိန်နဲ့ ခုတ်ရမှာလား”
ကျန်းကျန်းက လက်ဝှေ့ရမ်း၍ ရှီကျွင့်ကျဲအား တစ်လှမ်းနောက်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် သူမ အရှေ့သို့တိုးပြီး လင်ဇီးမှိုကို လက်နှစ်ဖက်နှင့်ဖိကာ ညင်သာစွာ လှည့်လိုက်လျှင် သစ်ပင်နှင့် ဆက်နေသည့် လင်းဇီးမှိုက ထိုသို့ပင် ပြုတ်ထွက်လာခဲ့လေသည်။
ရှီကျွင့်ကျဲတစ်ယောက် တံတွေးမျိုချလိုက်ပြီး သတိလက်လွတ်ဖြင့် သူ၏လည်ပင်းကို တို့ထိလိုက်မိသည်။
ထို့နောက် မျက်နှာပေါ်၌ အလွန်အမင်းတောက်ပလှသည့် အပြုံးတစ်ခုနှင့် ပြောလိုက်လေ၏။
“ဇနီးလေး၊ မင်း ကိုယ့်ကို အရှေ့ဘက်ကိုသွားလို့ ပြောရင် ကိုယ် ဘယ်တော့မှ အနောက်ကိုမသွားတော့ဘူး၊ ကိုယ့်ကို ငါးစားလိုက်လို့ ပြောရင် ကိုယ်ဘယ်တော့မှ ကြက်သား မစားတော့ဘူး”
ကျန်းကျန်းက လင်းဇီးမှိုကို နေရာထဲသို့ ထည့်လိုက်ပြီး သူ၏နောက်ကျောကို အပြုံးနှင့် ရိုက်လိုက်သည်။
“ရှင် တော်တော်လေး အပြောချိုနေတာပဲ၊ ကျွန်မရဲ့ အင်အားကို မြင်တော့ ကြောက်သွားတာလား”
ရှီကျွင့်ကျဲက ချက်ချင်းပင် ကြောက်ရွံ့နေသည့်ပုံစံ ဟန်ဆောင်ပြီး ပခုံးများအား လက်နှစ်ဖက်နှင့် ပွေ့ဖက်ကာ “တုန်ယင်” ပြလိုက်သည်။
“အို၊ ကိုယ့်ရဲ့ဇနီးလေးကြောင့် ကြောက်လန့်လွန်းပြီး သေသွားရင် ဘယ်လိုလုပ်မလဲ၊ ကိုယ့်ရဲ့လည်ပင်းက မိနစ်ပိုင်းအတွင်း ကျိုးတော့မယ်လို့ ခံစားရတယ်”
ကျန်းကျန်းက သူ၏ ကလေးဆန်သည့် ပုံစံကြောင့် ရယ်မောလိုက်ပြီး မှိုတစ်ခုကို ကောက်ယူကာ သူ၏မျက်နှာအား ပစ်ပေါက်လိုက်သည်။
လူငယ်ဇနီးမောင်နှံက ခဏမျှ ရယ်မောဆော့ကစားနေပြီးနောက် နေရာလွတ်ထဲသို့ ပြန်ဝင်ကာ လက်ဆေးလိုက်ကြသည်။
သူတို့ ပြန်ထွက်လာသောအခိုက်တွင် နေရာပြောင်းသွားပေပြီ။ ရှီကျွင့်ကျဲတစ်ယောက် သူ့အား စိုက်ကြည့်နေသည့် ဆိုက်ဘေးရီးယား ကျားကိုမြင်တွေ့လိုက်ရလျှင် ဤတစ်ကြိမ်တွင်တော့ အမှန်တကယ်ပင် ကြောက်သွားရလေသည်။
“ဇနီးလေး... အမြန် ဝင်ရအောင်... နေရာပြောင်းရအောင် ကျားရှိနေတယ်”
ကျန်းကျန်းက ရှီကျွင့်ကျဲ၏ လက်မောင်းကို ဖက်ထားပြီး ပြုံးရယ်နေသည့် သူမ၏မျက်လုံးများက ပို၍ပင် ကွေးညွတ်လာခဲ့သည်။
“တကယ်တော့ ပြောရရင် ရှင့်က ကျွန်မရဲ့ စတုတ္ထအစ်ကိုထက် အများကြီး ပိုတော်တယ်၊ သူဆိုရင် တာ့ဟွမ်ကို ပထမဆုံးအကြိမ် မြင်တော့ ဘောင်းဘီထဲမှာ ဆီးသွားခဲ့တာလေ၊ ဒါပေမဲ့ အဲဒီတုန်းက တာ့ဟွမ်က လူပျိုဖော်ဝင်ကာစမို့ အခုထက် ပိုတက်ကြွတယ်။”
“တာ့ဟွမ်?”
ရှီကျွင့်ကျဲတစ်ယောက် ခမ်းနားထည်ဝါသည့် တောဘုရင်၏ နာမည်သည်က သူ၏ခွေးနာမည်ထက်ပင် ပိုပေါ့ပေါ့ပါးပါး ဖြစ်နေသည်ကို လက်မခံနိုင်ပုံရသည်။
သူက ကျားကို သနားစွာကြည့်၍ ပြန်မေးလိုက်မိသည်။
“သူ့ကို တကယ်ပဲ တာ့ဟွမ်လို့ ခေါ်တာလား”
ကျန်းကျန်းလည်း ရှီကျွင့်ကျဲ၏ လက်မောင်းကို လွှတ်လိုက်ပြီး ရှီကျွင့်ကျဲ၏ ကြောက်လန့်တကြား မျက်လုံးများအောက်၌ ကျား၏ဘေးသို့ လျှောက်သွားကာ လက်ကိုဆန့်တန်း၍ တာ့ဟွမ်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
ထို့နောက် ကျန်းကျန်း ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ကျွန်မ ကလေးဘဝကတည်းက သိခဲ့တဲ့ ကျားလေ၊ ကျွန်မက နာမည်ပေးတာ သိပ်မတော်ဘူး၊ ဒါကြောင့် သူ့ရဲ့ကိုေေ်ပေါ်မှာ အဝါရောင်တွေချည်းပဲ မြင်ရတော့ တာ့ဟွမ်လို့ နာမည်ပေးလိုက်တာ
တာ့ဟွမ်နဲ့ ကျွန်မတို့ လီမိသားစုရဲ့ လီမင်ကျုံးကလည်း သူငယ်ချင်းကောင်းတွေပဲ”
ဤသည်ကို ကြားသော် တာ့ဟွမ်သည် နှာမှုတ်လိုက်သည်။
“ဘယ်သူက အဲဒီကြောက်တတ်တဲ့ ခွေးနဲ့ သူငယ်ချင်းဖြစ်နေလို့လဲ”
ကျန်းကျန်းက ပြုံးလျက် သူ၏ခေါင်းကြီးကို ပုတ်လိုက်သည်။
“စကားကို နှစ်ခွပြောတတ်တဲ့ကောင်ပဲ၊ မင်းက ငါတို့မိသားစု လီမင်ကျုံးနဲ့ မိတ်ဆွေမဟုတ်ဘူးလို့ ပြောနေတယ်ယ်ပေါ့၊ ဒါဆို ဘာလို့ လီမင်ကျုံးရဲ့ သင်္ချိုင်းဘေးမှာ နေ့တိုင်းလဲလျောင်းနေတာလဲ။”
ထိုအခါမှ ရှီကျွင့်ကျဲတစ်ယေးက် ဘေးဘက်တွင် မြေကြီးပုံတစ်ခုရှိနေပြီး သစ်သားပြားတစ်ချပ် ထိုးထားသည်ကို သတိထားမိသည်။
ထိုနေရာ၌ “လီမင်ကျုံး၏ သင်္ချိုင်းအုပ်ဂူ” ရေးထားပြီး စာလုံးများသည်က ကျန်းကျန်း ရေးထားသည်များပင်။
“လီမင်ကျုံးကို ဒီမှာ မြှုပ်ထားတာပဲ”
ရှီကျွင့်ကျဲသည် ရှေ့တိုး၍ မြေပုံပတ်လည်ရှိ ပေါင်းပင်များအား ဆွဲနုတ်ပေးလိုက်သည်။
“အဖွားနဲ့ မေမေက အခုထိ သူ့အကြောင်းကို တီးတိုးပြောနေကြတုန်းပဲ၊ ဒါပေမဲ့ မင်းကို စိတ်မကောင်းဖြစ်မှာစိုးလို့ မေးဖို့တောင် မရဲကြဘူး”
“ကျွန်မ စိတ်မကောင်းမဖြစ်တော့ပါဘူး”
ကျန်းကျန်းက ပြုံးလျက် တာ့ဟွမ်၏ ခေါင်းကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
“လီမင်ကျုံး ဆုံးပြီး ရက်အနည်းငယ်အကြာတုန်းက တစ်ညမှာ ကျွန်မ သူ့ရဲ့ ဝိညာဉ်ကို မြင်ခဲ့တယ်၊ သူက နောက်ဘဝမှာ လူအဖြစ် ပြန်ဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်
ကျွန်မတို့ မိသားစုရဲ့ တာ့ဟွမ်က အသက်ကြီးလို့ သေသွားရင် လူအဖြစ် ချက်ချင်း ပြန်ဖြစ်နိုင်တယ်လို့ လီမင်ကျုံးက ပြောခဲ့တယ်”
တာ့ဟွမ်သည်လည်း ဤသည်ကို ကြားသည်နှင့် တက်ကြွလာပြီး သူ၏ခေါင်းကြီးဖြင့် ကျန်းကျန်းကို ဆက်တိုက်ပွတ်နေခဲ့သည်။
သူ၏မျက်လုံးများက အရောင်တောက်နေပြီး တကယ်လားဟု မေးနေသကဲ့သို့ပင်။
*