← Chapters

အခန်း (၃၇၈)

Vol. 38 Ch. 378

အခန်း (၃၇၈)

Vol. 38 Ch. 378

ကျားကြီးက ကြောင်ကြီးတစ်ကောင်သဖွယ် ပြုမူနေသည်ကို မြင်လိုက်ရသောအခါ ရှီကျွင့်ကျဲ၏ ကြောက်စိတ်များသည်လည်း လျော့ပါးသွားခဲ့လေသည်။

သူသည်လည်း တာ့ဟွမ်၏အနားသို့ ကပ်သွား၍ ခေါင်းကို ပွတ်သပ်ရန် ကြိုးစားလိုက်သည်။

တာ့ဟွမ်က ရှီကျွင့်ကျဲ၏ ကိုယ်ပေါ်မှ ကျန်းကျန်း၏ အနံ့ကို ရရှိလိုက်သောကြောင့် ခေါင်းကို နာခံစွာ ငုံ့ပေး၍ ပွတ်သပ်ခွင့်ပြုခဲ့သည်။

ကျန်းကျန်းက သူမ၏နေရာလွတ် မှ သတ်ပြီးသား ကြက်အနည်းငယ်ကို ထုတ်ယူကာ တာ့ဟွမ်ဤဘေး၌ ချပေးခဲ့သည်။

ပြီးနောက် ရှီကျွင့်ကျဲအား ရှင်းပြခဲ့သည်။

“တာ့ဟွမ်က အသက်ကြီးနေပြီလေ၊ အရင်လို လျင်လျင်မြန်မြန် အမဲလိုက်နိုင်တော့တာမဟုတ်ဘူး၊ ဒါကြောင့် ကျွန်မ သူ့အတွက်အစားအစာတွေ မကြာခဏ ယူလာပေးတတ်တယ်”

တာ့ဟွမ်က ဝတုတ်နေသည့် ကြက်များကို ကြည့်၍ အရင်ကဲ့သို့ စိတ်လှုပ်ရှားခြင်းမရှိခဲ့ပေ။ ထိုအစား ကျန်းကျန်း၏ လက်ကို ပွတ်သပ်ရင်း မရပ်မနား အော်မြည်နေခဲ့သည်။

“တစ်ခုခု ပြောချင်နေပုံပဲ”

ရှီကျွင့်ကျဲသည် တာ့ဟွမ်ကို ကြည့်၍ ခေါင်းမော့ကာ ကျန်းကျန်းအား မေးလိုက်သည်။

“မင်း နားလည်လား”

“အင်း၊ သူက သူ တကယ်ပဲ လူပြန်ဖြစ်နိုင်မလားလို့ မေးနေတာ”

ကျန်းကျန်းက ပြုံး၍ တာ့ဟွမ်၏ ခေါင်းကို ပုတ်လိုက်သည်။

“တကယ်ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင်လည်း အငတ်မခံဖို့တော့ လိုတယ်နော်”

တာ့ဟွမ်က ထပ်၍ အော်လိုက်သည်။ ကျန်းကျန်းက ခေါင်းညိတ်လိုက်လေသည်။

“အိုကေ၊ ငါသိပြီ၊ မြန်မြန်စားလိုက်တော့၊ ငါတို့ အရင်သွားတော့မယ်”

တာ့ဟွမ်က ကျန်းကျန်း၏ မျက်လုံးများတွင် နှမြောတသဖြစ်သော အရိပ်အယောင်များနှင့် ကြည့်နေခဲ့သည်။ ကျန်းကျန်းက သူ၏ အရောင်မှိန်သော အမွေးများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ငါ မင်းကို ပိုပြီး မကြာခဏ လာတွေ့ပါ့မယ်”

တာ့ဟွမ်က လူများကဲ့သို့ပင် ခေါင်းညိတ်ပြ၍ ကြက်တစ်ကောင်ကို ကောက်ယူကာ လီမင်ကျုံး၏ သင်္ချိုင်းဘေး၌ ကိုက်စားနေခဲ့သည်။

ကျန်းကျန်းလည်း ရှီကျွင့်ကျဲ၏ လက်ကို ဆွဲ၍ အိမ်ပြန်လာခဲ့သည်။

ရှုပ်ပွနေသော ခုတင်ကို တွေ့မြင်လိုက်ရလျှင် ရှီကျွင့်ကျဲမှာ တာ့ဟွမ်ကို ပွတ်သပ်ခဲ့သော ခံစားမှုက သူ၏လက်၌ ကျန်နေဆဲဖြစ်သောကြောင့် သက်ပြင်းချလိုက်သည်။

“ဒါက တကယ်ကို အံ့ဩစရာပဲ၊ နတ်သမီးပုံပြင်လိုပဲ၊ မဟုတ်ဘူး၊ နတ်သမီးပုံပြင်ထက်တောင် ပိုပြီး မှော်ဆန်သေးတယ်၊

စွန်းဝူခုန်းဆိုရင် အနောက်အရပ်ကိုသွားဖို့အတွက် ဆယ်နှစ်တောင်မှ သွားလာခဲ့ရတာ ၊ မင်းကကျတော့ အသွားအပြန်လုပ်ဖို့ အချိန်ယူစရာမလိုပဲ မျက်စိတစ်မှိတ်အတွင်း ရောက်နေပြီ”

ကျန်းကျန်းက ဂုဏ်ယူစွာ ခေါင်းမော့လိုက်သည်။

“အဲဒါ ကျွန်မ သူ့ထက် စွမ်းအားကြီးလို့လေ၊ ကျွန်မ အဘွားပြောတယ်၊ ကျွန်မကို နတ်ဘုရားက မွေးတာတဲ့”

ရှီကျွင်းကျဲက ခေါင်းညိတ်ခဲ့သည်။

“ကိုယ် အရင်က ဒါကို မယုံခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ မင်း တကယ်ပဲ ကမ္ဘာကြီးရဲ့ မြင်ကွင်းကို ပြောင်းလဲပေးလိုက်ပြီ၊ ဒါပေမဲ့...”

သူ လက်လှမ်း၍ ကျန်းကျန်းကို သူ၏ပေါင်ပေါ်သို့ ဆွဲတင်လိုက်သည်။

“မင်းသာ တကယ် နတ်အဖြစ်နဲ့ ဆက်နွယ်နေရင်၊ ကိုယ်တို့ သေပြီးတဲ့အချိန် ကိုယ် မင်းကို ရှာမတွေ့နိုင်တော့ဘူးလား”

“အဆင်ပြေပါတယ်၊ အချိန်တန်ရင် ကျွန်မ ရှင့်ကို လာရှာလိုက်မယ်”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ လည်ပင်းကို ဖက်၍ သူ၏နှုတ်ခမ်းကို နမ်းလိုက်သည်။

“ဘာပဲဖြစ်ဖြစ်၊ ဒီလိုချောတဲ့ ယောကျ်ားတစ်ယောက်က ဒုတိယတစ်ယောက် ရှာတွေ့ဖို့ ခက်တယ်၊ ကျွန်မ ရှင့်ကို အမြဲတမ်း ဖမ်းထားရမှာပဲ”

ရှီကျွင့်ကျဲက ပြုံး၍ ကျန်းကျန်း၏ ခါးကို ပွေ့ဖက်လိုက်သည်။ သူတို့နှစ်ယောက် အနမ်းကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်ရန် ကြံရွယ်စဉ် တံခါးခေါက်သံကို ကြားလိုက်ရသည်။

“ကျန်းကျန်း၊ ကျွင့်ကျဲ၊ နိုးပြီလား၊ ဖရဲသီးနဲ့ စပျစ်သီး ဗိုက်ဆာနေပြီ”

“နိုးပါပြီ”

ကျန်းကျန်းက ခေါင်းထုတ်၍ အော်လိုက်ပြီး ရှီကျွင့်ကျဲ၏နှုတ်ခမ်းကို နောက့ဆုံးအကြိမ် ခပ်ပြင်းပြင်း နမ်းလိုက်သည်။

ပြီးနောက် ကျေနပ်စွာ ထရပ်လိုက်ပြီး တံခါးဖွင့်လိုက်သည်။

ဝမ်စုဖန်းနှင့် မဒမ်လီတို့က ကလေးတွန်းလှည်းကို တံခါးဝသို့ တွန်းလာခဲ့ကြသည်။ ကျန်းကျန်း တံခါးဖွင့်သည်ကို မြင်သောအခါ သူတို့ မေးလိုက်သည်။

“ရှီကျွင့်ကျဲ ဘယ်လိုလဲ၊ ပိုကောင်းလာပြီလား”

ရှီကျွင့်ကျဲလည်း အခန်းထဲမှ အမြန်ထွက်လာပြီး ပြောဆိုခဲ့သည်။

“ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး၊ နည်းနည်းလောက် ပွန်းပဲ့တာပဲ ရှိတာပါ”

ကျန်းကျန်းက လက်ဆေး၍ လတ်ဆတ်သော ဘလူးဘယ်ရီ တစ်ပန်းကန်ကို ယူလာခဲ့သည်။

“ကျွန်မ မနေ့က အပြင်သွားတုန်း ဝယ်လာတာ၊ အိမ်ထဲမှာ ထည့်ထားရင်း မေ့သွားတယ်”

“အိုး၊ ဒီဘလူးဘယ်ရီတွေ တကယ် ကြီးတာပဲ”

မဒမ်လီက တစ်လုံးယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။

“ငါတို့ရဲ့ တောင်ပေါ်က ဘလူးဘယ်ရီနဲ့ ဆင်တယ်၊ အရသာရှိတယ်”

ဖရဲသီးသည်လည်း အဘွားစားနေသည်ကို မြင်သောအခါ စားချင်လာခဲ့သည်။ သူက လက်လှမ်းရင်း ဆွဲယူချင်နေခဲ့သည်။

မဒမ်လီလည်း လက်ကိုင်ပဝါကိုယူ၍ သူ၏အဝတ်အစားများပေါ် တင်ပေးကာ ဘလူးဘယ်ရီတစ်လုံးကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

ဘေးဘက်တွင်ရှိနေသည့် စပျစ်သီးကိုတော့ ခွံ့ကျွေးခဲ့လေသည်။

စပျစ်သီးသည်ကား ကောင်မလေးဖြစ်၍ သူမ၏စားချင်စိတ်က ဖရဲသီးထက် အမြဲနည်းပါးသည်။

သူက ခဏလောက် စားပြီး ဗိုက်ပြည့်သွားခဲ့လေသည်။ ကျန်းကျန်းက သူမကို ဝမ်စုဖန်း၏ ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။

ထို့နောက် ဖရဲသီးကို ချီရန် လက်လှမ်းလိုက်လေသည်။ ဖရဲသီးသည်ကား ဘလူးဘယ်ရီကို ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်၍ ချဉ်ချိုချဥ်ချိုအရသာက သူ့ကို နို့စို့ပင် သောက်ရန် မေ့သွားစေခဲ့သည်။

ကျန်းကျန်းက လက်နှစ်ခါ လှမ်းခဲ့သော်လည်း သူက ရှောင်သွားခဲ့သည်။ စပျစ်သီးက သူ၏အစ်ကိုက သေးငယ်သော အသီးတစ်လုံးကို စားနေသည်ကို မြင်လျှင် ပန်းကန်ဘက်သို့ လက်လှမ်းကာ အော်လိုက်သည်။

ကျန်းကျန်းက သူမ၏သမီးလေးကို ရင်ခွင်ထဲ ပွေ့ဖက်၍ ရင်ဘတ်ရှေ့တွင် ပုဝါစစည်းပေးပြီးနောက် တစ်လုံးပေးခဲ့သည်။

ဝမ်စုဖန်းက ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့ ကလေးနှစ်ယောက်ကို အဖော်ပြုပေးနေသည်ကို ကြည့်ကာ ကျန်းကျန်းအား ပြောဆိုခဲ့သည်။

“ဒီတစ်ခါတော့ ကျွင့်ကျဲက အိမ်မှာ နားနေတာဆိုတော့ မင်း သူ့နဲ့ အိမ်မှာ ပိုအချိန်ဖြုန်းသင့်တယ်၊ တစ်နေကုန် ကုမ္ပဏီကို သွားပြီး မနက်ကနေ ညအထိ အလုပ်မလုပ်နဲ့၊ ပိုက်ဆံရှာဖို့အတွက် ဘာလို့ အရေးတကြီးလုပ်နေမှာလဲ”

“ပိုက်ဆံရှာဖို့ တစ်ခုတည်း မဟုတ်ပါဘူး၊ စီးပွားရေးလုပ်ရတာက အောင်မြင်မှု ခံစားရလို့ပါ”

ကျန်းကျန်းက သူမ၏ရင်ခွင်ထဲမှ စပျစ်သီးကို လတ်ဆတ်သော ဘလူးဘယ်ရီ တစ်လုံးပေးခဲ့သည်။

“ဒီရက်ပိုင်းတော့ တတ်နိုင်သမျှ အိမ်မှာပဲ နေဖို့ ကြိုးစားပါ့မယ်၊ ဒါပေမဲ့ သန်ဘက်ခါတော့ ကျွန်မကိုယ်တိုင် လေလံပွဲသွားရမှာ၊ အဲဒီမြေကွက်ကို လွဲသွားရင် ခြေကုပ်ယူဖို့ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်”

ရှီကျွင့်ကျဲသည်လည်း ဤမြေကွက်က ကျန်းကျန်း၏ အိမ်ခြံမြေကုမ္ပဏီ၏ နောင်အနာဂတ် တိုးတက်မှုအတွက် အရေးပါသည်ကို သိရှိသောကြောင့် သူ့အတွက် ကြားဝင်ပြောဆိုပေးခဲ့သည်။

“ ဘာမှ ကြီးကြီးမားမား မရှိပါဘူး၊ ပျွန်ဆော် ကျန်းကျန်းနဲ့ ဆွေးနွေးပြီးပါပြီ၊ သူမ ဒီမြေကွက်ကို ရပြီးရင် ကျွန်တော်တို့ အပြင်ထွက်လည်ဖို့ စဉ်းစားထားတယ်၊ အိမ်ထောင်ကျပြီးကတည်းက သိပ်မပျော်ရသေးဘူးလေ”

ဝမ်စုဖန်းလည်း ပြုံး၍ ပြောဆိုခဲ့သည်။

“အဲဒီလောက် တွက်နေစရာမလိုဘူး၊ မင်းတို့နှစ်ယောက် ကောင်းကောင်း အနားယူလိုက်ကြ၊ ကလေးက အိမ်မှာထိန်းမဲ့လူတွေ ရှိတယ်၊ စိတ်မပူနဲ့၊ ကျန်းကျန်းက မနက်ပိုင်း နို့ထုတ်ထားရုံပဲ”

ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ နေရာများသို့ သွားရောက်ကစားနိုင်မည့် ဘဝတစ်ခုကို မျှော်လင့်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း မြေယာလေလံပွဲနေ့ ရောက်ရှိလာခဲ့သည်။

ကျန်းကျန်းက လီမင်ပေကို ခေါ်၍ စောစီးစွာ လေလံပွဲသို့ ရောက်ရှိလာကာ ရှေ့ဆုံးမှ ထိုင်ခုံတစ်ခုကို ရွေးချယ်ခဲ့သည်။

လေလံပွဲခန်းမတစ်ခုလုံးတွင် လူများဖြင့် ပြည့်နှက်နေခဲ့လေသည်။

ဤသည်က တော်ဝင်မြို့တော် ၌ ပထမဆုံး အစိုးရပိုင်မြေ အသုံးပြုခွင့် လေလံပွဲဖြစ်ခဲ့သည်။

နေရာက ဧရိယာ ၉,၃၀၀ စတုရန်းမီတာ ကျယ်ဝန်း၍ လူနေအိမ်မြေ အမျိုးအစားတွင် ပါဝင်ခဲ့သည်။

နောက်ဆုံးတွင် လေလံပွဲအချိန်သို့ ရောက်ရှိလာခဲ့သည်။ မြေ၏ အခြေအနေအသေးစိတ်ကို မိတ်ဆက်ပြီးနောက် အစီအစဉ်မှူးက အခြေခံစျေးကို ကြေညာလိုက်သည်။

“စတင်စျေးက ယွမ် ၁.၈ သန်း ဖြစ်ပြီး တစ်ကြိမ် ဘုတ်ပြားမြှောက်တိုင်း ယွမ် ၅၀,၀၀၀ တိုးပါမယ်”

အသံကျသည်နှင့်တစ်ပြိုင်နက် ပွဲအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ စျေးက အမှန်တကယ်ပင် နည်းပါးမည်မဟုတ်သည်ကို လူတိုင်းသိရှိကြသော်လည်း တချို့လူများကမူ အပေါက်ရှာရန် စိတ်ကူးနှင့် ဤနေရာသို့ လာခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း ဤသို့သော လေလံဆွဲသူများအတွက် တွန့်ဆုတ်နေရန် အခွင့်အရေးမရှိခဲ့။

မကြာမီ၌ပင် တစ်စုံတစ်ယောက်က လေလံစတင်ဆွဲခဲ့သည်။

မင်ပေက ပထမဆုံး ဘုတ်ပြားမြှောက်လိုက်ကာ မြေဝယ်လိုသော အခြားကုမ္ပဏီများကလည်း စျေးများ ဆက်တိုးနေကြသည်။

“ယွမ် နှစ်သန်း”

“ယွမ် နှစ်သန်း ရှစ်သိန်း”

“ယွမ် သုံးသန်း နှစ်သိန်း”

စျေးနှုန်းများသည် တဖြည်းဖြည်း မြင့်တက်လာ၍ ပွဲသည် ပို၍ ပူပြင်းလာခဲ့သည်။ စျေးနှုန်းသည် မကြာမီ ယွမ် ၄.၅ သန်းသို့ ရောက်ရှိလာခဲ့သည်။

လီမင်ပေ၏ နံပါတ်ပြား ကိုင်ထားသော လက်များသည် ချွေးများ စိုရွှဲနေခဲ့ပြီ။ ကျန်းကျန်းက သူတို့ကို ဘတ်ဂျက်ခွဲခြမ်းစိတ်ဖြာခိုင်းပြီးသားဖြစ်၍ စျေးနှုန်းသည်လည်း ဘတ်ဂျက် အမြင့်ဆုံးစျေးနှင့် အလှမ်းဝေးနေသေးသော်လည်း သူ၏ စိတ်လှုပ်ရှားမှုကို မခံနိုင်ခဲ့ချေ။

ယွမ် လေးသန်းကျော်ဆိုသည်မှာ လီမင်ပေ တစ်သက်လုံး ဤမျှ ပိုက်ဆံ ရရှိနိုင်မည်မဟုတ်ဟု ခံစားရသည်။

“ယွမ် ငါးသန်း”

*

All Chapters