← Chapters

အခန်း (၃၈၀)

Vol. 38 Ch. 380

အခန်း (၃၈၀)

Vol. 38 Ch. 380

“ဒီနားမှာ ပင်လယ်နေသတ္တဝါတွေ သိပ်မရှိဘူးထင်တယ်”

ရှီကျွင့်ကျဲက ပြုံးလျက် ပြောလာလေသည်။

ကျန်းကျန်းသည် သူ့အား တစ်ချက်ကြည့်ကာ ဘေးဘက် ပိုက်ကွန်တစ်ခုကို ကောက်ယူပစ်ချလိုက်သည်။

ကျန်းကျန်းက ပိုက်ကွန်ကို အောက်ဆုံးအထိချပြီးသည်နှင့် အချိန်ကို မစောင့်တော့ဘဲ ချက်ချင်း ဆွဲတင်လိုက်သည်။

ပိုက်ကွန် ရေထဲမှ ထွက်လာသောအခါတွင် လူကြီးတစ်ဦး၏ လက်မောင်းအရှည်ခန့်ရှိ ပုစွန်ထုပ်ကြီးတစ်ကောင် ပါလာလေသည်။

ရှီကျွင့်ကျဲတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ငါးမျှားတံကို ပစ်ချလိုက်မိသည်။

“ဒီကောင်တွေက အရမ်းရိုင်းတာပဲ”

ကျန်းကျန်းလည်း ပြုံးပြီး ပိုက်ကွန်ကို ရှီကျွင့်ကျဲ၏ ခြေထောက်နား၌ ချပေးလိုက်သည်။

“ဒါကို နေရာလွတ်ထဲမှာ ထားပြီး သိမ်းထားရအောင်၊ ရှင့်ရဲ့ဒဏ်ရာ သက်သာတဲ့အချိန်ကျရင် စားကြမယ်”

ရှီကျွင့်ကျဲက ပင်လယ်စာကို အပြိုင်အဆိုင် ဖမ်းနေသည်ကို ရပ်တန််လိုက်သည်။ သူက ပြင်ဆင်ထားသည့် ဝိုင်နီကို ဖန်ခွက်ထဲ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပြီး ဝိုင်ဖန်ခွက်တစ်လုံးကို ယူကာ ကျန်းကျန်းအား ပေးလိုက်သည်။

“ဒါက အကောင်းဆုံး တွေ့ဆုံချိန်ပဲလို့ ကိုယ် ထင်တယ်”

ကျန်းကျန်းလည်း ပြုံးလိုက်ကာ ရှီကျွင့်ကျဲနှင့် ဝိုင်ခွက်ကို ညင်သာစွာ ထိလိုက်သည်။

“နောင်ပိုင်းမှာ ဒီလိုအချိန်တွေ အများကြီး ရှိလာဦးမှာပါ”

ရှီကျွင့်ကျဲက ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး အမြဲတမ်း သူ့အား အကြီးအကျယ် သိချင်စိတ်ဖြစ်စေခဲ့သည့် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသည်။

“မင်း Chateau Lafite က ၈၂ ခုနှစ်ထုတ် ဝိုင်နီ သုံးပုံနှစ်ပုံကို ဝယ်ခဲ့တာ မှတ်မိတယ်၊ ဘာအတွက်သုံးမလို့လဲ”

ကျန်းကျန်း ပြုံး၍ ပြန်ပြောလိုက်သည်။

“ရှင် သောက်ဖို့အတွက် ကျွန်မသိမ်းထားတာလေ”

*

တစ်နှစ်ကြာပြီးသည့်နောက်တွင် လီမင်ကျန်း အိမ်ခြံမြေကုမ္ပဏီမှ ဆောက်လုပ်ထားသည့် မြို့တွင်းဥယျာဉ်အိမ်ရာသည်လည်း နောက်ဆုံး၌ ဆောက်လုပ်ပြီးစီးသွားသည်။

တစ်ချိန်တည်း၌ပင် အိမ်ရာနှင့်ပတ်သက်သည့် အဆောင်အယောင် ပြင်ဆင်မှုများဖြစ်သော အနိမ့်အမြင့်၊ အကွေး၊ အတည့် မျိုးစုံရှိသည့် လျှောစောက်များ၊ ကြိုးခုန်ကစားစရာများနှင့် မယ်ရီဂိုးမြင်းစီးစရာများနှင့် တခြားသော ကလေး ကစားစရာများကိုလည်း ဆောက်လုပ်ပြီးစီးခဲ့သည်။

တစ်မီတာအရှည်ရှိသည့် တောင်အတု တက်သည့်နေရာနှင့် သဲနုများပါသည့် သဲတွင်းများသည်ကား နောက်ပိုင်း၌ အိမ်ရာများအတွက် မရှိမဖြစ်လိုအပ်သည့် အဆောက်အအုံအဆောင်အယောင်များ ဖြစ်လာသော်လည်း ယခုချိန်တွင်မူ တော်ဝင်မြို့တော်တစ်ခုလုံး၊ တစ်နိုင်ငံလုံးတွင် တစ်ခုတည်းသော နေရာများ ဖြစ်လာသည်။

ထို့ပြင် အိမ်ရာအတွင်းရှိ မိုးလုံလေလုံရေကူးကန်များနှင့် အများသုံးကျန်းမာရေးလေ့ကျင့်ခန်းသုံးပစ္စည်းများသည်လည်း မြို့တွင်းဥယျာဉ်အိမ်ရာ၏ ရောင်းအားမြှင့်တင်ရေးအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့သည်။

အိမ်ရာ၏ အစိမ်းရောင်နယ်မြေများအတွက်မူ ရွှေ့ပြောင်းစိုက်ထားသည့် ကြီးထွားပြီး သစ်ပင်များအပြင် ပန်းခင်းများတွင်လည်း အရောင်အသွေးစုံလင်သည့် ပန်းများ ပြည့်နေပြီး သိပ်သည်းနူးညံ့သည့် မြက်ခင်းပေါ်မှ ကျောက်စရစ်လမ်းလေးများကလည်း အိမ်ရာကို အရောင်အသွေး ပိုမိုစုံလင်စေသည်။

ကျန်းကျန်း၏ မြို့တွင်းဥယျာဉ်အိမ်ရာအတွက် သတ်မှတ်ချက်သည်က ဇိမ်ခံအိမ်ရာ ဖြစ်သည့်အတွက် အိမ်ရာအတွင်း လီမင်ကျန်းအိမ်ခြံမြေကုမ္ပဏီ၏ ကိုယ်ပိုင်အိမ်ရာစီမံခန့်ခွဲမှုကုမ္ပဏီလည်း ပါဝင်ခဲ့သည်။

ဟောင်ကောင်ကျွန်းနှင့် ရှန်ကျန်း၌ စနစ်တကျ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပြီးနောက်တွင် ဤအိမ်ရာစီမံခန့်ခွဲမှုဝန်ထမ်းများသည်လည်း အရည်အချင်းများ ပြည့်မီနေပြီဖြစ်သည်။

အိမ်ရာတွင် တစ်ခုချင်းစီကို မိတ်ဆက်ပေးရမည့် ထူးခြားချက်များ များစွာရှိသည်။

ကျန်းကျန်းသည်လည်း အိမ်ရာကို ရောင်းချခွင့် မဖွင့်လှစ်ခင် တစ်လတာ ကြည့်ရှုခွင့်အချိန်ကို ကြိုဖွင့်ပေးထားခဲ့လေ၏။

အဓိကအားဖြင့် အိမ်ရာ၏ အထောက်အကူပစ္စည်းများ၊ အိမ်ရာစီမံခန့်ခွဲမှုကုမ္ပဏီ၏ စီမံခန့်ခွဲမှုနှင့် အခကြေးငွေများကို မိတ်ဆက်ပေးရန် ဖြစ်ပြီး အရေးအကြီးဆုံးကမူ ဝယ်ယူရန်အတွက် စိတ်ဝင်စားသူများကို အိမ်ရာပုံစံငယ်ပြခန်းသို့ လာရောက်ကြည့်ရှုဖို့အတွက် ဖိတ်ခေါ်ရန်ပင် ဖြစ်သည်။

ကျန်းကျန်းက ဤအိမ်ရာ၌ ၁၈၀ စတုရန်းမီတာရှိသည့် အိမ်နှစ်လုံးကို ကြိုတင်ပြင်ဆင်ထားပြီး အလှဆင်ခြင်းလည်း ပြီးစီးထားခဲ့ပေပြီ။

လီမင်ပေက ၁၄၀ စတုရန်းမီတာရှိသည့် အိမ်တစ်လုံးကို ဝယ်ယူခဲ့ပြီး အခြားဒီဇိုင်နာများကမူ ၉၀ စတုရန်းမီတာရှိသည့် အိမ်တစ်လုံးစီကို ဝယ်ယူခဲ့ကြသည်။

လီမင်ပေနှင့် ဒီဇိုင်နာများ၏ အိမ်များအတွက် ကျန်းကျန်းက မူရင်းစျေးနှုန်းနှင့် ပေးခဲ့ပြီး အိမ်အမျိုးအစားအလိုက် ဒီဇိုင်းဆွဲ အလှဆင်ပေးခဲ့သည်။

အလှဆင်စရိတ်အားလုံးကို ကုမ္ပဏီမှ ကျခံခဲ့ပြီး ၎င်းအိမ်များကို တစ်လတာ ပြခန်းပုံစံအိမ်အဖြစ် အသုံးပြုရမည်ဆိုသည့် အခြေအနေကိုတော့ ထည့်သွင်းပေးထားခဲ့သည်။

ကုမ္ပဏီ၏ အလှဆင်ရာ၌ အသုံးပြုသည့် ပစ္စည်းများသည်ကား စျေးကွက်ထဲတွင် အကောင်းဆုံးများဖြစ်ပြီး ပရိဘောဂများကမူ တန်တာ ပရိဘောဂစက်ရုံမှ ထုတ်လုပ်သည့် ဇိမ်ခံပရိဘောဂများ ဖြစ်သည်ကို သိထားရမည်။

ဤပစ္စည်းနှစ်ခုတည်းနှင့်ပင် ၎င်းတို့၏ အိမ်စျေး၏ တစ်ဝက်နီးပါးရှိနေခဲ့သည်။ အလှဆင်ခြင်း ပြီးစီးသည့်အခါတွင် ဒီဇိုင်နာတချို့က ကျန်းကျန်းမှ ဤမျှလောက်ထိ ငွေကုန်ကျခံသည်ကို မြင်သောအခါ ရှက်ရွံ့ပြီး အလှဆင်ခနှင့် ပရိဘောဂခများကို ပြန်ဆပ်ချင်ခဲ့သော်လည်း ကျန်းကျန်းက လက်ဝှေ့ရမ်း၍ ၎င်းတို့အားလုံးကို တားဆီးလိုက်သည်။

“ဒီနှစ်မှာ ရှင်တို့တွေ ပင်ပန်းခဲ့ရတဲ့အတွက် အပိုဆုလို့ သဘောထားလိုက်ပါ”

သူမက ထိုသို့ပြောလိုက်သောကြောင့် လူအနည်းငယ်လည်း များစွာ ရယ်မောခဲ့ကြသည်။

နောက်ဆုံး၌ အိမ်ရာဖွင့်လှစ်သည့်နေ့တွင် အချိန်ကြာမြင့်စွာကတည်းက မျှော်လင့်ခဲ့ကြသည့် တော်ဝင်မြို့တော်မှ လူများက သူငယ်ချင်းများနှင့်အတူ အိမ်ရာသို့ လာရောက်ခဲ့ကြသည်။

အိမ်ရာဂိတ်ပေါက်အတွင်းသို့ ဝင်လိုက်သည်နှင့် ယူနီဖောင်းဝတ်ထားသော လုံခြုံရေးဝန်ထမ်းများကို မြင်သောကြောင့် အံ့အားသင့်သွားခဲ့ကြသည်။

လူအများစုက ၎င်းတို့ကို နှုတ်ဆက်ပြီး ခဏလောက်ကြာမှ ဝင်လာခဲ့ကြသည်။

သို့သော်သည်း အိမ်ရာအတွင်းသို့ ဝင်လိုက်သည်နှင့် ငါးလှမ်းလောက်လျှောက်သည်နှင့် မြင်ကွင်းတစ်မျိုး၊ ဆယ်လှမ်းလျှောက်သည်နှင့် မြင်ကွင်းနောက်တစ်မျိုးကို တွေ့လိုက်ရသည် ။

သေသေချာချာ ဒီဇိုင်းထုတ်ထားသည့် အိမ်ရာသည်က လူများကို သက်တောင့်သက်သာဖြစ်စေသည်။

အတူပါလာသည့် ကလေးများထဲမှ တချို့သည်လည်း အဝေးမှ အရောင်အသွေးစုံသည့် လျှောစောက်များကို မြင်သောအခါ ချက်ချင်းပင် ၎င်းတို့၏ စကားနားထောင်တတ်သည့် အမူအရာကို မေ့သွားပြီး လူကြီးများကို ဆွဲခေါ်၍ ကစားရန် သွားခဲ့ကြသည်။

အိမ်ကိုလာကြည့်သည့် လူတချို့ကမူ ချမ်းသာသည့်မိသားစုများမှ ဖြစ်ပြီး တချို့ကမူ လက်ထပ်ရန် စီစဉ်နေ၍ အိမ်ခွဲထွက်ချင်သည့် လူငယ်များ ဖြစ်ကြသည်။

သို့သော် ဝန်ထမ်းများက အသေးဆုံးအိမ်ကပင် ၉၈ စတုရန်းမီတာ ရှိသည်ဟု ပြောလိုက်သောအခါ လူအများစုက ချက်ချင်းပင် ဝယ်ရန်စိတ်ကူးကို လက်လျှော့လိုက်ကြသည်။

သို့သော်လည်း ကျန်းကျန်းသည်လည်း ၎င်းကို ကြိုတင်ခန့်မှန်းထားပြီးသားပင် ဖြစ်ပေသည်။

ဆိုရပါလျှင် မြို့တွင်းဥယျာဉ်အိမ်ရာတွင် အိမ်ခြံမြေများရှိသည့်အတွက် ဝယ်ယူသူအုပ်စုကို အလွန်နိမ့်အောင်ထားလိုက်ပါက နောက်ပိုင်းတွင် အိမ်ရာခများ မပေးနိုင်ခြင်းမျိုး ဖြစ်နိုင်ခြေများသည်။

အစကတည်းက ဧရိယာနှင့် စျေးနှုန်းကို အသုံးပြု၍ ဝယ်သူများကို စစ်ထုတ်ခြင်းက ပို၍ကောင်းမွန်ပေသည်။

တချို့လူများသည် ဧရိယာအကြောင်းကြားသောအခါ တွေဝေသွားကြသော်လည်း တချို့လူများကမူ ဧရိယာအကြောင်းကြားသောအခါ မျက်လုံးများက တောက်ပလာခဲ့ကြသည်။

သို့သော် ဝယ်ချင်သည်ဖြစ်စေ၊ မဝယ်ချင်သည်ဖြစ်စေ ၎င်းနေရာမှ ပြန်မသွားနိုင်ကြသေးပါချေ။ သူတို့က ဤအိမ်ရာတွင် မည်သို့သော အိမ်မျိုး ဆောက်ထားသည်ကို လိုက်ပါကြည့်လိုက်ကြသည်။

ဤအချိန်တွင် အိမ်များကို အလှဆင်သည့် သဘောတရားများက မရှိသေးပါချေ။ နံရံများကို ဆေးသုတ်ပြီး ပရိဘောဂအသစ်များ ထားပြီးနောက် သန့်ရှင်းရေးလုပ်လိုက်လျှင်ပင် မှန်ကန်သည့် အလှဆင်ပုံစံက မည်သူ့အတွက်မဆို ရင်းနှီးနေမည်။

ကျန်းကျန်းက ဆောက်လုပ်ထားသည့် ပြခန်းပုံစံအိမ်ကမူ နောက်ပိုင်းခေတ်၏ အလှဆင်မှုသဘောတရားကို အသုံးပြုထားပြီး နေရာအသုံးချမှုအပေါ်တွင် စတိုင်လ်၏ အစီအစဉ်နှင့် အဆင့်အတန်းကို အလေးထားကာ အိမ်၏ယဉ်ကျေးမှုကိုလည်း မီးမောင်းထိုးပြထားသည်။

ဝင်ပေါက်အတွင်း ဝင်လိုက်သည်နှင့် ဝင်ပေါက်အပေါ်တွင် နွေးထွေးသည့်မီးရောင်တစ်ခု ရှိနေသည်။

မြောက်ဘက်တွင် ဗီဒိုတံခါးတစ်တန်းရှိပြီး ဝန်ထမ်းများက အောက်ဘက်တွင် ဖိနပ်ဗီဒိုနှင့် အပေါ်က အဝတ်ဗီဒိုကို ဖွင့်ပြသည်။

၎င်းတို့သည်က မိသားစုမှ အပြင်သို့သွားသည့်အခါ ဝတ်သည့် အဝတ်များနှင့် ဖိနပ်များကို သိမ်းဆည်းရန် ဖြစ်သည်။

တောင်ဘက်တွင်မူ ထမင်းစားခန်းနှင့် ဧည့်ခန်းရှိပြီး သစ်သားစားပွဲနှင့် ကုလားထိုင်များတွင်လည်း ပန်းကန်ခွက်ယောက်များကို အလှအဖြစ် ထားရှိထားသည်။

အပေါ်ဘက်မှ မီးဆိုင်းများကမူ လှပသည်ဟု ပြောရုံမှအပ အခြားစကားလုံးများ မရှိပါချေ။

ထမင်းစားခန်းနှင့် ဧည့်ခန်းကြားတွင် သိသိသာသာ ခွဲခြားထားသည့် ကန့်လန့်ကာမရှိဘဲ တစ်လုံးတစ်စည်းတည်းဖြစ်နေပြီး အလင်းရောင် ကောင်းကောင်း ရရှိစေသည်။

ဧည့်ခန်းအပြင်ဘက်မှ နေရောင်ခြည်သည်က အခန်းကို အလင်းရောင်နှင့် နွေးထွေးစေပြီး နေရောင်ခြည်က ဧည့်ခန်းနှင့် တစ်သားတည်းဖြစ်နေခဲ့သည်။

လသာဆောင်မှာ တစ်ဖက်ခြမ်းက မာစတာအိပ်ခန်းနှင့် ဆက်စပ်နေပြီး အလယ်တွင် ကြမ်းပြင်အပြည့်မှန်တံခါးတစ်ခုရှိသည်။

လူများသည်က တောက်ပပြီး လင်းထိန်နေသည့် အိမ်ကိုကြည့်၍ အလင်းရောင်အတွက် မီးသီးများကိုသာ အခြေခံအားဖြင့် အသုံးပြုသည်ကို တွေးတောနေခဲ့ကြသည်။

သူတို့အထဲမှ လူများအားလုံးက ရုတ်တရက် ဤနေရာမှ ပြန်မသွားချင်ကြတော့ပါချေ။

*

All Chapters