ဖျက်ဆီးခြင်းဓား
Vol. 159 Ch. 2255
'ငါ ထိပ်သီးပုဂ္ဂိုလ်တွေ နောက်ထပ် နည်းနည်း ထပ်သတ်ဖို့လိုတယ်။ သူတို့ကို တစ်ခါတည်း သတ်ပစ်ရမယ်။' ဟု ရီဖူရှင်းက တွေးလိုက်သည်။ သူ၏ မျက်လုံးများက ကျယ်ပြောသော လေဟာနယ်ကို ဝေ့ကြည့်လိုက်ပြီးနောက် တစ်နေရာသို့ ရောက်သွားခဲ့သည်။ ထိုနေရာ၌ တိုက်ပွဲ ဖြစ်နေခဲ့ပေသည်။ အစွမ်းထက် ပုဂ္ဂိုလ်နှစ်ယောက်က လက်ရှိတွင် ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွှဲနေခဲ့သည်။
သူတို့ထဲမှ တစ်ယောက်က ထိုက်ချူတော်ဝင်မြေမှ ထိုက်ချူဓားသခင် ဖြစ်သည်။ ထိုက်ချူဓားသခင်က ထူးချွန်ပြောင်မြောက်သော တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သူက အသတ်ခံရလျှင် ကြီးစွာသော အကျိုးသက်ရောက်မှုကို ဖြစ်စေပေလိမ့်မည်။ သူက ထိုက်ချူဓားသခင်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ပြီး နတ်ဘုရားကပ်ဘေးအား ဖြတ်ကျော်နိုင်ခဲ့သူ အနည်းငယ်ကိုပါ သတ်ဖြတ်နိုင်လျှင် လက်ရှိ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။
သို့သော် ထိုသို့သော ပုဂ္ဂိုလ်များကို သတ်ဖြတ်ရန်မှာ ထင်သလောက် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ထိုသို့တွေးလိုက်မိသည်နှင့် မဟာအင်ပါယာရှန်ကျား ခန္ဓာကိုယ်အတွင်း ရှိနေသော ရီဖူရှင်း၏ စိတ်ဝိညာဥ်က ကျယ်ပြောလှသော လေဟာနယ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
ဘုန်း...
ကြောက်မက်ဖွယ် ဓားစွမ်းအားက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ မရေတွက်နိုင်သော ဓားသဏ္ဌာန် သင်္ကေတအက္ခရာများက သူ့ဝန်းကျင်တွင် ပေါ်ပေါက်လာ၏။ ဤတစ်ကြိမ်၌ ရီဖူရှင်း၏ စိတ်ဝိညာဥ်က ပြိုင်ဘက်ကင်းအခြေအနေသို့ ချဥ်းနင်းဝင်ရောက်သွားပုံရသည်။ ၎င်းသည် သူက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်သွားသလို ခံစားမိစေသည်။ သူ၏ စိတ်ဝိညာဥ်မှ မရေတွက်နိုင်သော အလင်းတန်းများ ထုတ်လွှတ်နေကာ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကို အားဖြည့်ပေးနေသည်။ သူ၏ ကြောက်မက်ဖွယ် မျက်လုံးများက ကောင်းကင်သို့ ကြည့်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးအား ထိုးဖောက်တော့မလိုပင် ဖြစ်သည်။
"ဒါက..."
လူအများက ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးဝန်းကျင်ကို ကြည့်လိုက်ကြသည်။ ရုတ်တရက် မဟာအင်ပါယာရှန်ကျား၏ စွမ်းအားက ပေါက်ကွဲထွက်လာပြန်ကာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။ ဓားစွမ်းအားက ပြင်းထန်သော ဓားချီမုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာမြေတစ်ခွင်ကို ဖြတ်သန်းလွှမ်းခြုံလာသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်အထက်တွင် တစ်စုံတစ်ယောက်သည် နောက်ထပ် လူတစ်ယောက်၏ မျက်နှာ ပေါ်လာသည်ကို ခပ်ဝါးဝါး မြင်လိုက်ကြသည်။ ၎င်းသည် ရီဖူရှင်းမှလွဲ၍ အခြားသူ မဟုတ်ပါချေ။
ထိပ်သီးပုဂ္ဂိုလ်များက သူ့ကို ကြည့်ရင်း စိတ်ထဲမှ တုန်ယင်လာကြသည်။ ၎င်းက မည်သည်ကို ဆိုလိုနေသနည်း။ ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းအား အပြည့်အဝ ထိန်းချုပ်နိုင်ရန် ဆန္ဒရှိနေခြင်း ဖြစ်နိုင်သလား။
"မင်းတို့အားလုံး နောက်ဆုတ်။" ထိုအခိုက်အတန့်တွင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းမှ စကားလုံး အနည်းငယ် ထွက်ပေါ်လာသည်။ ၎င်းက ရီဖူရှင်းထံမှ ဖြစ်လေသည်။ ချက်ချင်းပင် ရီဖူရှင်းဘက်မှ တိုက်ပွဲ ဝင်နေသူများက ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။ သူတို့က သူဆိုလိုသည့် အဓိပ္ပါယ်အား နားလည်ပေသည်။
ဟူး...
ကြောက်မက်ဖွယ် ဓားစွမ်းအားက ကောင်းကင်ကို ဖြတ်သန်းလွှမ်းခြုံလာပြီး ပြင်းထန်သော ဆူညံသံများကို ထုတ်လွှတ်လာသည်။ မရေတွက်နိုင်သော အနန္တဓားချီတို့က ကြီးမားလှသည့် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ ဓားစွမ်းအားက ထိုနေရာတစ်ခွင်လုံးကို စတင်လွှမ်းခြုံလာပြီး ဓားသဘာဝဖြစ်စဥ်ကို ဖြစ်ပေါ်လာစေသည်။
ရီဖူရှင်း သူက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို သူ့ကိုယ်ပိုင်စွမ်းအားများ ထုတ်လွှတ်ရန် အသုံးပြုနေသည်။
ထိပ်သီးပုဂ္ဂိုလ်များ၏ နှလုံးသားတို့က တုန်ယင်လာခဲ့သည်။ ထိုသို့ဖြစ်လျှင် သူက မည်မျှ အစွမ်းထက်လိမ့်မည်နည်း။
မည်သူမှ သိလိမ့်မည် မဟုတ်ပေ။
"သွား..."
ရီဖူရှင်းက အော်ဟစ်လိုက်သည်။ ချက်ချင်းပင် ဓားချီက အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံသွားသည်။ ကောင်းကင်ထက်၌ ဓားသဏ္ဌာန် အက္ခရာများ ဖြစ်ပေါ်လာသည်ကို မြင်ရပေသည်။ တခဏကြာပြီးနောက် ကောင်းကင်အာဏာစက်မြို့မှ လူတိုင်းသည် သတ်ဖြတ်ခြင်းစွမ်းအားတို့ဖြင့် ပြည့်နေသည့် ဓားအက္ခရာများက ကောင်းကင်တစ်ခွင်တွင် ပြည့်နှက်သွားသည်။
"ဂရုစိုက်။"
တစ်စုံတစ်ယောက်က သူ့ကို သတိပေးလိုက်သည်။ ထိပ်သီးပုဂ္ဂိုလ်များက ခြိမ်းခြောက်မှုကို ခံစားလိုက်ကြရသည်။ ၎င်းသည် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က ရီဖူရှင်းဖြင့် အစားထိုးခံလိုက်ရပြီး သူ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသလို ထင်မှတ်ရပေသည်။ ထိုသို့ အမှန်ဖြစ်လျှင် သူက ကိုယ်ပိုင်နည်းစနစ်များကိုလည်း ထုတ်လွှတ်နိုင်စွမ်း ရှိပေလိမ့်မည်။
ဘုန်း...
ကောင်းကင်နှင့် မြေကြီးက တုန်ခါနေပြီး အနက်ရောင်အက်ကြောင်းက ထိုနေရာတစ်ခွင်ကို ဝါးမြိုထားသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ရှေ့တွင် လောကကိုပင် ဖျက်ဆီးနိုင်သော ဓားတစ်လက် ထွက်ပေါ်လာသည်။ ထိုဓား၏ အရှေ့တွင် ကြီးမားသော အက်ကြောင်းတစ်ခု ထွက်ပေါ်လာကာ ပို၍ နက်ရှိုင်းလာသည်။
"ကျုပ် ထွက်သွားရမယ်။" ပြင်းထန်သည့် စွမ်းအားတို့ကို ခံစားမိသည့်အခါ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ချက်ချင်းပင် လူများက ပြန်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။
ထိုက်ချူဓားသခင်က လေဟာနယ်ကို လေဟာနယ်ကို စုတ်ဖြဲကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူ့အမူအရာကလည်း ပြောင်းလဲသွားခဲ့၏။ အထင်အရှားပင် သူသည် ရီဖူရှင်းက ထိုမျှထိ ရူးသွပ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိုမျှအဆင့် တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်ရန် သူ၏ ကိုယ်ပိုင်စိတ်ဝိညာဥ်က မည်မျှ ဆိုးဆိုးဝါးဝါး ထိခိုက်ခံရပါမည်နည်း။
မည်သူမှ မသိပေ။ ရီဖူရှင်းကိုယ်တိုင်သာလျှင် သိထားခြင်း ဖြစ်ပေလိမ့်မည်။
သူက အလောင်းအစား ပြုလုပ်ခြင်း ဖြစ်နိုင်သည်။
သူသည် ထိုမျှ ပြင်းထန်သော ဖျက်ဆီးခြင်းစွမ်းအားကို ထုတ်လွှတ်ပြီး သူ၏ ရန်သူတစ်ယောက်တည်း မဟုတ်ဘဲ ရန်သူများကို အဆုံးသတ်ပစ်ချင်နေသည်။
"နောက်ပြန်ဆုတ်။" အဝေး၌ တိုက်ပွဲကို စောင့်ကြည့်နေသော ထိပ်သီးပုဂ္ဂိုလ်များသည်ပင် နောက်သို့ ဆုတ်ခွာသွားကြပေသည်။ အဆုံးမဲ့လေဟာနယ်၌ ဓားချီဖြင့် ဖုံးလွှမ်းခံထားရပြီး ၎င်းတို့သည် မဟာအင်ပါယာရှန်ကျား၏ ရှေ့ရှိ ဓားမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ဓားက ပြိုင်ဘက်ကင်းပုံရပြီး မည်သူကမှ ထိုဓားနှင့် ရင်ဆိုင်ရန် သတ္တိမရှိကြပေ။ ထိုဓားမှ ဓားချက်ကို ထိမိသည့် မည်သူမဆို သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
ရီဖူရှင်းဘက်မှ လူများက သူ့အနီးမှ ဆုတ်ခွာသွားကြသည်။ ထိုနည်းလမ်းနှင့် သူတို့က ဓား၏ ပြင်းထန်သော စွမ်းအားမှ သက်ရောက်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ အဝေးတွင် ရှိနေသော မှော်နက်လောကနှင့် နတ္ထိဘုံမှ ထိပ်သီးပုဂ္ဂိုလ်များသည်လည်း ထိုနေရာမှ ဆုတ်ခွာသွားကြပေသည်။ သူတို့လည်း ကြောက်ရွံ့နေသည်မှာ သေချာပေသည်။
ယခင်က တိုက်ပွဲဝင်ခဲ့သော အင်အားစုများအတွက် သူတို့အားလုံးသည်လည်း မတူညီသော နေရာများသို့ ထွက်ပြေးလိုက်ကြသည်။ ထိုမြင်ကွင်းသည် ကောင်းကင်အာဏာစက်မြို့အတွင်းရှိ ကြည့်ရှုနေသူများကို ကြောက်ရွံ့မှုနှင့် တုန်ယင်လာစေသည်။ ထိပ်သီးကျင့်ကြံသူအျားက ဓားစွမ်းအားတိုက်ခိုက်မှုကြောင့် အမှန်တကယ် ထွက်ပြေးခဲ့ရသည်။
အရှင်ထိုက်ရွှမ်က ဓားကို စိုက်ကြည့်လိုက်ရင်း သူ၏ စိတ်ထဲမှ စိတ်ခံစားချက်လှိုင်းများ ထွက်ပေါ်လာပေသည်။ ဤသည်မှာ ရီဖူရှင်းအား သူ သင်ကြားပေးခဲ့သည့် တဒင်္ဂဓားနတ်ဓားစွမ်းရည်ပင် ဖြစ်လေသည်။
ယခု ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏ စွမ်းအားကို ထိန်းချုပ်ရင်း ထိုဓားနှင့် တိုက်ခိုက်ကာ သူ့ပြိုင်ဘက်များအား ရှင်းလင်းပစ်ရန် ရည်ရွယ်နေသည်။
မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က ရီဖူရှင်းနှင့် ပေါင်းစပ်နေခဲ့ပြီ ဖြစ်သည်။ ထိုရုပ်ခန္ဓာ၏ မျက်နှာက ရီဖူရှင်းနှင့် သဏ္ဌာန်တူသည်။ သူ၏ မျက်လုံးများက အလွန် ထက်ရှနေခဲ့သည်။ သူက ကောင်းကင်သို့ ကြည့်ကာ ညွှန်လိုက်သည်။ ရုတ်ချည်းပင် ဓားတစ်လက်က ထိုးထွက်သွားသည်။
ဓားက ထွက်သွားသည့်အခါ ကောင်းကင်နှင့် မြေကြီးက ပြိုကျကာ နတ်ဓားများက လေဟာနယ်ကို အဆက်မပြတ် ဖြတ်သန်းထိုးဖောက်လာပြီး အရာအားလုံးကို လွှမ်းခြုံသွားသည်။ အလယ်မှ ဓားက လမ်းတလျှောက် ထိုးထွက်သွားပြီး ထိပ်သီးပုဂ္ဂိုလ်များက 'ကောင်းကင်ပြိုကျခြင်း' ဟု ခေါ်နိုင်သည့် ဖြစ်စဥ်ကို မြင်တွေ့ခဲ့ရသည်။
၎င်းသည် ကောင်းကင်လမ်းစဥ်ပြိုကျပျက်စီးခြင်းနှင့် ဆင်တူပြီး အရာအားလုံးကို မည်သည်မှ မကျန်အောင် ပြောင်းလဲသွားစေသည်။ အရာအားလုံးသည် အက်ကြောင်းများအတွင်း မည်သည်မှ မကျန်အောင် ဖြစ်သွားခဲ့ပြီး ဖျက်ဆီးသုတ်သင်ခံလိုက်ရသည်။ ဓားက လေဟာနယ်ကို ဖြတ်သန်းသွားပြီး အက်ကြောင်းကို ထိုးဖောက်ကာ အနီးဝန်းကျင်ကို စတင်စုတ်ဖြဲ ဖျက်ဆီးပစ်လာသည်။ စုတ်ဖြဲဖျက်ဆီးသည့် အင်အားက ပိုမိုကြောက်မက်ဖွယ် ဖြစ်လာပြီး ကောင်းကင်ထက်တွင် အဆုံးမဲ့ တွင်းနက်ကြီးတစ်ခု ဖြစ်လာစေသည်။
"မလုပ်နဲ့..."
စူးရှကျယ်လောင်သည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။ လူအများသည် အရည်အချင်း ရှိသော ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က အက်ကြောင်းများအတွင်း ပျက်စီးပြိုကွဲသွားရသည်ကို ကြည့်နေခဲ့သည်။ သူက ခန္ဓာကိုယ် ပျက်စီးသွားရုံမျှမက စိတ်ဝိညာဥ်ပါ ပြိုကွဲသွားကာ သေဆုံးခဲ့ရသည်။ ၎င်းက ရင်နင့်စဖွယ်ပင် ဖြစ်၏။ သူက ထွက်ပြေးရန် အခွင့်အရေးပင် မရခဲ့ပေ။
ထိုကြောက်မက်ဖွယ် မုန်တိုင်းက ထိတ်လန့်စရာကောင်းသည့် အော်မြည်သံနှင့်အတူ အရှေ့သို့ ဆက်သွားနေခဲ့သည်။ ထွက်ပြေးသွားသည့် ကျင့်ကြံသူများက ထိုစွမ်းအားလမ်းကြောင်းအတွင်း ဆွဲယူကာ သတ်ဖြတ်ခံလိုက်ရသည်။ သူတို့က ထိုစွမ်းအားကို ဆန့်ကျင်ရန် အင်အားမဲ့နေခဲ့ပေသည်။
ခြောက်ခြားဖွယ် အော်သံများက အဆက်မပြတ် ထွက်ပေါ်လာသည်။ စူးရှကျယ်လောင်သည့် ဆူညံသံများက နေရာအနှံ့မှ ထွက်ပေါ်နေခဲ့၏။ ထိုဓားတိုက်ခိုက်မှုအတွင်း ထိပ်သီးကျင့်ကြံသူများက ဖုန်မှုန့်များအဖြစ် သုတ်သင်ခံလိုက်ရပေသည်။
အဝေးရှိ အနက်ရောင်အက်ကြောင်းအတွင်း ထိုက်ချူဓားသခင်က ဓားကို လှုပ်ရှားကာ မြေပြင်ကွဲအက်လောက်သည့် တိုက်ခိုက်မှုကို ဖော်ထုတ်လိုက်သည်။ ဓားစွမ်းအင်လှိုင်းက လေဟာနယ်ကို ခုတ်ပိုင်းလိုက်သည်။ သူက ထွက်ပြေးချင်နေခဲ့၏။ သို့သော် အရာအားလုံးက ပြိုကျပျက်စီးသွားကာ သူအပါအဝင် မည်သူမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
ထို့ပြင် ဓားက သူ့ကို ချိန်ရွယ်နေခဲ့သည်။
တိုက်ခိုက်မှုကျရောက်လာသောအခါ ထိုက်ချူဓားသခင်မှ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်မြစ်က တိုက်စားသွားခံရပေသည်။ သူက ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်မှုနှင့် စိတ်ဓာတ်ကျမှုတို့ကိုသာ ခံစားမိပေသည်။
သူက ထိုက်ချူတော်ဝင်မြေမှ ထိုက်ချူဓားသခင် ဖြစ်သည်။ သူက ထိုက်ချူနယ်မြေတစ်ခွင်လုံး၌ အသန်မာဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် သူက အောက်ဘုံသို့ ရောက်လာပြီးနောက် သေရလိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိခဲ့ပေ။
မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရသနည်း။
ထို့ပြင် သူ့ကို သတ်ဖြတ်ခဲ့သူမှာ အဆင့်ခြောက်ရန်ဟောင် အဆင့်မှ ကျင့်ကြံသူလေးမျှသာ ဖြစ်ပေသည်။
ဘုန်း..
သတ်ဖြတ်ခြင်းနတ်ဓားက ထိုးဆင်းလာသည်။ အခြားသူများကဲ့သို့ ထိုက်ချူဓားသခင်၏ ခန္ဓာကိုယ်က အမှုန့်အဖြစ် ပြောင်းလဲသွားပေသည်။ ယနေ့မှစပြီး ထိုက်ချူတော်ဝင်မြေ၌ ထိပ်သီးကျင့်ကြံသူတစ်ယောက် လျော့သွားခဲ့ပြီ ဖြစ်လေသည်။
အဝေးရှိ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်တွေ့ရပြီးနောက် ဆွံ့အသွားကြပေသည်။ ဤဓားစွမ်းရည်က လူသားတစ်ယောက် ထုတ်ဖော်နိုင်သော စွမ်းရည်ဖြစ်နိုင်ပါရဲ့လား။
***