အခန်း (၃၈၂)
Vol. 39 Ch. 382
ရှဲ့ဟွားက နှုတ်ခမ်းကို ပင့်မကာလှစ်ခနဲ ပြုံးလျက် ပြောလာလေ၏။
“ငါ မင်းနဲ့ သိတာကြာလှပြီ၊ အခုမှ မင်း ဒီလောက်ထိ ကိုယ့်ကိုကိုယ် သိနားလည်တဲ့သူမှန်း ငါသိတော့တယ်”
ချန်ချင်းသည်ကား မျက်နှာကို သုတ်ပြီး မီးဖိုခန်းဘက်သို့ လှည့်ထွက်သွားသည်။
ခဏအကြာတွင် ဆေးကြောထားပြီးသားပန်းသီးများကိုပန်းကန်ပြား၌ ထည့်ကာ ပြန်ထွက်လာခဲ့လေသည်။
ကျန်းကျန်းသည်ကား သူမ၏ လက်အောက်ခံ ဝန်ထမ်းများအပေါ်တွင် အမြဲတစေ ရက်ရောတတ်သည့်သူဖြစ်ပေသည်။
လစာနှင့် ခံစားခွင့်များက ပြောရန်မလိုအောင် ကောင်းမွန်သည့်အပြင် ရုံးခန်းများ၌ ထားရှိသည့် သစ်သီးများသည်လည်း မည်သည့်အခါမျှ ပြတ်လတ်မှာမရှိပေ။
နေ့စဉ်နေ့တိုင်း သစ်သီးများကို လာရောက်ပို့ဆောင်ပေးသည့်သူများက သီးသန့်ရှိသည်။ ဤသစ်သီးများသည်ကား ကျန်းကျန်း၏ တောင်ပေါ်မှ စိုက်ပျိုးထားသည့် သစ်သီးများဖြစ်ပြီး ကျန်းကျန်း၏နာမည်ဖြင့် လုပ်ငန်းခွင်များအား သီးသန့်ထောက်ပံ့ပေးသည်များ ဖြစ်လေသည်။
သူမက တံခါးကို ခေါက်လိုက်သည့်အခါတွင် ဥက္ကဋ္ဌလီထံမှ “ဝင်ခဲ့” ဟု ခွင့်ပြုသံ ကြားလိုက်ရသည်။
ချန်ချင်းက အချိုသာဆုံး အပြုံးနှင့် တံခါးကို လျှင်မြန်စွာဖွင့်လိုက်လေသည်။
ကျန်းကျန်းက ခေါင်းထောင်၍ ချန်ချင်းကို တစ်ချက်ကြည့်လိုက်လျှင် ချန်ချင်းက သွက်လက်စွာပြုံး၍ ပန်းသီးများကို စားပွဲပေါ်တွင် တင်လျက် ပြောလိုက်သည်။
“ဒါတွေက ဒီနေ့မှ အသစ်ရောက်လာတဲ့ ပန်းသီးတွေပါ”
ရှီကျွင့်ကျဲသည် သူမကို ခေါင်းညိတ်ပြပြီး ယဉ်ကျေးစွာ မေးမြန်းသည်။
“အသီးလှီးဓားလေးပါ ကူပြီးယူလာပေးလို့ ရမလား၊ ကျန်းကျန်းက အခွံပါတဲ့ ပန်းသီးကို မစားဘူး”
ချန်ချင်းသည်လည်း အသီးလှီးဓားကို ယူပြီး ရှီကျွင့်ကျဲကို ပေးလိုက်သည်။ သူမသည် တစ်ဖက်လူမှ လီမင်ကျန်းအတွက် ပန်းသီးအခွံနွှာပေးနေသည်ကို ကြည့်ပြီး အိပ်မက်ဆန်သည့် မျက်နှာအမူအရာနှင့် ပြန်ထွက်သွားပြီး မျက်လုံးများသည်လည်း တောက်ပနေခဲ့လေသည်။
“မစ္စတာရှီက သိပ်ကို နူးညံ့တာပဲ၊ ဥက္ကဌလီအပေါ်လည်း အရမ်းကိုကောင်းလွန်းတယ်”
သူမသည် စားပွဲကို ရိုက်ပြီး ရှဲ့ဟွားအနီး၌ တိုးတိုးလေး ပြောဆိုသည်။
“အစ်မသိလား. သူက ဥက္ကဌလီကို ကျန်းကျန်းလို့ ခေါ်တာ၊ အင်း... သူတို့ ချစ်သူတွေ နှစ်ယောက်တည်း ဖြစ်နေတဲ့အချိန်ကျရင် အရမ်းကိုချစ်ကြမှာပဲလို့ ကျွန်မထင်တယ်”
“သူတို့နှစ်ယောက်က အခုမှ ချစ်နေကြတာမဟုတ်ဘူး”
ရှဲ့ဟွားက လက်လှမ်းပြီး သူမ၏ခေါင်းကို နောက်ပြန်တွန်းလိုက်လျက် ပြောခဲ့သည်ဝ
“မင်းကတော့ အဖော်တစ်ယောက် အမြန်ရှာရတော့မယ် ထင်တယ်၊ ဘော့စ်တို့စုံတွဲကို တစ်နေကုန် ကြည့်ပြီး သွားရည်ကျနေတာ၊ ဒါက ဘယ်လိုပုံစံမျိုးလဲ”
“သူတို့အတူရှိနေတာကို ကြည့်နေရတာက ကိုယ့်ချစ်သူကို ကြည့်ရတာထက် ပိုစိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ အချစ်ဇာတ်ကားကို ကြည့်နေရသလိုပဲ”
ချန်ချင်းက ခပ်တိုးတိုးပြောဆိုလာသည်။
“ဒင်”
ဓာတ်လှေကား တံခါးပွင့်လာခဲ့သည်။
လီမင်ပေက ဓာတ်လှေကားအတွင်းမှ ထွက်လာပြီး ချန်ချင်း၏ စားပွဲကို ခေါက်လိုက်ကာ ကျန်းကျန်း၏ ရုံးခန်းတံခါးကို လက်ညှိုးထိုးပြလျက် မေးမြန်းလိုက်သည်။
“ဥက္ကဋ္ဌလီ အထဲမှာလား”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ မစ္စတာရှီလည်း ရှိတယ်၊ အခုလေးတင်ပဲ ဝင်သွားတာပါ”
ချန်ချင်းလည်း ချက်ချင်း ထရပ်ပြီး ပြန်ဖြေလိုက်သည်။
“ကျွင့်ကျဲလည်း ရှိနေတာလား”
လီမင်ပေ ပြုံးလိုက်ပြီး တံခါးကို ခေါက်လိုက်ကာ အဖြေကို မစောင့်ဆိုင်းဘဲ တိုက်ရိုက်ဝင်သွားခဲ့လေသည်။
ချန်ချင်းတစ်ယောက် လီမင်ပေ၏ လုပ်ရပ်များကို ကြည့်ပြီး သူ အခန်းထဲသို့ဝင်သွားပြီးနောက်၌ ရှဲ့ဟွားကို မေးမြန်းလိုက်သည်။
“အစ်မ ပြောကြည့်ပါဦး၊ ဒုမန်နေဂျာချုပ်က ဥက္ကဋ္ဌလီဆီက ခွင့်ပြုချက်ကိုတောင် မစောင့်ဘဲ ဘာလို့ တံခါးဖွင့်ပြီးဝင်သွားတာလဲ၊ ဥက္ကဌလီနဲ့ မစ္စတာရှီတို့က အထဲမှာ...”
သူမက မျက်ခုံးပင့်လိုက်ပြီး ဆိုုးရွားစွာ ပြုံးလျက် အနမ်းပုံစံ လုပ်ပြလိုက်သည်။
ရှဲ့ဟွားကတော့ ချန်ချင်း၏ အတင်းအဖျင်းပြောလိုသည့်အပြုအမူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ပြောလာလေသည်။
“ချန်ချင်း၊ မင်း ရူးနေပြီ ထင်တယ်၊ ငါ မင်းကို တစ်ယောက်ယောက် မိတ်ဆက်ပေးရမလား၊ မင်း ဘယ်လိုလူမျိုးကို ကြိုက်လဲ”
ချန်ချင်း၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်း မျက်နှာကို လက်နှစ်ဖက်နှင့် ဖုံးအုပ်လျက် ပြောလာ၏။
“မစ္စတာရှီလိုမျိုး ခန့်ညားချောချောပြီး ကြင်နာတတ်တဲ့သူ၊ ရိုမန်တစ်ဆန်တဲ့သူကို လိုချင်တယ်”
ရှဲ့ဟွား၏ မျက်နှာပေါ်မှ အပြုံးများက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ချန်ချင်း၏ မျက်နှာကို ခပ်ပေါ့ပေါ့ ပြန်တွန်းလိုက်လျက် ပြောလိုက်သည်။
“မင်း တစ်ယောက်တည်းပဲ ဆက်နေဦးပေါ့”
ဥက္ကဋ္ဌရုံးခန်းထဲ၌မူ ရှီကျွင့်ကျဲသည် ကျန်းကျန်းကို ကျွန်း၏ ပုံစံများကို ပြသနေခဲ့သည်။
“ဒီနေရာရဲ့ ရှုခင်းက တကယ်ကိုလှတယ်၊ ကျွန်းပေါ်မှာ လိုအပ်တဲ့အသုံးအဆောင်တွေနဲ့ပစ္စည်းတွေလည်း ပြည့်စုံတယ်
အခု ကိုယ် ကျွန်းပေါ်မှာ ကိုယ်တို့ရဲ့ လုံခြုံရေး၊ အိမ်အကူနဲ့ အိမ်မှုကိစ္စ ဝန်ဆောင်မှုတွေကို စီမံခန့်ခွဲဖို့ ကုမ္ပဏီတစ်ခုကို ငှားထားတယ်”
ကျန်းကျန်းလည်း သူ၏စကားကို ကြားလိုက်ရလျှင် စိတ်လှုပ်ရှားသွားပြီး ပြောလာလေ၏။
“အခုက ရာသီဥတုက အေးတဲ့အချိန်ဆိုတော့ အမေနဲ့ အဖေက အပြင်သိပ်မထွက်နိုင်ကြဘူး ထင်တယ်၊ အဲဒီဘက်က နွေးထွေးတယ်ဆိုတော့ သူတို့ကို အဲဒီကို ခေါ်သွားဖို့ အချိန်ကောင်းပဲ”
ကျန်းကျန်းသည်လည်း ဤကျွန်းသည်က သူမအတွက် သင့်တော်သည်ဟု ထင်မြင်မိနေသော်လည်း ရှီကျွင့်ကျဲ အားလပ်ရက် ယူနိုင်မလားကိုတော့ မသိသေးပေ။
“ကျွင့်ကျဲ၊ ရှင် ဘယ်တော့မှ အားမလဲ။ သူတို့နဲ့ အတူတူ သွားရအောင်။”
ရှီကျွင့်ကျဲက ပြုံးလျက် ပြောလာခဲ့သည်။
“ဒီနေ့မှာ ကိုယ် သုံးနှစ်စာ နှစ်စဥ်ခွင့်တွေကို စုဆောင်းကြည့်ထားပြီးပြီ တစ်လခွဲလောက် အားလပ်ရက်ရလိမ့်မယ်၊ အချိန်သတ်မှတ်ပြီးရင် မင်း ကိုယ့်ကို အကြောင်းကြားလိုက်လေ”
ဘေးဘက်မှ နားထောင်နေသည့် လီမင်ပေတစ်ယောက် နှလုံးသားထဲတွင် ယားလာရပြီး ဝင်ပြောလိုက်သည်။
“ဒီပင်လယ်က တော်တော်လှတာပဲ၊ ငါတို့အဖွား သဘောကျမှာ သေချာတယ်”
ကျန်းကျန်းက သူ့ကို ပြုံးကြည့်လျက် ပြန်ပြောလိုက်သည်။
“ဆောင်းရာသီမှာ ကုမ္ပဏီက သိပ်ပြီး အလုပ်မရှုပ်ဘူး၊ ယောက်မ အားလပ်နေတယ်ဆိုရင် ကလေးတွေကိုခေါ်ပြီး အတူ သွားလို့ရတယ်၊ အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ တတိယအစ်ကိုတို့ကိုလည်း ဘယ်သူတွေ လိုက်လို့ရမလဲဆိုတာ ဖုန်းဆက်မေးကြည့်မယ်”
ကျန်းကျန်းက ထိုစကားကိုပြောပြီးသည်နှင့် သူမ၏စားပွဲဆီသို့ ပြန်သွားခဲ့ပြီး ဘေးနားမှ ပြက္ခဒိန်ကို ကြည့်ကာ အပြင်ဘက်သို့ ဖုန်းဆက်လိုက်သည်။
“နောက်လာမဲ့ တစ်လအတွင်း အထူးအရေးကြီးတဲ့ အစည်းအဝေး ဒါမှမဟုတ် မြေကွက်လေလံပွဲတွေ ရှိလား”
ရှဲ့ဟွာသည် ချက်ချင်းပင် ပြန်ဖြေခဲ့သည်။
“ပြည်တွင်း အစည်းအဝေး သုံးလေးခုပဲ ရှိပါတယ်၊ ကျင်းချန် အိမ်ခြံမြေကုမ္ပဏီက မစ္စတာကျန်း၊ မစ္စတာကျင်းနဲ့ ဝမ်ရှီးအဖွဲ့က ဥက္ကဋ္ဌကို ပွဲတစ်ခုဖိတ်ထားတယ်၊ အခု ဒါတွေပဲရှိပါတယ်”
ကျန်းကျန်းက ဘောပင်ကိုယူပြီး ပြက္ခဒိန်ပေါ်၌ စက်ဝိုင်းအနည်းငယ် ဝိုင်းလိုက်သည်။
“အရေးကြီး အစည်းအဝေးတွေကို သုံးရက်အတွင်း ပြီးအောင် ရွှေ့လိုက်၊ လက်မှတ်ထိုးဖို့ လိုတဲ့ တခြား စာရွက်စာတမ်းတွေလည်း သုံးရက်အတွင်း ပြီးအောင်လုပ်၊ ပွဲနဲ့ ပတ်သက်လို့တော့ မစ္စတာကျန်းနဲ့ မစ္စတာကျင်းကို ဖုန်းဆက်ရှင်းပြလိုက်မယ်၊ တခြား မလိုအပ်တဲ့ အရာတွေ အားလုံးကို ဖျက်လိုက်မယ်”
ရှဲ့ဟွားသည်ကား အမြဲတမ်း အလုပ်ကိုသာ ခုံမင်တတ်သည့် ကျန်းကျန်းမှ ယခုကဲ့သို့ ပြုလုပ်လာသည်ကို ကြားလျှင် ပြန်မေးကြည့်လိုက်သည်။
“ဥက္ကဌလီ၊ တခြား အစီအစဉ်တွေ ရှိလို့လား”
“အင်း၊ အားလပ်ရက် သွားမလို့”
ကျန်းကျန်း၏ မျက်နှာ၌ တောက်ပသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ တစ်လပိုင်း ၁၅ ရက်နေ့အထိ ပြန်မလာဘူး”
ရှဲ့ဟွားတစ်ယောက် အချိန်ကို တိတဆိတိတ် တွက်ကြည့်လိုက်လျှင် တစ်လခွဲ အပြည့်ကြာသည်ကို တွေ့လိုက်ရသည်။
သူမက ချက်ချင်းပင် ကျန်းကျန်းဘက်ကို မနာလိုသည့် မျက်နှာနှင့် ကြည့်ပြီး ပြောလာလေသည်။
“ဥက္ကဌလီ၊ ဒီတစ်ခါ ဥက္ကဋ္ဌရဲ့ အားလပ်ရက်က တော်တော်လေးရှည်တာပဲ”
“ငါလည်း အတော်လေးရှည်တယ်လို့ ထင်တယ်”
ကျန်းကျန်းက လှပစွာ ပြုံးလိုက်ပြီး အသိစိတ်အပြည့်ရှိစွာနှင့် သူမ၏ လက်ထောက်အား အားလပ်ရက် ပေးလိုက်သည်။
“မင်းလည်း မင်းရဲ့ နှစ်ပတ်လည် ခွင့်တွေ မယူချင်ဘူးလား၊ ချန်ချင်းနဲ့ အချိန်ကို တိုင်ပင်ပြီး မင်းတို့နှစ်ယောက် အလှည့်ကျ ယူလိုက်ကြ၊ ဒီမှာ တစ်ယောက်တော့ ရှိဖို့လိုတယ်၊ မင်းတို့ သေသေချာချာ လုပ်လိုက်”
“ကောင်းပါပြီ”
ရှဲ့ဟွားလည်း ပြုံးပြီး ပြောလာလေ၏။
“ဒါဆို ခရီးစဉ်အတွက် ကြိုတင် ဂုဏ်ပြုပါတယ်”
ကျန်းကျန်း အချိန်ဇယားကို ဆွဲပြီးသည်နှင့် လီမင်ပေသည်လည်း မထိုင်နေနိုင်တော့ပေ။
“ငါလည်း အိမ်ပြန်ပြီး မင်းရဲ့ယောက်မကို သွားမေးဦးမယ်”
သူက ပြောပြီးသည်နှင့် ထရပ်ကာ ပြေးထွက်သွားခဲ့လေသည်။ ကျန်းကျန်းသည်လည်း သူမ၏ အစ်ကိုများဆီကို ဆက်သွယ်လိုက်သည်။
ရှီကျွင့်ကျဲကလည်း မဒမ်ရှီနှင့် မိဘများကို သွားရောက်မေးမြန်းခဲ့လေသည်။
မိသားစုများက ဤစုံတွဲ၏စကားများအရ ကျွန်းက နတ်ပြည်ထက်ပင် လှသည်ဟု ပြောဆိုသည်ကို ကြားသည့်အခါ အားလုံးက သွားမည်ဖြစ်ကြောင်း သဘောတူလာခဲ့ကြသည်။
လီမင်နန်နှင့် သူ၏ဇနီးတို့က တက္ကသိုလ်ကျောင်းပြီးသည့်အချိန်တွင် ပေရှားဒေသသို့ ပြန်လာခဲ့ကြသည်။ တစ်ဦးက သစ်တောနယ်မြေ၌ အလုပ်လုပ်ပြီး နောက်တစ်ဦးက ဆေးရုံ၌ အလုပ်လုပ်နေခဲ့သည်။
သူတို့မိသားစုအနေဖြင့် တခြားညီအစ်ကိုများနှင့် ညီမထက် ဝင်ငွေ မကောင်းသော်လည်း ၎င်းတို့ ကြီးပြင်းလာခဲ့သည့် မြို့ငယ်လေး၌ မတူညီသည့် သက်သောင့်သက်သာ ခံစားမှုမျိုးကို ခံစားရသည်။
ယခု ကျန်းကျန်းက နိုင်ငံခြားသို့ အားလပ်ရက် ခရီးသွားရန် ဖိတ်ခေါ်သည့် ဖုန်းကို လက်ခံရရှိသည့်အခါတွင် လီမင်နန်လည်း အနည်းငယ် စိတ်လှုပ်ရှားမိသည်။
အဘယ်ကြောင့်ဆိုသော် ဆောင်းရာသီသည်ကား ပေရှားဒေသ၌ အလွန်အေးစက်လွန်းလှပြီး အိမ်ထဲမှ အပြင်ထွက်ခြင်းဆိုသည်မှာ အလွန်ပင် ခက်ခဲလှပေသည်။