အခန်း (၃၈၄)
Vol. 39 Ch. 384
ဝမ်စုဖန်းက တံခါးခေါက်သံကြား၍ တံခါးဝဆီသို့လာကာ တံခါးဖွင့်ပေးပြီးနောက်တွင် ကျန်းကျန်း ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသောကြောင့် အမြန်ဆွဲခေါ်၍ မေးလေသည်။
“အမွှာ နှစ်ယောက် အဆင်ပြေရဲ့လား၊ ပတ်ဝန်းကျင်နဲ့ မကိုက်ညီတာမျိုးရော ရှိနေသေးလား”
ထိုဆိုးသွမ်းသော ကလေးနှစ်ယောက်အား တွေးမိသော် ကျန်းကျန်းက လှောင်ပြောင်၍ ပြောခဲ့သည်။
“သူတို့နှစ်ယောက်လောက် ပတ်ဝန်းကျင်နှင့် အမြန် လိုက်လျောညီထွေဖြစ်နိုင်တဲ့သူ မရှိလောက်ဘူး၊ အိပ်ယာထဲကို ရောက်တော့လည်း စိတ်တွေတက်ကြွပြီး မအိပ်ဘဲနေကြတယ်၊
လေးငါးနာရီလောက်ပဲ အိပ်ပြီး နိုးလာကြပြန်ရော၊ အခုတော့ ရှီကျွင့်ကျဲက သူတို့ကို ကလေးကစားကွင်းမှာ သွားဆော့ခိုင်းတယ်”
“ငါတို့ရဲ့ အမွှာလေးတွေက တကယ်ကို ကျန်းမာရေးကောင်းတယ်”
မဒမ်လီက ဆိုဖာပေါ်၌ ထိုင်၍ ကိတ်မုန့်စားရင်းဖြင့် ကလေးနှစ်ဦးအား ချီးမွမ်းပြောဆိုသည်။
“ငယ်ငယ်ကတည်းက စိတ်ပူစရာမလိုဘူး၊ ကျန်းကျန်း ကလေးဘဝတုန်းကထက်တော့ ပိုဆိုးပေမယ့် တခြားသူတွေထက်တော့ ပိုသန်မာတယ်
ဗိုက်နာတာ၊ ဖျားတာမျိုး တစ်ခါမှမဖြစ်ဖူးဘူး၊ ကလေးတစ်ယောက်ကို စိတ်ပူစရာမလိုဘဲ မွေးရတာပဲ၊ ဒီလောက်ဆို အရမ်းကိုကောင်းနေပြီပဲလေ”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။
“ဘာကို စိတ်ပူစရာရှိလို့လဲ၊ တစ်ယောက်က နောက်တစ်ယောက်ထက် ပိုပြီးဆူညံနေတယ်”
ကိတ်မုန့်စားပြီးနောက် ကျန်းကျန်းက သူမအား ရေနွေးတစ်ခွက် ခပ်ပေးလိုက်သည်။
“အဖွားပြီးသွားရင် လှဲလိုက်ပါဦး၊ သွေးလှည့်ပတ်မှု ကောင်းအောင် လုပ်ပေးမယ်”
ကျန်းကျန်းသည်ကား သူမ၏ စွမ်းအားများကို ထိန်းချုပ်နိုင်သည့် နောက်ပိုင်းတွင် အိမ်၌ ရှိနေသရွေ့ မဒမ်လီအား နှိပ်နယ်ပေးရန် မမေ့ခဲ့ပေ။
နောက်ပိုင်း၌ သူမနှင့် ကျန်းရန်ကျယ်တို့က အပ်စိုက်ပညာနှင့် နည်းစနစ်များအား အထူးလေ့လာခဲ့ကြ၍ နှိပ်နယ်ခြင်း၏ အကျိုးသက်ရောက်မှုက ပိုမိုသိသာလာသည်။
သေးငယ်အောင် ပတ်စည်းထားသည့် ခြေထောက်များပင် ကျန်းကျန်း၏ ရေရှည်စွမ်းအားသုံးစွဲမှုကြောင့် အရိုးများက မူလနေရာသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ခြေချောင်းများလည်း ပြန်လည်ခံစားမှုများ ရှိလာကြသည်။
မဒမ်လီသည်ကား အသက်ကြီးလာလေ ပိုမို၍ ထိလွယ်ရှလွယ် ဖြစ်လာခဲ့သည်။
လေယာဉ်ပေါ်မှ ဆင်းလာသော် အလွန်ပင်ပန်းနေခဲ့ပြီး ရေချိုးပြီးသည်နှင့် အိပ်ပျော်သွားသည်။
ကျန်းကျန်းက အရင်ဦးဆုံး သူမ၏ နားထင်အား ဖိနှိပ်၍ လက်ချောင်းများအား ပွတ်သပ်လိုက်သည်။
ထို့နောက်တွင် ပန်းထိုးအပ်နှယ် စွမ်းအားတစ်ခုက သူမ၏ လက်ချောင်းထိပ်များမှတစ်ဆင့် နားထင်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ နက်ရှိုင်းသည့် ခံစားမှုတစ်ခုနှင့် တစ်ကိုယ်လုံး လန်းဆန်းသွားစေခဲ့သည်။
ကျန်းကျန်းက မဒမ်လီအား ခေါင်းမှ ခြေဖျားအထိ နှိပ်နယ်ပေးခဲ့သည်။
သူမ၏ ကိုယ်ခန္ဓာက နာကျင်နေသော်လည်း ဤနှိပ်နယ်မှုပြီးသည်နှင့် လန်းဆန်းသွားခဲ့သည်။
မတိုင်ခင်က အိပ်ပျော်သွားသည့် နာရီအနည်းငယ်ထက်ပင် ပိုမိုထိရောက်စေခဲ့သည်။
ပြီးသွားသည့်နောက်တွင် ကျန်းကျန်းက ရေချိုးခန်းတွင်းသို့ လက်ဆေးရန် သွားရင်း အပြုံးဖြင့် ပြောလိုက်ပြန်သည်။
“ညစာအတွက် စားသောက်ဆိုင်မှာ ကြိုတင်အမှာလုပ်ထားပြီးပြီ၊ အစ်ကိုတို့လည်း နိုးနေလောက်ပြီထင်တယ်၊ အရင်သွားစားလိုက်မလား”
မဒမ်လီက မျက်မှန်ကိုတပ်၍ နာရီအကြည့်လိုက်သည်။
“ငါတို့အချိန်က ဘယ်လိုဖြစ်သွားတာလဲ”
သူမက မျက်လုံးမှေး၍ နာရီအား ကြောင်တောင်တောင် ကြည့်လိုက်သည်။
“မဟုတ်သေးဘူး၊ ဘာလို့ လေယာဉ်စီးပြီးတာနဲ့ ငါ့ရဲ့ နာရီက ပျက်သွားရတာလဲ၊ ထောင်နဲ့ချီပြီးပေးထားတဲ့ နာရီလေ၊ ဘာလို့ ဒီလောက်တောင် ယုံကြည်လို့မရတာလဲ”
ဤတစ်ကြိမ်တွင် မဒမ်လီက ကျန်းကျန်းပေးထားသည့် နာရီနှင့် အပြင်ထွက်လာခြင်း ဖြစ်သည်။
သို့သော်လည်း နာရီလက်တံက ဆယ့်နှစ်နာရီကျော်နေသည်အား ရှင်းရှင်းလင်းလင်းမြင်နေရသော်လည်း ပြတင်းပေါက်မှ ကြည့်လိုက်သော် ညနေခင်းနှယ် ဖြစ်နေခဲ့သည်။ ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း။
“နိုင်ငံနှစ်ခုက အရမ်းဝေးနေလို့ အချိန်ကွာခြားမှုရှိတယ်”
ကျန်းကျန်းက နာရီကိုယူပြီး မဒမ်လီအတွက် အချိန်ညှိပေးရင်း ပြောလိုက်သည်။
“ဒီနေရာက သမီးတို့နိုင်ငံထက် နာရီနည်းနည်းလောက် ပိုစောတယ်လေ”
မဒမ်လီက ကျန်းကျန်းပြောလိုသည့် အဓိပ္ပါယ်မှာ မည်သည်ကို ဆိုလိုကြောင်း မနားလည်သော်လည်း အကြောင်းမဲ့ အချိန်ကြာမြင့်စွာ လစ်ဟင်းသွားခြင်းကြောင့် စိတ်မချမ်းသာ ဖြစ်နေခဲ့ရလေသည်။
ကျန်းကျန်းလည်း မဒမ်လီကြောင့် ရယ်မောချင်သွားရသည်။ သူမက အရှေ့သို့တိုး၍ အဖွားဖြစ်သူ၏လည်ပင်းအား ဖက်လိုက်ရင်း ပြောလိုက်မိသည်။
“ရပါတယ်၊ ကျွန်မတို့ တရုတ်ကို ပြန်ရောက်ရင် အချိန်တွေကို ပြန်ဖြည့်ပေးမယ်၊ အခု ရှီကျွင့်ကျဲရဲ့ အဘိုးအဘွားတွေကို သွားနှိပ်ပေးလိုက်ဦးမယ်၊ အဲဒါက တစ်နာရီလောက်တော့ ကြာမှာပဲ၊ အဖွားတို့ အရင်ဆုံး ညစာသွားစားကြမလား”
“သိပ်မကြာပါဘူး”
မဒမ်လီက လက်ဝှေ့ယမ်း၍ ပြောခဲ့သည်။
“အခုမှ ငါးနာရီပဲ ရှိသေးတယ်၊ အရင်ဆုံး ကိတ်မုန့်နဲ့ မုန့်လေးတွေ စားထားလို့ ရတာပဲ၊ ပြီးတော့မှ ညစာအတူသွားစားကြမယ်”
ဤသည်ကို မြင်သော် ကျန်းကျန်းကလည်း ဆက်မစောင့်တော့ဘဲ တစ်ထပ်တည်းသာရှိသည့် ဧည့်ခန်းအတွင်းသို့ အမြန်သွား၍ တံခါးခေါက်လိုက်သည်။
လင်းရှို့လန်က ကျန်းကျန်းရောက်ရှိလာသည်ကို မြင်လျှင်ချက်ချင်းပြုံး၍ မေးလာလေ၏။
“ကောင်းကောင်းအိပ်ပျော်ရဲ့လား၊ ကလေးနှစ်ယောက်က ဘာလို့မလာတာလဲ”
“ရှီကျွင့်ကျဲက သူတို့ကို အောက်ထပ်ကို ဆင်းပြီး ဆော့ခိုင်းနေတယ်၊ အဘိုးနဲ့ အဘွားက အသက်ကြီးပြီဆိုတော့ ဒီလောက်ကြာကြာ လေယာဉ်စီးရတာ မသက်သာဘူးလို့ ထင်လိုလေ၊ ကျွန်မ သူတို့ကို နှိပ်နယ်ပေးမယ်”
ကျန်းကျန်းက ပြုံးရင်း ပြောလိုက်လေသည်။
အခန်းတွင်းရှိ အဖွားရှီကလည်း ထိုစကားကို ကြားသောကြောင့် သူမအား အထဲဝင်လာရန် အမြန်လှမ်းခေါ်လာသည်။
မတိုင်ခင်က အဖွားရှီက မဒမ်လီထံသိုး မာကျောက်ကစားရန် သွားသည့်အခါမျိုးတွင် ခါးနာခြင်း ခြေထောက်များ နာကျင်ခြင်းများက မကြာခဏဖြစ်တတ်သည်။
ထိုကြောင့် ကျန်းကျန်းမှ သူမကို နှိပ်နယ်ပေးတတ်ပြီး အဖွားရှီကလည်း ၎င်းကို အလွန် နှစ်သက်သဘောကျလေ့ရှိသည်။
သူမ၏ ကိုယ်ခန္ဓာတွင်းရှိ အသက်စွမ်းအင်များအား နှိပ်နယ်မှုမှတစ်ဆင့် ကျန်းကျန်းက အဖွားရှီ၏ ကိုယ်ခန္ဓာတွင်းသို့ စွမ်းအင်များကို ကူးပြောင်းပေးခဲ့တတ်သည်။
ဤစွမ်းအင်များက ကျန်းကျန်းအတွက်တော့ အမြဲတစေ လည်ပတ်နေခြင်းများဖြစ်၍ သူမကိုယ်တိုင်အပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပါချေ။
ထိုကြောင့် သူမက စွမ်းအင်ကို လူများ၏ ကိုယ်ခန္ဓာထိန်းသိမ်းရန်အတွက် သူမ၏ လျှို့ဝှက်လက်နက်တစ်ခုအဖြစ် သဘောထားခဲ့သည်။
ရှီအဖွားအိုအား နှိပ်နယ်ပြီးနောက် ရှီသူမက သက်တောင့်သက်သာဖြစ်သွားခဲ့သည့်အတွက် ကျန်းကျန်းအား ဖက်၍ ချီးမွမ်းပြောဆိုသည်။
“အိမ်မှာဆို အမြဲပြောနေတာ၊ ငါတို့မိသားစုမှာ လူတွေအများကြီးရှိပေမယ့် ကျန်းကျန်းရဲ့နှိပ်နယ်ပေးမှုကပဲ ငါ့အတွက် သက်တောင့်သက်သာရှိတယ်၊ ဒါပေမယ့် မင်းရဲ့အဒေါ်ကတော့ မယုံဘူး
သူမရဲ့နည်းစနစ်တွေကလည်း မင်းဆီကနေ သင်ယူထားတဲ့၊ ဒါကြောင့် သိပ်မကွာဘူးလို့ ပြောတယ်၊ သူမက ငါ့ကို ဘက်လိုက်တယ်လို့တောင် ပြောနေသေးတာ၊
ငါက ဘာလို့ ဘက်လိုက်ရမှာလဲ၊ သူမ နှိပ်တာက မနှိပ်တာက အတူတူပဲလေ မင်းလိုမျိုး ကောင်းကောင်းမွန်မွန်မဖြစ်ဘူး၊ မင်းကတော့ နှိပ်နယ်လိုက်တိုင်း နှစ်တွေချီပြီး ငယ်သွားသလို ခံစားရတယ်”
အဖွားအို၏ ချဲ့ကားပြောဆိုမှုများကြောင့် ကျန်းကျန်း ရယ်မောမိသည်။
“ဘယ်သူမှ ဒီလောက်အထိ ချဲ့ကားပြောဆိုတာမျိုး မရှိဘူး၊ ဒါပေမယ့် ကျွန်မက ငယ်ရွယ်ပြီး သန်မာတော့ ပိုပြီး သက်တောင့်သက်သာ ခံစားရတာပါ၊ ဒီလိုပြောနေရင် အန်တီက မနာလိုဖြစ်သွားလိမ့်မယ်”
“သူမက တစ်နေကုန် မနာလိုပြီး ငါ့ကို စနောက်ရတာ ကြိုက်တယ်”
ရှီအဖွားအိုက သူမ၏ အကြီးဆုံးသားဖြစ်သူ၊ ချွေးမဖြစ်သူတို့နှင့် နှစ်များစွာ အတူနေထိုင်ခဲ့ပေသည်။
သူမနှင့် ချွေးမဖြစ်သူကြားမှ ဆက်ဆံရေးက ကောင်းမွန်သည်။ သူမ၏အကြောင်း ပြောလိုက်တိုင်း မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နေတတ်သည်။
“သူ ဒီလိုဖြစ်လေ၊ ပိုပြီး မနာလိုဖြစ်လေပါပဲ”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။
“အဘိုးလည်း မသက်သာဘူးထင်တယ်၊ ကျွန်မ သူကိုလည်း သွားနှိပ်ပေးမယ်”
ရှီအဖွားအိုက ကုတင်ပေါ်မှ ချက်ချင်းထ၍ ပြောလာသည်။
“ဒါဆို ငါ သူ့ကိုဖမ်းထားမှရမယ်၊ မင်း အဘိုးကတော့ အရမ်းခေါင်းမာတာ”
ရှီအဖိုးကြီးက တရုတ်ဆေးပင် မသောက်တတ်သည့်သူ ဖြစ်၍ မြေးမဖြစ်သူ၏ နှိပ်နယ်ခြင်းအား အဘယ်ကြောင့် လက်ခံချင်မည်နည်း။
သို့နှင်း ရှီအဖွားအိုက မာနကြီးစွာနှင့် လျှောက်လာခဲ့ပြီး သူ့ကို ကုတင်ပေါ်သို့ တန်းဖိလိုက်လေသည်။ အဘိုးရှီမှာ သေလုနီးပါး အဖိခံလိုက်ရလေသည်။
“မြန်မြန်လုပ်တော့ ကျန်းကျန်း၊ ငါ သူ့ကို ဖမ်းထားတယ်”
“ဘာလုပ်နေတာလဲ”
ရှီအဖိုးကြီး၏ တီးတိုးအော်သံက အောက်မှ ထွက်လာသည်။
“ကျန်းကျန်းက ရှင့်ရဲ့ခြေထောက်တွေကို နှိပ်နယ်ပေးမယ်လို့ ပြောတာ”
ရှီအဖွားအိုက သူ့ခေါင်းအား ပုတ်ရင်း ပြောလိုက်သည်။
“လှဲလျောင်းနေလိုက်၊ မလှုပ်ရှားနဲ့”
“ငါမ...”
ရှီအဖိုးကြီးက စကားနှစ်လုံးပြောပြီးနောက် နောက်ကျောက တစ်ခုခု ဖိထားသကဲ့သို့ ခံစားလိုက်ရ၍ လက်တွေ့ကျကျ စကားပြောင်းလိုက်သည်။
“နှိပ်လိုက်ပါ၊ ဒါပေမဲ့ မဒမ်.. မင် အရင်ထလိုက်ဦး”
ထိုသို့ပြောလာမှ ရှီအဖွားအိုက ညည်းညူရင်းနှင့် ထလာခဲ့သည်။ သို့သော်လည်း သူ့ဘေး၌ စိုးရိမ်တကြီး ထိုင်၍ အဖိုးကြီးအား ကြည့်နေခဲ့သည်။
အဖိုးကြီးက ကောင်းမွန်စွာမနေလျှင် မည်သည့်အချိန်၌မဆို ပြန်တွန်းချခံရမည့်ဟန်ပန်များနှယ်ပင်။ ကျန်းကျန်းက ကလေးဆန်သည့် အဖိုးအဖွားနှစ်ဦးအား ကြည့်၍ ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။
ကျန်းကျန်းက ရှီအဖိုးကြီးမှာ မျက်နှာကို တန်ဖိုးထားသူဖြစ်မှန်း သိ၍ အရေးကြီးသည့် အပ်စိုက်မှတ်အနည်းငယ်ကိုသာ ရွေးချယ်၍ အပ်စိုက်မှတ်တစ်ခုစီ၌ စွမ်းအားအချို့အား ပေးလိုက်သည်။
ဤစွမ်းအားများက အဖိုးကြီး၏ ကိုယ်ခန္ဓာတွင်း၌ ချိတ်ဆက်သွားပြီးနောက်တွင် သူမက လွှတ်ပေးလိုက်လေသည်။
အဖိုးရှီတစ်ယောက် တစ်ကိုယ်လုံးမှ လေးလံမှုများ ပျောက်ကွယ်သွားခဲ့ပြီး နှစ်များစွာငယ်သွားသကဲ့သို့ ပေါ့ပါးသွားခြင်းအား ခံစားလိုက်ရသည်။
*