အခန်း (၃၈၈)
Vol. 39 Ch. 388
ကျန်းကျန်းက သူမ၏ အဖေမှာ မည်သူ့ကိုမျှ ဂရုမစိုက်ဟန်ဖြင့် ရှိနေသော်လည်း ရှီကျွင့်ကျဲ၏ မိဘမျာ့ကို ခေါ်ချင်နေကြောင်းကို ကြားလျှင် တစ်ချက်ကြည့်၍ မယုံနိုင်စွာ ပြောလိုက်သည်။
“အဖေက သူတို့နှစ်ယောက်ကို ခေါ်ချင်နေသေးတာလား၊ ကျွန်မရဲ့ ယောက္ခမတွေနဲ့ နှစ် ၂၀ လောက် ရန်ဖြစ်ခဲ့တာတောင် ပါးစပ်က မညောင်းသေးဘူးလား၊ ကျွန်မတို့ကတော့ နားတွေတောင်ပူနေပြီ၊ အဲဒါကြောင့်ပဲ ကျွန်မတို့ လမ်းခွဲခဲ့ကြတာလေ၊ ဒါကို အဖေက တစ်ရက်တောင်မရှိသေးဘူး သူတို့ကို ပြန်ခေါ်ဖို့ စဉ်းစားနေပြီလား”
လီမူဝူကတော့ ဤကိစ္စအား အနည်းငယ်မျှ မှားယွင်းနေသည်ဟု မထင်ဘဲ ပျော်ရွှင်စွာ တွေးလိုက်သည် ။
“ဘာပဲဖြစ်ဖြစ် မင်း ငါ့ရဲ့ငါးကန်ကို မြန်မြန်ရှင်းပြီး ငါးတွေ အများကြီးထည့်လိုက်၊ ငါ အရင်ဆုံး လေ့ကျင့်ထားရမယ်၊ ဒါမှ ငါ့ဆီမှာ အိမ်ကွင်း အားသာချက်တွေ ရှိလာမှာ”
ကျန်းကျန်းက အပြုံးတစ်ခုနှင့် ခေါင်းကိုခါရမ်းလိုက်ပြီး မဒမ်လီအား ပြောလိုက်သည်။
“တကယ်လို အပူပေးထားတဲ့ ခန်ပေါ်မှာ နေသားမကျဘူးဆိုရင် ကျွန်မ အနွေးပေးစက်တပ်ထားတဲ့ အဆောက်အအုံတစ်ခုလည်း ထပ်ဝယ်ထားတယ်၊ ကျွန်မတို့ ဘယ်အချိန်မဆို အဲဒီကို ပြောင်းရွှေ့နိုင်ပါတယ်”
“ဘာတွေ ပြောင်းရွှေ့မှာလဲ”
မဒမ်လီက ခန်ပေါ်၌ လှဲလျောင်းရင်း ခန်မှ ထွက်လာသည့် အပူအား ဖျာမှတစ်ဆင့် ခံစားနေသည်။
“ငါ မင်းကို ပြောသားပဲ၊ အခုလိုမျိုး ခန်ပေါ်မှာ အိပ်တာက အကောင်းဆုံးပဲ၊ ဘယ်အချိန်မှ ခါးနာ၊ ခြေထောက်နာတာတွေ မခံစားရဘူး”
လီမိသားစု ပေရှားဒေသသို့ ပြန်ရောက်ပြီးနောက်တွင် သူမ၏အဖေ လီမူဝူမှလွဲ၍ ကျန်နှစ်ဦးက အလုပ်များနေရသည့်အတွက် ကျန်းကျန်းက မိသားစု၏ နေ့စဉ်ဘဝအား ဂရုစိုက်ရန် အိမ်အကူတစ်ဦးအား ငှားရမ်းခဲ့သည်။
ညစာစားချိန်သို့ရောက်လျှင် မဒမ်လီက စားဖိုဆောင်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး စားဖိုဆောင်၏လက်ရှိအနေအထားနှင့် အရင်က အပြင်အဆင်များ၏ ကွာခြားချက်အားလုံးကို ရှာခဲ့သည်။
ထို့နောက်တွင် ဧည့်ခန်းနှင့် ထမင်းစားခန်းကို အနည်းငယ် ပြောင်းလဲထားသည်ကို သိရှိရသည်။
ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့က ကျန်းကျန်း ယခင်နေထိုင်ခဲ့သည့်အတိုင်း အနောက်ဘက်တွင် သူတို့အတွက် အိမ်ခန်းတစ်ခန်း ချန်ထားကာ တစ်ပတ်လျှင် သုံးလေးရက် လာရောက်နေထိုင်ရန် ပြင်ဆင်ထားခဲ့ကြသည်။
လီမင်နန်က ဤနှစ်များအားလုံး ပေရှားဒေသ၌သာ အလုပ်လုပ်ခဲ့သည်။ သူက သစ်တောနှင့်ဂေဟစနစ်အတွက် နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး လစာက ကျန်းကျန်း၏ အိမ်အကူလောက်ပင် မများသော်လည်း ကျန်းကျန်းနည်းတူ သူ့၌လည်း ကိုယ်ပိုင်အိပ်မက်များ ရှိသည်။
သူက သစ်တောတက္ကသိုလ်၌ ကျောင်းတက်သည့်အချိန်ကတည်းက သစ်တောပြုန်းတီးမှုက သဘာဝတောအုပ်အတွက် ဆိုးရွားသည်ကို သူ နားလည်ခဲ့သည်။
ထို့ကြောင့် ဘွဲ့ရပြီးနောက်တွင် သစ်တောဌာနသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။ သို့ရာတွင် သူ၏ အိပ်မက်နှင့် အကြံအစည်များက မည်မျှပင် အဆင်မပြေခဲ့သည်ကို သူသိရှိခဲ့ရသည်။
အမြတ်အစွန်းအား လိုက်စားဖို့ကိုသာ တွေးတောသည့် လောကတွင် သူ၏ အကြံပြုချက်များနှင့် ကြိုးစားမှုများက သမုဒ္ဒရာရှိ လှေငယ်လေးတစ်စင်းနှယ် ဖြစ်ခဲ့သည်။
မည်သို့မျှ အသုံးမဝင်သည့်အပြင် မည်သည့်အချိန်မဆို လှိုင်းလုံးကြီးများနှင့် မှောက်မသွားအောင်ပင် မနည်း ထိန်းနေခဲ့ရသည်။
လီမင်နန်က သစ်တောပြန်လည်စိုက်ပျိုးရေးလုပ်ငန်းအား အမြဲတာဝန်ယူခဲ့သည်။ လစာက မများသော်လည်း သူက ပျိုးပင်များဝယ်ရန် ငွေများကိုပင် ထပ်ထည့်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း ငယ်စဉ်ကကဲ့သို့ ကောင်းကင်ပြာရောင်၊ ကြည်လင်သောစိမ့်စန်းရေနှင့် စိမ်းစိုလှပသောတောအုပ်များအား ချစ်မြတ်နိုးခဲ့ကာ အမြဲတမ်း မြင်တွေ့လိုခဲ့သောကြောင့် ဖြစ်ပေသည်။
ဤအကြောင်းကြောင့်ပင် နှစ်ပေါင်းများစွာကြာအောင် ကျန်းကျန်းက သူ့အား တော်ဝင်မြို့တော်သို့ ခေါ်ယူခြင်းမျိုး မလုပ်ခဲ့ပေ။
လက်ရှိတွင် သူ၏ညီမဖြစ်သူ ပြန်လာသည်က သစ်တော ပြန်လည်မွန်းမံတည်ထောင်ရေးနှင့် သဘာဝဂေဟစနစ် ပြန်လည် ထူထောင်ရေးအတွက်ဟူ၍ ကြားသော် လီမင်နန်က ပျော်ရွှင်မှုအား ဖုံးကွယ်မထားနိုင်ဘဲ အပြေးပြန်လာပြီး အော်ဟစ်လိုက်မိသည်။
“အဖွား၊ မေမေနဲ့ ဖေဖေ၊ ကျန်းကျန်း”
အသက် ၅၀ ကျော်ပြီဖြစ်သည့် လီမင်နန်က ကလေးငယ်တစ်ဦးနှယ် ပြေးလွှားနေသည်ကို မြင်သော် မဒမ်လီက ရယ်မောမိပြီး မေးလိုက်သည်။
“ဒီလောက် အသက်ကြီးတာတောင် ဘာလို့ ခုထိ မတည်ငြိမ်ရသေးတာလဲ”
လီမင်နန်က သူ၏ ဖြူဖွေးနေသည့် သွားများအား ဖော်ပြ၍ ရိုးသားစွာ ပြုံးပြကာ ကျန်းကျန်းအား ဆွဲပြီး မေးလိုက်သည်။
“မင်းရဲ့ ကုမ္ပဏီက ဒီတစ်ကြိမ် တောအုပ်ရဲ့သဘာဝဂေဟစနစ်ကို တကယ်ပဲ ပြန်လည် ထူထောင်ဖို့ လုပ်နေတာလား”
“ဟုတ်တယ်လေ၊ ဒီလိုမှ မဟုတ်ရင် ညီမက ဒီနှစ်တွေမှာ ဘာလို့ ဒီလောက် ပိုက်ဆံရှာခဲ့တာလဲလို့ အစ်ကို ထင်လဲ၊ ညီမ ပိုက်ဆံရှာနေတာတွေအားလုံးက ဒီသဘာဝဂေဟစနစ်ကို ပြန်လည် ထူထောင်မယ်ဆိုရင် ပိုက်ဆံအများကြီး ကုန်ကျမယ်ဆိုတာ သိနေလို့ပဲ”
ကျန်းကျန်းက ပြုံးလိုက်ပြီး လီမင်နန်၏ ပခုံးအား ပုတ်ရင်း ပြောခဲ့သည်။
“တတိယအစ်ကိုလည်း မကြာခင် အနားယူရတော့မယ်မလား၊ အခု စောစောစီးစီး လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ပြီး ကျွန်မတို့ မောင်နှမတွေ အတူတူ ပေရှားဒေသ ရဲ့ ထင်းရှူးတော ဂေဟစနစ် ပတ်ဝန်းကျင်ကို ပြန်လည် ထူထောင်ကြမယ်”
“ကောင်းပြီ၊ ငါ ဒါကို လုပ်ချင်တယ်”
လီမင်နန်က လက်ဆန့်ထုတ်၍ ကျန်းကျန်း၏ လက်ဖဝါးအား ရိုက်လိုက်သည် ။
“အတူတူ ကြိုးစားကြရအောင်”
ကျန်းကျန်းအနေဖြင့် သူမ၏စွမ်းရည်များဖြင့် ဤထင်းရှူးတောကြီးကို ချက်ချင် အစည်ပင်အဝဖြိုးဆုံး အချိန်သို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း သူမ မလုပ်ခဲ့ပေ။
သူမက လူတိုင်းက အံ့သြထိတ်လန့်ဖြစ်သွားမည်ကို ရှောင်ရှားလိုသည့်အပြင် ထင်းရှူးပင်တစ်ပင်အတွက် ပျိုးပင်မှ သစ်ပင်ကြီးတစ်ပင် ဖြစ်လာရန် မည်မျှကြာမည်ကို လူများအား သိစေလို၍ဖြစ်သည်။
လူ့များ၏ဘဝသည်က သစ်ပင်များနှင့် ကင်းကွာ၍မရသော်လည်း ကျိုးကြောင်းဆီလျော်စွာ အသုံးပြုခြင်းနှင့် မဆင်မခြင် သစ်ခုတ်ခြင်း၏ ရလဒ်များက မတူပါချေ။
သစ်ပင်များ မရှိတော့သည့်အချိန်မှ နောင်တရခြင်းမျိုးကို မလုပ်ဆောင်သင့်ပေ။
ဤတစ်ကြိမ်၌မူ ပြင်ဆင်ရန် အခွင့်အရေး ရှိသေးသည်။ နောက်တစ်ကြိမ်၌ မည်သို့ လုပ်ဆောင်မည်နည်း။
ဤသဘာဝတောအုပ်သည် မည်သည့်အခါမှ ပြန်မလာတော့သည်အထိ ထိုးကျသွားရမည်လား။
သူတို့က သစ်ပင်များအား တစ်ပင်ပြီးတစ်ပင် ပြန်လည်စိုက်ပျိုးပြင်ဆင်ခဲ့ကြသည်။
လီမင်နန်က နေ့တိုင်း အလုပ်သမားများကို ပျိုးပင်များ ရှင်သန်မှုရှိမရှိ စစ်ဆေးရန် ခေါ်သွားလေ့ရှိသည်။
တစ်လအကြာ၌ ထိုသစ်ပင်များ တစ်ပင်မှ မသေသည်ကို ဝမ်းသာအားရ တွေ့ရှိခဲ့ရသည်။
လက်မောင်းခန့် အထူရှိသည့် ပျိုးပင်ငယ်များအား ကိုင်ကြည့်ရင်း မင်နန်က သက်ပြင်းချကာ ပြောလာသည်။
“ဒီအနီရောင်ထင်းရှူးတောင်က တကယ်ကို ကောင်းတာပဲ၊ တခြားနေရာမှာဆိုရင် ရှင်သန်နှုန်း ၈၀ ရာခိုင်နှုန်းဆိုရင်တောင် ကောင်းတယ်လို့ ပြောရမှာ”
ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့က သူ၏ စကားကြားသော် ရယ်မောလိုက်ကြလေ၏။
မွန်းတည့်နီးပြီဖြစ်သည်ကို မြင်လျှင် ကျန်းကျန်းက ခေါင်းလှည့်၍ လီမင်နန်အား မေးလိုက်သည်။
“အဖွားနဲ့ နေ့လယ်စာအတူစားမယ်လို့ ကတိပေးထားတယ်၊ တတိယအစ်ကိုလိုက်ခဲ့မလား”
“ငါ ခဏနေရင် သစ်ပင်တွေ အများကြီး စိုက်ရဦးမှာဆိုတော့ ဒီမှာပဲ စောင့်ကြည့်တာ ပိုကောင်းပါတယ်၊ မင်းသွားလိုက်လေ၊ အဘွားကို ညကျရင် ငါ ပြန်လာတွေ့မယ်လို့ ပြောလိုက်ပါ”
ကျန်းကျန်း ခေါင်းညိတ်လိုက်ပြီး ရှီကျွင့်ကျဲနှင့်အတူ တောင်ပေါ်မှ ဆင်းလာခဲ့သည်။
အိမ်နှင့် သိပ်မဝေးသည့်အတွက် ကျန်းကျန်းက ကားမောင်းမသွားခဲ့ပေ။ ယခုဆိုလျှင် သူမနှင့် ရှီကျွင့်ကျဲတို့က လမ်းလျှောက်ရခြင်းနှင့် ကာလကြာရှည် ပျောက်ဆုံးနေသည့် ဖြည်းဖြည်းမှန်မှန် ဘဝအား ခံစားရသည်ကို ပို၍ သဘောကျကြသည်။
သူတို့နှစ်ယောက် လက်ချင်းတွဲ၍ မညီညာသည့် မြေလမ်းပေါ်သို့ လျှောက်လာခဲ့ကြသည်။
ရှီကျွင့်ကျဲက ကျန်းကျန်းမှ လက်ရှိ အမွှောနှစ်ယောက်၏ အခြေအနေများ ပြောနေသည်ကို ပြုံး၍ ကြည့်နေခဲ့စဥ် ရုတ်တရက် ကောင်လေးနှစ်ဦး အဝေးမှနေ၍ တစ်ယောက်နောက်ကို တစ်ယောက် ပြေးလာခဲ့ကြသည်။
သူတို့က ပါးစပ်ထဲ၌ တောရိုက်သစ်သီးများကို ကိုက်ထား၍ ရယ်မောပျော်ရွှင်သည့်အသံများ ထွက်ပေါ်နေသည်။
ကျန်းကျန်းလည်း မနေနိုင်စွာနှင့် မတ်မတ်ရပ်၍ ကောင်လေးနှစ်ဦး၏ မျက်နှာများအား ကြည့်လိုက်သည်။
သူမအနေဖြင့် ထိုကောင်လေးများကို ယခင်က တစ်ခါမှ မမြင်ဖူးသော်လည်း သူမ၏ ရင်ထဲ၌ မပြောပြနိုင်သည့် ရင်းနှီးမှုတစ်ခုအား ခံစားရသည်။
အသက်ကြီးသည့် ကောင်လေးက ကျန်းကျန်း၏ ရှေ့၌ ရပ်တန့်လိုက်လေသည်။
သူ၏အသက်က ၁၃ နှစ် သို့မဟုတ် ၁၄ နှစ်ခန့် ရှိပုံရသည်။ နောက်မှနေ၍ ကောင်လေးငယ်လေးလည်း မကြာခင် လိုက်မီလာခဲ့သည်။ ၎င်းသည်ကား အသက် ၇ နှစ် သို့မဟုတ် ၈ နှစ်ခန့်သာ ရှိပေလိမ့်မည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ဤစိတ်ခံစားချက် ကောင်းမွန်နေပုံရသည့် ကောင်လေးအား ကြည့်ရင်း ကျန်းကျန်းက သူ၏ခေါင်းအား ထိတွေ့ချင်စိတ်များ ဖြစ်ပေါ်နေခဲ့ရသည်။
၁၃၊ ၁၄ နှစ်အရွယ် ကောင်လေးက ဆိုးသွမ်း၍ အနိုင်ကျင့်တတ်ပုံရသော်လည်း သူ၏ရှေ့မှ လှပသည့် အမျိုးသမီးအား တွေ့မြင်လိုက်ရလျှင် အနှောင့်အယှက်ပေးချင်သည့် စိတ်အနည်းငယ်မျှ မရှိဘဲ ရိုးသားလိမ္မာစွာ ပြန်ဖြေခဲ့သည်။
“ကျွန်တော့်နာမည်က လီမင်ကျုံးပါ”
*