ဇာတ်သိမ်းပိုင်း
Vol. 39 Ch. 389-Final
ကျန်းကျန်း၏ အံ့သြသင့်နေသော မျက်လုံးများအား ကြည့်ရင်း လီယင်ကျုံးက မတော်တဆ ထပ်ဖြည့်ပြောလိုက်မိသည်။
“နာမည်ပြောင်က ဟုန်ကျုံးလို့ ခေါ်ပါတယ်”
နောက်မှလိုက်လာသည့် ကောင်ငယ်လေးက ရုတ်တရက် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ပြောလာသည်။
“ကျွန်တော့်အစ်ကိုက သူ့ဘာသာသူ ပေးထားတာလေ၊ ကျွန်တော့်အဒေါ်က ကျွန်တော့်အစ်ကို ငယ်ငယ်တုန်းက မာကျောက်ကစားပွဲတွေ အများကြီး ကြည့်ခဲ့လို့ပဲလို့ ပြောခဲ့တယ်”
“ဒါဆို မင်းနာမည် ဘယ်လိုခေါ်လဲ”
ကျန်းကျန်း မမေးဘဲ မနေနိုင်ခဲ့ချေ။
“ကျွန်တော့်နာမည် ဟွမ်ယွီဟူပဲ၊ ကျွန်တော့် နာမည်ပြောင်က သူ့ထက် အများကြီး ပိုကောင်းတယ်”
ကောင်ငယ်လေးက အလွန်ဂုဏ်ယူသည့် ပုံစံမျိုး ပြသခဲ့သည်။
ယေဘူယျအားဖြင့် ဤသို့သော နာမည်မျိုး၏ နာမည်ပြောင်မှာ ရှောင်ဟူ သို့မဟုတ် ဟူကျစ် ဟူ၍ ခေါ်သည့်အတွက် ကျန်းကျန်းလည်း ထိုသို့ ခေါ်သည်လားဟု မေးလိုက်မိသည်။
ဟွမ်ယွီဟူက ခေါင်းကိုခါရမ်း၍ ကျေနပ်စွာ ပြောလိုက်သည်။
“အစ်မ မှားလိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်၊ ကျွန်တော့်နာမည်ပြောင်ဘယ်သူမှ မှန်အောင် မခန့်မှန်းနိုင်ဘူး”
စိတ်ထဲမှ အတွေးတစ်ခု ထွက်လာခဲ့ပြီး ကျန်းကျန်းက မသိစိတ်မှနေ၍ ပြောလိုက်မိသည်။
“မင်းက တာ့ဟွမ် လား”
“ဟေး၊ အစ်မ ဘယ်လိုသိတာလဲ”
ဟွမ်ယွီဟူက သူ၏ခေါင်းအား ကုတ်လိုက်ပြီး ရယ်မောလာလျှင် ကျားသွားငယ်လေး နှစ်ချောင်းက ပေါ်လာသည်။
“ကျွန်တော့်နာမည်ပြောင်ကို ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်ကိုက ပေးထားတာလေ”
သူက လီယင်ကျုံးအား လက်ညှိုးထိုး၍ ရယ်လျက် ပြောလိုက်သည်။
“ကျွန်တော့်အမေက ခွေးနာမည်နဲ့တူတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ ကြားရတာအဆင်ပြေတယ်ထင်တာပဲ၊ သူတို့ကသာ အခြေအနေကို မသိကြဘူး၊ ကျွန်တော့်နာမည်က တကယ်တော့ ကျားနာမည်နဲ့ ပိုတူတာလေ”
ဟွမ်ယွီဟူ၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှုများနှင့် ပြည့်နေသည့် စကားများအား နားထောင်ရင်း ကျန်းကျန်းက ရယ်မောလိုက်မိပြီး စိတ်သက်သာရာရစွာဖြင့် ၎င်းတို့နှစ်ဦး၏ ခေါင်းကို ပွတ်သပ်လိုက်မိသည်။
“မင်းတို့နှစ်ယောက် ဒီလိုမျိုး ကြီးလာတာ အရမ်းကောင်းတာပဲ”
“အစ်မတို့က ကျွန်တော်တို့ကို သိနေတာလား”
လီယင်ကျုံးက မမေးဘဲ မနေနိုင်ခဲ့ချေ။
“အစ်မကို ကြည့်နေရတာ အရမ်းရင်းနှီးနေတဲ့ ခံစားချက်မျိုး ခံစားရတယ်၊ ဖြစ်နိုင်တာက…”
သူ၏စိတ်ထဲ၌ ရဲရင့်သည့် အတွေးတစ်ခု ပေါ်လာသည်။
“အစ်မက ကျွန်တော့်ရဲ့ အမေအရင်းများလား၊ ကျွန်တော့်ရဲ့ လက်ရှိအမေက မိထွေးဖြစ်မယ်၊ ဒါကြောင့်ပဲ ကျွန်တော့်ကို ဒီလောက် ရက်စက်တာကိုး၊ အိမ်စာမပြီးမချင်း ထမင်းတောင် စားခွင့်မပြုဘူး”
ကျန်းကျန်းက ထိုစကားများကို ကြားလျှင် မျက်ရည်များ ဝဲတက်လာရပြီး ပြန်ပြောမိသည်။
“မင်း အရမ်းအတွေးလွန်နေတာပဲ၊ ငါက အမြွှာကလေးနှစ်ယောက်ကိုပဲ မွေးခဲ့တာ၊ အခု သူတို့က တော်ဝင်မြို့တော်မှာ ကျောင်းတက်နေတယ်၊ သူတို့ကလွဲရင် ငါ တခြားကလေးတွေကို မမွေးခဲ့ဖူးဘူး”
လီယင်ကျုံးက စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်သည်။
“ကောင်းရော၊ ကျွန်တော်က ထွက်ပြေးလာနိုင်ပြီလို့ ထင်ခဲ့တာ၊ အခုတော့ နေ့လယ်စာတောင် စားစရာမရှိတော့ဘူး”
ကျန်းကျန်းက ပြုံး၍ ခေါင်းခါရမ်းလိုက်မိသည် ။
“မင်းတို့ ကလေးနှစ်ယောက်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်လို့ ငါထင်တယ်၊ ငါနဲ့အတူ အိမ်မှာ ထမင်းလိုက် မစားချင်ဘူးလား”
ကျန်းကျန်းက အနီးအနားရှိ အုတ်ဖြင့်ဆောက်ထားသော အဆောက်အအုံအား လက်ညှိုးထိုးပြလိုက်ကာ သူမ၏မျက်နှာပေါ်ရှိ အပြုံးကတော့ အလွန်ထူးခြား၍ တောက်ပနေခဲ့သည်။
“အဲဒီမှာလေ”
လီယင်ကျုံးနှင့် ဟွမ်ယွီဟူတို့သည်ကား ငယ်စဉ်ကတည်းက မည်သည့်သူစိမ်းများနှင့်မျှ လိုက်မသွားရန်၊ မည်သည့်သူစိမ်းများ ပေးသည့် အစားအစာအားကိုမှ မစားရန် စသည့် ဘေးကင်းရေးပညာပေးများအား ရရှိထားပြီး အများအားဖြင့် မသိသည့်လူများအပေါ်၌ အမြဲသတိထားတတ်ကြသည်။
သို့သော် ယနေ့တွင်မူ ဤလှပသည့် အစ်မကြီးအား မြင်တွေ့ရလျှင် ၎င်းတို့၏ သတိထားမှုများ အားလုံး ပျောက်ကွယ်သွားပြီး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စတစ်ခုကဲ့သို့သာ ခံစားမိ၊ မည်သည့်အရာမျှ ပြင်ဆင်ထားခြင်းမရှိဘဲ သူမ၏နောက်သို့ လိုက်သွားခဲ့ကြသည်။
ရိုးရှင်းသည့် ခြံဝင်းအတွင်းသို့ လျှောက်ဝင်လာခဲ့ကြပြီး နေရောင်ခြည်နှင့် ဖုံးလွှမ်းနေသည့် ခြံဝင်းအား ကြည့်ပြီး လီယင်ကျုံးက သူ၏ခေါင်းအားကုတ်ကာ မျက်နှာအမူအရာရှုပ်ထွေးစွာဖြင့် ပြောလာသည်။
“ကျွန်တော် ဒီနေရာမှာ ထိုင်ပြီး နေပူဆာလှုံချင်သလို ဘာလို့ ခံစားရတာလဲမသိ”
ကျန်းကျန်းက သူ့အား ထိုင်ခုံတစ်ခု ယူဆောင်ပေးပြီး ယခု ခူးထားသည့် ပဲစေ့တစ်ပန်းကန်လုံးကို ပေးလိုက်သည်။
“ဒါဆို မင်း နေပူဆာလှုံရင်း ပဲစေ့တွေ စားလိုက်ဦးလေ”
မဒမ်လီက လှုပ်ရှားမှုအသံကြားသော် အခန်းမှ ထွက်လာပြီး မေးလာလေ၏။
“အိုး၊ ဘယ်သူ့ကလေးတွေလဲ”
လီယင်ကျုံးက မသိစိတ်မှနေ၍ ချက်ချင်း ပြောလိုက်သည်။
“အဘွား၊ ကျွန်တော်က ဟုန်ကျုံးပါ”
*
အချိန်များသည်ကား အလွန်လျင်မြန်စွာ ဖြတ်သန်းခဲ့သည့်အတွက် အမြွှာကလေးများကလည်း မျက်စိတစ်မှိတ်အတွင်း ကြီးပြင်းလာခဲ့ကြသည်။
၎င်းတို့သည်လည်း မင်ကျန်းအဖွဲ့သို့ ပူးပေါင်း၍ တာဝန်ယူခဲ့ကြသည်။
ကလေးနှစ်ဦးနှင့် ပတ်သက်၍ ကျန်းကျန်းက မည်သူ့ကိုမီ တစ်ဖက်သတ် မလုပ်ဆောင်ခဲ့ဘဲ ပိုင်ဆိုင်မှုအားလုံးအား နောင်တစ်ချိန်တွင် တန်းတူခွဲဝေမည်ဟု မှတ်ပုံတင်စာချုပ် ချုပ်ဆိုခဲ့သည်။
ကျန်းကျန်း အမြဲတမ်း တည်ဆောက်လိုနေခဲ့သည့် ပြတိုက်သည်လညား တော်ဝင်မြို့တော်တွင် မဆောက်ခဲ့ဘဲ မည်သူမှ မမျှော်လင့်ထားသော ပေရှားဒေသ၌သာ ဆောက်ခဲ့သည်။
ပြတိုက်ဖွင့်ပွဲနေ့၌ သတင်းထောက်တစ်ဦးက မေးလာလေ၏။
“မဒမ်လီ၊ မဒမ်လီအနေနဲ့ ဘာလို့ ဒီနေရာကို ရွေးချယ်ပြီး ပုဂ္ဂလိက ပြတိုက်ကို တည်ဆောက်ခဲ့တာလဲ၊ ဘာလို့ တော်ဝင်မြို့တော်လိုမျိုး မြို့ကြီးမှာ မတည်ဆောက်တာလဲ”
ကျန်းကျန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြန်ပြောခဲ့သည်။
“တော်ဝင်မြို့တော်မှာ လည်ပတ်စရာ ပြတိုက်တွေ အများကြီး ရှိပြီးသားမို့ပါ၊ ဒါပေမဲ့ ဒီကလူတွေကတော် နိုင်ငံတော်အဆင့် ယဉ်ကျေးမှု အမွေအနှစ်တွေကို လည်ပတ်ကြည့်ရှုဖို့ အခွင့်အရေး သိပ်မရကြဘူးလေ
ဒါကြောင့် ကျွန်မက ပေရှားဒေသ မှာ ပြတိုက် ဆောက်ဖို့ ရွေးချယ်ခဲ့ပြီး လူပိုပြီးများများ လာရောက် လည်ပတ်နိုင်ဖို့ အခမဲ့ ဖွင့်လှစ်ပေးခဲ့တာ
ကျွန်မတို့ နိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို လေ့လာနိုင်အောင်ပေါ့”
အင်တာဗျူးခြင်းကို အခွင့်အရေးအားယူပြီး ကျန်းကျန်းက အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုအား ကြေညာခဲ့သည်။
“နှစ်တစ်ရာ ပြည့်ပြီးရင် ဒီယဉ်ကျေးမှု အမွေအနှစ်တွေ အားလုံးကို နိုင်ငံတော်ကို လှူဒါန်းသွားပါမယ်”
သတင်းထောက်က အံ့သြတုန်လှုပ်သွားခဲ့လေသည်။
“ဒါတွေ အားလုံးကိုလား”
ကျန်းကျန်းက ပြုံးလိုက်သည်။
သူမ၏ မျက်လုံးများက မတူညီသည့် အရောင်သုံးမျိုးရှိသည့် ကျွန်းသစ်ထင်းရှူးမီးဖိုများပေါ်သို့ ကျရောက်နေပြီး သူမ၏ လေသံက အလွန်ခိုင်မာနေခဲ့သည်။
“ဟုတ်တယ်၊ အကုန်လုံးပဲ”
နေ့ရက်များက ကုန်ဆုံးလာခဲ့ပြီး လီယင်ကျုံးနှင့် ဟွမ်ယွီဟူတို့လည်း တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကျန်းကျန်း၏ ပေရှားဒေသရှိ ဂေဟစနစ် ကုမ္ပဏီ၌ လျှောက်ထားခဲ့ကြကာ ဂေဟစနစ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၌လည်း ပါဝင်လာခဲ့ကြသည်။
ကျန်းကျန်းနှင့် လူတိုင်း၏ ကြိုးပမ်းအားထုတ်မှုများကြောင့် သစ်တောဧရိယာက တဖြည်းဖြည်း ချဲ့ထွင်လာနိုင်ခဲ့ပြီး တစ်ချိန်က ပိန်သွယ်ခဲ့သည့် ပျိုးပင်ငယ်များသည်လည်း ကြီးပြင်းလာခဲ့ကြသည်။
အံ့သြစရာအကောင်းဆုံးက ထင်းရှူးစေ့ ခူးယူခြင်းအား ထိန်းချုပ်နိုင်ခဲ့ပြီး အထူးသဖြင့် သစ်ပင်များနှင့် ထင်းရှူးစေ့များ ခုတ်လှဲခြင်းအား ပိတ်ပင်ပြီးနောက်၌ သစ်တောထဲ၌ သဘာဝအတိုင်း ပေါက်သည့် ထင်းရှူးပင်များများစွာရှိလာခြင်းပင်။
ဂေဟစနစ်အား ထိန်းသိမ်းစောင့်ရှောက်လာသည်နှင့်အမျှ အနီရောင်ထင်းရှူးတောင်တန်း၌ တောရိုင်းတိရစ္ဆာန်များ ပိုမိုများပြားလာခဲ့သည်။
ကျားများနှင့် တောဝံကြီးများ၏ အသံများကို ကြားရသည်ဟု ပြောသည့် လူများပင် ရှိသော်လည်း မည်သူမျှ သူ့အား မယုံကြည်ကြပေ။
ဤခေတ်ကာလမှလူများက တောကျားများနှင့် ဝက်ဝံကြီးများအား တစ်ခါမှ မမြင်ဖူးကြပါချေ။
သို့သော်လည်း ငယ်စဥ်က အဘိုးအဘွားများ၏ ပြောဆိုမှုများအား နားထောင်ခဲ့ဖူးသည်။
၎င်းတို့က ထိုတောကောင်ကြီးများနှင့်တွေ့လျှင် အစားခံရမည်ကို သိကြသည်။ တကယ်၍ တွေ့လျှင်လည်း အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ဆိုသည်ကိုလည်း သိထားခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း၌ ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့လည်း အသက်ခြောက်ဆယ် ပြည့်ခဲ့ကြပေပြီ။
သို့သော် နတ်ဘုရားများက ၎င်းတို့အား အလွန်ချစ်ခင်ကြသည့်အတွက် ကုန်လွန်သွားသည့် နှစ်များ၏ အမှတ်အသားများက ၎င်းတို့မျက်နှာပေါ်၌ သိပ်များများစားစား မကျန်ခဲ့သကဲ့သို့ ဆံပင်ဖြူတစ်ပင်ပင် မရှိခဲ့ကြပေ။
အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီ ဝတ်၍ အပြင်ထွက်လျှင် သူတို့က အသက် ၃၀ ကျော်ဟု ပြောလျှင်ပင် မည်သူကမှ သံသယမဝင်နိုင်အောင် အရွယ်တင်နုပျိုကြသည်။
တစ်ဘဝလုံး အတူရှိနေခဲ့ကြပြီး နောင်ဆယ်စုနှစ်များ၌လည်း အတူရှိနေနိုင်သေးသည်။
ကျန်းကျန်းကတော့ ဤသည်မှာ အလှပဆုံးဘဝဟု ခံစားရသည်။
နောက်ထပ် နွေဦးတစ်ခုကိုရောက်ရှိလာပြီးချိန်တွင် ကျန်းကျန်းက ရှီကျွင့်ကျဲအား တောင်ထိပ်သို့ ဆွဲခေါ်သွားပြီး စိမ်းလန်းစိုပြည်သည့် သစ်တောအုပ်များအား ကြည့်နေခဲ့ကြသည်။
မကြာခင် အနီးအနားတွင် ခုန်ပေါက်နေသည့် ကျားငယ်လေးတစ်ကောင်ကို မြင်လိုက်ရသောကြောင့် ကျန်းကျန်းက လက်အား ဖြည်းဖြည်းချင်း ဝှေ့ရမ်းလိုက်လေသည်။
ထို့နောက်တွင် မျက်စိတစ်မှိတ်အတွင်း တောင်တန်းများနှင့် လွင်ပြင်များအားလုံး၌ ဒေါနပန်းများက ဖူးပွင့်လာခဲ့ပြီး မျက်စိတဆုံး လှပသည့် ပန်းများဖြင့် ဖုံးလွှမ်းသွားခဲ့တော့သည်။
*ပြီးပါပြီ*