← Chapters

ကန့်သတ်မဲ့တိုက်ပွဲ

Vol. 2 Ch. 17

ကန့်သတ်မဲ့တိုက်ပွဲ

Vol. 2 Ch. 17

ဒေါက် ... ဒေါက် ... ဒေါက် ...

စုရှောင်လန်က အန်လင်း အခန်းတံခါးအား အချိန်အတော်ကြာ ခေါက်နေခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိပါ။

တိတ်ဆိတ်နေမှုက သူမအား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

အန်လင်းအိမ်မှာ ရှိမနေတာကော မဖြစ်နိုင်ဘူးလား။

အထဲသို့ဝင်ကာ ဘာတွေဖြစ်နေသည်ကို သိချင်သည့် ဆန္ဒက စုရှောင်လန်စိတ်ထဲ ပြင်းပြင်းပြပြ ဖြစ်ပေါ်လာသည်။

ထိုအချိန်မှာပင် တံခါးဖွင့်လာသည်။ သူ့မအား ဆီးကြိုနှုတ်ဆက်သည့် မြင်ကွင်းကြောင့် ရုတ်တရက် လန့်သွားရသည်။

"အန်လင်း ... ဘယ်လိုဖြစ်ပြီး ဒီရုပ်ဖြစ်နေတာတုန်း ..."

တံခါးပေါက်ဝတွင် မျက်နှာချောင်ကျကာ မည်းနက်နေသည့် မျက်ကွင်းများနှင့် အန်လင်းကို တွေ့လိုက်ရသည်။

ရေဓာတ် အများအပြား ဆုံးရှုံးထားခြင်းကြောင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ ခြောက်သွေ့ နွမ်းနယ်နေပုံ ပေါ်သည်။ ပို၍ အရေးကြီးသည့် အရာမှာ အန်လင်းမျက်နှာတွင် ဘဇာကြောင့် နားလည်ရခက်သည့် အပြုံးတစ်ခု ဖြစ်နေရသနည်း။

စုရှောင်လန် စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။

အိုး ... မဟုတ်ဘူးလေ ... အန်လင်းက ငတုံးလား ...

ထိုသို့ စဉ်းစားမိသဖြင့် နောင်တရသည့် ခံစားချက်များ သူမ နှလုံးသားထဲမှနေ မြင့်တက်လာသည်ကြောင့် အန်လင်းအား တောင်းတောင်းပန်ပန်နှင့် ကြည့်လိုက်သည်။

ရုတ်တရက် ဆိုသလို အန်လင်းက စကားပြောလာသည်။ "ငါက ကျင့်ကြံနည်း ပုံစံအသစ် တစ်မျိုးကို လောလောလတ်လတ်ပဲ တွေ့ရှိထားတယ် ... လူတွေက ဆောင့်ကြောင့် ထိုင်နေရင်းနဲ့လည်း စိတ်စွမ်းအင်တွေကို စုပ်ယူလို့ရတယ်ဟ ... နင်ကော သင်ချင်သလား ..."

စုရှောင်လန် : “…”

***

စုရှောင်လန်က သက်ပြင်း အသာချလိုက်ပြီးနောက် နီရဲ လုံးဝန်းနေသည့် ဆေးတစ်လုံးကို ထုတ်ပေးလိုက်သည်။

ထိုဆေးသည် ထိပ်တန်းအဆင့်ရှိ သွေးတစ်ရှိုက်ဆေးလုံး ဖြစ်ပြီး ကုန်ဆုံးသွားသည့် စွမ်းအင်များကို ချက်ချင်းဆိုသလို ပြန်လည်ဖြည့်တင်း ပေးနိုင်သည်။

ထိပ်တန်းအဆင့်ရှိ သွေးတစ်ရှိုက် ဆေးလုံးသည် အလွန်တရာ ဈေးကြီးသော်လည်း စုရှောင်လန်မှာ အန်လင်းအား ထိုပုံစံဖြင့် မြင်ရခြင်းကို သည်းမခံနိုင်တော့ပါ။

ဘာတစ်ခုမှ အပိုပြော မနေတော့ဘဲနှင့် အန်လင်းပါးစပ်ကို ဖွင့်ကာ ဆေးလုံးအား ပစ်ထည့်လိုက်သည်။

သွေးတစ်ရှိုက် ဆေးလုံးကို မျိုချပြီးသည်နှင့် အန်လင်း ခန္ဓာကိုယ်တွင် ကုန်ဆုံးထားသည့် အားအင်များ အလျင်အမြန် ပြန်လည် ပြည့်လာသည်။

ခေတ္တကြာပြီးသည့် နောက်တွင်တော့ သူမျက်နှာတွင် ပန်းရောင်ဖျော့ဖျော့ ပြန်သန်းလာခဲ့ပြီ ဖြစ်သည်။

အန်လင်း၏ ညှိုးငယ်နေသည့် မျက်ဝန်းများတွင်  ပြတ်သားသည့် အရိပ်အယောင်များ ပေါ်လာပြီး စုရှောင်လန်ကို အားတင်း ပြုံးပြလိုက်သည်။ သူက ကျေးဇူးတင်စွာဖြင့် "ကျေးဇူးပါဟာ ..."

အန်လင်းတစ်ယောက် ပုံမှန်အသိ ပြန်ဝင်လာသည်ကို မြင်လိုက်ရသဖြင့် စုရှောင်လန်က စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်မိသည်။ ထို့နောက် စိတ်ကျေနပ်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြီး အန်လင်း အိမ်အတွင်းသို့ ဝင်လိုက်သည်။

အန်လင်း ဘာဖြစ်ခဲ့သည်ကို ထုတ်မပြောရန် သူတို့နှစ်ယောက်စလုံး တိတ်တဆိတ် သဘောတူလိုက်ကြသည်။

မည်သည့်အတွက်ကြောင့် ထိုသို့ ဖြစ်ရသည်ကိုလည်း သူတို့ နှစ်ဦးစလုံး ကောင်းကောင်း နားလည်ထားသည်။

စုရှောင်လန်က အပြစ်ရှိသည်ဟု အနည်းငယ် ခံစားရသည်ကြောင့် ထိုအကြောင်းကို မပြောချင်ပေ။

အန်လင်းမှာတော့ အရမ်းကို အားနည်းနေသည်ကြောင့် ထိုအကြောင်းကို လှည့်ကြည့်ဖို့ရာမှာ မဖြစ်နိုင်သေး။ ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ် သူက တောင်စိတ်အဆီအနှစ်ကို မျိုချခဲ့သည်။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးသည် ဆိုးရွားလှသည့် သူ့ကံကြောင့် ဖြစ်သည်ကို လက်ခံထားသည်။

ထိုင်ပြီးသည့် နောက်တွင်တော့ စုရှောင်လန်က အတန်းတွင်း ဖြစ်ပေါ်နေသည်များနှင့် အန်လင်း လိုက်မမီသည့် သင်ခန်းစာများကို စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

သူမ၏ မန္တန်အတန်းနှင့် ပတ်သက်သည့် မှတ်စုများကိုပင် ထုတ်ကာ အန်လင်း နားမလည်သည့် အပိုင်းများကို စတင်ရှင်းပြသည်။

အန်လင်းက အာရုံစူးစိုက်စွာ နားထောင်နေပြီး အတန်းတွင်း သူ့ရပ်တည်မှု ဖြစ်သည့် နောက်ကောက်ကျ ကျန်ရစ်သူ အဖြစ်ကို ပြောင်းလဲဖို့ရာ ဆုံးဖြတ်ထားသည်။

ပြီးခဲ့သည့် လအနည်းငယ် အတွင်း စိတ်အားထက်သန်စွာ လေ့လာခဲ့သည်ကြောင့် လွင့်မျောနေသည့် ကုန်းမြေကြီးပေါ်ရှိ ကျင့်ကြံခြင်း ကျောင်းတော်သားဘဝကို တဖြည်းဖြည်း ကျင့်သား ရလာခဲ့သည်။

အဆုံးတွင်တော့ စရောက်ကာစနှင့် မတူညီစွာ သူက နလပိန်းတုံး တစ်ယောက် မဟုတ်တော့ပေ။

ဥပမာအားဖြင့် မန္တန် တည်ဆောက်မှုနှင့် ပတ်သက်သည်များကို သင်ယူနိုင်ခြင်း အခြေခံလက်နက် ကိရိယာများကို ကျွမ်းကျင်လာခြင်းနှင့် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အခြေခံ နည်းစနစ်များကို နားလည်သဘောပေါက်ခြင်း စသည်တို့ ဖြစ်သည်။

"အား ... မနက်ဖြန်တော့ အတန်းတက်ပြီး လွတ်သွားတဲ့ သင်ခန်းစာတွေ အတွက် အချိန်ပို ပေးရမယ် ..."

သူက ဘာသာရပ် အတော်များများတွင် နောက်ကျကျန်နေခဲ့ပြီ ဖြစ်ကြောင်း သိလိုက်သည့် အခါတွင်တော့ အန်လင်းမှာ ညည်းညူမိတော့သည်။

ထိုသည်ကို ကြားလိုက်သည်နှင့် စုရှောင်လန် နှုတ်ခမ်းလေး တွန့်ကွေးကာ ပြုံးမိသည်။ "မနက်ဖြန် နင်အတန်း သွားတက်စရာ မလိုပါဘူး ... မနက်ဖြန်က ငါတို့ကျောင်းတော်မှာ နှစ်တိုင်း ကျင်းပနေကျ ဖြစ်တဲ့ ကန့်သတ်မဲ့တိုက်ပွဲ စမယ့်နေ့လေ ..."

"ကန့်သတ်မဲ့တိုက်ပွဲ ..." အန်လင်းက စိတ်ရှုပ်ထွေးသည့်ပုံနှင့် ကြည့်လိုက်သည်။

"ပြီးခဲ့တဲ့ ရက်တွေတုန်းက နင်အတန်းမတက်လို့ ဒီပွဲအကြောင်း မသိလိုက်တာ ... ကန့်သတ်မဲ့တိုက်ပွဲ ဆိုတာ ငါတို့ကျောင်းတော်ရဲ့ နှစ်တိုင်း ကျင်းပနေကျ ခမ်းနားကြီးကျယ်တဲ့ ပွဲတစ်ခုပဲ ... ဒီပွဲမှာ ကျောင်းသားအားလုံး မပါမနေရလို့ စည်းမျဉ်း ထုတ်ထားတယ် ..."

"အဲဒီအချိန်အတွင်း ကျောင်းတော်မှာရှိတဲ့ ကျောင်းသား ငါးသောင်းလုံးက စုစည်းပြီး ပွဲတက်ရောက်ကြလိမ့်မယ် ..."

ထိုသည်ကို ကြားလိုက်သည်နှင့် အန်လင်း မျက်ဝန်းများက တလက်လက် တောက်ပလာပြီး စိတ်ရှုပ်ရှားသည့် အမူအရာများ ပေါ်လာသည်။

စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်ကို လွင့်မျောနေသည့် ကုန်းမြေကြီးပေါ်တွင် တည်ဆောက်ထားပြီး ကမ္ဘာမြေပေါ်ရှိ ထိုင်ဝမ်ကျွန်းစုထက်ပင် ပိုမို ကျယ်ပြန့်သေးသည်။

ကျောင်းသားများ၏ မတူညီသည့် အတန်းများအလိုက် သင်ကြားရသည့် သင်ရိုးများမှာလည်း ကွဲပြားသဖြင့် ကျောင်းသားများ တက်ရောက် ပညာသင်ရသည့် နေရာများသည်လည်း ကွဲပြားသွားသည်။

ထို့ကြောင့် အတန်းကြီးများနှင့် တွေ့ဆုံဖို့ရန် အန်လင်းမှာ အခွင့်အရေး အနည်းငယ်သာ ရှိသည်။ ကန့်သတ်မဲ့ ပြိုင်ပွဲသည် အတန်း ငါးတန်းမှ ကျောင်းသားအားလုံး စုစည်းမည့်ပွဲ ဖြစ်သည့်အတွက် အတော်လေး ဆူညံကာ စိတ်လှုပ်ရှားရမည်လည်း ဖြစ်သည်။

ကျောင်းတော်တစ်ခုလုံး ကျင်းပသည့် ပွဲဖြစ်တာကြောင့် စူးစမ်းချင်စိတ် အပြည့်နှင့် ကြိုတင် မျှော်မှန်းဆကာ စိတ်အားထက်သန်မှု အပြည့် ဖြစ်နေစေသည်။

"ဒီပွဲနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ပြောပြပါဦး ..."

"ဒီပွဲက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတယ်ဟ ... ငါတို့ကျောင်းရဲ့ တောင်ထွတ်တစ်ထောင်ရဲ့ ရှိတဲ့ တောအုပ်ထဲမှာ ပွဲကိုလုပ်မှာလေ ... ကျောင်းသား ငါးသောင်းလုံးက ကန့်သတ်မဲ့တိုက်ပွဲကို သုံးရက်ကြာ ပါဝင်ဆင်နွှဲကြမှာ ..."

"ပွဲကျင်းပနေတဲ့ ကာလအတွင်း နင်ကြည့်မရတဲ့ ဘယ်သူ့ကိုမဆို တိုက်ခိုက်နိုင်တယ် ... တစ်ချိန်တည်းမှာပဲ တခြားသူတွေက စိန်ခေါ်လာရင်လည်း လက်ခံရမယ် ... ဒါက တစ်ဦးချင်းသီးသန့် ပြိုင်ပွဲဖြစ်ပြီး အဖွဲ့ဖွဲ့ပြီး ပြိုင်ဖို့ကို ခွင့်မပြုထားဘူး ... အရှုံးပေးလို့လည်း မရဘူး ... ပွဲကနေ နှုတ်ဆက် ထွက်ခွာနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက စိန်ခေါ်ပွဲအတွင်း ရှုံးသွားမှပဲ ဖြစ်မယ် ..."

"မြေကမ္ဘာ အင်မော်တယ် အဆင့်ရှိ ဆရာဆရာမပေါင်း တစ်ရာက သူတို့ရဲ့ နတ်ဘုရား အာရုံတွေကို အသုံးပြုပြီး ဒီပွဲကို စောင့်ကြည့်နေမှာ ... အဲတော့ ဘယ်လို လှည့်ဖြားမှုမျိုးမှ သုံးဖို့ အခွင့်မရှိဘူး ..."

"သောက်ခွေးနဲ့မှ ..." ထိုသည်ကို ကြားလိုက်သည်နှင့် ပြန်လည် ကောင်းမွန်လာသော အန်လင်း၏ ခြေထောက်များသည် ချက်ချင်းဆိုသလို ပျော့ခွေ သွားပြန်သည်။

ဒီပွဲက လူ ငါးသောင်းရဲ့ ရန်ပွဲလို့ပဲ ပြောလိုက်ပါတော့လား။ အညံ့ခံလို့မရတဲ့ ရန်ပွဲလေ။

ဒီဟာက လေးစားဖို့ကောင်းတဲ့ စီနီယာတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ငါ့တို့အတွက် ကြုံခေါင့်ကြုံခဲ အခွင့်အရေး တစ်ခု မဟုတ်ဘူးလား။ သူတို့နဲ့ တွေ့ပြီး ချစ်ခြင်းမေတ္တာ အပြည့်နဲ့ လက်သီးချက်တွေ မြည်းစမ်းကြည့်ခိုင်းဖို့ လို့တော့ မပြောနဲ့နော်။

အန်လင်း မျက်နှာတွင် စိတ်အားငယ်သည့် အမူအရာကို မြင်ရသည့်အခါ စုရှောင်လန်က နှစ်သိမ့်သည့် အနေဖြင့် "အဲလောက်ကြီးလည်း စိုးရိမ်မနေပါနဲ့ ... ဒီပွဲက နင်ထင်ထားသလောက်လည်း ကြောက်ဖို့ မကောင်းပါဘူး ..."

"ရာနဲ့ချီတဲ့ ဆရာဆရာမ တွေက အခြေအနေကို စောင့်ကြည့်နေမယ့် အပြင် ကျောင်းသားတိုင်းက ရှုံးနိမ့်ခြင်း သက်သေခံကတ်ပြား ရရှိလိမ့်မယ် ..."

"ကျောင်းသားတစ်ယောက်က တစ်ကြိမ်ရှုံးတာနဲ့ အဲဒီသက်သေခံ ကတ်ပြားက အသက်ဝင်လာပြီး အခြားစိန်ခေါ်မှုတွေ အားလုံးကနေ ရှောင်ရှားပေးနိုင်တယ် ..."

"ဒီပွဲမှာ နှစ်တိုင်း လူဆယ်ယောက်လောက်ပဲ သေတယ်လို့ ကြားထားတယ် ..."

"ကျိုးတာပဲ့တာတို့ အကြီးအကျယ် ထိခိုက်သွားတာတို့ ဆိုရင် အရှုံးပေးရမယ် ..."

အန်လင်း : “…”

ဒါက နင်ပြောတဲ့ သိပ်ကြောက်ဖို့ မကောင်းဘူး ဆိုတာလား ... ဟမ် ...

အန်လင်းက ခေါင်းမော့ကာ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

အချိန် အတော်ကြာပြီး နောက်တွင်တော့ သူစိတ်အဝင်စားဆုံး အကြောင်းကို မေးလိုက်သည်။ "အဲတော့ ကျောင်းသားတွေမှာ သက်သေခံကတ်ပြားတွေ ရှိနေတာတောင် အသေအပျောက်က ဘာလို့ ရှိနေရသေးတာလဲ ..."

"အကြောင်းအရင်းတွေ ကတော့ အများကြီးပဲ ရှိတယ် ..." စုရှောင်လန် ပြောသည်။

"နံပါတ် ၁ အကြောင်းအရင်း ကတော့ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျောင်းသားတွေက အဆင့်နိမ့် ကျောင်းသားတွေနဲ့ တိုက်ခိုက်တဲ့ အခါမှာ ဂရုမစိုက်ကြလို့ပဲ ... အဲဒါကြောင့် ကျောင်းသားအချို့က သက်သေခံကတ်ပြားကို အသက်မသွင်း လိုက်နိုင်ခင်မှာပဲ သေဆုံး သွားကြရတယ် ..."

"အကြောင်းပြချက် ၂ ကတော့ အခြားတိုက်ပွဲတွေက ပေါက်ကွဲအားတွေကြောင့် ..."

"နံပါတ် ၃ အချက်ကတော့ တောင်ထိပ်ကနေ မတော်တဆ ပြုတ်ကျလို့ ..."

"၄ ချက်မြောက်က အဆိပ်ရှိတဲ့ အရာတွေကို မျိုချမိလို့ ..."

"၅ ခုမြောက်က ..."

ပိုနားထောင်မိလာသည်နှင့် အမျှ အန်လင်းမှာ ပိုပြီးကြောက်လာလေ ဖြစ်သည်။ ဒီကန့်သတ်မဲ့ တိုက်ပွဲက အရမ်းကို ကြောက်ဖို့ ကောင်းတာပဲ။

တိုးတက်မှု၊ ခွန်အား၊ အခွင့်အရေး၊ တရားမျှတမှုနဲ့ သဟဇာတ ဖြစ်မှုတို့အတွက် ကတိစကားတွေက ဘယ်မှာလဲ။

အအေးဓာတ်က သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်။ ကနဦး သူမျှော်လင့် ထားသလိုမျိုး ပျောက်ကွယ် သွားချင်နေပြီ ဖြစ်သည်။

"ကျောင်းတော်ရဲ့ အင်မော်တယ် အဆင့်ဇယားက ကန့်သတ်မဲ့ပြိုင်ပွဲ ပြီးတိုင်း အသစ် ပြင်ဆင်နေကျပဲ ... ဆရာဆရာမ တွေက ပွဲအတွင်း ကျောင်းသား တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကို သေချာတွက်ချက်ပြီး အဆင့်တွေကို သတ်မှတ်ကြတယ် ..."

"ကျောင်းရဲ့ အင်မော်တယ် အဆင့်ဇယားမှာ ပါနေသရွေ့ အံ့ဩဖို့ကောင်းတဲ့ ဆုလာဘ်တွေ ရလိမ့်မယ် ... အဲတော့ ငါတို့ ကြိုးစားကြရအောင် ..." စုရှောင်လန်က ရယ်လိုက်သည်။

သူမ ပါးနှစ်ဖက်တွင် ပါးချိုင့်နှစ်ခု ပေါ်လာပြီး သူမ၏ လှပကာ တောက်ပနေသည့် အပြုံးများကို ပိုလို့ ပေါ်လွင်နေစေသည်။

စိတ်အား ထက်သန်နေသော စုရှောင်လန်အား ကြည့်ကာ အန်လင်းမှာ ခြောက်ကပ်ကပ်သာ ရယ်လိုက်ရသည်။ "အဟမ်း ဟမ်း ... ကြိုးစားကြတာပေါ့ ..." သူခေါင်းညိတ်လိုက်သည်။

ကျောင်းသား ငါးသောင်းထဲမှ အယောက်တစ်ရာသာ ကျောင်းတော်၏ အင်မော်တယ် အဆင့်ဇယားတွင် ပါဝင်မည် ဖြစ်သည်။ ထိုလူများသည် ပါရမီရှင်များ အကြားမှ ပါရမီရှင်များသာ ဖြစ်ကြသည်။ အန်လင်းသည် ထိုအဆင့်နှင့် ပတ်သက်၍ စိတ်ကူးတောင် မယဉ်ဝံ့ပေ။

အခုလက်ရှိ အင်မော်တယ် အဆင့်ဇယားတွင် အားအနည်းဆုံး သည်ပင်လျှင် ကျင့်ကြံခြင်း အခြေခံတွင် တာအိုခန္ဓာ အဆင့် ၁၀ ရောက်ရှိပြီး ဖြစ်သည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိနေသည့် ၂၂ ဦးသော သူများသည် အင်မော်တယ် အဆင့်ဇယားတွင် ထိပ်ဆုံးနေရာကို ရယူထားကြသည်။ ထိုသူများသည် လက်ရှိကျင့်ကြံခြင်း အဆင့်ဖြင့် ကောင်းကင်ဘုံပိုင်နက်သို့ ရောက်ရှိပါက အင်မော်တယ် အဆင့်တွင် ပါဝင်မည်ဖြစ်ပြီး ဦးစီးချုပ် ရာထူးကို ရရှိမည် ဖြစ်သည်။

ထိုလူများအတွက် တာအိုခန္ဓာ ကျင့်ကြံခြင်း အဆင့်မှာပင် ရှိနေသေးသည့် ကျောင်းသားများနှင့် တိုက်ခိုက်ခြင်းမှာ ကစားနေခြင်းနှင့်ပင် တူနေပေလိမ့်မည်။ ထို့ကြောင့် ကျောင်းသားများ မတော်တဆ သေဆုံးဖို့ရာ ဖြစ်နိုင်သည်။

ထိုသည်ကို စဉ်းစားမိသဖြင့် အန်လင်းက စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို အလျင်အမြန် ချမှတ်လိုက်သည်။

ကန့်သတ်မဲ့ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့က အရေးကြီးပေမဲ့ အသက်ရှင်ပြီး ထွက်လာနိုင်ဖို့က အဓိကပဲ။

**

All Chapters