အခန်း (၁၇၆+၁၇၇)
Vol. 8 Ch. 176+177
အခန်း(၁၇၆) သူ့ကို မကြိုက်ဘူး
“မဟုတ်ဘူး စူစူလေး အဲ့လို မဟုတ်ဘူး။ ငါနဲ့ နင့်တူကြီးနဲ့က အခုမှ တွေ့ကြတာ။ တစ်ယောက်အကြောင်းလည်း တစ်ယောက်မသိကြဘူး”။ စန်းကျစ်က အမြန်လက်ခါကာ ငြင်းဆန်လိုက်ပါသည်
“မမလှလှလည်း သူ့ကို မကြိုက်ဘူးလား”။ စူစူလေး မေးလိုက်သည်။
ထို့နောက် စူစူလေး သက်ပြင်းချကာ ငြီးတွားလိုက်ပါသည်။ “ဟူးးး… ငါ့တူကြီး အသုံးမကျမှန်း ငါသိသားပဲ။ ပြုံးလည်း မပြုံးဘူး ဘယ်သူမှလည်း သူ့ကို မလိုချင်ကြဘူး။ သူ့ကောင်မလေးလုပ်ဖို့ လူတွေ အများကြီးရှာပေးခဲ့ပေမယ့် အကုန်လုံး သူ့ကို ငြင်းလိုက်ကြတယ်။ မမလှလှ သူ့ကို မလိုချင်ရင်လည်း မယူပါနဲ့။ သူက မွဲတေ တုံးအပြီး ပျင်းစရာကောင်းနေရင် ဘယ်သူမှ မတတ်နိုင်ဘူးလေ”
စူစူလေးက စိတ်ပူပန်နေသော အသေးစား ဒေါ်လေးတစ်ယောက်နဲ့ အတော်လေး တူနေပါသည်။
စူစူလေး၏ စကားကိုကြားသောအခါ စန်းကျစ်လည်း ချင်းယုဟွိုင်းကို ကြည့်လိုက်ပြီး စူစူလေးပြောသလောက် တကယ် ဆိုးရွားတာလား အကဲခတ်လိုက်ပါသည်။
သူက ချောတော့ချောပါသည်။ အနည်းငယ် အေးတိအေးစက်နိုင်တာလေး တစ်ခုသာရှိသည်။
ချင်းယုဟွိုင်း နှုတ်ခမ်းတွေ ပြင်းပြင်းထန်ထန် တွန့်သွားပါသည်။
အဘိုးချင်း၊ အဘွားချင်းနဲ့ ချင်းရှင်းကျစ်တို့အားလုံး ရယ်ချင်စိတ်ကို ထိန်းထားရသည်။
ချင်းယုဟွိုင်း တိုက်ခိုက်ခံနေရတာကို မြင်သော်လည်း လူကြီးတွေက ဝင်မတားဘဲ ဝမ်းသာနေကြပါသည်။
ချင်းယုကျီးဆို ပေါ်တင်တောင် ရယ်မောနေသည်။
စူစူလေးက သူ့အစ်ကိုကြီးကို မွဲတေ တုံးအပြီး ပျင်းစရာကောင်းတယ်တဲ့လား?!
ဟားဟားဟားဟာားး
တုံးအပြီး ပျင်းစရာကောင်းတာတော့ မှန်ချင်မှန်လိမ့်မည်။ သို့သော်လည်း သူ့အစ်ကိုကြီးကို ဘာကြောင့် မွဲတေသည်ဟု စူစူလေး ယူဆထားတာလဲဆိုတာ သိချင်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့အစ်ကိုကြီး ဒီလိုအဖဲ့ခံနေရတာကို ချင်းယုကျီး ဝမ်းသာပါသည်။
စူစူလေးကတော့ သူတို့ရဲ့ ဒေါ်လေးဖြစ်ထိုက်ပါပေသည်။
အခြေအနေမဟန်တာကို သတိထားမိသဖြင့် စန်းကျစ် အမြန် ရှင်းပြလိုက်သည်။ “စူစူလေး နင်မှားနေပြီ။ နင့်တူကြီးကို ငါမကြိုက်လို့ မဟုတ်ပါဘူး။ ဒီတိုင်း… ဒီတိုင်း ငါတို့က မသင့်တော်လို့ပါ။ အဲ့တာကြောင့်ပါ!”
စူစူလေးကို ဒီ့ထက်ရှင်းအောင် စန်းကျစ် ရှင်းမပြတတ်တော့ပါ။ ချင်းယုဟွိုင်းနဲ့ တွေ့ထားတာမှ မကြာသေးဘဲ အချစ်ရေးကိစ္စကို ဘယ်လိုပြောရမှာလဲ။
“အင်း သိပါတယ်။ သမီးတူကြီးက ဒုံးဝေးလွန်းတယ်။ အဲ့တာကြောင့် သူ့ကို ဘယ်သူမှ မလိုချင်တာ”။ စူစူလေးက နားလည်သဘောပေါက်သော မျက်နှာလေးဖြင့် ပြောလိုက်ပါသည်။
“မဟုတ်ဘူး အဲ့လို မဟုတ်ပါဘူး။ သူက အဲ့လောက် မဆိုးပါဘူး။ ဒါပေမယ့် သူနဲ့ စတွေ့တဲ့အချိန်တုန်းကတော့ သူ့ကို တဏှာရူးကြီးလို့ မှားပြီးထင်ခဲ့ဖူးတယ်။ ဒါပေမယ့် နားလည်မှုလွဲတာကို ဖြေရှင်းလိုက်တော့ သူက တဏှာရူး မဟုတ်မှန်း သိလိုက်ရပါပြီ။ ဒီတိုင်း သူက နည်းနည်း လူယုတ်မာပုံစံပေါက်နေတာပဲ ရှိတာ။ တစ်ခါတလေ ထူးထူးဆန်းဆန်း အပြုံးကြီးနဲ့ ပြုံးတတ်တယ်။ ဒါပေမယ့် နင့်တူကြီးဆိုတော့ လူဆိုးဖြစ်နိုင်မယ် မထင်ပါဘူး”။ စန်းကျစ်က မရပ်မနား ပြောလိုက်သည်။ သူမရဲ့ စကားလုံးတိုင်းက ချင်းယုဟွိုင်းရဲ့ မျက်နှာကို ပိုပိုမှောင်မိုက်သွားစေမှန်း သတိမထားမိခဲ့ပါ။
ဒါဘယ်လို ဖြေရှင်းချက်မျိုးလဲ?! ပိုဆိုးအောင် လုပ်နေတာပဲ!
“ဆက်မပြောနဲ့တော့”။ ချင်းယုဟွိုင်း သည်းမခံနိုင်တော့ပါ။
စန်းကျစ်က ချင်းယုဟွိုင်းရဲ့ ရေခဲတမျှအေးစက်သော မျက်လုံးများကို ကြောက်ကြောက်လန့်လန့် ကြည့်လိုက်ပါသည်။
“စူစူလေး နင့်မမလှလှနဲ့ ငါနဲ့ ဘာမှ မဆိုင်ဘူး။ ငါမိန်းမ ရှာရမယ်ဆိုရင်တောင် သူ့ကို မရှာဘူး။ အဲ့တာကြောင့် ထင်ရာတွေ လျှောက်ပြောမနေနဲ့”။ ချင်းယုဟွိုင်းက ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါသည်။
“ဘာလို့လဲ မမလှလှက ဒီလောက် သဘောကောင်းတာကို! မမလှလှကို အထင်မသေးနဲ့နော်!”။ စူစူလေးက သူမရဲ့ မမလှလှကို အထင်သေးခွင့် ပြုမှာ မဟုတ်ပါ။
“သူက သဘောကောင်းပါတယ်။ ဒါပေမယ့် ငါမကြိုက်ဘူး။ ဘယ်တော့မှာလည်း ကြိုက်မှာ မဟုတ်ဘူး။ ငါတို့ တွဲလည်း မတွဲဘူး။ အဲ့တာကြောင့် လျှောက်ပြောမနေနဲ့တော့ ဟုတ်ပြီလား”။ ချင်းယုဟွိုင်း ရှင်းပြလိုက်သည်။
စန်းကျစ် ကြက်သေသေသွားသည်။ ချင်းယုဟွိုင်း စကားကြောင့် ရင်ထဲ လေးလံသွားပါသည်။
သူတို့ တကယ် မတွဲဘူးဆိုရင်တောင် အဲ့လောက်ကြီး ပြတ်သားစရာ မလိုပါဘူး…
“ဟုတ်ပါပြီ”။ စူစူလေး စိတ်ပျက်သွားမှုကို ဖုံးကွယ်မရဘဲ သက်ပြင်းချလိုက်ပါသည်။
ဒီတစ်ခါတော့ သူမတူကြီးအတွက် ကောင်မလေးရှာတွေ့ပြီဟု တကယ်ထင်ထားခဲ့တာဖြစ်သည်။ အခုတော့…။
--- --- ---
ထိုနေ့ည စူစူလေး ရေမိုးချိုးကာ ညအိပ်အဝတ်အစားများ လဲပြီးနောက် ဟူကျစ်လေးကို ချီရင်း ချင်းယုချဲ၏ တံခါးကို သွားခေါက်ခဲ့ပါသည်။
ဒေါက် ဒေါက် ဒေါက်
တံခါးက ပွင့်မလာပါ။
အခန်းအပြင်မှာ တံခါးဖွင့်မည့်အချိန်ကို စူစူလေး မျှော်လင့်တကြီး စောင့်စားနေပါသည်။
တံခါးခေါက်သံကိုကြားသောအခါ ဘေးအခန်းမှ ချင်းယုကျီးထွက်လာပြီး ချင်းယုချဲ တံခါးရှေ့မှာ တဝဲလည်လည် လုပ်နေသည့် စူစူလေးအား မြင်သွားသည်။
“နင်ဘာလုပ်နေတာလဲ စူစူလေး”
… … …
အခန်း(၁၇၇) ဒေါ်လေးနဲ့ ချင်းယုကျီး စကားပြောခြင်း (၁)
“တူချောလေးကို ရှာနေတာ”။ စူစူလေး ပြန်ပြောလိုက်သည်။
“ဒီအချိန်ကြီး ဘာလုပ်ဖို့လဲ”။ ချင်းယုကျီးက မေးလိုက်ပါသည်။
“သူ့ကို ပုံပြောပြမလို့လေ။ ချော့သိပ်မလို့”။ စူစူလေးက အားကြိုးမာန်တက် ပြန်ပြောလိုက်သည်။
“ဘာ?” ချင်းယုကျီး ကြောင်စီစီဖြစ်သွားသည်။
“ငါ့တူချောလေးကို ပုံပြောပြပြီး ချော့သိပ်မလို့လို့”။ ချင်းယုကျီး မကြားလိုက်ဘူးအထင်နဲ့ စူစူလေး ထပ်ပြောပြလိုက်ပါသည်။
“ချင်းစူစူ!” ချင်းယုကျီး ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူစူလေးရဲ့ ပခုံးလေးတွေပေါ် လက်တင်ကာ မျက်လုံးချင်း ဆုံအောာင် ကြည့်လိုက်သည်။
“ဟမ်”။ စူစူလေးက ခေါင်းလေးစောင်းပြီး ချင်းယုကျီးကို နားမလည်နိုင်စွာ ကြည့်နေပါသည်။
“ငါ့ကျတော့ နင့်စိတ်ကူးနဲ့နင် တစ်ခါမှ ပုံမပြောပြဖူးဘူး! ချော့လည်း မသိပ်ဖူးဘူး!” ချင်းယုကျီး မကျေနပ်ပါ။
ဘာလို့လဲ။ ဘာလို့ အာ့ချဲကျတော့ ဒီလို အခွင့်ထူးမျိုးရပြီး သူ့ကျတော့ မရနိုင်တာလဲ။
“ဒါပေမယ့် အရင်တစ်ခေါက်က နင့်ကို ပုံပြောပြဖူးတယ်လေ။ နင့်အခန်းထဲမှာတောင် လာအိပ်ဖူးတယ်”။ စူစူလေးက ပြန်ပြောလိုက်သည်။
“မတူဘူး! အရင်တစ်ခေါက်က နင့်စိတ်ကူးနဲ့နင် လာပြောတာ မဟုတ်ဘူး။ ငါဒဏ်ရာ ရနေလို့ ငါ့ကို ပုံလာပြောပြတာ! ပြီးတော့ နင်မတော်တဆ အိပ်ပျော်သွားလို့သာ ငါ့အခန်းထဲမှာ ဆက်အိပ်ခဲ့တာမလား”
ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်တဲ့အရာနဲ့ မတော်တဆ လုပ်မိတဲ့အရာ မတူညီနိုင်ပါ။
ချင်းယုကျီး မနာလိုဖြစ်နေပါသည်။ တော်တော်လေး မနာလိုဖြစ်နေပါပြီ။
“အဲ့တာ မတူဘူးလား”
“ဒါပေါ့ ဘယ်တူပါ့မလဲ! စူစူလေး နင်ဘက်လိုက်လို့ မရဘူးနော်! သူက ကြည့်ကောင်းပေမယ့် ငါလည်း ရုပ်မဆိုးပါဘူး! ကျောင်းမှာ ငါ့ကို ကြိုက်တဲ့ကောင်မလေးတွေ အများကြီးရှိတယ်!”
“ဪ”
အဲ့တာအရေးကြီးလို့လား။
“စူစူလေး! ငါက နင့်ရဲ့ ပထမဆုံး တူလေးနော်! နောက်ပိုင်း တခြားတူလေးတွေ အများကြီးနဲ့ ဆုံရဦးမှာဆိုပေမယ့် ငါက အမြဲတမ်း နင့်ရဲ့ ပထမဆုံး တူလေး ဖြစ်ရမှာ ဟုတ်တယ်မလား”
“ဪ”
ပထမဆိုလည်း ပထမပဲပေါ့။
“မပြီးသေးဘူး ချင်းစူစူ။ ငါတို့ စတွေ့တုန်းက နင့်ကို ကောင်းကောင်းမွန်မွန် မခေါ်ခဲ့တာအပြင် ငါ့ကို တခြား မကျေနပ်တဲ့ ကိစ္စ ရှိသေးလား”
တစ်နေ့ကျလျှင် သူ့အစ်ကိုကြီးတွေနဲ့ မေတ္တာပြိုင်လုနေရလိမ့်မည်ဟု ချင်းယုကျီး တစ်ခါမှ မတွေးဖူးပါ။
တစ်ဖက်မှာတော့ ချင်းယုကျီး ကိုယ့်အပြုအမူကိုယ် ရှက်မိသည်။ တစ်ဖက်မှာလည်း စူစူလေး သဘောအကျဆုံး တူလေး ဖြစ်ချင်စိတ်ကို ထိန်းမရပါ။
သူရူးနေပြီလား?! ချင်းယုကျီး ချင်းယုကျီး ဘာလို့ အဲ့လောက် မနာလို ဖြစ်နရတာလဲ?! ဒီသတ္တဝါလေးက ချစ်ဖို့ကောင်းတယ် ဆိုပေမယ့် မင်းအဲ့လောက်ထိ အရှက်မရှိဘဲ မနေပါဘူး ဟုတ်တယ်မလား…။
“အခုလက်ရှိ နင်ငါ့ကို ခေါ်တဲ့ပုံစံကလည်း မကောင်းပါဘူး”။ စူစူလေးက ပြန်ပြောလိုက်သည်။
“အခုလက်ရှိ ခေါ်တဲ့ပုံစံ…?”
“နင်က ငါ့တူလေးလေ။ ဒါပေမယ့် ငါ့နာမည်အရင်းကို ခေါ်နေတယ်။ အဲ့တာ အရမ်းဆိုးတယ်”
“ဘာ…”။ ချင်းယုကျီး ဆွံ့အသွားသည်။ သူမ ပြောတာ မှန်တော့ မှန်ပါသည်။
သို့သော်လည်း မခံချင်စိတ်ဖြင့် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် နင့်တူ အာ့ချဲကလည်း နင့်ကို ‘ဒေါ်လေး’လို့ ခေါ်လို့လား။ မခေါ်ဘဲ သူ့ကျတော့ ဘာလို့ အဲ့လောက်ကောင်းပြနေတာလဲ”
“ငါ့တူချောလေးက ငါ့အတွက် အရသာရှိတာတွေ ချက်ကျွေးတယ်လေ။ ငါ့တူလေး ယုကျီးက အဲ့လို လုပ်တတ်လို့လား” စူစူလေး မေးလိုက်သည်။
ချင်းယုကျီး ထပ်မံဆွံ့အသွားခဲ့ရသည်။
မချက်တတ်ပါ။ သူ့အတွက် အချက်အပြုတ်ဆိုတာ တခြားကမ္ဘာက ပညာရပ်တစ်ခုဖြစ်သည်။
သူတို့ မိသားစုတစ်စုလုံးမှာ အာ့ချဲကသာ အချက်အပြုတ်တော်ပါသည်။
ထို့နောက် စူစူလေးရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်မည့် တခြား အားသာချက်တစ်ခုခု သူ့မှာ ရှိနေမလား ချင်းယုကျီး စဉ်းစားလိုက်သည်။
အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် တခြားညီအစ်ကိုတွေမှာမရှိဘဲ သူ့မှာပဲရှိပြီး သူကြွားဝါနိုင်သည့် တစ်ခုတည်းသော အားသာချက်က “ရန်ဖြစ်တတ်ခြင်း”ပဲ ဖြစ်သည်။
ပြဿနာက စူစူလေးမှာ အလွန်အတိုက်အခိုက်ကျွမ်းပြီးသား ဖြစ်သည်။ ထို့ကြောင့် ချင်းယုကျီး ဘာမှ သွားကြွားလို့ မရပါ။
ထို့ကြောင့် စူစူလေး အမြင်မှာ ဒီတူလေးက ဘာဆွဲဆောင်မှုမှ ရှိမနေပေ။
သေချာစဉ်းစားပြီးနောက် စူစူလေးကို ချင်းယုကျီး မေးးလိုက်သည်။ “အဲ့တာဆို ငါနင့်ကို ‘ဒေါ်လေး’လို့ ခေါ်ရင် တခြား တူလေးတွေထက် ငါ့ကို ပိုဂရုစိုက်မှာလား”