အခန်း (၁၇၈+၁၇၉)
Vol. 8 Ch. 178+179
အခန်း(၁၇၈) ဒေါ်လေးနဲ့ ချင်းယုကျီး စကားပြောခြင်း (၂)
“အဲ…”။ စူစူလေး လေးလေးနက်နက် စဉ်းစားလိုက်သည်။ “အဲ့တာဆို နင်က ငါ့ကို ဒေါ်လေးလို့ ပထမဆုံး ခေါ်တဲ့ တူလေး ဖြစ်လာမှာ! မတူတော့ဘူး!”
စူစူလေးက အတည်ပြုပေးလိုက်သောအခါ ချင်းယုကျီး စိတ်လှုပ်ရှားသွား၏။
အပေးအယူက ဆိုးတော့ မဆိုးဘူးပဲ။
နောက်ပိုင်း တခြားတူလေးတွေ ဘယ်နှယောက်ပဲ ထပ်ရောက်လာပါစေ စူစူလေးရင်ထဲက ထူးခြားတဲ့နေရာတစ်ခုမှာ သူရှိနေဦးမှာ ဖြစ်သည်။
ထိုသို့သေချာစဉ်းစားပြီးနောက် ဒေါ်လေးလို့ ခေါ်ရမှာ တန်သည်ဟု ချင်းယုကျီး ဆုံးဖြတ်လိုက်ပါသည်။
“ဟုတ်ပြီလေ။ အဲ့တာဆို အနားမှာ ဘယ်သူမှမရှိရင် ငါနင့်ကို ဒေါ်လေးလို့ ခေါ်မယ်။ အနားမှာ လူတွေ ရှိနေရင်တော့ နင့်နာမည်အတိုင်းပဲ ခေါ်မယ် ရလား”။ ချင်းယုကျီးက ညှိနှိုင်းလိုက်သည်။
သူမကို ဒေါ်လေးဟု ခေါ်နိုင်သော်လည်း တခြားသူတွေ ကြားလို့တော့ မဖြစ်ပါ။
“ဘာလို့လဲ”
“ဘာလို့ အမြဲတမ်း ‘ဘာလို့လဲ’လို့ မေးနေတာလဲ”
ဒီအသက်အရွယ် ကလေးမလေးတွေအကုန်လုံး အမေးအမြန်းထူကြတာလား။
“ဪ~ အဲ့တာဆိုလည်း မမေးတော့ပါဘူး။ ငါ့တူချောလေးဆီပဲ သွားတော့မယ်”
ထို့နောက် စူစူလေးက ချင်းယုချဲ၏ တံခါးကို ဆက်ခေါက်နေလိုက်ပါသည်။
ချင်းယုကျီးက စူစူလေးကို သူ့ဘက်သို့ အမြန်ပြန်လှည့်လိုက်သည်။
“ဟုတ်ပါပြီဟ ဟုတ်ပါပြီ။ ငါရှင်းပြပါ့မယ်”။ ချင်းယုကျီးက အမြန်ပြောလိုက်သည်။ “တခြားသူတွေရှိနေရင် ခေါ်ရမှာ ခက်လို့လေ။ နင်က ငါ့ထက် အများကြီးငယ်တော့ ဒေါ်လေးလို့ ခေါ်ရမှာ ရှက်လို့…”
စူစူလေးက ထိုအကြောင်းပြချက်ကို လက်ခံသလိုလို ရှိပါသည်။ သူမ ကိုယ်တိုင်တော့ တစ်ခါမှ ရှက်ရွံ့သည့် စိတ်ကို မခံစားဖူးပါ။ သို့သော် သူမ ဖေဖေနမ်းတိုင်း သူမမေမေ ရှက်သွားလေ့ရှိတာကို မြင်ဖူးပါသည်။
“ပြီးရော”။ စူစူလေးက ချင်းယုကျီးရဲ့ ရှင်းပြချက်ကို လက်ခံလိုက်ပါသည်။
“ပြီးတော့ နင့်ကို ငါ ဒေါ်လေးလို့ ခေါ်တာ တခြား ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်!” ချင်းယုကျီး ထပ်ပြောလိုက်သည်။
“အင်းပါ”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
ဟူကျစ်လေးကလည်း သူ့သခင်လိုပဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောတူနေပါသည်။
ဟူကျစ်ခေါင်းငြိမ့်နေတာကို မြင်ပြီး ချင်းယုကျီး တွေးလိုက်သည်။
မင်းက ဘာတွေခေါင်းငြိမ့်နေတာလဲ။ သူများတွေကို မင်းလိုက်ပြောနိုင်လို့လား။
စူစူလေး၏ သဘောတူညီချက်ကို ရပြီးနောက် ချင်းယုကျီး သတ္တိမွေးကာ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပါသည်။
ဒီလို ချစ်ဖို့ကောင်းပြီး နူးညံ့သည့် မျက်နှာလေးနဲ့ ကလေးမလေးကို ဒေါ်လေးဟု ခေါ်ရမှာ မလွယ်ကူပါ။
စူစူလေးက သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။
ချင်းယုကျီးက အသက်ဝဝ ရှူလိုက်ပြီး ‘လုပ်စရာရှိတာ မြန်မြန်လုပ်ပြီးရင် ပြီးတာပဲ’ဟူသည့် အတွေးဖြင့် မြန်နိုင်သမျှ မြန်အောင် ခေါ်လိုက်တော့သည်။
“ဒေါ်လေး!!”
ကျွီ-- သူတို့နောက်က တံခါး ပွင့်သွားပါသည်။
“မင်းတို့ ဘာလုပ်နေတာလဲ”။ ချင်းယုချဲက တံခါးဝမှ သူတို့နှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။
ချင်းယုချဲ ရုတ်တရက် ပေါ်လာတာကို မြင်သောအခါ ချင်းယုကျီး ကြက်သေသေသွား၏။
သူဘယ်လို ပေါ်လာတာလဲ?!
စူစူလေးကို ဘယ်သူမှ ပြန်မပြောဖို့ ခုလေးတင် ကတိတောင်းထားတာကို!!
“အာ့ချဲ… မင်းတစ်ခုခု ကြားလိုက်သေးလား”
ချင်းယုကျီးရင်ထဲမှာ မျှော်လင့်ချက်တော့ ရှိပါသေးသည်။ တံခါးက ထူသဖြင့် စူစူလေးကို ဒေါ်လေးဟု ခေါ်လိုက်သည့် သူ့အသံအား ချင်းယုချဲ ကြားချင်မှ ကြားပါလိမ့်မည်။
“ဘာမှ ထူးထူးခြားခြားတော့ မကြားပါဘူး။ မင်း ဒေါ်လေးလို့ခေါ်တဲ့ အသံပဲ ကြားလိုက်တာ”။ ချင်းယုချဲက ခံစားချက် မဲ့စွာ ပြောလိုက်သည်။
ပထမ တစ်ခွန်းကို ကြားပြီး ချင်းယုကျီး စိတ်အေးရုံရှိသေးသည်။ နောက်စကားတစ်ခွန်းကြောင့် ချင်းယုကျီး ချက်ချင်း သတိလစ်ချင်သွား၏။
လခွမ်း!
သူကြားသွားပြီ!
ချင်းယုကျီး တွေ့ရာတွင်းထဲ ဝင်အောင်းကာ ပုန်းနေလိုက်ချင်တော့သည်။
“မင်းဘာလို့ ကြားသွားတာလဲကွာ?! ဘာလို့ ကြားသွားရတာလဲ?!”။ ချင်းယုကျီး ငြီးတွားလိုက်ပါသည်။
ချင်းယုချဲက ချင်းယုကျီးကို အေးတိအေးစက်ကြည့်နေသည်။ သူဘာကြောင့် ဒရမ်မာတွေ ခင်းနေသလဲ နားမလည်ပါ။
“မင်းတို့ ငါ့တံခါးရှေ့မှာ စကားလာပြောနေတာကိုး”
ချင်းယုချဲက ခိုးနားထောင်ဖို့ စိတ်ကူးမရှိပါ။ ချင်းယုကျီးနဲ့ စူစူလေးတို့က သူ့တံခါးရှေ့မှာ စကားပြောနေတာကြောင့် အကုန်ကြားသွားခြင်းဖြစ်ပါသည်။
ချင်းယုကျီးက ချင်းယုချဲကို ချက်ချင်း ထဖက်လိုက်သည်။ “အာ့ချဲ ငါ့ကို ကတိပေးစမ်းပါ။ ခုနက ကြားခဲ့တာကို မေ့ပေးလို့ ရမလား”
… … …
အခန်း(၁၇၉) တူချောလေးကို ချော့သိပ်ခြင်း
“ဘယ်သူ့ကိုမှ ပြန်မပြောဘူး။ ငါ့ကိုလွှတ်”။ ချင်းယုကျီးရဲ့ စိတ်အားထက်သန်မှုကြောင့် ချင်းယုချဲ နေရခက်နေပါသည်။
ချင်းယုချဲ၏ ရုန်းကန်မှုကြောင့် ချင်းယုကျီး ပြန်လွှတ်ပေးလိုက်ပါသည်။
“အာ့ချဲ မင်းစကာဆိုတော့ ငါယုံပါတယ်!”။ ချင်းယုကျီး ခေါင်းငြိမ့်လိုက်ပြီး စိတ်အေးသွားပါသည်။
ကြားသွားတာ ချင်ယုချဲဖြစ်နေလို့ တော်သေးသည်။ သူ့အစ်ကိုအရင်းသာ ကြားသွားလျှင် မနက်ဖြန်လောက်ဆို တစ်ကမ္ဘာလုံး သိသွားလောက်ပြီ။
စူစူလေးက ပြုံးကာ ပြောလိုက်ပါသည်။ “တူချောလေး နင့်ညီလေး ဘယ်လောက် လိမ္မာလာလဲ ကြည့်စမ်းပါဦး”
အခု သူမကို ဒေါ်လေးဟုပင် ခေါ်နေလေပြီ။ ဒါလိမ္မာလာတဲ့ လက္ခဏာ မဟုတ်ဘူးလား”
“အင်း…”။ ချင်းယုချဲက စူစူလေးကို မျက်မှောင်အနည်းငယ် ကြုတ်ကာ ကြည့်လိုက်သည်။
“တူချောလေး အခန်းထဲဝင်ပြီး အိပ်ရအောင်” စူစူလေးက ပြောပြောဆိုဆိုနဲ့ ချင်းယုချဲ၏ လက်ကို တွဲလိုက်ပါသည်။
သူ့လက်ဖဝါးထဲသို့ နူးညံ့ပြီး သေးငယ်သော အရာတစ်ခု ရောက်လာတာကို ချင်းယုချဲ ခံစားမိပါသည်။ ထိုလက် သေးသေးလေးကို ညှစ်ကြည့်လိုက်လျှင် ဘယ်လိုခံစားရမလဲ ချင်းယုချဲ သိချင်မိသည်။ ဂျုံမုန့်ညက်တစ်ခုကို ညှစ်ရတာနဲ့ တူနေမလား။
ထိုအတွေးဖြင့် ချင်းယုချဲ သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး စူစူလေးရဲ့ လက်သေးသေးလေးကို ညှစ်ကြည့်လိုက်ပါသည်။
အင်း… ဂျုံမုန့်ညက်ကို ညှစ်ရတာထက် ပိုကောင်းသားပဲ။
ချင်းယုချဲ တွေဝေနေစဉ် စူစူလေးက သူ့ကို အခန်းထဲ ဆွဲခေါ်သွားပြီး တံခါးပိတ်ပြစ်လိုက်သည်။ ချင်းယုကျီး တစ်ယောက်တည်း အပြင်မှာကျန်ခဲ့ပါသည်။
ဘာလဲဟ?!
စူစူလေး ချင်းယုချဲ အခန်းထဲဝင်သွားပြီလား။
ချင်းယုချဲကို ပုံပြောပြပြီး ချော့သိပ်တော့မှာလား။
ဒီလိုမဖြစ်အောင် သူကြိုးစားခဲ့တာတွေ အလကားဖြစ်သွားပြီပေါ့။
ချင်းယုကျီး ခေါင်းစိုက်ကျသွားလေသည်…။
အခန်းထဲမှာ စူစူလေးနဲ့ ဟူကျစ်တို့ ချင်းယုချဲ၏ ကုတင်ပေါ် တက်လိုက်ကြပါသည်။
“တူချောလေး ဒီမှာလာအိပ် ပုံပြောပြမယ်!”
စူစူလေးက ကုတင်ပေါ်မှာ ထိုင်ပြီး ချိုချိုမြိန်မြိန် အပြုံးလေးပြုံဂကာ ချင်းယုချဲအား တောက်ပသော မျက်လုံးလေးများ ဖြင့် ကြည့်နေပါသည်။
“မြောင်~ မြောင်~”။ ဟူကျစ်က နူးနူးညံ့ညံ့စောင်ပေါ်မှာ လှဲလျောင်းနေပြီး ပျင်းရိပျင်းတွဲ အော်လိုက်ပါသည်။
ချင်းယုချဲက ထိုမြင်ကွင်းကို မြင်ပြီး ဖော်မပြနိုင်သည့် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသော်လည်း လမ်းပျောက်နေခဲ့ပါသည်။
ချင်းယုချဲ မလှုပ်တာကို မြင်သောအခါ စူစူလေးက ကုတင်ခြေရင်းသို့ တွားသွားလိုက်ပြီး ချင်းယုချဲအား ကုတင်ပေါ်မှာ ဆွဲထိုင်ခိုင်းလိုက်သည်။
ချင်းယုချဲကလည်း မခုခံဘဲ စူစူလေး ဖြစ်စေချင်သည့်အတိုင်း ကုတင်စွန်းမှာ ထိုင်လိုက်ပါသည်။
“ဘာပုံပြင် နားထောင်ချင်လဲ။ ငါ ပုံပြင်တွေ အများကြီး သိတယ်!”။ စူစူလေးက ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်ပါသည်။
ချင်းယုချဲက စူစူလေးကို အချိန်အကြာကြီး တွေဝေစွာ စိုက်ကြည့်နေပြီး ဘာမှမပြောနိုင်ခဲ့ပါ။
“ဒါဆိုလည်း ငါရွေးပေးမယ်! စွန်းဝူခုန်းနဲ့ အဖြူရောင် မိန်းမတို့ရဲ့ တိုက်ပွဲအကြောင်း ပြောပြမယ်!”။ ချင်းယုချဲအတွက် ပုံပြင်ကို စူစူလေး ရွေးပေးလိုက်ပါသည်။
စူစူလေးက ငယ်သေးသဖြင့် စူဝူခုန်းနဲ့ အရိုးဖြူမိစ္ဆာမတို့ရဲ့ တိုက်ပွဲဆိုတာကို မပြောတတ်သေးပါ။ ထို့ကြောင့် သူမ ပြောတတ်သည့်အတိုင်း စွန်းဝူခန်းနဲ့ အဖြူရောင်မိန်းမဟူ၍သာ ရိုးရိုးရှင်းရှင်း ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း အဖြူရောင် မိန်းမက ဘာအပြစ်များ လုပ်မိလို့ စွန်းဝူခုန်းရိုက်တာကို ခံရတာလဲ မသိပေ။
စူစူလေးက အားကြိုးမာန်တက် ပုံပြင်ပြောပြနေသည်။ ချင်းယုချဲကလည်း သူမပြောသည့် ပုံပြင်ကို သေချာ နားထောင်ပြီး နားလည်အောင် ကြိုးစားနေပါသည်။
သို့သော်လည်း ၅ မိနစ်ခန့် ကြာသောအခါ…
စူစူလေးနဲ့ ဟူကျစ်တို့ နှစ်ယောက်စလုံး ကုတင်ပေါ်မှာ အိပ်ပျော်သွားလေပြီ…
“… … …”
ယုချဲကို ချော့သိပ်မည်ဟု ကတိပေးထားသော်လည်း ၅ မိနစ်အတွင်း သူမက အရင် အိပ်ပျော်သွားသည်။
စူစူလေးနဲ့ ဟူကျစ်တို့ နှစ်ယောက်စလုံး အိပ်ပျော်နေတာတောင် ချစ်ဖို့ကောင်းလွန်းသဖြင့် မျက်နှာလေးကို ဆွဲညှစ်ချင်လာသည်။
ချင်းယုချဲက သူတို့ကို ငေးကြည့်ရင်း စူစူလေးရဲ့ မျက်နှာလေးကို လက်ဖြင့် နူးနူးညံ့ညံ့ ထိကြည့်လိုက်ပါသည်။
ထို့နောက် သူနောင်တရသွား၏။
သူဘာတွေ လုပ်နေတာလဲ?!
အသိစိတ်ပြန်ဝင်လာပြီးနောက် ဒီအခန်းကို စူစူလေးအား ပေးလိုက်ရမလား၊ သို့မဟုတ် စူစူလေးကို သူမ အခန်းထဲ ပြန်ချီ ပို့ပေးလိုက်ရမလား ချင်းယုချဲစဉ်းစားလိုက်ပါသည်။