← Chapters

အခန်း (၁၈၂+၁၈၃)

Vol. 8 Ch. 182+183

အခန်း (၁၈၂+၁၈၃)

Vol. 8 Ch. 182+183

အခန်း(၁၈၂) လိမ်တာက ကလေးဆိုးတွေ လုပ်တာ

ချင်းလောင်ယွင်က သူမ အဘွားဘေးမှာ ထိုင်ရင်း တခြားသူတွေနဲ့ စကားပြောတာကို နားထောင်နေပါသည်။

သူမ အဘွားပြောတာတွေက မှန်သလား မှားသလားဆိုတာ ချင်းလောင်ယွင် မသိပါ။ သို့သော်လည်း သူမ အဘွားကို ယုံကြည်ပါသည်။ ထို့ကြောင့် သူမ အဘွားကတစ်ခုခု ပြောလျှင် အကြောင်းအရင်းရှိလို့ ပြောတာသာ ဖြစ်လိမ့်မည်။

ချင်းစူစူက မျိုးမစစ်လေး ဖြစ်မှန်း ချင်းလောင်ယွင် အခုမှ သိရသည်။

ဒါ့ကြောင့်လည်း အရမ်းဆိုးသွမ်းနေတာကိုး။ သူမ အဘိုးအဘွားတွေနဲ့ သူမကိုပါ အနိုင်ကျင့်ခဲ့သေးသည်။ အခုတော့ သူမ အားလုံး နားလည်သွားပါပြီ။

တခြားသူတွေနဲ့ စကားပြောပြီးနောက် ဟုံပေါင်ကျူးက ချင်းလောင်ယွင်ကို မေးလိုက်ပါသည်။ “ယွင်ယွင်လေး၊ ဘွားဘွား သင်ပေးထားတာကို မှတ်မိသေးလား။ မူကြိုမှာ တခြားကလေးတွေကို ဘယ်လိုပြောရမလဲဆိုတာ မှတ်မိလား”

ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်သည်။ “မှတ်မိပါတယ်။ စူစူလေးက မျိုးမစစ်လေးမို့လို့ သူနဲ့အတူတူ မကစားသင့်ဘူးလို့ ပြောရမှာ”

“ဘယ်ကနေ ကြားလာတာလဲလို့ သမီးကို မေးကြရင်ကော? ဘယ်လိုဖြေမလဲ”

“မသိဘူး တခြားသူတွေပြောတာကို ကြားတာလို့ ပြောရမယ်”။ ချင်းလောင်ယွင်က ပြန်ဖြေလိုက်သည်။

“ဟုတ်တာပေါ့။ ငါတို့ယွင်ယွင်လေးက တော်လိုက်တာ!”။ ဟုံပေါင်ကျူးက ချင်းလောင်ယွင်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပါသည်။

ချင်းလောင်ယွင်က သူမ အဘွား၏ ချီးကျူးမှုကို ခံရသည့်အတွက်အလွန်ကျေနပ်သွားပါသည်။

“ဒါပေမယ့် ဘွားဘွား… သမီးတို့ ဘာလို့အဲ့လို ပြောရတာလဲ”။ ချင်းလောင်ယွင်က နားမလည်စွာ ပြန်မေးလိုက်ပါသည်။

“ဘာလို့လဲဆိုတော့ ဘွားဘွားတို့ အဲ့လိုပြောမှ သမီးဘကြီးက ဘွားဘွားတို့ကို ပိုက်ဆံပေးမှာ။ အဲ့တာဆို ဟိုလူဆိုးကြီးတွေ ဘွားဘွားတို့ အိမ်က ပစ္စည်းတွေကို လာယူမှာ မဟုတ်တော့ဘူး။ အဲ့ဒီလူဆိုးကြီးတွေ ဘွားဘွားတို့အိမ်က ပစ္စည်းတွေ လာယူသွားတာကို ယွင်ယွင်လေးကော ကြိုက်လို့လား”

ချင်းလောင်ယွင် ချက်ချင်း ခေါင်းခါလိုက်ပါသည်။ “မကြိုက်ဘူး! သူတို့ကို မုန်းတယ်! သမီးတို့ TV ကိုတောင် ယူသွားတာ!”

ထိုလူတွေ အိမ်ထဲဝင်လာတုန်းက ချင်းလောင်ယွင် အလွန်ကြောက်သွားခဲ့သည်။ ချောင်ထဲမှာ ပုန်းနေရပြီး ထွက်မလာရဲခဲ့ပါ။

လူတွေအများကြီး သူမ အိမ်ကိုရောက်လာကာ ဆဲဆိုကြိမ်းမောင်းလျက် ပစ္စည်းတွေ ဘာကြောင့် ယူသွားခဲ့သလဲ ချင်းလောင်ယွင် နားမလည်ပါ။

“အင်း အဲ့တာဆို ဘွားဘွား သင်ပေးထားတဲ့အတိုင်းပဲ သေချာလုပ်နော်။ ဘွားဘွားတို့ကို သမီးဘကြီး ပိုက်ဆံပေးတာနဲ့ အဲ့လိုတွေ ပြောစရာမလိုတော့ဘူး”။ ဟုံပေါင်ကျူး ပြောလိုက်ပါသည်။

“ဟုတ်ကဲ့!”။ ချင်းလောင်ယွင်က လိမ်လိမ်မာမာ ခေါင်းငြိမ့်လိုက်ပါသည်။

--- --- ---

နောက်နေ့ စူစူလေး ပုံမှန်အတိုင်းပဲ မူကြိုကျောင်းသို့ သွားခဲ့ပါသည်။

ကစားချိန်ရောက်သောအခါ တခြားကလေးတွေနဲ့ ပုံမှန်အတိုင်း ကစားခဲ့ပါသည်။

သို့သော်လည်း ဒီနေ့ သူမ ရောက်လာသောအခါ ကလေးတချို့က သူကို ရှောင်သွားကြသည်။

“ငါတို့ မျိုးမစစ်လေးတွေနဲ့ မကစားဘူး!”

“နင်က မျိုးမစစ်လေးလို့ ယွင်ယွင်က ပြောတယ်။ နင်နဲ့ ကစားရင် ငါတို့ပါ မျိုးမစစ်ဖြစ်သွားမယ်တဲ့။ ငါတို့ အဲ့လို မဖြစ်ချင်ဘူး!”

“စူစူ နင့်ကို နင့်ဖေဖေနဲ့ မေမေက မွေးထားတာ မဟုတ်ဘူးဆိုတာ တကယ်လားဟင်”

“… … …”

မျိုးမစစ်ဆိုတာ ဘာမှန်းတောင် ကလေးတွေ ကောင်းကောင်း မသိကြပါ။

အလွန်ဆိုးရွားသည့် ကိစ္စဖြစ်မည်ဟုသာ ခံစားမိကြခြင်းဖြစ်သည်။

ဒီအသက်အရွယ် ကလေးတွေက သူများလုပ်တာကို လိုက်လုပ်တတ်ကြသဖြင့် တစ်ယောက်ယောက်က မကောင်းဘူး ပြောလိုက်လျှင် အကုန်မကောင်းဘူး လိုက်ပြောတတ်ကြပါသည်။

“မျိုးမစစ်ဆိုတာဘာလဲ။ ငါ့ကို ငါ့ဖေဖေနဲ့ မေမေက မွေးထားတာ မဟုတ်ဘူးလို့ ဘယ်သူပြောလဲ?!” စူစူလေးက ခါးထောက်ပြီး ဒေါကြီးမောကြီး မေးလိုက်သည်။

“ယွင်ယွင်ပြောတာ! ပြီးတော့ ယွင်ယွင်က ပြောသေးတယ်… နင်က မျိုးမစစ်မို့လို့ နင့်နောက်ကို ကြက်တွေ လိုက်အောင် လုပ်နိုင်ပြီး မြင်းအကြီးကြီး စီးလို့ရတယ်တဲ့…”။ (???)

ကျန်းရှောင်းယီ သတ္တိမွေးလိုက်ပြီး ပြောလိုက်ပါသည်။

စူစူလေးက သူတို့တွေကို ဘာမှဆက်မပြောတော့ဘဲ ချင်းလောင်ယွင်ဆီ တန်းတန်းမတ်မတ် သွားလိုက်သည်။ “နင်ဘာလို့ ငါ့အကြောင်းတွေ လျှောက်ပြောနေတာလဲ?! နင်ကလေးဆိုးပဲ!”

“ငါ ကလေးဆိုး မဟုတ်ဘူး!”။ စူစူလေးနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရဖူးသဖြင့် ချင်းလောင်ယွင် သူမကို မကြောက်တော့ပါ။

“လိမ်တာက ကလေးဆိုးတွေပဲ လုပ်တာ!”

“ငါ့ကို အဲ့လိုမပြောနဲ့။ ငါက သူများဆီက ကြားတာ။ ငါလိမ်တာမဟုတ်ဘူး!”

ချင်းလောင်ယွင်က သူမ လိမ်ညာနေတာ မဟုတ်မှန်း ယုံကြည်သဖြင့် ပြန်ပြောလိုက်ပါသည်။

“သူများဆိုတာ ဘယ်သူလဲ”

“သူများဆိုတာ… သူများပဲပေါ့! ဘာ- ဘာပဲဖြစ်ဖြစ် အကုန်လုံးက အဲ့လိုပဲ ပြောနေကြတာ!”။ ချင်းလောင်ယွင် အဘွားပြောခဲ့တာကို အနည်းငယ် မေ့သွားသော်လည်း အမြန် ပြန်စဉ်းစားလိုက်ပါသည်။

… … …

အခန်း(၁၈၃) စူစူလေးရဲ့ ဟိန်းဟောက်သံ

“နင်လိမ်နေတာ! ငါ့ကို ငါ့ဖေဖေနဲ့ မေမေက မွေးထားတာ!”။ စူစူလေး ပါးတွေ ဖောင်းလာပါပြီ။

“ငါမလိမ်ဘူး! လူကြီးတွေက အဲ့လိုပဲပြောတာ! နင်က လူကြီးမှ မဟုတ်တာ နင့်ဖေဖေနဲ့ မေမေက နင့်ကို မွေးထားမှန်း နင်ဘယ်လိုလုပ်သိမှာလဲ”။

“ဒီတိုင်းသိတာ! ငါက ဖေဖေနဲ့ မေမေ့ရဲ့ သမီးလေး! မဟုတ်ဘူးလို့ မပြောနဲ့!”

စူစူလေး တစ်ယောက်ယောက်ကို ထိုးပြီး လွင့်ထွက်သွားအောင် လုပ်ချင်နေသည်။ သို့သော်လည်း ကလေးလေး တစ်ယောက်ကို ထိုးလို့ မဖြစ်ပါ။

လူဆိုးတွေကိုသာ ထိုးကြိတ်မည်ဟု ဖေဖေနဲ့ မေမေ့ကို ကတိပေးထားပါသည်။ ကလေးဆိုးတွေကိုတော့ ထိုးကြိတ်လို့ မရပါ။

ကလေးတွေ ဆိုးသွမ်းလျှင် ထိုးကြိတ်ရမှာ မဟုတ်ဘဲ ကောင်းကောင်း ဆုံးမသွင်သင် ပေးရမည်ဟု မေမေက ပြောဖူးသည်။

ထို့အပြင် အသက် ၁၀၃နှစ်ခွဲ အရွယ် နတ်သားရဲတစ်ကောင်အနေဖြင့် ကလေးလေးတစ်ယောက်ကို ထိုးကြိတ်လိုက်လျင် စူစူလေး အနိုင်ကျင့်ရာ ကျပါလိမ့်မည်။

“နင်မွေးတုန်းက သေးသေးလေးပဲရှိသေးတာ။ နင့်ဖေဖေ မေမေက နင့်ကို မွေးထားတာ ဟုတ်မဟုတ် နင်ဘယ်လိုလုပ် သိမှာလဲ။ ငါ့ဘွားဘွားက နင်မသိပေမယ့် သူသိတယ်လို့ ပြောတယ်!”။ သူမ အဘိုးအဘွားတွေ ပြောထားတာကို ချင်းလောင်ယွင် ရာနှုန်းပြည့် ယုံကြည်ပါသည်။

“ငါသိတယ်လို့ ပြောနေတယ်! ငါက ဖေဖေနဲ့ မေမေ့ရဲ့ သမီးလေးပဲ! နင့်အဘွားက မဟုတ်တာတွေ ပြောနေတာ! နင်လည်း ပါတယ်! ငါ့ကို မျိုးမစစ်လေးလို့ ထပ်ခေါ်ရင် ငါဒေါသထွက်မှာနော်!”

“ငါ့အဘွားက မလိမ်ဘူး! ငါတို့ကို ဘယ်လိုမွေးပေးခဲ့သလဲဆိုတာ ငါတို့လည်း မသိဘူး။ အဲ့တာကြောင့် နင်လည်း သိမှာမဟုတ်ဘူး။ ငါ့အဘွားပြောတာ မှန်တယ် နင်က မျိုးမစစ်လေးပဲ!”။ ချင်းလောင်ယွင်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

“ငါသည်းမခံနိုင်တော့ဘူး! ဒေါသထွက်လာပြီ!!” စူစူလေး အော်ပြောလိုက်သည်။

“အား!!!!!!”

စူစူလေး ရုတ်တရက် အသံကျယ်ကြီး အော်လိုက်ပါသည်။

ထိုအသံက အလွန်ကြိမ်နှုန်းမြင့်သဖြင့် နားမခံနိုင်အောင် ရှိလှသည်။

ကလေးတွေ အကုန်လုံး မခံနိုင်သဖြင့် နားတွေကို လက်ဖြင့် အုပ်လိုက်မိကြသည်။

စူစူလေးနဲ့ အနီးဆုံးမှာ ရှိနေသည့် ချင်းလောင်ယွင်ကတော့ အော်သံကြေင့် အလွန်ချောက်ချားသွားပြီး ခြေထောက်တွေ မခိုင်တော့ဘဲ ကြမ်းပြင်ပေါ် လဲကျသွားပါသည်။

စူစူလေးရဲ့ အော်သံကို သူမ ဘာကြောင့် ကြောက်သွားတာလဲ ကိုယ့်ကိုယ်ကို နားမလည်နိုင်ပါ။ စူစူလေးရဲ့ ပုံစံက လုံးဝ ကြောက်ဖို့ မကောင်းပါ။

သို့သော်လည်း စူစူလေး ဟိန်းဟောက်လိုက်သောအခါ သူမ အကြောက်တရားကို ခံစားလိုက်ရသည်။

ထို့နောက် အပြင်မှာ မိုးတွေချုန်းကာ မိုးကြိုးတွေ ပစ်လာပါသည်။

ဝုန်း!

မိုးချုန်းသံ အကျယ်ကြီးတစ်သံကြောင့် ကလေးတစ်သိုက် အလွန်ကြောက်လန့်သွားကြသည်။

“ဗြဲ---”

မိုးချုန်းသံကို ကြောက်တတ်သော ကလေးတွေက စတင် ငိုကြွေးကြပါသည်။

ဝုန်း! ဂျိမ်း!

ဒုတိယ မိုးချုန်းသံက ပထမတစ်ခေါက်ထပ်တောင် ပိုကျယ်လောင်နေပြီး ကလေးတွေ ခေါင်းပေါ်တည့်တည့် ရောက်နေသလို ခံစားရသဖြင့် ကြောက်ဖို့ကောင်းလွန်းပါသည်။

“ဗြဲ!!! အီးဟီးဟီး!!!”။ ကလေးတွေ ပိုပြီး ငိုကြွေးကုန်ကြသည်။

ဆရာမများစွာက စာသင်ခန်းထဲ အပြေးဝင်လာကြပါသည်။

တစ်ခန်းလုံးက ကလေးတွေ အကုန် ငိုကြွေးနေတာကို မြင်သောအခါ ဆရာမတွေလည်း ဘာလုပ်ရမှန်းမသိ လမ်းပျောက်ကုန်သည်။

တစ်ယောက်ကို ချော့လိုက်လျှင် နောက်တစ်ယောက်က ထငိုပြန်သည်။

ဒီနေ့ကျမှ ရာသီဥတုက ဘယ်လိုဖြစ်တာလဲ ဆရာမတွေ နားမလည်နိုင်ပါ။ ခုနလေးတင် နေသာပြီး တိမ်တွေ ကင်းစင်နေသေးသည်။ မိုးလေဝသသတင်းကလည်း မိုးရွာမည့်အကြောင်း မထုတ်ပြန်ထားပါ။ သို့သော် ရုတ်တရက်ကြီး မိုးကြိုးတွေပစ်ကာ မိုးတွေချုန်းလာခဲ့သည်။

ကလေးတွေသာမကဘဲ ဆရာမတွေပါ ထိတ်လန့်သွားခဲ့ပါသည်။

မိုးကြိုးက သူမတို့ ခေါင်းတည့်တည့်ပေါ်မှာ ရှိနေသည့်အလား ကျယ်လောင်လွန်းပါသည်။

ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ ဆရာမတွေနောက်ကို အမြန်လိုက်သွားကြသည်။

ဒီနေ့ သူတို့နှစ်ယောက်စလုံး စူစူလေးကို မူကြိုကျောင်းခြံအပြင်မှ စောင့်ကြည့်နေကြတာဖြစ်သည်။

နေသာပြီး တိမ်ကင်းစင်နေတုန်းက သူတို့နှစ်ယောက် အမိုးပါသည့် နားနေထောင်လေးတစ်ခုမှာ ထိုင်ရင်း လက်ပ်တော့ တစ်လုံးစီနဲ့ အလုပ်ရှုပ်နေကြတာဖြစ်သည်။

ရုတ်တရက် မိုးချုန်းသံတွေ ကြားလိုက်ရသောအခါ နှစ်ယောက်စလုံး လန့်သွားပြီး စူစူလေးရှိရာ စာသင်ခန်းဆီသို့ ပြိုင်တူ ပြေးသွားခဲ့ကြသည်။

စာသင်ခန်းထဲ မဝင်ရသေးခင်မှာပင် ကလေးငိုသံတွေ အများကြီးကို သူတို့ ကြားနေရပါသည်။

“စူစူလေး…”

စာသင်ခန်းထဲက ကလေးတွေကြားထဲမှာ စူစူလေးကို ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ အမြန်လိုက်ရှာကြသည်။

နောက်ဆုံးတော့ ပြူတင်းပေါက်နားမှာ ရှိနေသည့် စူစူလေးအား မြင်သွားကြပါသည်။

“စူစူလေး ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား”။ ချင်းယုဟွိုင်းက စူစူလေးအနားသို့ ရောက်လာပြီး နူးညံ့သိမ်မွေ့စွာ မေးလိုက်ပါသည်။

All Chapters