← Chapters

အခန်း (၁၈၄+၁၈၅)

Vol. 8 Ch. 184+185

အခန်း (၁၈၄+၁၈၅)

Vol. 8 Ch. 184+185

အခန်း(၁၈၄) ကြည်လင်သော ကောင်းကင်

“အဲ့ဒီ ကလေးဆိုး! ငါ့ကို ဖေဖေနဲ့ မေမေက မွေးထားတာ မဟုတ်ဘူးလို့ ပြောနေတယ်! ငါက မျိုးမစစ်လေးဆိုပြီး ပြောနေတယ်! ငါတစ်ယောက်ယောက်ကို ထိုးချင်နေပြီ! ဒေါသထွက်လိုက်တာ!!”

အပြင်က မိုးချုန်းသံကြောင့် ကြောက်လန့်နေကြသော တခြား ကလေးတွေလို မဟုတ်ဘဲ စူစူလေးက ခါးထောက်ကာ ပါးလေးများဖောင်းလျက် ဒေါသတွေ ထွက်နေပါသည်။

သူမ အလွန်စိတ်တိုနေသော်လည်း ဘယ်သူ့ကိုမှ ထိုးလို့မရပါ။ ထို့ကြောင့် စိတ်ပိုတိုရသည်။

“အဲ့တာ ဘယ်သူပြောတာလဲ”။ ချင်းယုဟွိုင်းက သွေးအေးသော မျက်နှာဖြင့် မေးလိုက်သည်။

“အဲ့ဒီ ယွင်ယွင်လေ!”။ မလှမ်းမကမ်းတွင် ရှိနေသော ချင်းလောင်ယွင်အား စူစူလေး လက်ညှိုးထိုးပြလိုက်ပါသည်။

ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွားပြီးတစ်ခုခုကို လေးလေးနက်နက်စဉ်းစားလိုက်ပါသည်။

ထို့နောက် စူစူလေးအား ပြန်ပြောလိုက်သည်။ “စိတ်မဆိုးနဲ့တော့နော်။ ငါကလဲ့စား ပြန်ချေပေးမယ်”

“တူကြီးက ကလဲ့စား ပြန်ချေပေးမယ်ဟုတ်လား”။ စူစူလေး မှင်သက်စွာ မေးလိုက်သည်။

“ဟုတ်တာပေါ့။ ငါတို့က မိသားစုလေ။ နင်ပြဿနာ တက်တိုင်း ကာကွယ်ပေးရမယ်၊ ဂရုစိုက်ပေးရမယ်။ နင့်ကို စိတ်တိုခွင့် မပေးရဘူး။ သူများတွေကို အနိုင်ကျင့်ခွင့် မပေးရဘူး”။ ချင်းယုဟွိုင်းက ပြောလိုက်ပါသည်။။

“တူကြီးက လုပ်တတ်လို့လား” စူစူလေး မေးလိုက်သည်။

“ဒါပေါ့”။ ချင်းယုဟွိုင်းက ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်သည်။

“ငါကောပဲ ငါကောပဲ! စိတ်မဆိုးပါနဲ့ စူစူလေး။ ငါလည်း ကူညီပေးမယ်! ငါတို့အတူတူ အဲ့ဒီ ကောလဟာလလွှင်တဲ့ ကောင်တွေကို အပြစ်ပေးပြီး ငိုတဲ့အထိ လုပ်ပြစ်မယ်!”။ စန်းကျစ်က ဝင်ကြုံးဝါးလိုက်သည်။

“ဟုတ်ပြီ!”။ စူစူလေးက အားရပါးရ ခေါင်းငြိမ့်ရင်း သဘောတူလိုက်ပါသည်။

သူမကို ဖေဖေနဲ့ မေမေ့ရဲ့ သမီးမဟုတ်ဘူးဟု ပြောသူတွေအား ငိုသွားအောင် လုပ်ပြစ်ရမည်။

ချင်းယုဟွိုင်းက ချင်းလောင်ယွင်ကို ဂရုမစိုက်တော့ပါ။

သူမက ကလေးတစ်ယောက်သာ ဖြစ်သဖြင့် ပြဿနာ၏ ဇစ်မြစ်က အိမ်ကလူကြီးတွေသာ ဖြစ်နိုင်ပါသည်။

“သွားကြစို့” ချင်းယုဟွိုင်းက စူစူလေးကို ပွေ့ချီလိုက်ရင်း ပြောလိုက်ပါသည်။

“ဘယ်ကိုသွားမှာလဲ”။ စူစူလေးက မေးလိုက်သည်။

“နင့်အတွက် ကလဲ့စား ချေပေးမလို့ပေါ့”

“ကျောင်းမှ မဆင်းသေးတာ”

“ရပါတယ် ဒီနေ့တော့ နားလိုက်တော့”

“ပြီးရော!” စူစူလေးက အပြုံးဖြင့် ပြောလိုက်သည်။

“ခဏလောက် စောင့်ရအောင်။ အပြင်မှာ မိုးတွေချုန်းပြီး မိုးကြိုးတွေ ပစ်နေတော့ မိုးရွာလောက်တယ်။ မိုးတိတ်တဲ့အထိ စောင့်ပြီးမှ သွားကြရအောင်”။ စန်းကျစ်က အကြံပေးလိုက်သည်။

“အပြင်ကို ကြည့်ပါဦး”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။

စန်းကျစ် ပြူတင်းပေါက် အပြင်ကို ကြည့်လိုက်ရာ တိမ်တွေကင်းစင်ပြီး နေသာနေသော ကောင်းကင်ပြာကြီးကို မြင်လိုက်ရပါသည်။

“ဟင်… ခုနလေးတင် မိုးတွေချုန်းနေတာကို… ဘာလို့ အဲ့လောက်အပြောင်းအလဲ မြန်ရတာလဲ…”

စန်းကျစ် အံ့အားသင့်သွားသည်။ ဟွာချန့်မြို့၏ ရာသီဥတုက အပြောင်းအလဲများတာ မှန်သော်လည်း ဒီလို ရုတ်တရက်ကြီး ပြောင်းလဲတာမျိုးကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“ဆရာမကို သွားပြောလိုက်”။ ချင်းယုဟွိုင်းက စန်းကျစ်အား အမိန့်ပေးလိုက်သည်။

“ဟုတ်ပြီ”။ စန်းကျစ် ခေါင်းငြိမ့်လိုက်ပါသည်။

ဆရာမကို အကြောင်းကြားပြီး ပြန်လာခါမှ စန်းကျစ် စိတ်ထဲတွေးလိုက်သည်။ ငါဘာလို့ ချင်းယုဟွိုင်း ‌ပြောတာကို နားထောင်နေရတာလဲ။

ချင်းယုဟွိုင်းက စူစူလေးကို အိမ်ပြန်ခေါ်မသွားခဲ့ပါ။ ချင်းကျင်းဖန်၏ အိမ်ကို ခေါ်သွားခဲ့တာဖြစ်သည်။

ချင်းကျင်းဖန်၏ အိမ်က ဟွာချန့်မြို့ရှိ တန်ဖိုးအကြီးဆုံး အိမ်ရာမှာ တည်ရှိပါသည်။

အဘိုးချင်းထံမှ ရရှိသော ငွေတွေနဲ့ ဝယ်ယူခဲ့သည့် အိမ်ဖြစ်ပြီး ယခု လက်ဆုပ်လက်ကိုင် ပြစရာ ပိုင်ဆိုင်မှုဆိုလို့ ဒီအိမ်တစ်လုံးတည်းသာ ရှိပါတော့သည်။

တံခါးခေါက်လိုက်သောအခါ အိမ်ထဲမှ ဟုံပေါင်ကျူး၏ အသံထွက်လာပါသည်။

“တံခါးကို လာခေါက်နေပြန်ပြီ! ရက်ပိုင်းအတွင်း ဆပ်မယ်လို့ ပြောထားတယ်လေ! နောက်ရက် နည်းနည်းလောက် နေရင် ငါတို့ ပိုက်ဆံရလိမ့်မယ်။ အဲ့ကျရင် နင်တို့ကို အကုန် ပြန်ဆပ်မယ်လို့ ပြောထားပြီးသား မဟုတ်ဘူးလား?!”

“ကျုပ် ချင်းယုဟွိုင်း”

၁၀ စက္ကန့်ကြာပြီးနောက် အိမ်တံခါးပွင့်လာပြီး ဟုံပေါင်ကျူးက ချင်းယုဟွိုင်းကို အပြုံးဖြင့် ကြိုဆိုလိုက်ပါသည်။

“ယုဟွိုင်းကိုး! အဘွား တောင်းပန်ပါတယ်။ တခြားလူထင်နေတာ!”

“ကျုပ်လာမှာကို စောင့်နေတာပေါ့”။ ချင်းယုဟွိုင်းက သွေးအေးသောမျက်နှာ၊ အရွဲ့တိုက်သော လေသံတို့ဖြင့် ပြောလိုက်ပါသည်။

“နင် ရောက်လာတော့ ငါပျော်တာပေါ့။ ဒီလို မကြိုဆိုဘဲ နေလို့ရမလား။ လာပါလာပါ အထဲမှာ စကားပြောရအောင်!”။ ဟုံပေါင်ကျူးက အပြုံးဖြင့် ပြောလိုက်သည်။

ဒီနေ့ ချင်းကျင်းဖန် ပိုက်ဆံထွက်ရှာသဖြင့် အိမ်မှာ ဟုံပေါင်ကျူး တစ်ယောက်တည်းသာ ရှိနေပါသည်။

ချင်းယုဟွိုင်းက စူစူလေးကိုချီပြီး အိမ်ထဲဝင်လာသည်။ စန်းကျစ်လည်း အနောက်မှ လိုက်လာခဲ့ပါသည်။

စူစူလေးက ချင်းယုဟွိုင်း၏ ရင်ခွင်ထဲ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်နေပါသည်။

ဒီနေ့ ကလဲ့စားချေပေးမည်ဟု တူကြီးက ပြောထားသဖြင့် သူမ တူကြီးကို ယုံကြည်ပါသည်။

တူကြီးက လူကြီးဖြစ်နေပြီဖြစ်သဖြင့် ပြဿနာတွေကို ဖြေရှင်းနိုင်နေပြီဖြစ်သည်။ ဒေါ်လေးဖြစ်သည့် စူစူလေးက သူ့ကို အခွင့်အရေး ပေးရပါမည်။

အိမ်ထဲကိုရောက်တာနဲ့ မြင်လိုက်ရသည့် မြင်ကွင်းတစ်ခုကြောင့် စန်းကျစ် တုန်လှုပ်သွားသည်။

… … …

အခန်း(၁၈၅) တူကြီးရဲ့ ပြဿနာဖြေရှင်းနည်း (၁)

အိမ်အကျယ်ကြီးမှာ စားပွဲတစ်လုံး၊ ထိုင်ခုံတချို့ကလွဲပြီး တခြား ပရိဘောဂ ဘာမှ မရှိဘဲ ဗလာနတ္တိဖြစ်နေသည်။

တစ်လုံးတည်းသော စားပွဲမှာထိုင်လျက် ဟုံပေါင်ကျူးက သူတို့ ၃ ယောက်အတွက် လက်ဘက်ရည် ဖျော်ပေးလိုက်ကာ အပြုံးဖြင့် ရှင်းပြလိုက်သည်။ “ဒီနှစ်တွေထဲ အဘွား ကျန်းမာရေး သိပ်မကောင်းလို့လေ။ ဆေးဖိုးဝါးခအတွက် ပရိဘောဂတွေကို ‌ရောင်းလိုက်ရတယ်။ အဲ့တာကြောင့် ဒီမှာ နည်းနည်း ရှင်းလင်းနေတာပါ”

“ကျန်းမာရေး မကောင်းတာလား ဒါမှမဟုတ် ခင်ဗျားရဲ့သား လောင်းကစား မဖြတ်နိုင်သေးလို့လား”။ ချင်းယုဟွိုင်းက အမှန်တရားကို မညှာမတာ ပြောလိုက်ပါသည်။

ဟုံပေါင်ကျူး အပြုံးများ အေးခဲသွား၏။ ထို့နောက် သူမ ဆက်ရှင်းပြလိုက်ပါသည်။ “မဟုတ်ပါဘူး မဟုတ်တာ။ အာ့ချန်းက လိမ္မာနေပါပြီ။ လောင်းကစားလည်း မလုပ်တော့ဘူး”

“လောင်းကစား မလုပ်တော့ဘူးဟုတ်လား။ အကြွေးရှင်တွေကို ဒီခေါ်လာပြီး ခင်ဗျားနဲ့ စကားပြောခိုင်းလိုက်ရမလား။ ဒါမှမဟုတ် ခင်ဗျားသား အခုလက်ရှိ ပုန်းနေတဲ့နေရာကို အကြွေးရှင်တွေဆီ ပို့ပေးလိုက်ရမလား”။ ချင်းယုဟွိုင်းက ဟုံပေါင်ကျူးကို အေးစက်စွာကြည့်လိုက်ပါသည်။

ဟုံပေါင်ကျူး အပြုံး လုံးဝ အေးခဲသွားပါပြီ။

“ယုဟွိုင်း… နင် အကုန်သိနေတာလား…”။ ဟုံပေါင်ကျူးက ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် ပြောလိုက်သည်။

“သူလောင်းကစားတွေ လုပ်ပြီး အကြွေးရှင်တွေလက်ထဲကနေ ပတ်ပြေးနေရတာ လျှို့ဝှက်ချက်တောင် မဟုတ်တော့ဘူး”

“ယုဟွိုင်း အဘွားပြောတာ ယုံစမ်းပါ။ နင့်ဦးလေး ဒီတစ်ခါ အမှားလုပ်ခဲ့ပေမယ့် ဒီတစ်ခါနောက်ဆုံးပါပဲ! သူ့ အမှားသူ နားလည်သွားပါပြီ!”။ ဟုံပေါင်ကျူးက ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်ပါသည်။

“သူ လောင်းကစား မလုပ်တော့ဘဲ လိမ္မာသွားပြီဆိုတာထက် အနောက်အရပ်က နေထွက်မယ်ဆိုတာကိုပဲ ယုံလိုက်မယ်”။ ချင်းယုဟွိုင်း ပြောလိုက်သည်။

ဟုံပေါင်ကျူးလည်း အနေခက်စွာ ပြုံးသာ ပြုံးနိုင်တော့သည်။

ချင်းယုဟွိုင်းက ဆက်ပြောလိုက်၏။ “ကျုပ်ကို ပြောစမ်းပါ။ စူစူလေးနဲ့ ပတ်သတ်တဲ့ ကောလဟာလတွေကို လျှောက်ဖြန့်ပြီး ဘာရယူဖို့ ကြိုးစားနေတာလဲ။ ပိုက်ဆံလား?”

ဒါကိုကြားတော့ ဟုံပေါင်ကျူးက ကြောက်လည်းမကြောက် စိတ်လည်းမဖိစီးသည့်အပြင် ပျော်တောင် ပျော်သွားပါသေးသည်။

သူမ ဖြန့်ထားသည့် ကောလဟာလတွေကြောင့် ချင်းမိသားစု သူမထံ ရောက်လာမှာကို ကြိုသိနေပါသည်။

သူတို့ရောက်လာမှ ငွေတောင်းနိုင်မှာဖြစ်သဖြင့် သူမ စောင့်မျှော်နေခဲ့တာဖြစ်သည်။

“ယုဟွိုင်းကလည်း အဘွားတို့က မိသားစုပဲဥစ္စာ။ စူစူလေးနဲ့ ပတ်သတ်တဲ့ ကောလဟာလတွေ လျှောက်ဖြန့်ပါ့မလား။ အဘွားလည်း အဲ့ဒီအကြောင်း အတင်းတုပ်တဲ့ လူတွေဆီက ကြားလာတာပါ။ နင့်အဘိုးနဲ့ အဘွားတို့အတွက် ကာကွယ်ပြီး ပြောပေးခဲ့သင့်တာ ဆိုပေမယ့် အိမ်က အခြေအနေကိုလည်း နင်တွေ့တဲ့အတိုင်းပဲ။ ပိုက်ဆံအချိန်မှီ မပေးနိုင်ရင် နေစရာ နေရာတောင် ရှိမှာ မဟုတ်တော့ဘူး”။ ဟုံပေါင်ကျူးက စိတ်ပျက်လက်ပျက် ပုံစံဖြင့် ပြောလိုက်ပါသည်။

သူမ ကောလဟာလတွေကို ဖြန့်နေပါသည်ဟု တိုက်ရိုက် ဝန်မခံသော်လည်း သူတို့သာ ပိုက်ဆံပေးမည်ဆိုလျှင် သူတို့အတွက် ကာကွယ်ပြောဆိုပေးမည်ဟု အပေးအယူလုပ်လိုက်တာဖြစ်သည်။

ဒီလိုမှ သူမ ဝန်ခံတာကို ချင်းယုဟွိုင်း အသံတွေဘာတွေဖမ်းထားပြီး တရားစွဲဆိုမှာကို ကာကွယ်နိုင်မှာ ဖြစ်ပါသည်။

ထိုအခါ စန်းကျစ်က သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ “ရှင်ဘာလို့ အဲ့လိုလုပ်ရတာလဲ။ ရှင့်မိသားစု ပြဿနာကို ရှင်တို့ဖာသာ ဖြေရှင်းရမှာလေ။ ကြံရာမရဖြစ်နေတာနဲ့ပဲ ဘာမှမဆိုင်တဲ့ ကလေးတစ်ယောက်ကို အခုလို တိုက်ခိုက်စရာလား?!”

ဟုံပေါင်ကျူးက အရှက်မရှိစွာ ပြန်ပြောလိုက်သည်။ “ရှင်တို့ မိသားစုဆိုတာ ဘာကို ပြောတာလဲ။ ငါတို့အကုန်လုံးရဲ့ မျိုးရိုးနာမည်က ‘ချင်း’ဟဲ့! သူတို့ကတော့ အထက်စားဆန်ဆန် နေထိုင်နေတဲ့အချိန်မှာ ငါတို့က အမြဲတမ်း ဒုက္ခ ရောက်နေတာ။ အေးအေးချမ်းချမ်းတောင် မအိပ်နိုင်ဘူး။ အဲ့တာ တရားမျှတတယ်လို့ ထင်လို့လား?! အစ်ကိုကြီးနဲ့ မရီးတစ်ယောက်ဖြစ်နေပြီး အဲ့လိုလုပ်သင့်တယ်ထင်လို့လား”

စန်းကျစ်က ပြန်ပြောလိုက်သည်။ “ကိုယ်တိုင် အစွမ်းအစမရှိတာကို ရှင့်အစ်ကိုကြီးနဲ့ မရီးတို့ကို အပြင်ပုံချရဲသေးတယ်ပေါ့။ ရှင်နဲ့ ရှင့်ယောက်ျားတို့ နှစ်ယောက်စလုံးက ၃ နှစ်သားအရွယ် မဟုတ်ဘူး! သူများဆီက ပိုက်ဆံတောင်းပြီး အကြွေးဆပ်ဖို့များ စဉ်းစားရဲသေးတယ်”

ဟုံပေါင်ကျူး ဒေါသထွက်သွားပြီး ရှက်လည်း ရှက်သွားပါသည်။ “နင်ကဘယ်သူမို့လို့လဲ။ နင့်လို အပြင်လူက ဘာလို့ ငါတို့မိသားစုကိစ္စကို ဝင်ပြောနေရတာလဲ”

စန်းကျစ်ကလည်း ပြန်ငေါက်လိုက်ပါသည်။ “ကျွန်မက သာမန်လူမဟုတ်ဘူး! ကိုယ့်အကြံအစည် အောင်မြင်ဖို့ အတွက် ကလေးတစ်ယောက်ကိုတောင် တိုက်ခိုက်ရဲတဲ့လူတွေကို သည်းမခံနိုင်ဘူး! ရှင်တို့ရဲ့လုပ်ရပ်က ရိုင်းစိုးလွန်းတယ်! ရှင်က စူစူလေးရဲ့ အဒေါ်ပါ။ ကိုယ့်တူမကိုယ် ပြန်တိုက်ခိုက်တဲ့ ဒေါ်လေးဆိုတာကို ကြားဖူးလား?!”

ချင်းယုဟွိုင်းက စန်းကျစ်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပါသည်။ သူမရဲ့ စကားကိုလည်း စိတ်ထဲမှ ထောက်ခံမိသလိုလို ရှိသည်။

All Chapters