အခန်း (၁၈၆+၁၈၇)
Vol. 8 Ch. 186+187
အခန်း(၁၈၆) တူကြီးရဲ့ ပြဿနာဖြေရှင်းနည်း (၂)
ပုံမှန်ဆို စန်းကျစ်က စကားတွေထစ်ငေါ့နေပြီး သူများတွေနဲ့ မျက်လုံးချင်း ဆုံအောင်ပင် မကြည့်ရဲပါ။
အခုတော့ စူစူလေးကိုယ်စား သတ္တိအပြည့်ဖြင့် ရန်ပြန်တွေ့နေပါသည်။ ဒါဆို သူမက စကားမပြောတတ်တာ မဟုတ်ဘဲ လူကြောက်တတ်ပြီး ရှက်တတ်တာသာဖြစ်သည်။
ဒီလို ဆန့်ကျင်ဘက်ဖြစ်နေသည့် စရိုက်တို့ကြောင့် သူမပုံစံက ဆွဲဆောင်မှုရှိနေပါသည်။
ဟုံပေါင်ကျူးက လှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည်။ “နင်တို့ ပြောချင်တာသာ ပြော။ ဒါပေမယ့် နင့်အဘိုးနဲ့ အဘွားတို့ကို ကာကွယ်ပြီးပြောပေးစေချင်ရင် ငါတို့ပြဿနာတွေကို ဖြေရှင်းပေးလိုက်။ လောလောဆယ် ငါတို့ ကိုယ့်ကိုယ်ကိုတောင် မကယ်နိုင်လို့ သူများတွေကိုလည်း မကယ်နိုင်ဘူး။ နင်တို့ရဲ့ အဲ့ဒီကလေးမလေး နောက်ပိုင်း ပြဿနာတွေ ထပ်ဖြစ်လာမှ ငါ့ကို အပြစ်လာမတင်နဲ့”
စကားပြောနေစဉ် ဟုံပေါင်ကျူး၏ မျက်လုံးများက မောက်မာလွန်းပါသည်။ သူမ အဆုံးထိသွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်သည်။ ပိုက်ဆံသာ မရလျှင် ဒီပြဿနာပြီးမှာ မဟုတ်ပါ။
သူတို့မှာ ကွဲစရာအရှက်လည်း မရှိတော့ပေ။
“ရှင်- ရှင်တော်တော် အရှက်မရှိတာပဲ!”။ စန်းကျစ်က သူများတွေကို မဆဲဆိုတတ်ပါ။ သို့သော်လည်း အခုတော့ သူမရှေ့က အဘွားကြီးကို အရိုင်းစိုင်းဆုံး အကြမ်းတမ်းဆုံး အသုံးအနှုန်းများနဲ့ ဆဲဆိုချင်နေပါသည်။
သူမ အလွန်ဒေါသထွက်နေသည်။
ကျင့်ဝတ်တွေဘာတွေကြောင့်သာ မဟုတ်လျှင် ဒီအဘွားကြီးကို အွန်လိုင်းပေါ်မှာ နာမည်ကြီးအောင်လုပ်ပြီး လူတံတွေးထွေးစရာဖြစ်အောင် စန်းကျစ်လုပ်ပြစ်လိုက်ပါပြီ။
“ဒေါသမထွက်နဲ့ စိတ်လျှော့စမ်းပါ”။ ချင်းယုဟွိုင်းက စန်းကျစ်၏ ပခုံးကို ကိုင်ရင်း နှစ်သိမ့်လိုက်သည်။
“ကျွန်… ကျွန်မ စိတ်လျှော့လို့မရဘူး!”။ သူမ ပြန်ပြောလိုက်၏။
“စူစူလေးရှိနေတယ်။ မင်းဒေါသထွက်ရင် စူစူလေးပါ စိတ်တိုသွားလိမ့်မယ်”။ ချင်းယုဟွိုင်းက တိုးညှင်းစွာ ပြောလိုက်သည်။
သူ့အသံက တည်ငြိမ် အေးဆေးပြီး အားကိုးချင်စရာ ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။ ထို့အပြင် စူစူလေးကိုပါ ထည့်ပြောသွားသဖြင့် စူစူလေးရဲ့ အပြစ်ကင်းစင်သော မျက်နှာလေးကို မြင်ပြီး စန်းကျစ် စိတ်ပြန်ထိန်းနိုင်ခဲ့ပါသည်။
စန်းကျစ် စိတ်ပြန်တည်ငြိမ်သွားတာနဲ့ တစ်ပြိုင်နက် ချင်းယုဟွိုင်းက ဟုံပေါင်ကျူးဘက်သို့ ပြန်လှည့်သွားပြီး သူ့ဖုန်းကို အေးအေးဆေးဆေးထုတ်လျက် စားပွဲပေါ်တင်ပေးလိုက်ပါသည်။
“နင်ဘာလုပ်မလို့လဲ။ ငါ့ကို ဗီဒီယို ရိုက်ချင်လို့လား”။ ဟုံပေါင်ကျူးက မောက်မာစွာ ပြန်ပြောလိုက်ပြီး စိန်ခေါ်လိုက်ပါသည်။ “ငါဘာအမှားမှ လုပ်မထားဘူး။ ရိုက်ချင်တာရိုက် ငါမကြောက်ဘူး!”။
ချင်းယုဟွိုင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ခင်ဗျားရဲ့သား ဘယ်မှာပုန်းနေလဲ ကျုပ်သိပြီးသားလို့ ပြောပြီးပြီနော်။ သူ့လိပ်စာကို သူ့အကြွေးရှင်တွေဆီ ပို့ပေးလိုက်မယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ နောက်ဆုံးပိုင်ဆိုင်မှု ဒီအိမ်ကိုလည်း တခြား အကြွေးရှင်တစ်ယောက်က သိမ်းတော့မှာလို့ ပြောပေးလိုက်မယ်။ အဲ့တာဆို ခင်ဗျားသား ဘာဖြစ်သွားမယ် ထင်လဲ”
ထိုစကားတွေကို ကြားသောအခါ ဟုံပေါင်ကျူး မျက်လုံးများ ပြူးကျယ်သွားခဲ့ပါသည်။ “နင်… နင်ဘာလုပ်ဖို့ ကြံနေတာလဲ?! နင်အဲ့လို လုပ်လို့ မရဘူးနော်! အာ့ချန်းကို သတ်နေတာလား?!”
“သတ်နေတာ ဟုတ်လား။ ခင်ဗျားသားရဲ့ ဘဝကျတော့ အရေးကြီးပြီးတော့ စူစူလေးဘဝက အရေးမကြီးဘူးပေါ့လေ”။ ချင်းယုဟွိုင်းက အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။
“ဘယ်လိုလုပ် တူမှာလဲဟဲ့! အာ့ချန်းတကယ်သေလိမ့်မယ်! ဒီကလေးမလေးက ဘာမှဖြစ်တာ မဟုတ်ဘူး!”
“ဆောရီးပဲ ကျုပ်မျက်လုံးထဲမှာတော့ ခင်ဗျားသားရဲ့ အသက်က စူစူလေးရဲ့ မျက်ရည်တစ်ပေါက်လောက်တောင် တန်ဖိုး မရှိဘူး။ ခင်ဗျားသားရဲ့ ဘဝနဲ့ စူစူလေးရဲ့ ဘဝက ဘယ်လိုမှ တန်ဖိုးချင်း မတူနိုင်ဘူး”
“နင်…. နင်ဘယ်လိုပြောလိုက်တာလဲ?!”
ဟုံပေါင်ကျူးက ဒေါသတွေ မယုံကြည်နိုင်မှုတွေနဲ့ အသက်ရှူသံတွေ ပြင်းလာပါပြီ။
သူမသားရဲ့ ဘဝနဲ့ စူစူလေးရဲ့ ဘဝက တန်ဖိုးချင်းမတူဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ?! သူမ သားရဲ့ အသက်က စူစူလေးရဲ့ မျက်ရည်တစ်ပေါက်လောက်တောင် တန်ဖိုးမရှိဘူးတဲ့လား?!
ချင်းယုဟွိုင်းက ဟုံပေါင်ကျူးနဲ့ စကားဆက်မများပါ။ သူ့ဖုန်းကို ဖွင့်လိုက်ပြီး မက်ဆေ့ App ကိုဖွင့်လိုက်သည်။
ဟုံပေါင်ကျူးရှေ့မှာတင် မက်ဆေ့တစ်စောင် စရိုက်လိုက်သည်။
လိပ်စာကို မြင်သောအခါ သူမ သားပုန်းနေသည့် နေရာအား ချင်းယုဟွိုင်း တကယ်သိနေတာဖြစ်မှန်း ဟုံပေါင်ကျူး နားလည်သွားရသည်။
ကြံရာမရဖြစ်ကာ ချင်းယုဟွိုင်း၏ ဖုန်းကို ဟုံပေါင်ကျူး လှမ်းဆွဲဖို့ ကြိုးစားလိုက်ပါသည်။
… … …
အခန်း(၁၈၇) တူကြီးရဲ့ ပြဿနာဖြေရှင်းနည်း (၃)
သို့သော်လည်း ချင်းယုဟွိုင်းက ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်၏။ သူ့ဖုန်းကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး စူစူလေးကို တခြားတစ်ဖက်ဖြင့် ချီထားကာ ခန္ဓာကိုယ်တစ်ချက်စောင်းလျက် ဟုံပေါင်ကျူး၏ တိုက်ခိုက်မှုအား ရှောင်ရှားလိုက်ပါသည်။
ချင်းယုဟွိုင်းက တိုက်ရည်ခိုက်ရည် သိပ်မရှိကာ စူစူလေးနဲ့ စန်းကျစ်တို့ကိုတောင် မယှဉ်နိုင်သော်လည်း ဟုံပေါင်ကျူးလို အဘွားကြီးတစ်ယောက်ကိုတော့ အသာလေး အနိုင်ယူနိုင်ပါသည်။
တစ်ချိန်တည်းမှာပင် ဘေးနားမှ စန်းကျစ်က ဟုံပေါင်ကျူး၏လက်ကို တင်းကျပ်စွာ ချုပ်ထားလိုက်သည်။ “သူ့ကို ထိဖို့ မစဉ်းစားနဲ့! နောက်တစ်ခါ ထပ်ကြိုးစားရင် လက်ကို အဆစ်လွဲအောင်လုပ်ပြစ်လိုက်မှာနော်!”
စန်းကျစ်၏ ခြိမ်းခြောက်သံကြောင့် ဟုံပေါင်ကျူး ထိတ်လန့်သွားပါသည်။
စန်းကျစ်က သူမလက်ကို အားပါပါ ချုပ်ထားသဖြင့် ဟုံပေါင်ကျူး နာကျင်မှုကြောင့် ရှုံ့မဲ့သွားပါသည်။
“နင်- ငါ့ကိုလွှတ်စမ်း!!”။ ဟုံပေါင်ကျူး ငေါက်ငမ်းလိုက်သည်။
“ဟင်း!”။ စန်းကျစ်က မျက်စောင်းထိုးကာ သူမကို ပြန်လွှတ်ပေးလိုက်ပါသည်။
ဟုံပေါင်ကျူး သူမလက်ကို ပွတ်သပ်ရင်း မေးလိုက်သည်။ “နင်တို့… နင်တို့ဘာလို့ချင်လို့လဲ?!”
ဟုံပေါင်ကျူး အခုတော့ ဒေါသလည်းထွက် ကြောက်လည်း ကြောက်နေပါပြီ။
သူမသားရဲ့ လိပ်စာကို အကြွေးရှင်တွေထံ ချင်းယုဟွိုင်း တကယ်ပို့ပေးလိုက်မှာ သူမ ကြောက်နေမိပါသည်။ ဒီလိုသာဆို သူမသား မသေရင်တောင် လူရုပ်မပေါက်အောင် နှိပ်စက်ခံရလိမ့်မည်။
ချင်းယုဟွိုင်းက သူ့တောင်းဆိုချက်ကို အေးအေးလူလူ ပြောလိုက်ပါသည်။ “ခင်ဗျားတို့အိမ်ကို အကြွေးဆပ်ဖို့ ပေးလိုက်။ ပြီးရင် ပါးစပ်တွေကို ပိတ်ထား။ စူစူလေးအကြောင်း ဘယ်တော့မှ ထပ်မပြောနဲ့တော့”
“ဒီအိမ်ကိုသုံးပြီး ငါတို့အကြွေးဆပ်ရမယ်ပေါ့?! ဒါဆို ငါတို့ဘယ်မှာနေရမလဲ?! ငါ့ယောက်ျားက နင့်အဘိုးရဲ့ ညီအရင်းနော်! ကိုယ့်ညီအရင်းကိုဘယ်သူက ဒီလို ဆက်ဆံလို့လဲ။ ငါတို့ ဆင်းဆင်းရဲရဲ နေခဲ့ရတဲ့အချိန်တုန်းက ငါ့ယောက်ျား ပေါက်စီလေးတစ်လုံး စားရဖို့ တစ်နေကုန် အလုပ်ကြမ်းတွေလုပ်ပြီး နင်တို့အဘိုးကို တစ်ဝက် ခွဲကျွေးခဲ့ဖူးတယ်။ အခု နင်တို့အဘိုး ပိုက်ဆံချမ်းသာသွားတော့ ဆင်းရဲတဲ့ ဆွေမျိုးတွေကို လျစ်လျူရှုလိုက်ပြီပေါ့ အဲ့လိုလား?!”
“ကျုပ်အဘိုးနဲ့ ကျုပ်အဖေက အဲ့ဒီ ဆွေမျိုးသံယောဇဉ်ကြောင့် ခင်ဗျားတို့ကို သည်းခံနေတာ။ ဒါပေမယ့် ကျုပ်ကတော့ သည်းမခံနိုင်ဘူး”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။
“ချင်းယုဟွိုင်း နင်ငါတို့ကို သေအောင် သတ်နေတာပဲ! ငါတို့ လမ်းဘေးမှာ အိပ်ရတာကို မြင်ချင်လို့လား?! ငါတို့ အဘိုးကြီးအဘွားကြီးတွေက ဘာမှမဖြစ်ဘူး ဒါပေမယ့် ယွင်ယွင်လေးက အရမ်း ငယ်ပါသေးတယ်။ ယွင်ယွင်လေးကို ငါတို့နဲ့အတူတူ အပြစ်ပေးချင်နေတာလား။ ငါပြောထားမယ်နော် ချင်းယုဟွိုင်း။ ငါတို့ လမ်းဘေးမှာ အကုန်သေသွားရင် ငယ်ငယ်ကြီးကြီး နင်တို့အကုန်လုံးကို လာခြောက်မှာ!”
ဟုံပေါင်ကျူးက ငိုယို အော်ဟစ်ပြီး စတင်သောင်းကျန်းလေသည်။
ဘေးပတ်ဝန်းကျင်မှာ လူတွေသာမရှိလျှင် မြေပေါ်လှိမ့်ပြီး ငိုယိုသွားလောက်သည်။
စန်းကျစ် သည်းမ်ခံနိုင်တော့ဘဲ ဟုံပေါင်ကျူးကို ထပ်ပြောလိုက်ပါသည်။ “ရှင်တို့ ဒီလောက် အကြွေးတင်နေတာကို ဒီလို အိမ်ကြီးမှာ ဘာလို့ ဆက်နေနေသေးတာလဲ။ ဒီတန်ဖိုးကြီး အိမ်ကြီးကို ရောင်းလိုက်ပြီး ရှင်တို့ မိသားစုအတွက် လုံလောက်တဲ့ အိမ်လေးတစ်လုံး ပြန်ဝယ်လိုက်ပါလား။ ပိုလျှံတဲ့ ငွေတွေကို အကြွေးဆပ်လိုက်တာ ပိုမကောင်းဘူးလား”
“နင့်လို ကလေးမက ဘာသိမှာလဲ။ ငါတို့ ဒီအိမ်ကြီးကို ရောင်းလိုက်ရင် လူတွေပြောစရာ ဖြစ်သွားမှာပေါ့”
ဒီအိမ်ကြီးကို ရောင်းလိုက်တာက သူမမျက်နှာကို ရောင်းလိုက်ရသလိုပင်။
ဒီအိမ်ကြီးမှာ နေနေသေးသရွေ့ သူမတို့ကို ပတ်ဝန်းကျင်က အထက်တန်းလွှာအဖြစ် မြင်နေဦးမှာ ဖြစ်သည်။
စန်းကျစ် စိတ်မရှည်တော့ပါ။ “ရှင်- ရှင်တော်တော် ပြောရဆိုရ ခက်တာပဲ! အခု ရှင်တို့မှာ ကွဲစရာ အရှက်ရှိသေးတယ် ထင်လို့လား။ အခုကော ရှင်တို့အကြောင်းကို လူတွေ အတင်းမတုပ်ဘဲနေမယ် ထင်လို့လား။ တခြားသူတွေ ရှင့်ကို အထင်သေးသည်ဖြစ်စေ မသေးသည်ဖြစ်စေ ကျွန်မကတော့ ရှင့်ကို နည်းနည်းလေးတောင် မလေးစားဘူး!’
“နင်ငါ့ကို လေးစားတာ မလေးစားတာ ဘာလို့ဂရုစိုက်ရမှာလဲ။ နင့်ကိုယ်နင် ဘာထင်နေလဲ?! ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးနေတာလား?!”။ ဟုံပေါင်ကျူးက အထင်သေးစွာ ပြောလိုက်သည်။
ဒီကောင်မလေး အိမ်ထဲဝင်လာကတည်းက ဟုံပေါင်ကျူး အကဲခတ်နေခဲ့တာဖြစ်သည်။ ဈေးပေါပေါ ခပ်ပွပွ အားကစား ဝတ်စုံတွေကို ဝတ်ထားပြီး ဆံပင်စည်းထားကာ အနက်ရောင်မျက်မှန်တစ်လက်ကိုလည်း တပ်ထားသေးသည်။ ဘယ်လိုကြည့်ကြည့် အထင်ကြီးစရာကိုမရှိပါ။
“ရှင်- ရှင်ကလည်း ဘာမဟုတ်တဲ့ အရိုင်းအစိုင်းအဘွားကြီးပဲ!”။ စန်းကျစ် သည်းမခံနိုင်ဘဲ ပြန်ပြောလိုက်သည်။