← Chapters

အခန်း (၁၈၈+၁၈၉)

Vol. 8 Ch. 188+189

အခန်း (၁၈၈+၁၈၉)

Vol. 8 Ch. 188+189

အခန်း(၁၈၈) သူတောင်းပန်တာကို ကျေနပ်လား

“နင့်ကျတော့ကော? နင်က အပေါက်ဆိုးပြီး ဆင်းရဲတဲ့ ရုပ်ဆိုးဆိုးမိန်းမ! သူများမိသားစု ကိစ္စကို မဆိုင်ဘဲ ဝင်ပါနေတယ်!”

“ရှင်တော့-!”။ စန်းကျစ် ဘယ်လို ပြန်ချေပရမလဲ မသိတော့ဘဲ မျက်နှာ နီမြန်းလာပါသည်။

စန်းကျစ် ဆွံ့အသွားတာကိုမြင်ပြီး ချင်းယုဟွိုင်းက သူမလက်ကို ကိုင်ကာ စိတ်လျှော့ဖို့ အချက်ပြလိုက်သည်။

ချင်းယုဟွိုင်း၏ အကြည့်ကြောင့် စန်းကျစ် စိတ်ပြန်တည်ငြိမ်သွားခဲ့သည်။

သူမ စိတ်လိုက်မာန်ပါ ထပ်လုပ်လိုက်မိပြန်ပါပြီ။ သူမ စိတ်ကို ထိန်းနိုင်အောင် ကြိုးစားသင့်သည်။

ချင်းယုဟွိုင်းက ဟုံပေါင်ကျူးနဲ့ ဆက်ပြီးညှိနှိုင်းလိုက်၏။ “ခင်ဗျား ငိုချင်သလောက် ဆက်ငိုလို့ရတယ်. ဒါပေမယ့် ကျုပ်ကလဲ့စားချေတဲ့ နည်းလမ်းက အချိန်နဲ့အမျှ ပိုဆိုးလာမှာနော်။ လောလောဆယ် ခင်ဗျားသားရဲ့ လိပ်စာကို ပို့ပေးလိုက်ရင် အလွန်ဆုံး သူ့ခြေတွေလက်တွေ ရိုက်ချိုးခံရတာလောက်ပဲ ဖြစ်မှာ။ ဒါပေမယ့် ခင်ဗျား အချိန် ထပ်ဆွဲနေဦးမယ်ဆိုရင် တန်ကျေးက ပိုမြင့်လာဖို့ပဲရှိတယ်။ ဥပမာ ချင်းလောင်ယွင်ရဲ့ ကျူရှင်စရိတ်တွေ ပြန်သိမ်းတာ၊ ခင်ဗျားတို့ မိသားစုဖွင့်ထားတဲ့ ဆိုင်တွေကို ဖျက်ဆီးတာမျိုးပေါ့”

“နင်ဘာတွေ ပြောနေတာလဲ။ ဒီကိစ္စက ငါ့မိသားစုနဲ့ ဘာဆိုင်လို့လဲ။ ငါ့မိသားစုဖွင့်ထားတဲ့ ဆိုင်က ချင်းမိသားစုနဲ့ ဘာမှ မဆိုင်ဘူးနော်!”။ ဟုံပေါင်ကျူး စိတ်ချောက်ချားသွားခဲ့ပါသည်။

“ကျုပ်က ရက်စက်တတ်တဲ့ စီးပွားရေးသမားပဲဥစ္စာ။ ဆိုင်တာတွေ မဆိုင်တာတွေ ကျုပ်ထည့်မတွက်တတ်ဘူး။ ကျုပ်လိုချင်တာ ရဖို့ပဲ သိတယ်။ ဘာအကျိုးဆက်မှမစဉ်းစားဘဲ စူစူလေးကို ခင်ဗျားက အနိုင်ကျင့်ခဲ့လို့ ကျုပ်ဒီလို ပြန်လုပ်တာ။ ခင်ဗျားနဲ့ ခင်ဗျားနဲ့ ပတ်သတ်တဲ့လူတွေအကုန် ပြန်ပေးဆပ်ရမယ်”

“ချင်းယုဟွိုင်း!”။ ဟုံပေါင်ကျူး အသည်းအသန်ဖြစ်နေပါပြီ။

ချင်းယုဟွိုင်းက လက်ပတ်နာရီကို ကြည့်လျက် သတိပေးလိုက်သည်။ “ကျုပ်အချိန်က တန်ဖိုးရှိတယ်။ စူစူလေးရဲ့ အချိန်လည်း တူတူပဲ။ နာရီဝက်နေရင် သူ SpongeBob ကာတွန်းကား ကြည့်ရမယ့် အချိန်ရောက်တော့မယ်။ ကျုပ် စိတ်ရှည်နေတာ ပျောက်မသွားခင် အဖြေတစ်ခုပေးတာ ပိုကောင်းမယ်နာ်”

“ဟုတ်တယ် ဟုတ်တယ်!”။ စူစူလေး ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။ သူမ ကာတွန်းကား ကြည့်ရဖို့က အလွန် အရေးကြီးပါသည်။

“ငါနားလည်ပါပြီ! ငါ့အိမ်ကို ရောင်းလိုက်ပါ့မယ်! ပါးစပ်လည်း ပိတ်ထားပါ့မယ်။ ဒီကလေးအကြောင်း မကောင်း ပြောတာကို ကြားရင်လည်း သူတို့မှားနေကြောင်း သိအောင် ပြောပေးလိုက်ပါ့မယ်! အဲ့လောက်ဆို ရပြီလား”။ ဟုံပေါင်ကျူး အမြန်ပြောလိုက်သည်။

“အဲ့တာ ပထမ အဆင့်ပဲရှိသေးတယ်။ အခု ခင်ဗျား စူစူလေးကို တောင်းပန်ရမယ်”။ ချင်းယုဟွိုင်းက ပြောလိုက်ပါသည်။

“ဘာပြောတယ်? တောင်းပန်ရမယ် ဟုတ်လား။ ဘာကို တောင်းပန်ရမှာလဲ။ အဲ့ဒီ ကောလဟာလတွေက သူများ ပြောတာလေ။ ငါနဲ့ဘာမှမဆိုင်ဘူး!”

သူမ ကောလဟာလတွေ ဖြန့်ခဲ့သည့်အကြောင်း သက်သေခိုင်ခိုင်လုံလုံ မရှိသေးသရွေ့ ဟုံပေါင်ကျူး ဝန်ခံမှာ မဟုတ်ပါ။

“ကျုပ်မျာ သက်သေမရှိဘူး။ ဒါပေမယ့် စူစူလေးကို ခင်ဗျားတောင်းပန်တာ မြင်ချင်တယ်”။ ချင်းယုဟွိုင်းက တဲ့တိုး ပြောလိုက်သည်။

ပြောရဆိုရခက်သည့် ဟုံပေါင်ကျူးထက် ချင်းယုဟွိုင်းက ပိုပြီး ပြောရဆိုရခက်သွားပါသည်။

ဟုံပေါင်ကျူး ကြက်သေသေသွားလေပြီ။

သူမ သိထားသလောက် ချင်းမိသားစုဝင်တွေက ဒီလောက် မရက်စက်တတ်ပါ။

အဘိုးချင်းနဲ့ တခြားတူတွေက မိသားစုသံယောဇဉ်တွေဘာတွေ ထည့်တွက်သေးသည်။

ဒီ ချင်းယုဟွိုင်းက ဘယ်လိုလဲ?! ဘာကိုမှ မစဉ်းစားတော့ဘူးလား။

စန်းကျစ်လည်း ချင်းယုဟွိုင်းကို လေးစားသွားပါသည်။

ခုနက ဟုံပေါင်ကျူးနဲ့ စကားများခဲ့မိသည့်အတွက်လည်း ကိုယ့်ကိုယ်ကို တုံးအသည်ဟု ခံစားလိုက်ရပါသည်။

စူစူလေးကို ကြည့်ကာ ဟုံပေါင်ကျူး ခက်ခက်ခဲခဲပြောလိုက်သည်။ “တောင်း-တောင်းပန်ပါတယ်”

ချင်းယုဟွိုင်းက စူစူလေးကို မေးလိုက်သည်။ “သူတောင်းပန်တာကို ကျေနပ်လား စူစူလေး”

စူစူလေးက ခေါင်းခါလိုက်သည်။ “မကျေနပ်ဘူး”

ဘာကြောင့်မကျေနပ်မှန်း စူစူလေး မသိပါ။ သို့သော်လည်း သူမ တောင်းပန်တာ စိတ်ထဲက မပါဘူးဟု ခံစားနေရသည်။

“ကြားလား။ စူစူလေးက မကျေနပ်ဘူးတဲ့။ ထပ်တောင်းပန်လိုက်။ ဒီတစ်ခါတော့ စိတ်ထဲက ပါပါစေ”။ ချင်းယုဟွိုင်းက ဟုံပေါင်ကျူးကို အမိန့်ပေးလိုက်သည်.

“နင်-…” ဟုံပေါင်ကျူး အလွန်ဒေါသထွက်သွားပါသည်။

ချင်းယုဟွိုင်းနဲ့ စူစူလေးတို့ကို ရင်ထဲမှ လည်ပင်းညှစ်ချင်စိတ်များ ပေါ်လာသည်။ သို့သော်လည်း သူမ အမြန် ချုပ်တည်းလိုက်ရပါသည်။

“တောင်းပန်ပါတယ် ငါ့အမှားကို ငါသိပါပြီ။” ဟုံပေါင်ကျူးက ထပ်တောင်းပန်လိုက်သည်။

ချင်းယုဟွိုင်းက စူစူလေးကို ထပ်မေးလိုက်ပါသည်။ “ဘယ်လိုလဲ ကျေနပ်ပြီလား စူစူလေး”

ဟုံပေါင်ကျူးက စူစူလေးကို မျှော်လင့်တကြီး ကြည့်လိုက်ပါသည်။

… … …

အခန်း(၁၈၉) တူကြီးကို ဒေါ်လေးက အသိအမှတ်ပြုခြင်း

“အင်း…” စူစူလေး ခေတ္တ စဉ်းစားလိုက်သည်။ “သာမန်ပါပဲ”

ထင်သလောက် မကျေနပ်သေးပါ။

“နင်တော့လား!”။ ဟုံပေါင်ကျူး ဒေါသပေါက်ကွဲသွားသည်။ “နင်ဘာြဖစ်ချင်နေတာလဲ?!”

“ဟုံပေါင်ကျူး ခင်ဗျားကြောင့် စူစူလေး ဒေါသထပ်ထွက်ရင် ကျုပ်တောင်းဆိုတဲ့ တန်ကြေး ပိုများသွားမယ်နော်”။ ချင်းယုဟွိုင်း သတိပေးလိုက်သည်။

ဟုံပေါင်ကျူး၏ ဒေါသလည်း ချင်းယုဟွိုင်း၏ အေးစက်စက် အကြည့်ကြောင့် ပြန်လည် ပျောက်ကွယ်သွားရပါသည်။

သူမ ချင်းယုဟွိုင်းနဲ့ ရင်မဆိုင်ရဲပါ။

ဒေါသတွေ အလွန်ထွက်နေသော်လည်း ဟုံပေါင်ကျူး ဘာမှမတတ်နိုင်ဘဲ ဆက်တောင်းပန်ရလေသည်။ “စူစူလေး အဘွားတောင်းပန်ပါတယ်။ အဘွားမှားမှန်း သိပါပြီ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ စူစူလေးက စိတ်ထားကောင်းပါတယ်။ အဘွားကို အငြှိုးမထားနဲ့နော် ဟုတ်ပြီလား”

နှုတ်ကပြောနေရသော်လည်း ဟုံပေါင်ကျူး ရင်ထဲ တဆစ်ဆစ်နာကျင်နေပါသည်။

“စူစူလေး ကျေနပ်သွားပြီလား”။ စူစူလေးကို ချင်းယုဟွိုင်း မေးမြန်းလိုက်ပါသည်။

စူစူလေး ခေါင်းငြိမ့်လိုက်၏။

ဒီတစ်ခါတော့ လုံလောက်ပြီဟု စူစူလေး ခံစားမိပါသည်။

စူစူလေး ခေါင်းငြိမ့်တာကိုမြင်မှ ဟုံပေါင်ကျူး သက်ပြင်းချနိုင်ပါတော့သည်။

ချင်းယုဟွိုင်းက ဟုံပေါင်ကျူးကို ထပ်သတိပေးလိုက်သည်။ “မနက်ဖြန်ကစပြီး စူစူလေးကို သူ့မိဘတွေက မွေးထားတာ မဟုတ်ဘူးဆိုတဲ့စကား ထပ်ကြားရင် ကျုပ်အခု ပြောခဲ့တဲ့ အရာတွေအကုန်လုံး သတိထပ်မပေးဘဲ အကုန် အကောင်အထည် ဖော်လိုက်မှာနော်”

“နင်ဘာတွေ ပြောနေတာလဲ။ သူများတွေ အတင်းအဖျင်းပြောနေတာ ငါ့အပြစ်မှ မဟုတ်တာ။ ငါနဲ့ ဘာဆိုင်လို့လဲ”။ ဟုံပေါင်ကျူးက ချောက်ချားစွာ ပြောလိုက်သည်။

ကောလဟာလတွေက ပြန့်နေပါပြီ။ လူတွေရဲ့ ပါးစပ်က ပြောချင်တာ ပြောကြလိမ့်မည်။ သူမ ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ။

“ကျုပ် တောင်းဆိုနေတာ မဟုတ်ဘူး”။ ချင်းယုဟွိုင်း ပြန်ပြောလိုက်သည်။

ဟုံပေါင်ကျူး ကြက်သေသေသွား၏။ ဒီလောက် ပြောရဆိုရခက်သည့် လူကို သူမ တစ်သက် မတွေ့ဖူးခဲ့ပါ။

ချင်းယုဟွိုင်းက ဟုံပေါင်ကျူးကို ဂရုမစိုက်တော့ဘဲ စူစူလေးကို ပွေ့ချီကာ စန်းကျစ်အား ပြောလိုက်သည်။ “သွားကြစို့”

“ဪ အင်းအင်း!”။ စန်းကျစ် စိတ်ရွှင်နေပါသည်။ မပြန်ခင် ဟုံပေါင်ကျူးကို လက်ခလယ်တောင် ထောင်ပြခဲ့သေးသည်။

စူစူလေးကို ချီပြီးရှေ့က လျှောက်နေသော ချင်းယုဟွိုင်းလည်း သူ့နောက်က ကောင်မလေးရဲ့ ပျော်ရွှင်မှုကို ခံစားမိပါသည်။

ဒီကောင်မလေးက ဒေါသထွက်သည်ဖြစ်စေ ပျော်ရွှင်တာပဲဖြစ်စေ တစ်ခါတလေ ကလေးတစ်ယောက်လိုပင်။ အားလုံးကို သူမ မျက်နှာပေါ်မှာ ထင်ထင်ရှားရှား မြင်ရသည်။ သူမရဲ့ စိတ်ခံစားချက်ကိုလုံးဝ မဖုံးကွယ်တတ်ပါ။

“သခင်လေးချင်းက အရမ်းတော်တာပဲ!”။ စန်းကျစ်က ချီးကျူးလိုက်ပါသည်။

တိုက်ရည်ခိုက်ရည် မကျွမ်းကျင်သော်လည်း စကားပြောသည့်နေရာမှာတော့ သူမထက် ပိုကျွမ်းကျင်တာ သေချာပါသည်။

“အင်း…”

ဒီအဖြစ်အပျက်ကြောင့် စန်းကျစ်ထံမှ ချီးကျူးစကားကြားရလိမ့်မည်ဟု ချင်းယုဟွိုင်း ထင်မထားခဲ့ပါ။

“တူကြီးက အရမ်းမိုက်တာပဲ!”။ စူစူလေးကလည်း အပြုံးကျယ်ကျယ်ဖြင့် ချီးမွမ်းလိုက်ပါသည်။

“တကယ်လား”

“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “တူကြီးက အရမ်းတော်တယ်!’

ချင်းယုဟွိုင်း ပြုံးမိသွားပါသည်။ သူ့အပြုံးကို မြင်သောအခါ စန်းကျစ် ခြေလှမ်းများ ရပ်တန့်သွား၏။

ပုံမှန်ဆို အေးတိအေးက်နေတတ်သည့် ချင်းယုဟွိုင်းအား စန်းကျစ် မချဉ်းကပ်ရဲပါ။

သို့သော်လည်း ထိုအပြုံး၊ ထိုနွေးထွေးသော ခံစားချက်တို့ကြောင့် စန်းကျစ် ရင်တွေ ထိန်းချုပ်မရနိုင်အောင် ခုန်လာခဲ့သည်။

သူမ ရင်တွေခုန်နေတာကို သတိထားမိပပြီး စန်းကျစ် ခေါင်းငုံ့လိုက်ကာ ချင်းယုဟွိုင်းကို ထပ်မကြည့်ရဲတော့ပါ။

စန်းကျစ် စန်းကျစ် ဘာတွေစဉ်းစားနေတာလဲ?! သူက စူစူလေးရဲ့ တူကြီးလေ! မသင့်တော်တာတွေ မတွေးစမ်းပါနဲ့!

သူတို့ ၃ ယောက် ကားထဲဝင်ပြီး အိမ်ပြန်ခဲ့ကြသည်။

ကားကို မိနစ်ပိုင်းလောက် မောင်းပြီးသောအခါ ချင်းယုဟွိုင်းကို သူ့အဖေ ဖုန်းဆက်လာသည်။ လမ်းကြုံလျှင် သူ အော်ဒါမှာထားသည့် သေတ္တာလေးတစ်လုံး ဝင်ယူပေးဖို့ ပြောတာဖြစ်ပါသည်။

စူစူလေး သူ့အတွက် ယူပေးထားသည့် ဖြူပြာကြွေအိုးလေးကို အလွန်သဘောကျတာကြောင့် ထိုကြွေအိုးလေး ထည့်သိမ်းလို့ရမည့် သေတ္တာတစ်လုံးကို သီးသန့် ဖန်တီးခိုင်းထားခြင်း ဖြစ်သည်။

ချင်းရှင်းကျစ်၏ သေတ္တာကို ဝင်ယူပေးဖို့ ချင်းယုဟွိုင်း လမ်းကြောင်း ပြောင်းကာ မောင်းလိုက်သည်။

သိပ်မဝေးလှဘဲ မိနစ်အနည်းငယ်သာ ထပ်မောင်းရမှာဖြစ်သည်။ သို့သော် ထင်မထားစွာဖြင့် လမ်းတစ်ဝက်လောက် အရောက်မှာ ကားလမ်းတွေ ပိတ်တာနဲ့ ကြုံရလေသည်။

ခပ်လှမ်းလှမ်းကို ကြည့်လိုက်သောအခါ အရှေ့မှာ လူအုပ်ကြီးလည်း ဝိုင်းနေကြသည်။

“ကားအက်ဆီးဒင့်ဖြစ်တာထင်တယ်”။ စန်းကျစ်က ပြောလိုက်၏။

“ကားအက်ဆီးဒင့် ဖြစ်တာ ဟုတ်လား။ လူတွေကို ကယ်ရမယ်!”။ အိပ်ငိုက်နေသည့် စူစူလေး ချက်ချင်း နိုးကြားသွားသည်။

ထိုသို့ပြောပြီးနောက် ကားတံခါးကို အတင်းဖွင့်ဖို့ ကြိုးစားလေသည်။

All Chapters