အခန်း (၁၉၀+၁၉၁)
Vol. 8 Ch. 190+191
အခန်း(၁၉၀) စူစူလေးရဲ့ ကယ်ဆယ်ရေး
“တူကြီး ကားတံခါးဖွင့်စမ်း! ငါတို့ သွားကယ်ပေးရမယ်!”
ကားတံခါးကို လော့ခ်ချထားသဖြင့် ဖွင့်လို့မရပါ။
“ခဏစောင့်ဦး မလုံခြုံသေးဘူး”။ ချင်းယုဟွိုင်းက ဖွင့်ဖို့ ငြင်းဆန်ပါသည်။
“လူတွေကို ကယ်ဖို့ စောင့်လို့မရဘူး!”။ စူစူလေး အလွန်စိတ်ပူပန်နေသည်။
“တံခါးဖွင့်ပေးလိုက်စမ်းပါ။ ကျွန်မ စူစူလေးနဲ့ လိုက်သွားလိုက်မယ်! ရှင်မဖွင့်ပေးလည်း စူစူလေးက ရအောင် ထွက်မှာ။ သူ့ကို မတားပါနဲ့”။ စန်းကျစ်က ပြောလိုက်သည်။
ကိုယ်တိုင် ကြုံဖူးသဖြင့် စန်းကျစ်က စူစူလေးရဲ့ စရိုက်ကို ပိုနားလည်ပါသည်။
ချင်းယုဟွိုင်း မျက်မှောင်ကြုတ်ကာ အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ကားတံခါးကို လော့ခ်ဖွင့်ပေးလိုက်ပါသည်။
ထို့နောက် ချက်ချင်းဆိုသလို စူစူလေးနဲ့ စန်းကျစ်တို့ ကားတံခါးဖွင့်လိုက်ပြီး အပြင်ပြေးထွက်သွားကာ လူတွေ ဝိုင်းအုံနေသော နေရာသို့ သွားခဲ့ကြသည်။
သူမတို့နှစ်ယောက် တွန့်ဆုတ်မှုမရှိဘဲ လူအုပ်ထဲ ပြေးဝင်သွားပုံကို ကြည့်ရင်း ချင်းယုဟွိုင်းရင်ထဲ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လူအုပ်ကြီးရဲ့ အလယ်မှာ ထိခိုက်ပျက်စီးထားသော ကားနှစ်စီးရှိနေသည်။
အရှိန်ဖြင့် ဝင်တိုက်မှုကြောင့် ကားနှစ်စီးလုံး အလွန်စုတ်ပြတ်နေပြီး ကားနောက်ခုံမှာ ထိုင်နေသည့် လူတစ်ယောက်က ပိတ်မိနေကာ အပြင်ထွက်မရပါ။
အရွယ်ရောက်ပြီးသား ယောက်ျားလေးတွေ ကားတံခါးကို ဖွင့်ဖို့ ကြိုးစားနေကြသည်။ ကယ်ဆယ်ရေးတွေ ရောက်မလာသေးပါ။
စူစူလေးနဲ့ စန်းကျစ်တို့ ထိုနေရာသို့ ရောက်သွားခဲ့ကြသသည်။
“သမီးလုပ်ပေးမယ်!”။ စူစူလေးက အော်လိုက်ပါသည်။
လူကြီးတွေက သူမကို လှည့်ကြည့်လိုက်ကြပြီး အံ့အားသင့်သွားသည်။
သူတို့ အမြန်ပြောလိုက်ကြ၏။ “ကလေးမ ဝေးဝေးမှာနေစမ်း အန္တရာယ်များတယ်! ပြဿနာ မရှာနဲ့!”
ထို့နောက် စူစူလေးနဲ့ ပါလာသည့် စန်းကျစ်အား သူတို့ ပြောလိုက်ကြပါသည်။ “ဒီကလေးမလေးကို အမြန် ခေါ်သွားစမ်းပါ! ဒီမှာ အန္တရာယ်များတယ်! ပြဿနာ ပိုကြီးအောင် မလုပ်ပါနဲ့”
ဦးလေးကြီးက စိတ်မရှည်စွာ ပြောလိုက်သော်လည်း သူပြောတာ မမှားပါ။
ဒီလိုအခြေအနေမျိုးမှာ ကလေးတွေကြောင့် အလုပ်တွေပိုရှုပ်ပြီး ဘာအကူအညီမှ မဖြစ်နိုင်ပါ။
ဦးလေးကြီး စကားပြောလို့ မဆုံးသေးခင် စူစူလေးက ကားဆီ ပြေးသွားပါသည်။
မျက်စိတစ်မှိတ်အချိန်အတွင်း စူစူလေးက ကားတံခါးဖွင့်ဖို့ ကြိုးစားနေသည့် လူကြီးတွေကို တွန်းထုတ်လိုက်ပြီး ကားတံခါးကို သူမရဲ့ လက်သေးသေးလေး နှစ်ဖက်စလုံးဖြင့် ကိုင်လိုက်ပါသည်။ ထို့နောက် တစ်ချက်တည်း အားပါပါ ဆွဲပြစ်လိုက်သည်။
ကားတံခါး လုံးဝ ကျွတ်ထွက်သွားပြီး စူစူလေးက ဘေးကို လွှင့်ပြစ်လိုက်ပါသည်။
ကတ္တရာလမ်းမကြီးပေါ် သံကားတံခါးကြီးက ဝုန်းခနဲမြည်အောင် ပြုတ်ကျသွားသည်။
ဘေးက ရပ်ကြည့်နေသူတွေအားလုံး ကြက်သေသေသွားကြသည်။ ကားတံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့သော လူကြီးတွေလည်း မှင်သက်သွားကြသည်။
သူတို့ ဒါမျိုး တစ်ခါမှ မမြင်ဖူးပါ…
သူတို့ ဖွင့်ဖို့ အချိန်အကြာကြီး ကြိုးစားခဲ့ရသည့် တံခါးက… ဒီတိုင်း အလွယ်တကူ ပြုတ်ထွက်သွားတာလား…?။
သူတို့ အံ့အားသင့်နေစဉ် စူစူလေးက ကားနောက်ခုံပေါ် သွက်သွက်လက်လက်တက်သွားပါသည်။
ကားထဲတွင် ဆရာကြီးကောက ကားထဲဝင်လာသော စူစူလေး၏ မျက်နှာလေးကို ရီဝေနေပါသည်။
ထိုအချိန်တွင် ထိုလူ့၏ စကားသံကို သူ့နားထဲ ပြန်ကြားယောင်လာသည်။
သူ့ရဲ့ ကံကောင်းစေသော ကြယ်ပွင့်လေးကိုသာ ရှာတွေ့ပါက နှစ်အနည်းငယ် ဆက်ပြီး အသက်ရှင်နိုင်ဦးမည်ဖြစ်သည်။ အစကတော့ ဆရာကြီးကော နားမလည်ခဲ့ပါ။
သို့သော်လည်း အခုချိန်မှာ စူစူလေးကို မြင်လိုက်ရတော့ သူ့ကမ္ဘာကြီးတစ်ခုလုံး တောက်ပသွားသလို ခံစားလိုက်ရသည်။
“စူစူလေး…”။ ဆရာကြီးကောက စူစူလေး၏ နာမည်ကို ခက်ခက်ခဲခဲ ခေါ်လိုက်ပါသည်။
“မကြောက်နဲ့ ဦးလေး။ သမီးကယ်ပေးမယ်!”။ စူစူလေးက ဆရာကြီးကောကို ပြောလိုက်ပါသည်။
ကားထဲ ပိတ်မိနေသည့်လူက ဘယ်သူလဲဆိုတာ စူစူလေး ဂရုမစိုက်ပါ။ ဘယ်လို ပိတ်မိနေတာလဲဆိုတာကိုသာ အာရုံစိုက်ကာ ရှာဖွေနေပါသည်။
ကား၏ ရွဲ့စောင်းသွားမှုကြောင့် ထိုင်ခုံနေရာက အလွန်ကြပ်သိပ်သွားသည်။ ဆရာကြီးကောရဲ့ ခြေထောက်တွေက ထိုင်ခုံနေရာမှာ ညပ်နေပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလို့ မရခဲ့ပါ။ သူ့ကို အပြင်ထုတ်ဖို့ဆို ဒီတိုင်း ဆွဲထုတ်ရုံနဲ့ မရလောက်ပေ။
ဝုန်း!
အပြင်ကလူတွေ မှင်သက်နေကြစဉ် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ကားအမိုးကြီး လေပေါ် မြောက်တက်သွားပါသည်။
လေပေါ် ၅ မီတာ ၆ မီတာာလောက် မြောက်တက်သွားပြီးမှ မြေကြီးပေါ် ပြန်ပြုတ်ကျလာခဲ့သည်။
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့ ဘာမှ မစဉ်းစားနိုင်ခင် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
ဝုန်း!
ထို့နောက် ကားထဲမှ ပစ္စည်းတစ်ခု လွင့်ထွက်လာတာကို မြင်လိုက်ကြရသည်။
ဒီတစ်ခါပစ္စည်းက ပိုတောင်ကြီးပါသေးသည်။
ထိုင်ခုံကြီးတစ်ခုလုံး ကျွတ်ထွက်လာတာဖြစ်သည်။
… … …
အခန်း(၁၉၁) အင်တာနက်ပေါ် ဗီဒီယို တက်သွားခြင်း
စူစူလေးက ဆရာကြီးကောကို ကားထဲမှ ချက်ချင်း ဆွဲထုတ်လိုက်ပါသည်။
စန်းကျစ်လည်း စူစူလေးကို သွားကူညီပေးလိုက်သည်။
တခြားသူတွေကတော့ ဘာလုပ်ရမှန်း မသိဘဲ ကြောင်ကြည့်နေမိကြပါသည်။ သူတို့ ဒီလို ဖြစ်ရပ်မျိုး တစ်ခါမှ မကြုံဖူးကြပါ။
ဒီကလေးမလေးက ကြမ်းတမ်းလိုက်တာ!
ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘာလို့ အဲ့လောက် အားသန်နေရတာလဲ?!
ထို့အပြင် ပိုလေးစားစရာ ကောင်းတာက ဒီလို ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သူရဲကောင်းစိတ်ဓာတ်ကို ပိုင်ဆိုင်ထားတာပင်။ သူစိမ်းတစ်ယောက်ကို ကယ်တင်ဖို့အတွက် ဘာမှမတွေးဘဲ အန္တရာယ်တောထဲ ပြေးဝင်သွားခဲ့သည်။
နောက်ဆုံးတော့ လူတွေလည်း အသိစိတ်ပြန်ဝင်လာကြပြီး ဖုန်းထုတ်ကာ ဗီဒီယိုတွေ ဓာတ်ပုံတွေ ဝိုင်းရိုက်ကြလေသည်။
ဒီလို ဆန်းကြယ်ပြီး အံ့အားသင့်ဖို့ကောင်းသည့် အခိုက်အတန့်ကို မှတ်တမ်းတင်ထားခဲ့ကြသည်။
တခြားသူတွေလည်း စူစူလေးကို ဝိုင်းကူညီဖို့ ရောက်လာခဲ့ကြပါသည်။
အားလုံး ကယ်ဆယ်ရေး လုပ်ပြီးသွားသောအခါမှ လူနာတင်ကားနဲ့ ယာဉ်ထိန်းရဲတွေ ရောက်လာခဲ့ကြသည်။
ယာဉ်ထိန်းရဲနဲ့ လူနာတင်ကားအတွက် လူတွေ လမ်းဖယ်ပေးလိုက်ကြပါသည်။ ထို့နောက် ဆေးရုံဝန်ထမ်းများက ဒဏ်ရာ ရရှိထားသူတွေကို လူနာတင်ကားတွေပေါ် ဂရုတစိုက် တင်လိုက်ကြသည်။
“စူစူလေး… စူစူလေး…”။ လူနာထမ်းစင်ပေါ်မှာ လှဲလျောင်းရင်း ဆရာကြီးကောက စူစူလေးရဲ့ နာမည်ကို တဖွဖွ ခေါ်နေမိသည်။
“စိတ်မပူပါနဲ့ ဆရာကြီး။ ကျွန်တော်တို့ အခုချက်ချင်း ဆေးရုံကို ပို့ပေးပါ့မယ်”
“အဲ့ဒီကလေးမလေးကို ခေါ်ပေးပါ…”။ ဆရာကြီးကော၏ မျက်လုံးများက လူအုပ်ထဲမှာ စူစူလေးကို လိုက်ရှာနေပါသည်။
“ကျေးဇူးပြုပြီး ဆေးရုံကို အရင်လိုက်ခဲ့ပါဆရာကြီး။ ပြီးမှ မိသားစုကို ဆက်သွယ်ပေးပါ့မယ်”
“မရဘူး… အဲ့ဒီကလေးမလေး ငါ့နားမှာ ရှိမှ စိတ်သက်သာရာ ရမှာ…”
ဆရာကြီးကောက ဆက်ရှင်းပြချင်သောလည်း သူနာပြုက လူနာတင်ကားတံခါးကို ပိတ်လိုက်ပါပြီ။
ယုဟွိုင်းရောက်လာချိန်တွင် ကယ်ဆယ်ရေး အဆုံးသတ်သွားပြီ ဖြစ်သည်။
ပင်ပန်းသွားကြသော စန်းကျစ်နဲ့ စူစူလေးတို့ကို ကြည့်ရင်း သူ့မျက်လုံးများ နူးညံ့သွားသည်။
စန်းကျစ်က စူစူလေး၏ လက်ကိုဆွဲကာ ယုဟွိုင်းထံ ပြန်လျှောက်သွားခဲ့ပါသည်။
“ဟိုး….” စန်းကျစ် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ “ပြီးသွားပြီ ပြန်ကြစို့”
“နှစ်ယောက်စလုံး တော်ပါပေတယ်”။ ယုဟွိုင်းက သူတို့နှစ်ယောက်ကို အတည် ချီးမွမ်းလိုက်ပါသည်။
“ကျွန်မက ဘာမှ သိပ်မလုပ်ခဲ့ရပါဘူး။ ဒီလိုအခြေအနေမျိုးတွေဆို ကျွန်မ ကြောက်တတ်တယ်။ စူစူလေးက ကျွန်မကို သင်ပေးခဲ့တာ”။ စန်းကျစ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ပါသည်။
“ဘာပဲဖြစ်ဖြစ် တော်ပါပေတယ်။ စူစူလေးကတော့ ပိုတော်တာပေါ့”။ ယုဟွိုင်းက စူစူလေးကို ပြုံးလျက် ငုံ့ကြည်လိုက်ပါသည်။
“ဒါပေါ့! တော်ပြီးသား!”။ စူစူလေးက ခေါင်းမော့ ရင်ကော့စွာ ယုံကြည်ချက်ရှိရှိ ကြွေးကြော်လိုက်ပါသည်။
သူမက အမြဲတမ်း သတ္တိရှိသည်။
သူတို့ ၃ ယောက် ကားထဲ ပြန်ဝင်ပြီး သွားစရာရှိတာ ဆက်သွားခဲ့ကြပါသည်။
စူစူလေး လူကယ်တင်နေသည့် ဗီဒီယိုတစ်ပုဒ်ကို လူတစ်ယောက်က မှတ်တမ်းတင်ထားပြီး ဗီဒီယိုအတို ဝက်ဘ်ဆိုက် တစ်ခုပေါ်သို့ တင်လိုက်တာကို သူတို့ မသိသေးပါ။
၁၀ မိနစ်အတွင်း ထိုဗီဒီယို ကြည့်ရှုသူ သန်းချီသွားပြီး ကောမန့်တွေ ထောင်ချီ တက်လာခဲ့ပါသည်။
ဗီဒီယိုထဲမှာ စူစူလေးနဲ့ စန်းကျစ်တို့ ဆရာကြီးကောကို တွဲပြီး ကယ်ထုတ်ပေးနေသည့် အပိုင်းသာ ပါဝင်သော်လည်း ထိုတစ်ပိုင်းတည်းနဲ့တင် အင်တာနက်တစ်ခွင်လုံး ဗြောင်းဆန်သွားစေပါသည်။
“ဘုရားရေ ဘယ်သူ့ သမီးလေးလဲ မသိဘူး တော်လိုက်တာ”
“လိမ္မာလိုက်တဲ့ ကလေးလေး။ သန်လည်း သန်မာတယ်။ လူကြီးတစ်ယောက်ကိုတောင် မ,နိုင်တယ် ကြည့်စမ်း
( ˶°ㅁ°) !!”
“ဘေဘီ ဟီးရိုးလေး ദ്ദി(ᵔᗜᵔ)”
“ဘေးမှာ ရပ်ကြည့်နေတဲ့လူတွေက သေနေတာလား။ ကလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို မကူညီဘဲ ဝိုင်းကြည့်နေကြတာလား”
“[Reply] ကောမန့်ထဲမှာ မဆဲနဲ့ကွ။ ကားက ရွဲ့စောင်းပြီး အထဲမှာ ကျဉ်းနေလို့ ကလေးတစ်ယောက်စာ နေရာပဲ ရှိလို့နေမှာပေါ့။ သူတို့လက်ထဲမှာ တူတွေဂွတွေ ကိုင်ထားတာ မမြင်ဘူးလား။ သူတို့ ဒီတိုင်း ရပ်ကြည့်နေတာ မဟုတ်ပါဘူး”
“[Reply] အပြင်ရောက်တော့ကော ဘာလို့ ရပ်ကြည့်နေသေးတာလဲ”
“အကယ်ခံရတဲ့လူကြီးကတော့ အဲ့ဒီနှစ်ယောက်ကို ကျေးဇူးတင်နေတော့မှာပဲ။ အသက်သခင် ကျေးဇူးရှင်ဆိုတာ ဒါမျိုးလေ”