← Chapters

အခန်း (၁၉၂+၁၉၃)

Vol. 8 Ch. 192+193

အခန်း (၁၉၂+၁၉၃)

Vol. 8 Ch. 192+193

အခန်း(၁၉၂) စူစူလေး အင်တာနက် ဆယ်လီဖြစ်သွားပြီ (၁)

စူစူလေး အိမ်ပြန်ရောက်လာပြီး တံခါးမှ ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် အဘွားချင်းက အပြေးရောက်လာကာ စူစူလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပါသည်။

“ငါ့သမီးလေး ဘာဖြစ်သွားသေးလဲ။ မေမေ စိတ်ပူလွန်းလို့ သေတော့မှာပဲ!”။ အဘွားချင်းက စူစူလေးကို တစ်ကိုယ်လုံး စိုးရိမ်ပူပန်စွာ စစ်ဆေးလိုက်သည်။

အဘိုးချင်းလည်း ရောက်လာပြီး စူစူလေးကို ခေါင်းအစ ခြေအဆုံး စစ်ဆေးလိုက်ပါသည်။

“သမီးဘာမှမဖြစ်ပါဘူး!”။ စူစူလေးက အူတူတူဖြင့် ပြောလိုက်ပါသည်။

“တော်သေးတာပေါ့ တော်သေးတာပေါ့”။ အဘွားချင်း သက်ပြင်းချလိုက်သည်။ “ခုနက ဗီဒီယိုကို ကြည့်ပြီး မေမေ အရမ်းလန့်သွားတာ”

စူစူလေးတို့ အိမ်ပြန်မရောက်ခင် အွန်လိုင်းပေါ် တက်နေသော ဗီဒီယိုတစ်ပုဒ်ကို ချင်းမိသားစု မြင်သွားခဲ့သည်။ ဗီဒီယိုထဲမှာ ကားအက်ဆီးဒင့်ဖြစ်ထားသော နေရာတစ်ခု၌ စူစူလေးက လူတွေ ကယ်တင်နေပါသည်။

သူ့ညီမလေး ဘေးကင်းမှန်း ကြားသောအခါ ချင်းရှင်းကျစ်က ချင်းယုဟွိုင်းထံ ဒေါကြီးမောကြီးနဲ့ လျှောက်လာလေသည်။

“ဆန်ကုန်မြေလေးကောင်! မင်းဘယ်လို တူလဲကွ! စူစူလေးကို ဘယ်လိုစိတ်နဲ့ ဒီလိုလုပ်ခွင့် ပေးလိုက်တာလဲ?! ဘယ်လောက် အန္တရာယ်ရှိလဲဆိုတာ မသိဘူးလား။ သူ့နားမှာ မင်းရှိနေသင့်တာ!”

ချင်းရှင်းကျစ်က ချင်းယုဟွိုင်းကို ပိုးစိုးပက်စက် ဆုံးမနေပြီး စကားပြန်ပြောဖို့တောင် အခွင့်အရေး မပေးပါ။

“မင်းတော်တော် အသုံးမကျတဲ့ကောင်ပဲ! ငါ့ညီမလေး ဒီလောက် နူးညံ့တာ ဒီလောက်အန္တရာယ်များတဲ့ နေရာကို ဘာလို့ သွားခွင့်ပေးလိုက်တာလဲ။ သူအနာတရ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲကွ”

“ပြီးတော့ TV ထဲကလို ဂတ်စ်တွေဘာတွေ စိမ့်ပြီး ရုတ်တရက် မီးလောင်ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲ။ မင်း ဒေါ်လေးကို ဘယ်လို စောင့်ရှောက်နေတာလဲ?! ဘယ်လိုတွေ ကာကွယ်ပေးနေတာလဲ?!”

“ပြီးတော့ စန်းကျစ်က မင်းကောင်မလေးကွ! ကောင်မလေးဆိုတာ ဘာအဓိပ္ပာယ်လဲ နားလည်လား။ ငါတို့ ယောက်ျားလေးတွေက ကျန်တာ မလုပ်ချင် မလုပ်လို့ရတယ်။ ဒါပေမယ့် ကိုယ့် လက်တွဲဖော်ကိုတော့ ကာကွယ်ပေးရမယ်ကွ! ကိုယ့်လက်တွဲဖော်ကို ကာကွယ်မပေးနိုင်တဲ့ကောင်ကို ယောက်ျားလို့ မခေါ်သင့်ဘူး! နားလည်လား!”

စန်းကျစ်က ချင်းယုဟွိုင်းကို ကာကွယ်ပေးဖို့ ကြိုးစားရင်း တိုးညှင်းစွာ ပြောလိုက်သည်။ “ဦးလေးချင်း… ဟိုလေ… သမီးတို့ စိတ်ကူးနဲ့ သမီးတို့ သွားကူညီပေးခဲ့တာပါ… သူလည်း မကူညီပေးချင်လို့မဟုတ်ပေမယ့် အဲ့ဒီအခြေအနေက သူနဲ့ မသင့်တော်လို့ပါ။ ပြီးတော့ သူနဲ့ သမီးနဲ့က… အဲ့လို ပတ်သတ်မှုမျိုး မဟုတ်ပါဘူး…”

လူတိုင်းမှာ အားသာချက် အားနည်းချက်ကိုယ်စီ ရှိကြသည်။ အားသုံးပြီး လုပ်ရသည့် အလုပ်တွေမှာ သူမနဲ့ စူစူလေးတို့က ပိုကျွမ်းကျင်ပါသည်။ ချင်းယုဟွိုင်း လိုက်လာခဲ့ရင်လည်း ဘာမှ အကူအညီ သိပ်ဖြစ်မှာ မဟုတ်ပါ။

“ရှောင်းကျစ် အဲ့ဒီကောင်အတွက် ကာကွယ်ပေးမနေနဲ့! သူ့ဒေါ်လေးကို မကာကွယ်ပေးတဲ့အပြင် ကိုယ့်ချစ်သူကိုပါ မစောင့်ရှောက်နိုင်ဘူး! တော်တော် အသုံးမကျတဲ့ကောင်! သမီးကိုယ်စား သူ့ကို ဦးလေး သင်ခန်းစာ ကောင်းကောင်း ပေးပေးမယ်!”

စန်းကျစ်ကို စကားပြောသည့်အခါမှတော့ ချင်းရှင်းကျစ်လေသံက ပျော့ပြောင်းနေပါသည်။

“သမီး…” ချင်းယုဟွိုင်းအတွက် ဘယ်လို ရှင်းပြပေးရမလဲ စန်းကျစ် မသိတော့ပါ။ သူမ အလွန်စိတ်လှုပ်ရှားနေသဖြင့် ခေါင်းထဲ ဘာမှစဉ်းစားမရတော့ပေ။

“အစ်ကိုကြီး! သမီးတူကြီးကို မဆူပါနဲ့! သူက အရမ်းတော်တယ်! သူဒီနေ့ အရမ်းတော်ခဲ့တာ!”။ စူစူလေးကပါ ချင်းယုဟွိုင်းကို ကူညီကာကွယ်ပေးလိုက်ပါသည်။

“ညီမလေး?”။ ချင်းရှင်းကျစ်က စူစူလေးကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

“သမီးတူကြီးက အရမ်းတော်တာ! သမီးတူကြီးကို သဘောကျတယ်။ သူ့ကို မဆူပါနဲ့ အစ်ကိုကြီး။ သူဒီနေ့ အရမ်းမိုက်တာ!”။ စူစူလေးက နောက်တစ်ဖန် ထပ်ပြောလိုက်သည်။

သူ့ညီမလေးက သူ့သားကို သဘောကျတယ်ဆိုပဲ!

အစ်ကိုကြီးဖြစ်သည့် ချင်းရှင်းကျစ်တောင် ဒီလို အပြောမခံရသေးပါ။

ချင်းရှင်းကျစ်က ချင်းယုဟွိုင်းကို ပြန်လှည့်ကြည့်လိုက်သည်။ ထင်မှတ်မထားစွာ ချင်းယုဟွိုင်းက ပြုံးနေပြီး ရယ်သံ သဲ့သဲ့တောင် ကြားနေရပါသည်။ သူ့အပြုံးမှာ ကျေနပ်မှုတွေကော ဂုဏ်ယူဝံ့ကြွားမှုတွေကော ပါဝင်နေသည်။

“ငါ့ညီမလေး မင်းကို ဒီလောက် ချီးကျူးနေရအောင် ဘာလုပ်လိုက်တာလဲ ဟိတ်ကောင်!” ချင်းရှင်းကျစ်က မေးလိုက်သည်။

ချင်းယုဟွိုင်းက ဘာမှပြန်မဖြေဘဲ ပြုံးသာ ပြုံးနေပါသည်။

စန်းကျစ်နဲ့ စူစူလေးရဲ့ ကာကွယ်ပေးမှုကြောင့် သူ စိတ်ရွှင်သွားသည်။ သူ့အပြုံးက ဘယ်လောက်တောင် ထင်ရှားနေသလဲဆိုတာ သူ့ကိုယ်သူတောင် မသိခဲ့ပါ။

ချင်းရှင်းကျစ် မနာလိုဖြစ်လို့ မဝသေးခင် အပြင်ဘက်မှ ဆူညံသံတွေ ထွက်လာခဲ့သည်။

ထို့နောက် အိမ်စေတစ်ယောက် ပြေးဝင်လာပြီး ပြောလိုက်ပါသည်။ “ခြံရှေ့မှာ သတင်းထောက်တွေ၊ ဂျာနယ်လစ်တွေ အပြုံလိုက်ကြီး ရောက်နေပါတယ်။ သူတို့ သခင်မလေးစူစူကို အင်တာဗျူးချင်လို့တဲ့!”

… … …

အခန်း(၁၉၃) စူစူလေး အင်တာနက်ဆယ်လီ ဖြစ်သွားပြီ (၂)

စူစူလေးကို အင်တာဗျူးဖို့…?

အဘွားချင်း ရင်ခွင်ထဲက စူစူလေးကို အားလုံး ဝိုင်းကြည့်လိုက်ကြသည်။

“သမီး TV မှာ ပါလာမှာလား?! သမီး ကြည့်လို့ကောင်းမှာလားဟင်” စူစူလေးက မေးလိုက်ပါသည်။

TV ပေါ်မှာ ပါလာတာ ကိစ္စမရှိသော်လည်း သူမ ရုပ်ရည် ချောမောနေမှ ရပါမည်။

ချင်းမိသားစုဝင်တေါ အကုန် မျက်မှောင်ကြုတ်သွားပြီး စူစူလေးကို ကင်မရာတွေရှေ့ ပို့ရကောင်း မပို့ရကောင်း စဉ်းစားနေကြသည်။

“အမေ ကျွန်တော့် ညီမလေးကို အင်တာဗျူးခွင့်ပြုလို့မဖြစ်ဘူးနော်။ အွန်လိုင်းပေါ်မှာ ဂျပိုးတွေအများကြီး ရှိတယ်။ သူ့ကို မကောင်းပြောကြရင် ဘယ်လိုလုပ်မလဲ။ မဖြစ်ဘူး မဖြစ်ဘူး။ ကျွန်တော့်ညီမလေး သူများ အတင်းတုပ်စရာ ဖြစ်လာလို့ မရဘူး!”။ ချင်းရှင်းကျစ်က ပြတ်သားစွာ ကန့်ကွက်လိုက်သည်။

“ငါတို့ အဖိုးတန်လေးကို TV ပေါ်မှာ ပါလာခွင့်ပေးဖို့ ငါလည်း ကန့်ကွက်တယ်”။ အဘိုးချင်းကလည်း သူ့သားကို ထောက်ခံပါသည်။ “ငါတို့ အဖိုးတန်လေးကို အဲ့ဒီထူးထူးဆန်းဆန်းလူတွေ သိစရာမလိုပါဘူး။ အင်တာနက်ပေါ်မှာ လူဆိုးလူမိုက်တွေ အများကြီး ရှိတယ်”

ချင်းယုဟွိုင်းက လေသံနက်နက်ရှိုင်းရှိုင်းဖြင့် ပြောလိုက်သည်။ “စူစူလေး အင်တာဗျူးဖြေသင့်တယ်လို့ ကျွန်တော် ထင်တယ်”

“ခွေးကောင် မင်းဘာလို့ အကန်တွေ လာပြောနေတာလဲ။ စူစူလေးကို လက်လွတ်စပယ် လူတွေကယ်ခွင့်ပေးပြီး အခု TV ပေါ်မှာပါ ပါလာစေချင်တာလား။ မင်းဘာဖြစ်ချင်နေတာလဲ”။ ချင်းရှင်းကျစ် ဒေါသထွက်သွားသည်။

“အဖေ၊ ဒီလို ခွင့်ပြုပေးလိုက်ရင် စူစူလေးက အဘိုးနဲ့ အဘွားတို့ရဲ့ တရားဝင်သမီးလေးဖြစ်မှန်း အပြင်လောကတစ်ခုလုံးကို ကြေညာပြီးသား ဖြစ်မသွားဘူးလား။ ကောလဟာလတွေ အတင်းအဖျင်းတွေ အကုန်လုံးကို တိုက်ဖျက်ပြီးသား ဖြစ်သွားမယ်လေ”။ ချင်းယုဟွိုင်းက သူ့အတွေးကို ပြောပြလိုက်ပါသည်။

“ကျွန်မလည်း ယွင်ဟွိုင်းရဲ့ အကြံကို ထောက်ခံတယ်”။ အဘွားချင်းက ပြောသည်။ “စူစူလေးရဲ့ သရုပ်မှန်ကို အပြင်လူတွေ အမြဲတမ်း မေးခွန်းထုတ်နေခဲ့ကြတာ။ ကျွန်မတို့ဘက်က တစ်ယောက်ချင်း လိုက်ရှင်းပြလို့လည်း မဖြစ်ဘူးလေ။ ဒီအခွင့်အရေးကို အရယူပြီး တစ်ခါတည်း အပြတ်ရှင်းလင်းလိုက်တာ ပိုကောင်းတယ်”

အဘွားချင်းကပါ ဝင်ပြောသဖြင့် ချင်းရှင်းကျစ် အနည်းငယ် တွန့်ဆုတ်သွားသည်။

ဝမ်ချင်းကတော့ ဘာမှ ဝင်မပြောခဲ့ပါ။ သူမ လက်လျှော့လိုက်တာ ကြာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သိသင့်တာတွေ သိပြီးနေပြီဖြစ်သဖြင့် လျှို့ဝှက်ထားလို့လည်း ဘာမှ မထူးတော့ပါ။

စူစူလေးက သူမယောက္ခမတွေရဲ့ သမီးအရင်းဖြစ်ကြောင်းကို ကြေညာလိုက်တာက စူစူလေးကို မျိုးမစစ်လေးဟု ခေါ်နေကြမှာထက်စာလျှင် ပိုကောင်းပါသည်။

မိသားစုဝင်တွေ ညှိနှိုင်းဆွေးနွေးပြီးနောက် စူစူလေးကို အင်တာဗျူးဖြေခွင့် ပေးဖို့ ဆုံးဖြတ်လိုက်ကြပါသည်။ သို့သော်လည်း အနားမှာတော့ လူကြီးမိဘတွေ ရှိနေရမည်။

ထို့အပြင် အင်တာဗျူးပြီး ထုတ်ပြန်မည့် မူကြမ်းတွေကိုလည်း သူတို့ မိသားစု ဆန်းစစ်သွားမည်။ မသင့်တော်တာတွေ ထုတ်ပြန်ခွင့် မပြုတာတွေဆို ပယ်ချခံရပါမည်။

ဆိုရှယ်မီဒီယာတွေပေါ်မှာ ပေါက်ကရရေးတင်လျှင် စန်းကျစ်က သူတို့အကောင့်တွေ ပျောက်သွားအောင် လုပ်ပေးနိုင်ပါသည်။

--- --- ---

မိနစ် ၂၀ ခန့်ကြာသောအခါ…

သတင်းထောက်တွေ၊ ဂျာနယ်လစ်တွေနဲ့၊ ဆိုရှယ်မီဒီယာ အကြောင်းအရာဖန်တီးသူတွေအကုန်လုံးကို ကျယ်ဝန်းလှသော ချင်းအိမ်တော်ကြီးထဲသို့ ဖိတ်ကြားလိုက်ပါသည်။

စူစူလေးကို အဘွားချင်းက ပွေ့ချီထားပြီး ဆိုဖာပေါ်မှာထိုင်လျက် အားလုံးကို ကြိုဆိုလိုက်ပါသည်။

ကင်မရာပေါ်မှာ လှပနေဖို့အတွက် စူစူလေးက သူမ အကြိုက်ဆုံး ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖိနပ် မိုက်မိုက်လေးကိုလည်း စီးထားသည်။

သတင်းထောက်မိန်းကလေးက စူစူလေးကို အပြုံးဖြင့် မေးလိုက်သည်။ “သမီးလေးနာမည် ဘယ်လိုခေါ်လဲ”

“စူစူ! ချင်းစူစူ!”။ စူစူလေးက ပီပီသသ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“သမီးကို ချီထားတဲ့ ဘွားဘွားကကော ဘယ်သူလဲ သမီးနဲ့ ဘာတော်လဲ”။ သတင်းထောက်က ချိုသာစွာ မေးလလိုက်သည်။

“သမီးမေမေလေ! သူက အသက်မကြီးဘူးနော်! အသက်ကြီးတယ်လို့ မပြောနဲ့! သူက အလှဆုံးပဲ!”။ စူစူလေးက တည်တည်တံ့တံ့မျက်နှာလေးဖြင့် ပြောလိုက်သည်။

သူမ မေမေကို အသက်ကြီးသည်ဟု ပြောပါက စိတ်ဆိုးပါမည်။

ထို့နောက် စူစူလေးက သူမဖေဖေကိုပါ မိတ်ဆက်ပေးလိုက်သည်။ “ဒါသမီး ဖေဖေ။ အရမ်းချောတယ်မလား!”

အဘိုးချင်းက ကင်မရာရှေ့မှာ ပြုံးပြလိုက်ပါသည်။ သူ့ပုံစံက အလွန်သပ်သပ်ရပ်ရပ် ရှိနေသည်။ နက်ကတိုင်ကိုတောင် သေချာ ပြန်ပြင်ဆင်လိုက်သေးသည်။

ဒီနေ့ သူ့သမီးလေးကို အဖော်ပြုပေးရမှာဖြစ်သဖြင့် ကြည့်ကောင်းနေမှဖြစ်ပါမည်။

စူစူလေးက တိတ်ဆိတ်နေသော ချင်းယုဟွိုင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အဲ့ဒီ ဒုံးဝေးပြီး စိတ်ဓာတ်ကျစရာ ကောင်းတဲ့ ပုံစံနဲ့လူက သမီးရဲ့တူကြီးလေ! သူ့ကို ကောင်မလေး ကူရှာပေးပါလား။ အသက်ကြီးပြီး အခုထိ ရည်းစားမရှိသေးလို့ မေမေနဲ့ ဖေဖေက အရမ်းစိတ်ပူနေတာ!”

ထို့နောက် စူစူလေးက ကင်မရာထဲကြည့်ကာ ကြေညာလိုက်သည်။ “သမီးတူကြီးကို သဘောကျတဲ့ မမလှလှတွေ ရှိရင် သမီးကို ဆက်သွယ်ပေးပါ!”

All Chapters