← Chapters

အခန်း (၁၉၄+၁၉၅)

Vol. 8 Ch. 194+195

အခန်း (၁၉၄+၁၉၅)

Vol. 8 Ch. 194+195

အခန်း(၁၉၄) စူစူလေး အင်တာနက်ဆယ်လီ ဖြစ်သွားပြီ (၃)

စူစူလေးရဲ့ စကားကိုကြားတာနဲ့ ချင်းယုဟွိုင်း မျက်နှာပိုမို မှောင်မိုက်သွားပါသည်။

သူတစ်ခုခုကို ချုပ်တည်းနေရမှန်း အားလုံး ရိပ်မိကြပါသည်။

သူ့မျက်နှာကို ကင်မရာတွေ ချိန်လိုက်သောအခါ အခန်းထဲမှာ ပိုပိုပြီး အေးစက်လာသလို ခံစားရသည်။ သို့သော်လည်း သူ့ ရုပ်ရည်ကတော့ ယောက်ျားပီသဆဲ ဖြစ်သည်။

Live လွှင့်နေသည့် ဆိုရှယ်မီဒီယာဖန်တီးသူတွေလည်း ရှိသဖြင့် ကောမန့်ထဲမှာ “ကြိုက်တယ် ကြိုက်တယ်” ဟူသော စကားလုံးများဖြင့် ပြည့်နှက်သွားပါသည်။

တချို့ဆို စူစူလေးကို “ဒေါ်လေး”ဟုပင် ခေါ်ဆိုနေကြပါပြီ။

သတင်းထောက်က စူစူလေးအား ဆက်မေးလိုက်၏။ “သမီးကို သမီးဖေဖေနဲ့မေမေက တကယ်မွေးထားတာလား”

စူစူလေးက ခေါင်းငြိမ့်လိုက်သည်။ “ဒါပေါ့! သမီးမေမေနဲ့ ဖေဖေတို့က ကျန်းမာရေး အရမ်းကောင်းတာ! သူတို့ စောစောအိပ် စောစော ထကြတယ်။ ပြီးတော့ နေ့တိုင်း လေ့ကျင့်ခန်း လုပ်ကြတယ်! သမီးဖေဖေက ထင်ရှူးပင်ကို မြင်းနဲ့တောင် ဆွဲနိုင်တယ်!”

“ဟမ် ထင်းရှူးပင်ကို မြင်းနဲ့ဆွဲတာ? အဲ့တာ ဘာကိုပြောတာလဲ”။ သတင်းထောက်က ‌မေးလိုက်ပါသည်။

“အဟွတ် အဟွတ်”။ အဘိုးချင်းက ချောင်းဟပ်လိုက်ပြီး ရှင်းပြလိုက်သည်။ “မာရသွန်ပြေးတာကို ပြောတာပါ”

ဪ မာရသွန်ပြေးတာကို ပြောတာကိုး! ဒါဆို အဘိုးချင်းက တော်တော် သက်လုံကောင်းတာပေါ့!

ထို့နောက် စူစူလေးက သတင်းထောက်ကို ပြောလိုက်သည်။ “သမီးကို သမီးမိဘတွေ မွေးထားတာ မဟုတ်ဘူးလို့ မပြောနဲ့နော်! မဟုတ်ရင် အဲ့တာကို ဘယ်လိုခေါ်ပါလိမ့်- ဆေးစစ်ချက်ဆိုတာကြီး ထုတ်ပြပြီး အကုန် အရှက်ကွဲပလိုက်မယ်!”

သူမရဲ့ ချစ်စရာမျက်နှာသေးသေးလေးက တည်တံ့သွားပြီး အားလုံးကို ခြိမ်းခြောက်လိုက်ပါသည်။

သတင်းထောက်က ရယ်မောရင်း ကတိပေးလိုက်ပါသည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ မမတို့ ဘာမှ မပြောတော့ပါဘူး မပြောတော့ဘူးနော်။ စူစူလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ အဖေအမေနဲ့လည်း ရုပ်ဆင်တော့ သူတို့ သမီးလေးပဲ ဖြစ်မှာပေါ့!”

“ဒါပေါ့! သမီးတို့ အကုန်လုံး ချောကြတယ်။ အရမ်းကြည့်ကောင်းကြတယ်!”

စူစူလေးက ယုံကြည်ချက်ပြည့်ဝစွာ ခေါင်းမော့ပြလိုက်ပါသည်။

စူစူလေး၏ အပြုအမူကြောင့် သတင်းထောက်တွေ အကုန်လုံး အံ့အားသင့်သွားကြသည်။

ဒီကလေးမလေးက ကင်မရာလုံးဝ မကြောက်တတ်သည့်အပြင် အားလုံးထက် သာသည်ဟူသော အရှိန်အဝါမျိုး ပေးစွမ်းနေသည်။

ဒါ့ကြောင့်လည်း ကားအက်ဆီးဒင့်ဖြစ်သည့်နေရာမှာ သူများကို ကယ်တင်နိုင်ခဲ့တာဖြစ်လိမ့်မည်။ တကယ်ပဲ သတ္တိရှိပါပေသည်။

သတင်းထောက်က ဆက်မေးလိုက်၏။ “ဟုတ်ပါတယ်။ စူစူလေးက ကြည့်ကောင်းရုံတင် မကဘူး သတ္တိလည်း ရှိတယ်။ ဒီနေ့ နေ့လယ်ခင်းတုန်းက ကားလမ်းပေါ်မှာ လူတစ်ယောက်ကို ကယ်ခဲ့သေးတယ်နော်။ သမီးအတွက်သမီး မစိုးရိမ်ဘဲ အဲ့ဒီ ဦးလေးကြီးကို ဘာလို့ အပြေးသွားကယ်ခဲ့ရတာလဲ”

“သူ့ကို ကယ်တင်ပေးဖို့ လိုအပ်နေလို့လေ!”။ စူစူလေးက သာမန်ဖြစ်ရပ်တစ်ခုလို မထူးမဆန်း ပြောလိုက်ပါသည်။

သတ္တိရှိသူတစ်ယောက်အနေဖြင့် ပျော့ညံ့သူတွေ ဒုက္ခရောက်လျှင် ကျိန်းသေပေါက် ကူညီပေးရပါမည်။

“စူစူလေးက မကြောက်ဘူးလား”

“မကြောက်ဘူး! သမီးက အရမ်းတော်ပြီး သန်မာတယ်!”

ပြောပြောဆိုဆိုနဲ့ စူစူလေးက သူမရဲ့ လက်မောင်းကြွက်သားလေးကို ထုတ်ပြလိုက်ပါသည်။

ဒီလို ခွန်အားမျိုးနဲ့ ကားတစ်စီးကို ကြောက်စရာလိုလို့လား။ နည်းနည်းလေးတောင် မကြောက်ဘူး!

ကင်မရာမန်းက စူစူလေးရဲ့ လက်မောင်းလေးကို အနီးကပ် ရိုက်ပြလိုက်သည်။

ထိုလက်မောင်းလေး အောက်မှာ သူတို့မမြင်နိုင်တဲ့ ကြွက်သားတွေဘာတွေ ရှိကောင်း ရှိနေနိုင်သည်။

ကောမန့်တွေကလည်း အဆက်မပြတ် တက်လာနေပါသည်။

[သန်မာလိုက်တာ ( ˶°ㅁ°) !!]

[ကြောက်စရာကြီး ꉂ૮(°Д°'˶)ა]

[ကြောက်ပါပြီဗျာ (╥ᴗ╥)]

သတင်းထောက်မလေးက ရယ်ချင်စိတ်ကို ထိန်းထားပြီး ဆက်မေးလိုက်သည်။ “ဒါဆို ဒီလိုအခြေအနေမျိုး ထပ်ကြုံလာရင်ကော စူစူလေးက လူတွေကို ကယ်တင်ပေးဦးမှာလား”

“ကယ်ပေးရမှာပေါ့! လူတွေ အန္တရာယ်နဲ့ ကြုံနေရရင် ကယ်တင်ပေးရမယ်လေ!”။ စူစူလေး တွန့်ဆုတ်မှု မရှိဘဲ ပြန်ဖြေလိုက်ပါသည်။

သူမရဲ့ အဖြေက လူကြီးတချို့ကို အရှက်ရသွားစေသည်။

ကလေးဘဝက အရိုးရှင်းဆုံးနဲ့ အပြစ်အကင်းစင်ဆုံးဖြစ်သည်ဟု သူတို့ တွေးလိုက်မိကြ၏။

လူကြီးတွေဖြစ်သည့် သူတို့က ထည့်စဉ်းစားစရာတွေ အများကြီး ရှိသည်။

တစ်ခါတလေ မကူညီပေးချင်တာ မဟုတ်သော်လည်း ကမ္ဘာကြီးက ထင်သလောက် မရိုးရှင်းသဖြင့် မကူညီပေးနိုင်ခဲ့တာတွေ ရှိပါသည်။

သတင်းထောက်မလေးက ဆက်မေးလိုက်သည်။ “ကြည့်ရှုသူတွေကို စူစူလေး ပြောချင်တာ ရှိသေးလား”

“သမီးတူကြီးရဲ့ ကောင်မလေး လုပ်ချင်တဲ့ မမလှလှတစ်ယောက်လောက် ရှိလား”။ စူစူလေး မေးလိုက်ပါသည်။

… … …

အခန်း(၁၉၅) ဝမ်ချင်း ကြောက်လန့်သွားခြင်း (၁)

စကားလမ်းကြောင်းက ချင်းယုဟွိုင်းဘက်သို့ ပြန်လှည့်လာပါသည်။

ဒီကောင်မလေး သူမတူကြီးကို ရည်းစားရှာပေးဖို့ အခုချိန်ထိ လက်မလျှော့သေးဘူးလား?!

ချင်းယုဟွိုင်း နှုတ်ခမ်းတွန့်သွားပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ကတော့ အပြုံးမပျက်ကြပေ။

သူတို့ရဲ့ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနေတတ်သော မြေးကို ဒုက္ခပေးရတာ သဘောကျနေသည့်အလား။

သတင်းထောက်မလေးက ပြောလိုက်သည်။ “မမကိုကော ဘယ်လိုသဘောရလဲ။ မမမှာလည်း ရည်းစားမရှိဘူး”

မတတ်နိုင်ပါ။ စူစူလေးရဲ့ တူကြီးက ယောက်ျားပီသလွန်းပါသည်။

ထို့အပြင် ချစ်စရာကောင်းပြီး ပွေ့ဖက်လို့ကောင်းမည့် ဒေါ်လေးတစ်ယောက်ပါ အလကားရဦးမည်။

ဘယ်လိုကြည့်ကြည့် အရှုံးမရှိပါ။

“ရတယ်လေ!” စူစူလေးက ခေါင်းငြိမ့်လိုက်ပါသည်။

ဘယ်သူ့ကိုဖြစ်ဖြစ် စူစူလေး ကြိုဆိုပါသည်။ လူများလေလေ ကောင်းလေလေပဲ မဟုတ်လား။

“တော်လောက်ပြီ!”။ ချင်းယုဟွိုင်း သည်းမခံနိုင်တော့ဘဲ ချက်ချင်း မတ်တပ်ထရပ်ကာ သတင်းထောက်တွေကို မောင်းထုတ်လိုက်ပါသည်။ “အင်တာဗျူးပြီးသွားပြီ အားလုံး ပြန်လို့ရပြီ”

သူ့မျက်နှာက တည်တံ့အေးစက်နေသော်လည်း သတင်းထောက်တွေ အကုန်လုံးကော အွန်လိုင်းပေါ်က လူတွေကော ရယ်ချင်သွားကြသည်။

သတင်းထောက်က ပြုံးကာ နှစ်သိမ့်လိုက်ပါသည်။ “စူစူလေးရဲ့ တူကြီးက မရှက်ပါနဲ့။ ကျွန်မကို သဘောမကျလည်း ကိစ္စမရှိဘူး။ မိန်းကလေး ပရိတ်သတ်နဲ့ ကြည့်ရှုသူတွေ အများကြီး ရှိပါသေးတယ်”

“မလိုဘူး။ ဘယ်သူ့ကိုမှ မလိုဘူး!”။ ချင်းယုဟွိုင်း အံကြိတ်လျက် ပြောလိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဘာမှထပ်မမေးတော့ပါဘူး”။ သတင်းထောက်မလေးနဲ့ ကင်မရာမန်းတို့ ခပ်သုတ်သုတ် လစ်ထွက်သွားကြသည်။

တခြား Live လွှင့်သူတွေလည်း အမြန်လစ်ပြေးသွားကြသည်။

စူစူလေးတစ်ယောက်တည်းသာ ချင်းယုဟွိုင်း၏ အေးစက်မှုကို နည်းနည်းလေးတောင် မကြောက်တာဖြစ်သည်။ “တူကြီး TV ပေါ်ပါလာတော့မယ်! ကောင်မလေး ရတော့မယ်!”

သူမ တူကြီးက မဂ္ဂဇင်းတွေအများကြီးမှာ ပါဖူးပြီး သူ့ကို ပိုင်ဆိုင်ချင်သည့် လူတွေ အများကြီး ရှိတာကို စူစူလေးမသိရှာပါ။ သူမ တူကြီးကသာ လူတိုင်းကို ငြင်းဆန်နေခဲ့တာဖြစ်သည်။

ထိုအကြောင်း ချင်းယုဟွိုင်း ဆက်မပြောချင်တော့သဖြင့် စူစူလေး ပြောသမျှကို မကြားချင်ယောင်သာ ဆောင်လိုက်ပါတော့သည်။

--- --- ---

နောက်တစ်နေ့ စူစူလေးက ပုံမှန်အတိုင်းပဲ ဟုံဖုန်းမူကြိုသို့ သွားခဲ့ပါသည်။

ဝမ်ချင်းက နေ့လယ်နေ့ခင်း ဥယျာဉ်ထဲမှာ လက်ဘက်ရည်အတူတူသောက်ရင်း စကားလက်ဆုံပြောဖို့အတွက် အသိုင်းအဝိုင်းတူထဲက ရင်းနှီးနေသော အမျိုးသမီးတချို့ကို ဖိတ်ကြားလိုက်ပါသည်။

ဒါက သူမတို့လို သူဌေးကတော်တွေ လုပ်နေကျအရာဖြစ်သည်။ ရက်အနည်းငယ်တိုင်းကြာတိုင်း တစ်ခါလောက် လက်ဘက်ရည်အတူတူသောက်ရင်း အာလာပသလ္လာပတွေ ပြောတတ်ကြသည်။

ဒီနေ့ စကားဝိုင်းအကြောင်းအရာကတော့ မနေ့က ဗီဒီယိုပလက်ဖောင်းပေါ်မှာ နာမည်ကြီး ရေပန်းစားသွားသည့် စူစူလေးအကြောင်းပဲဖြစ်မှာ ခန့်မှန်းလို့ရပါသည်။

“အစ်မချင်းရဲ့ ညီမလေးက တကယ်ချစ်ဖို့ကောင်းပြီး သတ္တိရှိတာပဲနော်။ အွန်လိုင်းပေါ်မှာ သူ့ကို ချီးကျူးနေတာတွေ အများကြီး ဖတ်ခဲ့ရတယ်”

“ဟုတ်ပ အစ်မချင်းရယ်။ သူသာ ကျွန်မ သမီးလေးဆိုရင် အရမ်းပျော်မိမှာပဲ။ ကျွန်မ သမီးငယ်ငယ်တုန်းကလည်း ချစ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် အခုအရွယ်ရောက်လာတော့ အိမ်တောင် မကပ်တော့ဘူး။ သူငယ်ငယ်တုန်းက အချိန်လေးတွေကို သတိရမိတယ်”။

“ဒါနဲ့ အစ်မချင်းရဲ့ ယောက္ခမတွေမှာ လျှို့ဝှက် ကျန်းမာသန်စွမ်းနည်းတွေ ဘာတွေ ရှိနေမလားမသိဘူးနော်။ အသက် ၇၀ - ၈၀ လောက်ရှိနေတာတောင် အသက် ၅၀ လို့ ထင်ရပြီး ကလေးတောင် ထပ်မွေးထားသေးတယ်!”

“… … …”

တခြား သူဌေးကတော်တွေ ပြုံးရွှင်နေကြသော်လည်း ဝမ်ချင်း၏ အပြုံးက တောင့်တင်းနေပါသည်။

“မမေးကြပါနဲ့ရှင် ကျွန်မ တကယ် မသိပါဘူး။ ကျွန်မ ယောက္ခမတွေရဲ့ အတွေးကို ကျွန်မလည်း တကယ် နားမလည်နိုင်တော့ပါဘူး”။ ဝမ်ချင်းက ပြန်ပြောလိုက်သည်။

“ရှင့်ယောက်ျားကကော? အသက် ၅၀ ကျော်မှ ညီမလေးတစ်ယောက်ရတာကို ဘယ်လို သဘောထားလဲ”

“ဟုတ်တယ် ရှင့်သားတွေကကော? ဒေါ်လေး ငယ်ငယ်လေး ရလိုက်တာ ဘယ်လို ခံစားရလဲ”

တခြား သူဌေးကတော်တွေက အားမနာဘဲ ဝမ်ချင်းကို မေးခွန်းတွေ ဆက်မေးကြသည်။

ဝမ်ချင်း တဖြည်းဖြည်း ဒေါသထွက်လာပြီး ပြန်ပြောလိုက်ပါသည်။ “ကျွန်မရဲ့ ယောက္ခမတွေက တကယ် ဘာမှ မစဉ်းစားဘူး။ မြေးတွေမြစ်တွေအတွက် ဒုက္ခရောက်မှာကို ဘာမှ ထည့်မစဉ်းစားဘဲသူတို့ အသက်အရွယ်နဲ့ ကလေးတစ်ယောက်ယူလိုက်တယ်။ အဲ့ဒီကလေးကို ကျွန်မ တကယ် သဘောမကျဘူး။ အဲ့လို ကလေးသေးသေးလေးက ကျွန်မကို မရီးလို့ခေါ်နေတာ ထူးဆန်းနေတယ်”

“ပြီးတော့ အဲ့ဒီကလေးရဲ့ပုံစံက မထင်ရပေမယ့် အရမ်းသန်တာနော်။ ပစ္စည်းအလေးကြီးတွေကို ဘာမှမဟုတ်သလို မ,နိုင်တယ်! မကောင်းဆိုးဝါးလေးလိုပဲ။ ကျွန်မတော့ ကြက်သီးတောင် ထမိတယ်”

ဝမ်ချင်း စကားအဆုံးတွင် အနောက်မှ တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။

နောက်လှည့်ကြည့်လိုက်ရာ ဒေါသထွက်နေသော မျက်လုံးတစ်စုံကို သူမ မြင်လိုက်ရပါသည်။

All Chapters