← Chapters

အခန်း (၁၉၆+၁၉၇)

Vol. 8 Ch. 196+197

အခန်း (၁၉၆+၁၉၇)

Vol. 8 Ch. 196+197

အခန်း(၁၉၆) ဝမ်ချင်း ကြောက်လန့်သွားခြင်း (၂)

ဟွော်ထျင်းက ဝမ်ချင်းကို ဒေါသတကြီး ကြည့်နေပြီး အသက်ရှူသံတွေ မြန်ဆန်နေပါသည်။

သူ့ဘေးမှာ မဲလုံးကြီးလည်း ပါသေးသည်။

ဒီနေ့ ရာသီဥတု သာယာသဖြင့် မဲလုံးနဲ့အတူ ခြံထဲမှာ လမ်းလျှောက်ဖို့ ဟွော်ထျင်း ထွက်လာခဲ့တာဖြစ်သည်။

မဲလုံးနဲ့ လူတွေကိုကြောက်သွားအောင် မလုပ်ရဘူးဟု စူစူလေးက ပြောထားသဖြင့် အပြင်မသွားဘဲ ခုတလော ခြံထဲမှာသာ ဟွော်ထျင်း လမ်းလျှောက်ဖြစ်ပါသည်။

ချင်းအိမ်တော်၏ ခြံဝန်းကြီးက မဲလုံးကြီး အညောင်းပြေအညာပြေ လမ်းလျှောက်ဖို့အတွက်တော့ လုံလုံလောက်လော်က ကျယ်ဝန်းပါသည်။

ဒီနေ့ လမ်းလျှောက်ဖို့ အပြင်ထွက်လာစဉ် ဝမ်ချင်းနဲ့ သူဌေးကတော်တို့ စူစူလေးအကြောင်း အတင်းတုပ်နေတာကို မတော်တဆ ကြားသွာားခဲ့သည်။

ဟွော်ထျင်း၏ ဒေါသတကြီး အကြည့်ကို မြင်သောအခါ ဝမ်ချင်း လိပ်ပြာမလုံ ဖြစ်သွားလေသည်။

သူမ မိတ်ဆွေတွေရဲ့ မေးခွန်းတွေကြောင့် စိတ်ရှုပ်ကာ ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိတာဖြစ်သည်။ တစ်ယောက်ယောက် ကြားသွားလိမ့်မည်ဟု ထင်မထားခဲ့ပါ။

“သခင်လေးဟွော် ဘာလုပ်နေတာလဲ”။ ဝမ်ချင်းက ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။

“အဲ့ဒီကောင်မလေးက ကျွန်တော့် သူငယ်ချင်း”။ ဟွော်ထျင်းက ခက်ထန်စွာ ပြောလိုက်သည်။

“အဲ့တာက…”

“အဲ့ကောင်မလေးနောက်ကွယ်မှာ ခင်ဗျားတို့ အတင်းတုပ်နေတာပဲ! ခင်ဗျားက သူ့မရီးမဟုတ်ဘူးလား! ဒါတောင် သူ့ကို မကောင်းပြောရဲသေးတယ်!” ဟွော်ထျင်းက စွပ်စွဲလိုက်သည်။

ရုတ်တရက် ဟွော်ထျင်းက ဘေးနားရှိ မဲလုံးကြီးကို အမိန့်ပေးလိုက်သည်။ “သူ့ကို ခုန်အုပ်လိုက်စမ်း မဲလုံး!”

“ဝုတ်!”

မဲလုံးကြီး ဟောင်လိုက်ပြီး ဝမ်ချင်းထံ တဟုန်ထိုး ပြေးသွားသည်။

မဲလုံးကြီး၏ အရွယ်အစားက သာမန်ခွေးတစ်ကောင်ထက် အများကြီး ပိုကြီးပြီး ကြောက်ဖို့လည်း ကောင်းပါသည်။

Tibetan Mastiff ခွေးမျိုးဖြစ်သဖြင့် အလွန်ခွန်အားကြီးပြီး ကိုက်အားလည်း ကောင်းကာ ကျားတစ်ကောင်လို အဖျက်စွမ်းအားမျိုး ရှိသည်။

သူမဆီ ပြေးလာသည့် သတ္တဝါကြီးကို မြင်ပြီး ဝမ်ချင်း ကြောက်လွန်းသဖြင့် မျက်နှာ ဖြူရော်သွားသည်။

တခြား သူဌေးကတော်တွေလည်း ထိတ်လန့်ကာ အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးသွားကြလေသည်။

မဲလုံးကြီးက ဝမ်ချင်းထံ ပြေးလာတာကြောင့် ဝမ်ချင်း အလွန်ထိတ်လန့်သွားပြီး ထိုင်ခုံပေါ်မှ ပြုတ်ကျသွားလေသည်။

ဒါကိုအခွင့်ကောင်းယူပြီး မဲလုံးက သူမအပေါ် ခုန်အုပ်ကာ လက်နှစ်ဖက်ဖြင့် ဝမ်ချင်း၏ ပခုံးများကို ဖိထားလိုက်ပါသည်။

မဲလုံးကြီးရဲ့ခေါင်းက ဝမ်ချင်းရဲ့ မျက်နှာတည့်တည့်ပေါ်ကို ရောက်နေပါပြီ။

ဝမ်ချင်းကြောက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပါ။

သူမ အသားတွေ ဖြူဆုပ်နေလေပြီ။

“မဲလုံးကြီး ထိုင်နေစမ်း!” ဟွော်ထျင်းက အမိန့်ထပ်ပေးလိုက်သည်။

မဲလုံးက ဝမ်ချင်းပေါ်မှာ ထိုင်ချလိုက်ပြီး ပါးစပ်ကြီးဟ လျှာကြီးထွက်လျက် အေးအေးဆေးဆေး နေလိုက်ပါသည်။

အရွယ်ရောက်ပြီးသား Tibetan Mastiff တစ်ကောင်က ကီလိုဂရမ် ၇၀ - ၈၀ လောက်ထိ ‌လေးပြီး အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ထက် အများကြီး ပိုလေးပါသည်။ ဒီလိုခွေးကြီးက ဝမ်ချင်းအပေါ် တက်ထိုင်ထားသဖြင့် ပြေးဖို့ နေနေသာသာ လှုပ်လို့တောင် မရတော့ပါ။

ထို့အပြင် ဝမ်ချင်း အကြောက်လွန်ပြီး ဘာခွန်အားမှလည်း မကျန်တော့ပေ။

“ကယ်ကြပါဦး! တစ်ယောက်ယောက်လာကြပါဦး! သေရေးရှင်ရေး ဖြစ်နေလို့ပါ!”

သူဌေးကတော်တစ်ယောက်က အကူအညီ အော်တောင်းလိုက်ပါသည်။ သူတို့ကတော့ အဝေးကြီးမှ ပုန်းနေဆဲ ဖြစ်ပြီး ထွက်မလာရဲသေးပါ။

အော်သံကြောင့် ချင်းမိသားစုအိမ်စေတွေ ထွက်လာကြသည်။

ဟွော်ထျင်း၏ ခွေးကြီးက သူတို့ရဲ့ သခင်မအပေါ် တက်ထိုင်နေတာကို အားလုံး မြင်လိုက်ကြရလေသည်။

ဒါတကယ့် သေရေးရှင်ရေးကိစ္စဖြစ်၏။

ဟွော်ထျင်းက သူတို့အိမ်မှာ ပေါ့သေးသေး လူတစ်ယောက် မဟုတ်မှန်း အားလုံး သိကြသည်။ ဧည့်သည်ဆိုသော်လည်း သာမန် ဧည့်သည်မဟုတ်ပါ။

အရင်ကတည်းက ဟွော်ထျင်းခေါ်လာသည့် မဲလုံးဟူသော Tibetan Mastiff ခွေးကြီးကို မြင်လျှင် သူတို့ ရှောင်ရှောင် သွားတတ်ပါသည်။

ဒီအိမ်မှာနေသည့်အချိန်အတွင်း ထိုခွေးကြီးက အနည်းငယ် လိမ်မာလာခဲ့သည်။ ဘယ်သူ့ကိုမှ မတိုက်ခိုက်သလို စူစူလေး မွေးထားသည့် ကြောင်ကိုတောင် အနိုင်မယူနိုင်ပါ။

စူစူလေး မွေးထားသည့် ကြောင်ကို မြင်လိုက်တိုင်း မဲလုံးကြီး ခေါင်းတောင် မဖော်နိုင်ပေ။

ထို့ကြောင့် ဒီခွေးကြီး အန္တရာယ်မရှိတော့ဘူးဟု အားလုံး ထင်နေကြတာဖြစ်ပါသည်။

သို့သော်လည်း ဒီနေ့တော့ လူတစ်ယောက်ကို တိုက်ခိုက်နေပြီး တိုက်ခိုက်ခံရသည့်လူက သူတို့သခင်မ ဖြစ်နေပါသည်။

သူတို့ ဘာလုပ်ရမလဲ?!

ခေတ္တ တွန့်ဆုတ်နေကြပြီးနောက် ဝမ်းချင်းကို သွားကူညီဖို့ အားလုံး ဆုံးဖြတ်လိုက်ကြလေသည်။

“သူ့ကို မကူညီနဲ့နော်! လာကူညီရင် မဲလုံးကို ကိုက်ခိုင်းလိုက်မှာ!”။ ဟွော်ထျင်းက အမိန့်သံဖြင့် ခြိမ်းခြောက်လိုက်ပါသည်။

… … …

အခန်း(၁၉၇) ဝမ်ချင်း ကြောက်လန့်သွားခြင်း (၃)

ဟွော်ထျင်း၏ စကားကြောင့် အိမ်စေတွေလည်း ကြောက်ရွံ့သွားကြပြီး မလှုပ်ရဲကြတော့ပါ။

သို့သော်လည်း သူတို့သခင်မ ဝမ်ချင်းကို ဒီအတိုင်း ဆက်ထားလို့ မဖြစ်သဖြင့် ဟွော်ထျင်းရဲ့ အခြွေအရံဖြစ်သော အိမ်တော်ထိန်းလျို့ကို သွားခေါ်ရပါသည်။

သတင်းကြားပြီးနောက် အိမ်တော်ထိန်းလျို့ အပြေးရောက်လာခဲ့သည်။ အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း ပါလာကြပါသည်။

တခြားသူတွေ အိမ်မှာမရှိကြသဖြင့် အိမ်တော်ထိန်းလျို့နဲ့အတူ အဘိုးချင်းနဲ့ အဘွားချင်းတို့သာ လိုက်လာနိုင်ပါသည်။

ဝမ်ချင်းအပေါ်မှာ မဲလုံးကြီး တက်ထိုင်ထားသည့် မြင်ကွင်းကို မြင်ကာ အားလုံး နှလုံးရပ်မတတ် ဖြစ်သွားသည်။

ဒီလောက် နီးနီးကပ်ကပ်အကွာအဝေးမှာဆို မဲလုံးကြီး ခေါင်းတစ်ချက်ငုံ့ကိုက်လိုက်လျှင် ဝမ်ချင်း ဦးခေါင်း ကြေမွသွားနိုင်သည်။

“ကယ်… ကယ်ကြပါဦး…”

ဝမ်ချင်းက ချွေးတွေစိုရွှဲနေပြီး အကူအညီ လှမ်းတောင်းလိုက်ပါသည်။

သူမအခြေအနေက သနားဖို့ကောင်းနေပါသည်။ အကိုက်မခံရရင်တောင် အကြောက်လွန်ပြီး သေသွားနိုင်သည်။

အိမ်တော်ထိန်းလျို့က အမြန် ဝင်ပြောပေးလိုက်သည်။ “သခင်လေး ဘာတွေဖြစ်တာလဲ။ မဲလုံးကြီးကို ဘာလို့ သခင်မချင်းအပေါ် တက်ထိုင်ခိုင်းထားတာလဲ။ သူကြောက်နေပြီ!”

“အကြောက်လွန်ပြီးသေသွားလည်း အေးတာပဲ!”။ ဟွော်ထျင်းက နောင်တလုံးဝ မရဘဲ ခက်ထန်စွာ ပြောလိုက်ပါသည်။

“သခင်လေး! သခင်မလေးစူစူကို ပေးထားတဲ့ ကတိမေ့သွားပြီလား။ မဲလုံးကို အသုံးချပြီး လူတွေကို ကြောက်အောင် မခြောက်တော့ပါဘူးဆို!”။ အိမ်တော်ထိန်းလျို့က ဖြောင်းဖြလိုက်သည်။

“ဒီမိန်းမကြီးက စူစူလေးကို မကောင်းပြောတယ်!”။ ဟွော်ထျင်း ပြန်ပြောလိုက်သည်။

“သူက… စူစူလေးကို မကောင်းပြောတယ် ဟုတ်လား”။ အိမ်တော်ထိန်းလျို့ ဆွံ့အသွား၏။

“ဟုတ်တယ်! သူက ဟိုကောင်မလေးကို မကောင်းဆိုးဝါးလေးလို့ ခေါ်တယ်! ဟင်း! သူ့ကိုယ်သူ ဟိုကောင်မလေးရဲ့ မရီးလို့ ပြောရဲသေးတယ်!”

“သခင်လေး နားကြားမှားတာများလား”။ အိမ်တော်ထိန်းလျို့က မေးလိုက်ပါသည်။

“မမှားဘူး သူတို့အကုန်ကြားတယ်!”။ ဟွော်ထျင်းက တခြား သူဌေးကတော်တွေကို လက်ညှိုးထိုးပြလိုက်ပါသည်။

သူဌေးကတော်တွေ အကုန်လုံး ထိတ်လန့်သွားပြီး မျက်နှာဖြူရော်သွားကြသည်။

နာမည်ဆိုးနဲ့ ကျော်ကြားသည့် ဟွော်ထျင်းအကြောင်းကို သူတို့အကုန်လုံး ကြားဖူးကြပါသည်။ ပေကျင်းမြို့က သခင်လေးဟွော်မှာ မိစ္ဆာဘုရင်လေးဖြစ်ကြောင်း အားလုံး သိထားကြသည်။ သို့သော်လည်း စိတ်ထဲမှာတော့ မယုံကြည်ဘဲ အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်သာ ဖြစ်မည်ဟု ထင်ထားကြပါသည်။

သို့သော်လည်း ဒီနေ့ မျက်ဝါးထင်ထင် မြင်လိုက်ရမှ တကယ့် မိစ္ဆာဘုရင်လေးဖြစ်မှန်း ယုံကြည်နိုင်တော့သည်။

“အဲ့-အဲ့တာက…”။ အိမ်တော်ထိန်းလျို့ စကားတွေထစ်ငေါ့သွားပါသည်။

စူစူလေးရဲ့ စကားတွေကို အသုံးချပြီး ဟွော်ထျင်းအား ဖြောင်းဖြဖို့ ကြိုးစားသော်လည်း ဟွော်ထျင်း ဒေါသထွက်နေရသည့် အကြောင်းအရင်းက စူစူလေးကြောင့် ဖြစ်နေပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း သူတို့ချွေးမက သမီးဖြစ်သူကို မကောင်းပြောသည်ဟု ကြားသောအခါ အံ့အားသင့်သွားကြပါသည်။

သို့သော်လည်း အခုတော့ သူတို့ချွေးမအသက်ကို ကယ်တင်ဖို့က ပိုအရေးကြီးသည်။

အဘိုးချင်းက ဟွော်ထျင်းနဲ့ အပေးအယူလုပ်လိုက်ပါသည်။ “သခင်လေးဟွော် သူ့ကို လွှတ်ပေးလိုက်ပါလား။ သူသာ တကယ် စူစူလေးကို မကောင်းပြောရင် စူစူလေးရဲ့အမေနဲ့ အဘိုးနဲ့ သူ့ကို ဆုံးမပါ့မယ်”

ဟွော်ထျင်းက အလျှော့မပေးပါ။ “ကျွန်တော် သူ့ကို ဂရုမစိုက်ဘူး! ဟိုကောင်မလေး ပြောနေကျအတိုင်းပဲ လူဆိုးတွေဆိုရင် ဘာမှ ဂရုစိုက်စရာမလိုဘဲ လွင့်ထွက်သွားအောင် လုပ်လို့ရတယ်”

ဟွော်ထျင်းအပေါ် စူစူလေးရဲ့ လွှမ်းမိုးမှုကြီးမားနေမှန်း သိသာပါသည်။

အဘိုးချင်းက ထပ်ပြောလိုက်ပါသည်။ “အဘိုးကတိပေးပါတယ်။ သူသာ တကယ် မကောင်းပြောခဲ့ရင် သေသေချာချာ ဆုံးမပေးပါတယ်။ မဲလုံးကို ဖယ်ခိုင်းလိုက်လို့ ရမလားဟင်”

“မရဘူး!” ဟွော်ထျင်း ခေါင်းအလွန်မာနေပြီး အဘိုးချင်း၏ စကားကိုတောင် နားမထောင်ပါ။

ထို့နောက် ဟွော်ထျင်းက မဲလုံးကို အမိန့်ထပ်ပေးလိုက်ပါသည်။ “မဲလုံး! သူ့ကိုလျက်လိုက်စမ်း!

မဲလုံးကြီးက စကားနားထောင်စွာဖြင့် ခေါင်းငုံ့လိုက်ပြီး ဝမ်ချင်း၏ မျက်နှာကို လျှာဖြင့် လျက်လိုက်သည်။

ဝမ်ချင်း မျက်လုံးများ ပြူးကျယ်သွားပြီး သူမ မျက်နှာကို မဲလုံးရဲ့ လျှာလာထိတာနဲ့ တစ်ပြိုင်နက် သတိလစ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားကြသည်။

အိမ်တော်ထိန်းလျို့လည်း ရင်တုန်ပန်းတုန်ဖြစ်နေပြီး သခင်လေးကြောင့် အသက်အန္တရာယ်တစ်ခုခုဖြစ်သွားမှာကို စိတ်ပူနေပါသည်။

အားလုံး ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်တွေလို ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေစဉ် အိမ်ထဲမှ ဖြူဖြူဖွေးဖွး အရာလေးတစ်ခု ပြေးထွက်လာပါသည်။

All Chapters