အခန်း (၁၉၈+၁၉၉+၂၀၀)
Vol. 8 Ch. 198+199+200
အခန်း(၁၉၈) စွမ်းအားကြီးသော ဟူကျစ်
အဝေးကနေကြည့်လျှင် ဖြူဖြူဖွေးဖွေး အလုံးလေးတစ်လုံး ရွေ့နေတာကိုသာ မြင်ရသည်။
အနီးကပ်ရောက်လာမှ ဘယ်သူဘယ်ဝါမှန်း ထင်ရှားလာပါသည်။ တခြားသူမဟုတ်ဘဲ ဟူကျစ်ဖြစ်နေသည်။
ဟူကျစ်က ဘေးနားရှိ တောင်ပို့လေးတစ်ခုပေါ် ခုန်တက်လိုက်ပြီး ဟိန်းဟောက်လိုက်ပါသည်။ “ဝေါင်း~”
ထို့နောက် ဟူကျစ်က မဲလုံး၏ ခေါင်းပေါ်တည့်တည့်သို့ ခုန်ချလိုက်သည်။ မဲလုံး၏ ခေါင်းပေါ် ရောက်သောအခါ ဟူကျစ် ကောင်းကောင်း မတ်တပ်မရပ်နိုင်ဘဲ လဲကျသွားသည်။
ခုန်ဆင်းသည့် နည်းလမ်းကြောင့် အနည်းငယ်အရှက်ကွဲသွားသော်လည်း ကံကောင်းစွာဖြင့် ဆင်းချင်သည့် နေရာကိုတော့ မှန်အောင် ဆင်းနိုင်ခဲ့ပါသည်။
“မြောင်~”။ ဟူကျစ် သေချာ မတ်တပ်ပြန်ရပ်လိုက်ပြီး ခေါင်းထောင်လိုက်ပါသည်။
ဟူကျစ်က မဲလုံး၏ ခေါင်းလောက်တောင် မကြီးပါ။ မသိလျှင် မဲလုံးကြီး ဦးထုပ်ဖြူဖြူလေးတစ်လုံး ဆောင်းထားသလို ဖြစ်နေသည်။
“ဝေါင်း~~”
Tibetan Mastiff ခွေးကြီးရဲ့ ခေါင်းပေါ်မှ ဟူကျစ်လေး ထပ်ဟိန်းဟောက်လိုက်သည်။
ခုနက အလွန်ကြောက်ဖို့ကောင်းနေသော မဲလုံးလည်း ချက်ချင်းဆိုသလို ခေါင်းငုံ့သွားပြီး နားရွက်တွေပါ ငိုက်ကျသွားသည်။
အားလုံး ကြက်သေသေသွားကြ၏။
ဒီလောက် ကြီးမားတဲ့ Tibetan Mastiff ခွေးကြီးက ကြောင်သေးသေးလေး တစ်ကောင်ကို ကြောက်နေတာလား။
ကြောင်လေးထံမှ အော်သံတစ်ချက်တည်းနဲ့ မဲလုံးကြီးချက်ချင်း ငြိမ်ကျသွားခဲ့သည်။
အလွန်ဆန်းကြယ်လွန်းပါပေသည်။
“ဟူကျစ်! မင်းဘာလုပ်နေတာလဲ”။ ဒါကိုမြင်တော့ ဟွော်ထျင်း ဂယောင်ချောက်ချား ဖြစ်သွားပြီး ဟူကျစ်အား အော်လိုက်ပါသည်။
“မြောင်~ မြောင်~”။ ဟူကျစ်က ခေါင်းလေးစောင်းပြီး အော်လိုက်ပါသည်။
သူ့သခင်က Tibetan Mastiff ခွေးကြီး လူတွေကိုကြောက်အောင် လုပ်ရင် တားရမယ်လို့ မှာထားတယ်!
ထို့နောက် ဟူကျစ်က သူ့ခြေအောက်ရှိ မဲလုံးကို ထပ်ပြီး ဟိန်းဟောက်လိုက်ပါသည်။
ဟူကျစ်၏ အသံကို ကြားသောအခါ မဲလုံးကြီး နောက်ဆုံးတော့ ဝမ်ချင်းအပေါ်မှ ဖယ်ပေးလိုက်ပါတော့သည်။
“မဲလုံး မင်းဘာလုပ်နေတာလဲ?!”။ ဟွော်ထျင်းက မဲလုံးကို ပြန်ခေါ်ဖို့ ကြိုးစားသည်။ “ပြန်သွားထိုင်နေစမ်း!”
မဲလုံးက အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် ဟွော်ထျင်းအား ကြည့်လိုက်သည်။ သူ့သခင်ရဲ့ အမိန့်ကို မလွန်ဆန်ချင်ပါ။ သို့သော် ဟူကျစ်ရဲ့ အမိန့်ကို မနာခံလို့လည်း မရပါ။
နောက်ဆုံးတော့ ဟူကျစ်နဲ့ ဟွော်ထျင်းတို့ကြား မဲလုံးက ဟူကျစ်စကားကို နားထောင်ဖို့ ဆုံးဖြတ်လိုက်ပြီး ဝမ်ချင်းကို လွှတ်ပေးလိုက်ခြင်း ဖြစ်ပါသည်။
မဲလုံး ဖယ်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် အိမ်စေတွေက ကြမ်းပြင်ပေါ်မှာ သတိလစ်နေသော ဝမ်ချင်းကို အပြေးသွား ကူညီကြပါသည်။
သူမ အသက်ရှူနေသေးလား စစ်ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် အသက်ရှူနေသေးပြီး သတိလစ်နေတာသာ ဖြစ်ပါသည်။
ထို့နောက် ဝမ်ချင်းကို အိမ်ထဲ သယ်သွားကြပြီး ဆရာဝန် အမြန်ခေါ်လိုက်ကြပါသည်…။
“မြောင်~” ဟူကျစ်က တာဝန်ကို ပြီးမြောက်အောင်မြင်စွာ ထမ်းဆောင်ပြီးပြီဖြစ်သဖြင့် ဟွော်ထျင်းအား ဂုဏ်ယူဝံ့ကြွားစွာ အော်ပြလိုက်ပါသည်။
သူ့သခင် အိမ်မှာမရှိပါက မဲလုံးကို ထိန်းဖို့ သူ့မှာ တာဝန်ရှိသည်။
“ကြောင်စုတ်လေး! အဲ့ဒီမိန်းမကြီးက မင်းသခင်ကို စော်ကားနေတာ! ဘာလို့ ကူညီလိုက်တာလဲ?!”။ ဟွော်ထျင်းက ဟူကျစ်ကို ဆူငေါက်လိုက်ပါသည်။
ဒီကြောင်စုတ်လေးက ဘာမှနားမလည်ဘဲ မဲလုံးကို လာအနိုင်ယူသွားသည်။
“ကြော်ငစုတ်လေး ကြောင်စုတ်လေး!” ဟွော်ထျင်း ဒေါသထွက်နေသော်လည်း ဟူကျစ်အား မရိုက်ရက်သဖြင့် ဒေါသပိုထွက်နေရပါသည်။
သို့သော်လည်း ဒေါသထွက်နေလို့ ဘာမှမထူးတော့ပါ။ ဝမ်ချင်းကို အိမ်ထဲသယ်သွားကြပြီ။
ထို့အပြင် မဲလုံးကိုလည်း ဟွော်ထျင်း အမိန့်ပေးလို့မရတော့ပါ။
ထို့နောက် ဟွော်ထျင်းက မဲလုံးကို လှည့်ဆူလိုက်သည်။ “မင်းက ဝိတ်ပေါကြီးပဲ! အကောင်ကြီးပြီး ဘာမှ အသုံးမကျဘူး! ဟိုကောင်မလေးကို ကြောက်တာနဲ့တင်လွန်လှပြီ! ဘာလို့ သူ့ကြောင်ကိုပါ ကြောက်နေရတာလဲ?! အသုံးမကျလိုက်တာ!”
မဲလုံးက ခေါင်းငုံ့လျက် တအီအီ အသံသာ ထွက်ပြနေလေသည်။
--- --- ---
ညနေစောင်းသောအခါ စူစူလေး ကျောင်းမှ ပြန်လာခဲ့ပါသည်။
အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းထဲမှာ လူတွေ ပြည့်နေတာကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပဲ အားလုံး စူစူလေးကို တစ်ပြိုင်တည်း ဝိုင်းကြည့်လိုက်ကြသည်။
စူစူလေး ကျောပိုးအိတ်ကို ချပြီးသွားသောအခါ ဟူကျစ်က သူမအပေါ် ခုန်တက်လာပြီး ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာ ပွတ်သပ်နေပါသည်။
“မြောင် မြောင်~”
“ဘာဖြစ်လို့လဲ”။ စူစူလေးက ဟူကျစ်ကိုကြည့်ကာ မေးလိုက်သည်။
… … …
အခန်း(၁၉၉) မေမေပျော်ဖို့က အရေးအကြီးဆုံး
“မြောင်~ မြောင်~”
ဟူကျစ်က ပြန်ရှင်းပြလိုက်သည်။
“ဟင် မရီး ကြောက်သွားတယ် ဟုတ်လား”
“မြောင်မြောင်~”
“ဟုတ်လား”။ စူစူလေးက ခေါင်းငြိမ့်လိုက်ပါသည်။
“မြောင်မြောင်~~” ဟူကျစ်လေးက ခေါင်းငုံ့ရင်း ဝမ်းနည်းသလို လုပ်ပြနေပါသည်။
ထိုစဉ် အဘွားချင်းရောက်လာပြီး စူစူလေးကို ပြောလိုက်သည်။ “စူစူလေး ဒီနေ့အိမ်မှာ တစ်ခုခုဖြစ်နေလို့ သမီးအခန်းထဲမှာ ရုပ်ပြစာအုပ် သွားဖတ်နေလိုက်နော်”
ဒီနေ့အဖြစ်အပျက်ကြောင့် စူစူလေးကို မထိခိုက်စေချင်ပါ။
ဒီနေ့ အဖြစ်အပျက်က စူစူလေးနဲ့ ပတ်သတ်တာမှန်သော်လည်း သူမ အပြစ်မဟုတ်ပေ။
“မေမေ ဝမ်းနည်းနေတာလား”
“မဟုတ်ပါဘူး မေမေ ဝမ်းမနည်းပါဘူး”။ အဘွားချင်းက စကားဖြင့် ငြင်းလိုက်သော်လည်း ရင်ထဲမှာတော့ မွန်းကြပ်နေဆဲဖြစ်သည်။
သူမရဲ့ သမီးလေးကို ချွေးမဖြစ်သူက ဒီလိုသဘောထားလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ထို့ကြောင့် သူမ ဝမ်းနည်းနေခြင်း ဖြစ်ပါသည်။
သို့သော် သမီးဖြစ်သူရဲ့ရှေ့မှာတော့ အဘွားချင်း ပျော်ရွှင်သလို နေပြရပါမည်။
“မေမေ ဝမ်းနည်းနေရင် သမီးပခုံးပေါ် လာမှီလေ!”။ စူစူလေးက သူမ ပခုံးကို ပုတ်ပြလိုက်ပါသည်။
သူမ ပခုံးတွေက သန်မာပြီး ဘေးကင်းပါသည်။ သူမ မေမေ မှီအိပ်လို့ရသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး။ မေမေ ဝမ်းမနည်းပါဘူး”။ စူစူလေးရဲ့ ပုံစံလေးကို မြင်ပြီး အဘွားချင်း နွေးထွေးသွားသည်။
“ဒါပေမယ့် မေ့မေ့မျက်လုံးထဲမှာ ဝမ်းနည်းနေတာ မြင်နေရတယ်…”
“အဲ့တာက…” စူစူလေးရဲ့ တောက်တောက်ပပ မျက်လုံးတွေထဲ အဘွားချင်း ကြည့်လိုက်သည်။ သူမ စိတ်ခံစားချက်တွေကို သမီးလေးအား ဖုံးကွယ်ထားလို့မရမှန်း နားလည်သွားပါပြီ။
အဘွားချင်း ပြုံးလိုက်ပြီး စူစူလေး၏ ခေါင်းကို ပွတ်ပေးလိုက်သည်။ ထို့နောက် မဖုံးကွယ်ထားဖို့ ဆုံးဖြတ်ကာ ပြောပြလိုက်ပါသည်။ “အင်း အိမ်မှာတစ်ခုခုဖြစ်သွားလို့။ သမီးရဲ့ မရီးက သမီးအကြောင်း မကောင်းတာ တစ်ခုခုပြောရင် သမီးရဲ့အစ်ကိုကြီးအတွက် ဒေါသမထွက်ဘဲ နေပေးလို့ရမလား”
သူမ သားနဲ့ ချွေးမတို့က အိမ်ထောင်ရေး အဆင်ပြေကြသည်။ ထို့အပြင် သူမ သားကလည်း စူစူလေးကို အလွန် ချစ်ပါသည်။
သူမ သမီးလေးကို အဘွားချင်း အချစ်ဆုံးဖြစ်သော်လည်း သားဖြစ်သူကလည်း သူမွေးထားသည့် အသွေးအသား ဖြစ်ပါသည်။
အဘွားချင်းက ထပ်ပြောလိုက်၏။ “ပြီးတော့ သမီးမှာ တူကြီးနဲ့ တူလေးလည်းရှိတယ်။ သမီးရဲ့ မရီးက သူတို့ရဲ့ အမေလေ။ သူတို့နှစ်ယောက်က လိမ္မာလို့ မရီးမဟုတ်တာ ပြောတာတွေကို စိတ်မဆိုးလို့ရမလား”
စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်. “အင်းပါ စိတ်မဆိုးပါဘူး။ သမီးက အရွယ်ရောက်နေပြီ။ လွယ်လွယ်ကူကူ စိတ်မဆိုးတတ်တော့ဘူး!”
သူမ စိတ်ဆိုးဖို့ ရည်ရွယ်ထားသော်လည်း မေမေက ပြောသဖြင့် စိတ်မဆိုးတော့ဖို့ ဆုံးဖြတ်လိုက်ပါသည်။
သူမ မေမေက အရေးအကြီးဆုံးဖြစ်သည်။ သူမ မေမေ ပျော်ရွှင်ဖို့က အရေးအကြီးဆုံးဖြစ်သည်။ မေမေ ပျော်ရွှင်လျှင် သူမလည်း ပျော်ရွှင်ပါသည်။
အမှန်ပင်။ သူမ အစ်ကိုကြီးနဲ့ တူနှစ်ယောက်ကလည်း နည်းနည်းအရေးကြီးပါသည်။
ထို့နောက် စူစူလေးက အဘွားချင်းအား မေးလိုက်ပါသည်။ “သမီးစိတ်မဆိုးရင် မေမေကော ဝမ်းမနည်းတော့ဘူးမလား”
“အင်း မေမေလည်း ဝမ်းမနည်းတော့ဘူး”။ စူစူလေးရဲ့ ချစ်စရာ အပြုံးလေးနဲ့ ချစ်စရာ စကားလေးကြောင့် အဘွားချင်း ရင်ထဲက ထိုင်းမှိုင်းမှုတွေ ချက်ချင်း ပျောက်ကွယ်သွားပါသ်ည။
“မေမေ ဝမ်းမနည်းတော့ဘူးနော် သမီးလေး။ ဒါပေမယ့် ဖေဖေနဲ့ မေမေတို့ ရှင်းစရာ ပြဿနာလေးတွေ ရှိသေးလို့။ သမီး လိမ္မာရင် ဖေဖေနဲ့ မေမေတို့ ဘာမှကြောက်စရာမလိုတော့ဘူး”
“အွန်းပါ! ဖေဖေနဲ့ မေမေတို့ လုပ်စရာရှိတာလုပ်။ သမီးအပေါ်ထပ်တက်တော့မယ်!”။ စူစူလေး ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ဟူကျစ်လေးကို ချီရင်း စူစူလေးအပေါ်ထပ်သို့ တက်လာခဲ့ပါသည်။
“လာခဲ့ မဲလုံးနဲ့ ထျင်ထျင်တို့ကို သွားရှာရအောင်!”။ ဟူကျစ်အား စူစူလေး ပြောလိုက်ပါသည်။
ဟွော်ထျင်းနေသည့် အခန်းကို ရောက်သောအခါ စူစူလေး တံခါးခေါက်လိုက်ပါသည်။
“ဘယ်သူမှ အာရုံလာမနောက်နဲ့!”
ဟွော်ထျင်း၏ ဒေါသထွက်နေသောအသံ အခန်းထဲမှ ထွက်လာပါသည်။
“ထျင်ထျင် တံခါးဖွင့်စမ်း! ငါ စူစူလေးပါ!”။ စူစူလေးက အော်ပြောလိုက်သည်။
စူစူလေး၏ အသံဖြစ်မှန်း ကြားလိုက်ရသောအခါ အခန်းထဲမှာ တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
… … …
အခန်း(၂၀၀) အသက် ၁၀၀ ဆိုရင်တောင် ဘာမှမလုပ်တတ်သေးဘူး
စက္ကန့်အနည်းငယ် ကြာပြီးနောက် အခန်းတံခါးပွင့်လာပါသည်။
ဟွော်ထျင်းက တံခါးဝမှာရပ်လျက် ဟူကျစ်ကို ဒေါကြီးမောကြီး ကြည့်နေပါသည်။ “ကြောင်စုတ်လေး!”
ဟူကျစ်ကို သူစိတ်ဆိုးနေဆဲဖြစ်သည်။
“စိတ်မဆိုးပါနဲ့”။ ဟွော်ထျင်းအား စူစူလေး ပြောလိုက်ပါသည်။
“ဟွန်း!” ဟွော်ထျင်းက မျက်နှာကို ၄၅ ဒီဂရီ လွှဲပစ်လိုက်သည်။
သူခဏစောင့်လိုက်သော်လည်း စူစူလေးက မချော့ပါ။
ဟွော်ထျင်း မျက်နှာပြန်တည့်လိုက်ပြီး မေးလိုက်သည်။ “ငါစိတ်ဆိုးနေတာ မမြင်ဘူးလား”
စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “မြင်ပါတယ်”
“ဒါဆိုဘာလို့ မချော့တာလဲ”
“ဪ အဲ့တာဆို ချော့မယ်လေ”။ စူစူလေး ပြန်ပြောလိုက်သည်။
“နင်-!” စူစူလေး၏ အဖြေကြောင့် ဟွော်ထျင်း နင်သွားသည်။ “အဲ့တာ သူများကို ချော့တဲ့ပုံစံလား”
“အဲ့တာဆို ငါက ဘယ်လိုချော့ရမှာလဲ”
သူမကို ဘယ်သူမှ မသင်ပေးဖူးသဖြင့် မလုပ်တတ်ပါ။
“နင်တော့လား!”။ စူစူလေး၏ မျက်နှာကို ကြည့်ရုံနဲ့ ဟွော်ထျင်း စိတ်ဓာတ်ကျသွားပါသည်။
“နင်လည်းငါ့ကို အပြစ်တင်ဖို့ ရောက်လာတာလား”။ ဟွော်ထျင်းက စူစူလေးကို မေးလိုက်သည်။
စူစူလေး ခေါင်းခါလိုက်ပါသည်။ “နင်က ငါ့အပေါ်ကောင်းတယ်လေ။ ငါ့ကို ကာကွယ်ပေးခဲ့တာဆိုတော့ နင်မှားတယ်လို့ မပြောပါဘူး!”
“နင်အဲ့လိုပြောပေမယ့် စိတ်ထဲမှာတော့ ငါမှားတယ်လို့ တွေးနေတာမလား”
ဟွော်ထျင်းက စိတ်ကြီးဝင်သော မျက်နှာဖြင့် ပြောလိုက်ပါသည်။ စူစူလေးက ခေါင်းငြိမ့်ရဲလျှင် သူမကို စကားမပြောတော့ပါ။
“မတွေးပါဘူး။ ဘယ်သူကမှားလဲ ဘယ်သူကမှန်လဲ ငါမသိဘူး”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
“မသိဘူးဟုတ်လား။ ဘာလို့ မသိရတာလဲ?! အဲ့ဒီမိန်းမကြီးကို နင့်အတွက် ငါပညာပေးလိုက်တာလေ! အဲ့တာတောင် ငါမှန်တယ်လို့ မပြောနိုင်ဘူးလား?!” ဟွော်ထျင်း စိတ်ထပ်ဆိုးသွားပါသည်။
“ဒါပေမယ့် ငါမှ သေချာမသိတာ။ ဟူကျစ်က သေချာ မရှင်းပြဘူး။ ငါလည်း မခန့်မှန်းတတ်ဘူး။ ကိုယ်တိုင် မသိတဲ့ကိစ္စကို ဘယ်လိုလုပ် အမှားအမှန်ခွဲခြားနိုင်မှာလဲ”။ စူစူလေး ပြန်ပြောလိုက်သည်။
ဒီနေ့ သူမကို ကာကွယ်ပေးဖို့ ဟွော်ထျင်းက မရီးကို တိုက်ခိုက်ခဲ့သည်ဟု ဟူကျစ်ပြောခဲ့သည်။ ထို့နောက် မဲလုံးကို ဟူကျစ်က ခြောက်လှန့်ခဲ့သဖြင့် ဟွော်ထျင်း စိတ်ဆိုးမာန်ဆိုး ဖြစ်သွားခဲ့သည်။
ထို့အပြင် အဘွားချင်းကလည်း စူစူလေးကို သူမ မရီးက သူမအကြောင်း မကောင်းပြောသည်ဟုသာ ရှင်းပြခဲ့တာ ဖြစ်သည်။
ဒီ့ထက် စူစူလေး အသေးစိပ်ဘာမှ မသိရပါ။ ထို့ကြောင့် မဆုံးဖြတ်နိုင်ပေ။
ပိုင်ကျဲ နတ်သားရဲများက အလွန်အစွမ်းထက်ပြီး အတိတ်ကို ပြန်ကြည့်နိုင်ကာ အနာဂတ်ကို ကြိုမြင်နိုင်ပြီး ကံဆိုးခြင်းတွေရှောင်၊ ကံကောင်းခြင်းတွေယူဆောင်လာပေးနိုင်သော်လည်း စူစူလေးက ထိုစွမ်းရည်တွေကို မတတ်မြောက်သေးပါ။
အသက် ၁၀၀ ပြည့်တာတောင် ထိုစွမ်းရည်တွေ တစ်ခုမှ မရှိတာကြောင့် ကောင်းကင်ဘုံမှ ကန်ထုတ်ခံလိုက်ရခြင်း ဖြစ်သည်။ ဘာစွမ်းရည်မှ မတတ်မြောက်ဘဲ အိပ်လိုက်စားလိုက်၊ နို့သောက်လိုက်နဲ့သာ ကောင်းကင်ဘုံမှာ အသုံးမကျစွာ အချိန်ကုန်ဆုံးခဲ့တာဖြစ်သည်။
“ဟွန်း…” ဟွော်ထျင်း ဒေါသထွက်နေဆဲဖြစ်ပြီး ခွင့်မလွှတ်နိုင်သေးပါ။
“ဒါပေမယ့် ဒီနေ့ ငါရှိနေခဲ့ရင်လည်း နင့်လိုပဲ ဒေါသထွက်ပြီး တစ်ယောက်ယောက်ကို ရိုက်မိမှာ!”။ စူစူလေးက ပြောလိုက်ပါသည်။
မှန်တာမှားတာ မသိသော်လည်း သူမကို မကောင်းပြောသည့်လူတစ်ယောက်ကို ကျိန်းသေပေါက် ပြန်တိုက်ခိုက်ပါမည်။
စူစူလေး၏ စကားကိုကြားမှ ဟွော်ထျင်း မျက်နှာကြောတင်းနေတာ ပြေလျော့သွားခဲ့ပါသည်။ “ဒီလိုမှပေါ့”
“ထျင်ထျင် စိတ်မဆိုးတော့ဘူးလား” စူစူလေးက မေးလိုက်သည်။
“အင်း”
“ဒါဆို အောက်မှာ စိတ်ဆိုးနေတဲ့ အစ်မကြီးတွေကို လက်ဆောင်သွားပေးရအောင်!”။ စူစူလေးက အကြံပေးလိုက်သည်။
အစ်မကြီးတွေဆိုတာ မဲလုံးကြောင့် ကြောက်လန့်သွားသည့် သူဌေးကတော်တွေကို ပြောတာဖြစ်မည်။
“ဘာလက်ဆောင်လဲ ဘာလို့ လက်ဆောင်ပေးရမှာလဲ”
“ရွာမှာတုန်းက ငါ့ကြောင့် ကလေးတစ်ယောက်ယောက် ကြောက်သွားရင် မေမေက ငါ့ကိုခေါ်ပြီး အဲ့ဒီကလေးကို အရသာရှိတာတွေ လက်ဆောင်သွားပေးလေ့ရှိတယ်”။ စူစူလေးက ရှင်းပြလိုက်သည်။
ပြောပြောဆိုဆိုနဲ့ စူစူလေးက ဟွော်ထျင်း၏ လက်ကိုဆွဲကာ သူမ အခန်းထဲ ခေါ်သွားခဲ့ပါသည်။
“ဘယ်သွားမလို့လဲ”။ ဟွော်ထျင်းက စိတ်မရှည်စွာပြောလိုက်သော်လည်း ခြေလှမ်းတွေကတော့ စူစူလေးနောက်ကို လိုက်ဖို့ အသင့်ဖြစ်နေပါသည်။
စူစူလေးက ဟွော်ထျင်းကို သူမ အခန်းထဲထိ ခေါ်သွားပြီး ဗီရိုကြီးထဲမှ သစ်သားသေတ္တာကြီးတစ်လုံးကို ထုတ်လိုက်ပါသည်။
“မဟုတ်ဘူး ဒီဟာမဟုတ်ဘူး။ ဒီဟာက ငါ့ဦးလေးတွေ ဒေါ်လေးတွေ လက်ဆောင်ပေးထားတာ။ သူများပေးလို့ မရဘူး”
စူစူလေးက သစ်သားသေတ္တာနောက်တစ်လုံး ထုတ်လိုက်သည်။
“ဒီထဲကဟာတွေ သူတို့ ကြိုက်ပါ့မလားမသိဘူး”။ စူစူလေး စိတ်ပူစွာ ရေရွတ်လိုက်သည်။
“နင်ဘာတွေလုပ်နေတာလဲ”။ ဟွော်ထျင်းက စူစူလေးကို ကြည့်ရင်း နားမလည်နိုင်စွာ မေးလိုက်လေသည်။
… … …