ရုတ်တရက် ပျောက်ကွယ်သွားခြင်း....
Vol. 41 Ch. 620
" အစွမ်းကုန်တိုက်ခိုက်ကြ။ မထိန်းချုပ်ထားနဲ့။ " အနက်ရောင်နတ်ဆိုး၏ လက်၁၈ဖက်ကြားတွင် ကြောက်စရာကောင်းသော စွမ်းအားများ စုစည်းလာပြီး အခြားမိစ္ဆာနတ်ဘုရားများကို ညွှန်ကြားလိုက်သည်။
မိစ္ဆာနတ်ဘုရားလေးပါး၏ ပူးပေါင်းတိုက်ခိုက်မှုက ထျန်းချင်းကမ္ဘာကို ခဏအတွင်း ထိုးဖောက်သွားပေလိမ့်မည်။ ယခင် အနက်ရောင်နတ်ဆိုး၏ ရုပ်တုတစ်ခုတည်းဖြင့် ထျန်းချင်းကမ္ဘာ၏ အတားအဆီးကို အက်ကြောင်းတစ်ခုဖြစ်ပေါ်စေခဲ့သည်။
ယခု သူကိုယ်တိုင်လှုပ်ရှားသည့်အပြင် အခြားမိစ္ဆာနတ်ဘုရားသုံးပါးနှင့် ပူးပေါင်းခြင်းကြောင့် ထျန်းချင်းကမ္ဘာကို ထိုးဖောက်နိုင်မည်မှာ သေချာလေသည်။
" သေချာတာပေါ့။ " မိစ္ဆာနတ်ဘုရားသုံးပါးကလည်း လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။
ယုန်ကို အမဲလိုက်သော ခြင်္သေ့ပင်လျှင် ခွန်အားအပြည့်အဝကို အသုံးပြုသည်ဟူသော ဆိုရိုးစကားအတိုင်း မိစ္ဆာနတ်ဘုရားများ၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကလည်း ထွက်ပေါ်လာကြသည်။
သို့သော် ထိုခဏတွင် အနင်ရောင်နတ်ဆိုးနှင့် မိစ္ဆာနတ်ဘုရားသုံးပါးတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ယခုအချိန်တွင် သူတို့က အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် မရှိတော့ဘဲ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားကြသည်။
" ဒါက ဘာလဲ။ " အနက်ရောင်နတ်ဆိုး၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ဤကမ္ဘာထဲတွင် သူက အဆုံးမဲ့ဟင်းလင်းပြင်၏ စွမ်းအားကို လုံးဝအာရုံမခံနိုင်တော့ဘဲ ပြတ်တောက်သွားခဲ့သည်။ အခြားမိစ္ဆာနတ်ဘုရားသုံးပါးကလည်း အလားတူ ခံစားလိုက်ရသည်။
သို့သော် သူတို့မတုန့်ပြန်နိုင်မီ ကြီးမားသော ကမ္ဘာစွမ်းအားက ဖိနှိပ်လာသည်။ မိစ္ဆာနတ်ဘုရားလေးပါး၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များက တုန်ခါသွားပြီး ခုခံနိုင်စွမ်းမရှိဘဲ သူတို့၏ စိတ်အသိများက အမှောင်ထဲသို့ နစ်မြုပ်သွားခဲ့သည်။ မကြာမီ ပတ်ဝန်းကျင်ရှိ ကမ္ဘာနှင့်အတူ သူတို့အားလုံး ထျန်းချင်းကမ္ဘာထဲသို့ ကျုံ့ဝင်သွားကြသည်။
အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် စောင့်ကြည့်နေကြသော မိစ္ဆာနတ်ဘုရားများက ရုတ်တရက် အံ့အားသင့်သွားကြသည်။ သူတို့၏ အမြင်အရ အနက်ရောင်နတ်ဆိုးနှင့် မိစ္ဆာနတ်ဘုရားသုံးပါးက ထျန်းချင်းကမ္ဘာကို တိုက်ခိုက်တော့မည် ဖြစ်သည်။
သို့သော် သူတို့က ရုတ်တရက် ပျောက်ကွယ်သွားကြသည်။ ပျောက်ကွယ်သွားခြင်းဆိုသည်မှာ သူတို့၏ အော်ရာတစ်စွန်းတစ်စပင် အာရုံခံနိုင်ခြင်းမရှိဘဲ လုံးဝပျောက်ကွယ်သွားခြင်းဖြစ်သည်။
" ဘာတွေဖြစ်နေတာလဲ။ "
" အနက်ရောင်နတ်ဆိုးနဲ့ အခြားသူတွေ ဘယ်ရောက်သွားတာလဲ။ "
" သူတို့က ဘယ်လိုလုပ် ရုတ်တရက် ပျောက်ကွယ်သွားကြတာလဲ။ "
အစပိုင်းတွင် မိစ္ဆာနတ်ဘုရားများက စိတ်ရှုပ်ထွေးသွားကြသော်လည်း ခဏကြာသောအခါ တဖြည်းဖြည်း နားလည်လာကြသည်။
အနက်ရောင်နတ်ဆိုးနှင့် အခြားမိစ္ဆာနတ်ဘုရားသုံးပါးက လုံးဝ ဖိနှိပ်ခံရခြင်း သို့မဟုတ် ကျဆုံးသွားခြင်း နှစ်ခုထဲမှ တစ်ခုခုဖြစ်နိုင်လေသည်။ မဟုတ်လျှင် မည်သည့်သဲလွန်စမှ မရှိဘဲ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ထိုခန့်မှန်းချက်က မိစ္ဆာနတ်ဘုရားများကို ကျောချမ်းသွားစေခဲ့သည်။
မိစ္ဆာမျက်လုံးနှင့် လက်တစ်သောင်းမိစ္ဆာတို့ ထျန်းချင်းကမ္ဘာထဲတွင် ပိတ်မိသွားခြင်းကို သူတို့နားလည်နိုင်လေသည်။ လက်တစ်သောင်းမိစ္ဆာက လုံးဝ ဖိနှိပ်ခံခဲ့ရပြီး မိစ္ဆာမျက်လုံးက ခန္ဓာကိုယ်တစ်ဝက်ကို စွန့်လွှတ်ပြီး ထွက်ပြေးခဲ့သော်လည်း ထျန်းချင်းကမ္ဘာအတွင်းမှ လက်ကြီးတစ်ဖက်က ၎င်းကို ပြန်လည်ဆွဲသွင်းသွားခဲ့သည်။
သို့သော် ယခု အနက်ရောင်နတ်ဆိုးနှင့် အခြားမိစ္ဆာနတ်ဘုရားသုံးပါးက ဘာဖြစ်ခဲ့သည်ကို သူတို့အားလုံး အတိအကျ နားမလည်နိုင်ကြပေ။ ပို၍ အရေးကြီးသည်မှာ သူတို့က မိစ္ဆာမျက်လုံးနှင့် လက်တစ်သောင်းမိစ္ဆာတို့ထက် များစွာ ပိုအစွမ်းထက်ကြလေသည်။ သူတို့ကို ဘာစွမ်းအားလှိုင်းမှ ထွက်ပေါ်ခြင်းမရှိဘဲ တိတ်တဆိတ် ပျောက်ကွယ်သွားခြင်းက မိစ္ဆာနတ်ဘုရားအားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ထျန်းချင်းကမ္ဘာအတွင်း မရေတွက်နိုင်သော သိုင်းတာအိုကျင့်ကြံသူများက သိုင်းဘိုးဘေး၏ ကာကွယ်ပေးမှုကြောင့် အသက်ရှင်ခဲ့သည့်အတွက် ပျော်ရွှင်နေကြသည်။
သိုင်းခန်းမ၏ ပြောဆိုမှုကြောင့် ကမ္ဘာအတွင်းရှိ သက်ရှိအားလုံး နှစ်ပေါင်းများစွာ ကိုးကွယ်ခဲ့ကြသည့် သူတို့ ရိုသေလေးစားကြသည့် သိုင်းဘိုးဘေးက မိစ္ဆာနတ်ဘုရားနှစ်ပါးအား ရှင်းလင်းခဲ့သည်ကို အားလုံးက သိခဲ့ရသည်။
သို့သော် ထျန်းချင်းကမ္ဘာမှ သက်ရှိများ မသိကြသည်မှာ မကြာသေးမီက အရင်မိစ္ဆာနတ်ဘုရားနှစ်ပါးထက် များစွာ အစွမ်းထက်သော အနက်ရောင်မိစ္ဆာနှင့် အခြားသုံးယောက်တို့ကိုလည်း သိုင်းဘိုးဘေးက ရှင်းလင်းခဲ့ခြင်းပင် ဖြစ်သည်။ မိစ္ဆာနတ်ဘုရားလေးပါးက လင်းယွမ်၏ ရှေ့တွင် ခုခံခြင်း သို့မဟုတ် ရုန်းကန်ခြင်းပင် မပြုလုပ်နိုင်ခဲ့ပေ။
သိုင်းခန်းမထဲတွင် လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်၏ အသေးစိတ်အချက်အလက်များကို သေချာနားလည်အောင် ကြိုးစားနေခဲ့သည်။
" အဲ့ဒီခဏအတွင်းမှာ နတ်စွမ်းရည်အမှတ်အသားက ငါ့ရဲ့ ခန္ဓာကိုယ်ကို ဗဟိုပြုပြီး လမ်းကြောင်းအားလုံးနဲ့ ချိတ်ဆက်လိုက်တယ်။ အဆုံးမဲ့ဟင်းလင်းပြင်ထဲက အရာအားလုံးကို ငါ့ရဲ့ ကမ္ဘာအဖြစ် အတင်းအကျပ် ပြောင်းလဲပစ်တာပဲ။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
လျို့ဝှက်နည်းစနစ်များနှင့် ယှဉ်လျှင် နတ်စွမ်းရည်များက အသက်သွင်းရန် နားလည်မှုကို မလိုအပ်ပေ။ လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်စွမ်းရည်အမှတ်အသားကို အသက်သွင်းလိုက်ရုံသာ ဖြစ်သည်။
အကယ်၍ လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်အမှတ်အသားကို အပြည့်အဝ နားလည်သွားလျှင် ထိုနတ်စွမ်းရည်ကို ပင်မစကြာဝဠာမှ မူလခန္ဓာကိုယ်တွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။
" ကမ္ဘာနတ်စွမ်းရည်ကို တစ်ခါအသုံးပြုတာ ငါ အပြည့်အဝ နားလည်ဖို့ သိပ်မလိုတော့ဘူးထင်တယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
ကမ္ဘာနတ်စွမ်းရည်ကို သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမှန်တကယ် နားလည်နိုင်သော်လည်း ထိုနတ်စွမ်းရည်ကို အသုံးပြုပြီး ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လေ့လာခြင်းဖြင့် နားလည်မှုက ပို၍ လျင်မြန်နိုင်လေသည်။
" ကမ္ဘာနတ်စွမ်းရည်ကို အသုံးပြုတာက ငါ့ရဲ့ စွမ်းအားတွေကို ကုန်ခမ်းစေတယ်။ ငါ့ရဲ့လက်ရှိစွမ်းအားနဲ့ဆို ငါ့ကိုငါ မထိခိုက်အောင် နှစ်ရက်တစ်ကြိမ်တော့ အသုံးပြုနိုင်လောက်တယ်။ "
" ပြင်ပကမ္ဘာဖျက်စီးခြင်းရဲ့ စွမ်းအားက အရမ်းကြီးမားလွန်းတာ နှမြောစရာပဲ။ မဟုတ်ရင် ငါစမ်းသပ်ကြည့်လို့ရတယ်။ " လင်းယွမ်က အနည်းငယ် နောင်တရမိသည်။
သူ၏ အတွင်းကမ္ဘာက ဘူးသီးခြောက်၏ မြှင့်တင်ခြင်းမခံရလျှင်တောင် တစ်ကြိမ်ဖျက်ဆီးလိုက်လျှင် ထွတ်ပေါ်လာသော စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ စွမ်းအားသက်ရောက်မှုက ထျန်းချင်းကမ္ဘာကို ပျက်စီးသွားစေနိုင်ပြီး လင်းယွမ်အသုံးပြုချင်လျှင် ထျန်းချင်းကမ္ဘာနှင့် ဝေးရာသို့ သွားရပေလိမ့်မည်။
" နောက်တစ်ခုက ငါ ဘူးသီးခြောက်ကို ယူပြီး ရုပ်ခန္ဓာနဲ့ အတွင်းကမ္ဘာကို မြှင့်တင်လို့ရပြီ။ " လင်းယွမ်က တွေးလိုက်သည်။
" ဟုတ်သားပဲ။ " လင်းယွမ်က တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။
အနက်ရောင်နတ်ဆိုးနှင့် အခြားမိစ္ဆာနတ်ဘုရားသုံးပါးက လုံးဝဖိနှိပ်ခံထားရပြီး ထောင့်တစ်နေရာတွင် အိပ်မောကျနေကြသည်။
" အလွှာတစ်ဆယ်နီးပါး မိစ္ဆာနတ်ဘုရား လေးပါးက လေ့လာမှုအတွက် တန်ဖိုးရှိတယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး မိစ္ဆာနတ်ဘုရား လေးပါး၏ ခန္ဓာကိုယ်များက မူလစွမ်းအားများအဖြစ် ပြောင်းလဲပြီး အတွင်းကမ္ဘာ၏ စုပ်ယူခြင်းခံလိုက်ရသည်။ မိစ္ဆာနတ်ဘုရားများကို လေ့လာရန်အတွက် သူတို့၏ အမြုတေများသာ လိုအပ်လေသည်။
မိစ္ဆာနတ်ဘုရားများ၏ ခန္ဓာကိုယ်များ ပျောက်ကွယ်သွားသည်နှင့်အမျှ သူတို့၏ ရတနာများကလည်း ထွက်ကျလာသည်။
လင်းယွမ်က တစ်ချက်ကြည့်လိုက်ရာ အနက်ရောင်နတ်ဆိုး၏ ရတနာများက တန်ဖိုးရှိသော အရာများဖြစ်သည်ကို တွေ့လိုက်ရသည်။ စွမ်းအားကြီးလက်နက်များ၊ အထူးသတ္တုများ၊ ရှားပါးသော စိတ်ဝိညာဉ်သစ်သီးများ။ အခြားမိစ္ဆာနတ်ဘုရားသုံးပါးတွင်လည်း ရတနာအချို့ ရှိကြလေသည်။
ထိုရတနာများကို ပင်မစကြာဝဠာသို့ ပြန်ယူလာလျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများ ကုန်ကျမည်ဖြစ်သော်လည်း ၎င်းတို့ကို မူလစွမ်းအားအဖြစ် ပြောင်းလဲပြီး ယွမ်ရှန်းကျင်းကို အားဖြည့်နိုင်လေသည်။ သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာကိုတော့ ထိုကဲ့သို့ အသုံးပြုရန် မလိုအပ်ပေ။
ထျန်းချင်းကမ္ဘာက လင်းယွမ်၏ နောက်ဖေးခြံဝင်းဖြစ်နေပြီး တစ်ကြိမ်ဆင်းသက်ရန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်၏သုံးပုံတစ်ပုံသာ လိုအပ်သောကြောင့် လင်းယွမ်ဆန္ဒရှိသရွေ့ အချိန်မရွေး ဆင်းသက်နိုင်လေသည်။
ထိုသို့သော အခြေအနေတွင် အမြဲတမ်း အဆင်သင့်ဖြစ်နေမည့် ရုပ်ခန္ဓာတစ်ခု လိုအပ်လေသည်။ သို့မှသာ ဆင်းသက်သည့်အကြိမ်တိုင်း အစမှပြန်လည်ကျင့်ကြံရန် လိုအပ်တော့မည်မဟုတ်ပေ။
" အံ့ဩစရာပဲ။ ဒီထိုက်ယန် ရွှေသလင်းကျောက်နဲ့ ဆင်တူတဲ့ သတ္တုအပိုင်းအစက ထိုက်ယန်အစစ်အမှန်မီးတောက်ရဲ့ စွမ်းအားတွေပါဝင်နေပြီး လူသားမျိုးနွယ်မှာတောင် ကြယ်၁၁လုံးရတနာအဖြစ် သတ်မှတ်နိုင်လောက်တယ်။ " လင်းယွမ်က လက်ကို ဝှေ့ရမ်းလိုက်ရာ လက်သီးအရွယ်အစားရှိသော အနီရောင်သလင်းကျောက်တစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။
ထိုသလင်းကျောက်က သေးငယ်သည်ဟု ထင်ရသော်လည်း လေဟာနယ်နိယာမကို အသုံးပြု၍ ဖိသိပ်ထားခြင်းကြောင့်ဖြစ်ပြီး အစစ်အမှန် အရွယ်အစားက မိုင်သန်းချီ ကျော်လွန်သွားနိုင်လေသည်။
" အဆုံးမဲ့ ဟင်းလင်းပြင်နဲ့ ဖရိုဖရဲဟင်းလင်းပြင်တို့က ဒိုင်မန်ရှင်းမတူတော့ ရတနာတွေရဲ့ တန်ဖိုးကလည်း ကွာခြားတယ်။ ပင်မစကြာဝဠာမှာ ထိုက်ယန်ရွှေသလင်းကျောက်က ဖွံဖြိုးဖို့ နှစ်ပေါင်းများစွာ လိုအပ်ပေမယ့် ဒီအဆုံးမဲ့ဟင်းလင်းပြင်ထဲမှာတော့..." လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
အဆုံးမဲ့ဟင်းလင်းပြင်ဖြစ်စေ ဖရိုဖရဲဟင်းလင်းပြင်ဖြစ်စေ ၎င်းတို့က တူညီသော ဒိုင်မန်ရှင်းတွင် မရှိကြသော်လည်း အခြေခံအားဖြင့် တူညီသေည လေဟာနယ်အမျိုးအစားပါဝင်သော ဒိုင်မန်ရှင်းသုံးခုနေရာများဖြစ်ကြသည်။
လင်းယွမ်နားလည်ထားသော နိယာမအားလုံးကို အသုံးပြုနိုင်လေသည်။ အဖြူရောင်စာရွက်ထဲမှ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက ပြည့်စုံလုနီးပါးဖြစ်ပြီး အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာများကို ရှာဖွေရန် ဖန်တီးထားခြင်းဖြစ်သည်။ သို့သော် ၎င်းတို့က အတုယူထားခြင်းသာဖြစ်ပြီး စစ်မှန်သော အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာနှင့် ရှင်းလင်းစွာ ကွဲပြားပေလိမ့်မည်။