ဟင်းလင်းပြင်သက်ရှိ....
Vol. 41 Ch. 623
" အခုတော့ အဆင်ပြေသွားပြီ။ " လင်းယွမ်က ရပ်တန့်လိုက်ပြီး ဆယ်ဆကျယ်ပြန့်သွားသော ထျန်းချင်းကမ္ဘာကို ကြည့်လိုက်သည်။
" ဟမ် အချိန်လေဟာနယ်ပေါင်းစပ်နိယာမက တတိယအဆင့် ရောက်သွားပြီလား။ " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။
ထျန်းချင်းကမ္ဘာသို့ မဆင်းသက်မီ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုက ဒုတိယအဆင့် အထွတ်အထိပ်နှင့် နီးစပ်နေခဲ့သည်။ ယခုအခါ ထျန်းချင်းကမ္ဘာ၏ ကျယ်ပြန့်မှုကို ဦးဆောင်ပေးခြင်းဖြင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမက တတိယအဆင့်သို့ တိုးမြှင့်နိုင်ခဲ့သည်။
" ကမ္ဘာတွေမှာလည်း သူတို့ရဲ့ ကန့်သတ်ချက်တွေ ရှိတာ နှမြောစရာပဲ။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ထျန်းချင်းကမ္ဘာက ရက်အနည်းငယ်အတွင်း ဆယ်ဆကျော် ကျယ်ပြန့်နိုင်ခြင်းမှာ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ထိန်းချုပ်မှုဖြင့် နှစ်ပေါင်းများစွာ စုဆောင်းထားသော စွမ်းအားများ ပေါက်ကွဲလာခြင်းဖြစ်သည်။
ထို့အပြင် လင်းယွမ်၏ အဆင့်၊ ကမ္ဘာနတ်စွမ်းရည်အပေါ် နားလည်မှု၊ အချိန်လေဟာနယ်ပေါင်းစပ်နိယာမနှင့် အခြားပေါင်းစပ်နိယာမများ၏ အကူအညီများလည်း ပါဝင်လေသည်။
သိုင်းခန်းမ၏ အပြင်ဘက်တွင် ချင်ယောင်နှင့် အခြားသူများက ကမ္ဘာ၏ အသွင်ပြောင်းလဲခြင်းကို မြင်တွေ့ခဲ့ကြသည်။
" ကမ္ဘာ ကမ္ဘာက ပြောင်းလဲသွားပြီ။ "
" ကောင်းကင်က မြင့်တက်သွားပြီး မြေပြင်က ထူထဲလာတယ်။ အချိန်နဲ့လေဟာနယ်က ပိုပြီး ကျယ်ပြောလာပြီ။ "
အကြီးအကဲများက ထိတ်လန့်စွာ ရေရွတ်လိုက်ကြသည်။ သူတို့က သိုင်းဘိုးဘေးကို သူတို့၏ အကြွင်းမဲ့ ယုံကြည်မှုအဖြစ် သတ်မှတ်ထားကြသော်လည်း ထိုမြင်ကွင်းကို မြင်ရသောအခါ ထိတ်လန့်တုန်လှုပ်နေရဆဲ ဖြစ်သည်။
ထျန်းချင်းကမ္ဘာကို အဆင့်မြှင့်ပြီးနောက် လင်းယွမ်က သိုင်းခန်းမထဲသို့ ပြန်လာခဲ့သည်။
" အခုတော့ ပိုသက်သောင့်သက်သာရှိသွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
အမှန်က လင်းယွမ်အတွက် အဆုံးမဲ့ဟင်းလင်းပြင်က ပို၍ သက်သောင့်သက်သာဖြစ်သော်လည်း ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုအနေဖြင့် ထျန်းချင်းကမ္ဘာထဲတွင် နေထိုင်ခြင်သက အလုံခြုံဆုံး ဖြစ်လေသည်။
ထျန်းချင်းကမ္ဘာမှ မူလရင်းမြစ်၏ ထောက်ပံ့မှုကြောင့် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက အသန်မာဆုံးအခြေအနေတွင် ရှိလေသည်။
" ထိုက်ယန်မူလစိတ်ဝိညာဉ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို သွားရမယ်။ " လင်းယွမ်က စာလိပ်ကို ထုတ်ပြီး ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ပေးလိုက်သည်။
ယခုအခါ မူလစိတ်ဝိညာဉ်နှစ်ခုက ဘူးသီးခြောက်ထဲမှ အရည်များကို အပြည့်အဝ စုပ်ယူထားပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ လင်းယွမ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို စိတ်ဝင်စားသောကြောင့် ထိုက်ယန်မူလစိတ်ဝိညာဉ်ကို စေလွှတ်လိုက်ခြင်းဖြစ်သည်။
" ထိုက်ယင်မူလစိတ်ဝိညာဉ်က အခြားကမ္ဘာတွေကို ရှာဖွေပြီး သိုင်းတာအိုကို ဖြန့်ဝေရမယ်။ " လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။
အဆုံးမဲ့ဟင်းလင်းပြင်က ကမ္ဘာများစွာနှင့် ပြည့်နှက်နေသည်။ ထိုကမ္ဘာများက သိုင်းတာအိုဖြန့်ကျက်ရန်အတွက် အကောင်းဆုံးပစ်မှတ်များ ဖြစ်ကြသည်။ ထို့အပြင် ထိုက်ယင်မူလစိတ်ဝိညာဉ်က ကမ္ဘာများကို ရှာဖွေခြင်းအပြင် စူးစမ်းလေ့လာရန်အတွက် မိစ္ဆာနတ်ဘုရားများကိုလည်း ဖမ်းဆီးနိုင်လေသည်။ လင်းယွမ်ကိုယ်တိုင်ကတော့ ထျန်းချင်းကမ္ဘာကို ကြီးကြပ်ရန် နေရစ်ခဲ့သည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က ထျန်းချင်းကမ္ဘာတွင် နေပြီး မူလစိတ်ဝိညာဉ်နှစ်ခုက ထွက်သွားခြင်းမှာ အလုံခြုံဆုံးနည်းလမ်းဖြစ်သည်။
ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်နှစ်ခုလုံးက မူလခန္ဓာကိုယ်၏ တိုက်ခိုက်ရေးစွမ်းအားနှင့် နီးစပ်လေသည်။ သူတို့ပျက်စီးသွားလျှင် မူလခန္ဓာကိုယ်က အတွေးတစ်ချက်ဖြင့် သူတို့ကို ဖန်တီးနိုင်လေသည်။
အဆုံးမဲ့ဟင်းလင်းပြင်၏ အလွှာများက ပင်မစကြာဝဠာထက် နိမ့်ကျသော်လည်း လင်းယွမ်က အထင်သေးခြင်းမရှိပေ။ အနည်းဆုံး နဝမအဆင့် မိစ္ဆာနတ်ဘုရားများက သူ့ကို ခြိမ်းခြောက်မှုပေးနိုင်လေသည်။
ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့က ထျန်းချင်းကမ္ဘာမှ အသီးသီး ထွက်ခွာသွားကြသည်။
" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ...." ထိုက်ယန်မူလစိတ်ဝိညာဉ်က စာလိပ်ပေါ်မှ ဆုံမှတ်များအတိုင်း ဟင်းလင်းပြင်လျို့ဝှက်နယ်မြေသို့ လျင်မြန်စွာ ဦးတည်သွားသည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုဖြင့် အနက်ရောင်နတ်ဆိုး ငါးရက်ခြောက်ရက်မျှ ကြာမြင့်မည့်ခရီးကို လင်းယွမ်က အမွှေးတိုင်တစ်ဝက်မကုန်မီ ရောက်သွားခဲ့သည်။
" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားတဲ့ မှတ်ဉာဏ်တွေကို အပြင်ကိုပြန်မထုတ်နိုင်ဘူး။ ဒီနေရာက တကယ် ဘာများလဲ။ " လင်းယွမ်က သိချင်သွား၏။
ပင်မစကြာဝဠာမှ လူသားမျိုးနွယ်က ထိုကဲ့သို့ လုပ်နိုင်သော်လည်း လူသားမျိုးနွယ်တွင် ကြီးမြတ်သူကိုးယောက်ရှိနေသည်။
" ပြီးတော့ ဟင်းလင်းပြင်သက်ရှိတွေကို သတ်တာက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်တာလဲ။ "
စာလိပ်ထဲမှ အချက်အလက်များက အကျိုးကျေးဇူးများအကြောင်း မဖော်ပြထားသော်လည်း တစ်စုံတစ်ခုရရှိရမည်ဟု လင်းယွမ်က ကောက်ချက်ချလေသည်။
" ရောက်ပြီ။ "
မကြာမီ လင်းယွမ်က ရပ်တန့်လိုက်ပြီး သူ၏ ရှေ့ရှိ ကျယ်ပြောလှသည့် ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ သို့သော် ၎င်းက အပြင်မှ ကြည့်လျှင် အခြားဟင်းလင်းပြင်များနှင့် ကွာခြားမှုမရှိပေ။
သို့တိုင် လင်းယွမ်က စာလိပ်မှတစ်ဆင့် ဟင်းလင်းပြင်အတွင်း၌ ဖုံးကွယ်ထားသော လျို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုကို မှိန်ဖျော့စွာ အာရုံခံမိနေသည်။ အတိအကျပြောရလျှင် ၎င်းက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ ဝင်ပေါက်ပင်ဖြစ်သည်။
" အဲ့ဒါက " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
စာလိပ်မပါလျှင်တောင် လင်းယွမ်က အချိန်နှင့်လောဟာနယ်ကို အာရုံခံနိုင်စွမ်းနှင့် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ တည်ရှိမှုကို သိနိုင်လေသည်။ ထိုသို့ဖြစ်လေ လင်းယွမ်၏ အမူအရာက ပို၍ လေးနက်လာလေဖြစ်သည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက အဆုံးမဲ့ဟင်းလင်းပြင်၏ နောက်ထပ် လေဟာနယ်အလွှာတစ်ခုနှင့် တူညီနေကြောင့် သူအာရုံခံမိနေသည်။ ထို့အပြင် သူ၏ ရှေ့မှ ဝင်ပေါက်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ ဝင်ပေါက်များစွာထဲမှ တစ်ခုသာဖြစ်လေသည်။
" ဒီစာလိပ်သာမရှိရင် ငါဝင်နိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က စဉ်းစားလိုက်သည်။ " အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ပဉ္စမအဆင့် ရောက်တဲ့ သူတွေသာ စာလိပ်မပါဘဲ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေထဲ ဝင်နိုင်လိမ့်မယ်ထင်တယ်။ "
" ဒါဆို ဒီလျို့ဝှက်နယ်မြေကို ဖန်တီးခဲ့တဲ့သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဘယ်လောက်တောင် နက်နက်နဲနဲ နားလည်ထားတာလဲ။ ဆဋ္ဌမအဆင့်လား၊ နဝမအဆင့်လား။ "
လျို့ဝှက်နယ်မြေများက သဘာဝအတိုင်း ဖြစ်ပေါ်ကြသော်လည်း ထိုဟင်းလင်းပြင်လျို့ဝှက်နယ်မြေက တိုကင်ဖြင့် ဝင်ရောက်ရခြင်းဖြစ်သောကြောင့် ဖန်တီးထားသည်မှာ ထင်ရှားလေသည်။
" ဝင်ကြည့်တာပေါ့။ " လင်းယွမ်က စာလိပ်ကို အသက်သွင်းလိုက်သည်နှင်ပ ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာမှ ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး လင်းယွမ်ကို အတွင်းသို့ ခေါ်ဆောင်သွားသည်။
သူ၏ မူလခန္ဓာကိုယ်ဖြစ်လျှင် အကြောင်းမသိသော လျို့ဝှက်နယ်မြေတစ်ခုကို ဝင်ရောက်မည်မဟုတ်သော်လည်း ထိုက်ယန်မူလစိတ်ဝိညာဉ်ကတော့ သက်သောင့်သက်သာ ရှာဖွေနိုင်လေသည်။
လင်းယွမ်က ကျယ်ပြေသော နေရာတစ်ခုတွင် သူ့ကိုသူ တွေ့လိုက်ရသည်။ အရပ်မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ အနက်ရောင်မြူခိုးများက ကောင်းကင်တွင် ဖုံးလွှမ်းနေသည်။
" ဒါက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေလား။ " လင်းယွမ်က သတိထားပြီး လေဟာနယ်အလွှာအတွင်းသို့ ချက်ချင်း ဝင်ရောက်လိုက်သည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအတွင်း လေဟာနယ်အလွှာများစွာ ပါဝင်နေသည်။
" ဟင်းလင်းပြင်သက်ရှိတွေက ဘယ်မှာလဲ ရှာကြည့်ရမယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သည့်သက်ရှိအရိပ်အယောင်ကိုမှ ရှာမတွေ့ပေ။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက အလွန်ကျယ်ဝန်းလှသည်။ လင်းယွမ်က ခြေတစ်လှမ်းနှင့် အလင်းနှစ်များစွာကို ဖြတ်ကျော်နိုင်သော်လည်း ဟင်းလင်းပြင်သက်ရှိများကို ရှာဖွေရန်အတွက် ဖြည်းညင်းစွာ သွားနေခဲ့သည်။ အလင်းနှစ်များစွာကို ဖြတ်ကျော်သွားလျှင် ဟင်းလင်းပြင်သက်ရှိများကို ရှာတွေ့နိုင်မည်မဟုတ်တော့ပေ။
ထိုက်ယန်မူလစိတ်ဝိညာဉ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်သည်မှာ တစ်လကြာသွားခဲ့သည်။ လင်းယွမ်က လျင်မြန်စွာ လှုပ်ရှားနေသော်လည်း အပြင်ဘက်မှ ကြည့်လျှင် မည်သည့်လှုပ်ရှားမှုမှ မမြင်ရပေ။
ထိုနေရာနှင့် မိုင်ပေါင်းများစွာအဝေး၌ အနက်ရောင်တောင်ထိပ်တစ်ခုအောက်တွင် ကြီးမားသော သတ္တဝါတစ်ကောင်က လင်းယွမ်ပျံသန်းနေသည်ကို ကြည့်နေသည်။ လင်းယွမ်က နက်ရှိုင်းသော လေဟာနယ်အလွှာထဲသို့ ဝင်ရောက်ထားသော်လည်း ထိုသတ္တဝါကြီးက လင်းယွမ်၏ တည်နေရာကို တိကျစွာ ဖော်ထုတ်နိုင်လေသည်။ ထိုသတ္တဝါကြီးက လင်းယွမ်ထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။
" အဲ့ဒါ ဟင်းလင်းပြင်သက်ရှိလား။ " လင်းယွမ်က သူ့ထံသို့ လာနေသော သတ္တဝါကြီးကို သတိထားမိသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
လင်းယွမ်၏ အာရုံခံနိုင်စွမ်းက ကမ္ဘာပုံရိပ်ကို မထုတ်ဖော်လျှင်တောင် မိုင်ပေါင်းများစွာအတွင်း ရှင်းလင်းစွာ မြင်နိုင်လေသည်။
" မိစ္ဆာနတ်ဘုရားတွေနဲ့ သိသိသာသာ ကွာခြားတာပဲ။ " လင်းယွမ်က စဉ်းစားလိုက်သည်။
သူ၏ လေ့လာမှုအရ ဟင်းလင်းပြင်သက်ရှိများက တောရိုင်းသားရဲနှင့် မခြားဘဲ ဉာဏ်ရည်လုံးဝမရှိသည့်အပြင် ၎င်း၏ တည်ရှိမှုကို ဖုံးကွယ်ထားခြင်းမှ ဗီဇအလျောက် လုပ်ဆောင်ခြင်းသာဖြစ်သည်။ မိစ္ဆာနတ်ဘုရားများက တစ်ခါတစ်ရံ ရူးသွပ်သွားကြသော်လည်း အသိဉာဏ်အချို့ကို ထိန်းသိမ်းထားနိုင်လေသည်။
" လာပြီ။ " ခဏအကြာတွင် သတ္တဝါကြီးက လင်းယွမ်နှင့် မိုင်တစ်ရာအတွင်းသို့ ရောက်လာသည်။
ထို့နောက် သတ္တဝါကြီးက ချဉ်းကပ်ခြင်းမရှိတော့ဘဲ ရပ်တန့်သွားပြီး ဆက်လက်ချဉ်းကပ်ခြင်းမပြုတော့ပေ။
" ဟမ် " လင်းယွမ်က ဟင်းလင်းပြင်သက်ရှိ၏ နည်းလမ်းများကို သိလိုသောကြောင့် ချက်ချင်းတိုက်ခိုက်ခြင်း မရှိသေးပေ။
ဝုန်း....
ပုံရိပ်ယောင်ကမ္ဘာတစ်ခုက လင်းယွမ်ကို ဖုံးလွှမ်းသွားပြီး သူ၏ စိတ်အသိက ပုံရိပ်ယောင်ထဲ့သို့ တစ်လွှာချင်း ကျဆင်းသွားသည်။