ထိုက်ယန်မူလစိတ်ဝိညာဉ်၏ စွမ်းအား....
Vol. 41 Ch. 627
" ထိုက်ယန်အရှင်သခင်။ "
" ထိုက်ယန်အရှင်သခင် လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကျော်က ထွက်ပေါ်လာတဲ့လူလား။ "
" အဲ့ဒီအရှင်သခင်ရဲ့ စွမ်းအားက ကြောက်စရာကောင်းတယ်။ အဆင့်ကိုး မိစ္ဆာနတ်ဘုရားကြားမှာ သူက အတော်လေး နာမည်ကြီးတယ်။ "
လင်းယွမ်ကို မှတ်မိသော မိစ္ဆာနတ်ဘုရားတစ်ပါးက လျင်မြန်စွာ ပြောလိုက်သည်။
" ထိုက်ယန်အရှင်သခင်လား။ "
" ကောင်းပြီ။ သူပါလာရင် အသိုက်ကို ဝင်ရောက်နိုင်ဖို့ သေချာသွားတယ်။ "
ကောင်းကင်မြွေအရှင်သခင်က စိတ်အားတက်ကြွလာသည်။ အသိုက်အတွင်းရှိ ဟင်းလင်းပြင်သက်ရှိ ကိုးကောင်ကို အမြန်ဆုံးရှင်းလင်းနိုင်လျှင် ထိုက်ယန်အရှင်ကိုလည်း ခွဲဝေပေးရပေလိမ့်မည်။
လင်းယွမ်က အသိုက်ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာပြီး အသိုက်နှင့် မနီးမဝေးတွင်ရှိသော မိစ္ဆာနတ်ဘုရား ၁၉ပါးကို လှမ်းကြည့်လိုက်သည်။
" ထားလိုက်တော့ ဟင်းလင်းပြင်သက်ရှိတွေက ပိုအရေးကြီးတယ်။ " လင်းယွမ်က အသိုက်ဆီသို့ ကြည့်လိုက်သည်။
" ထိုက်ယန်အရှင်သခင်.... " ကောင်းကင်မြွေအရှင်သခင်က ချက်ချင်း စိတ်ဝိညာဉ်လှိုင်းတစ်ခု ပို့လွှတ်လိုက်သည်။ " ထိုက်ယန်အရှင်သခင် ကျုပ်တို့နဲ့ ပူးပေါင်းလိုပါသလား။ ဒီအသိုက်ထဲမှာ အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိကိုးကောင်ရှိပါတယ်။ ထိုက်ယန်အရှင်သခင် တစ်ယောက်တည်းဆို ခက်ခဲနိုင်ပါတယ်။ "
ကောင်းကင်မြွေအရှင်သခင်က ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်ကို ရှင်းပြလိုက်ပြီး သူတို့ပူးပေါင်းနေသရွေ့ ဟင်းလင်းပြင်သက်ရှိတစ်ကောင် ဝေစုကို အနည်းဆုံး ရရှိမည်ဖြစ်သည်။ အခြားမိစ္ဆာနတ်ဘုရားများကလည်း ထိုက်ယန်အရှင်သခင်ကို ကြည့်နေကြပြီး ငါသဘောတူသည်နှင့် ချက်ချင်းပူးပေါင်းကာ အသိုက်ကို တိုက်ခိုက်ကြမည်ဖြစ်သည်။
သို့သော် ထိုခဏတွင် မိစ္ဆာနတ်ဘုရားများက မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ လင်းယွမ်၏ ခန္ဓာကိုယ်က ရုတ်တရက် ကြီးမားလာပြီး ဧရာမဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ အသိုက်၏ အနက်ရှိုင်းဆုံးနေရာကို တိုက်ရိုက်လှမ်းဆွဲလိုက်သည်။
ဝုန်း ဝုန်း....
ကြောက်စရာကောင်းသော အော်ရာများက ဆက်တိုက်တုန်ခါနေသည်။ ထိုအသိုက်က ဟင်းလင်းပြင်သက်ရှိများ၏ စခန်းဖြစ်ပြီး အန္တရာယ်များ ပြည့်နှက်နေသော်လည်း လင်းယွမ်၏ ဆုပ်ကိုင်မှုအောက်တွင် အချိန်နှင့်လေဟာနယ်က လှည့်ပတ်သွားပြီး အရာအားလုံးက ပျက်စီးသွားသည်။
" ဒါ..." လင်းယွမ်၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေသော ကောင်းကင်မြွေအရှင်သခင်က တိတ်ဆိတ်သွားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် မြင့်မားစွာ တည်ရှိနေသော လင်းယွမ်ကို ကြည့်ပြီး သူ၏ စိတ်က ထိတ်လန့်တုန်လှုပ်သွားသည်။
မိစ္ဆာနတ်ဘုရားများကြားတွင် တိုက်ခိုက်ရေးစွမ်းအားက အရွယ်အစားနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း လင်းယွမ်၏ မိုင်သန်းပေါင်းများစွာ မြင့်မားသော ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အဆုံးမဲ့ စွမ်းအားများက မိစ္ဆာနတ်ဘုရားများကို ဦးရေပြားများ ထုံကျဉ်သွားစေခဲ့သည်။
ထို့အပြင် လင်းယွမ်၏ ဖမ်းဆုပ်မှုကြောင့် အသိုက်က အခြေခံအုတ်မြစ်မှ ပြိုလဲလာပြီး လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားကို ပြသနေလေသည်။
အခြားမိစ္ဆာနတ်ဘုရားများကလည်း ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့က အသိုက်ကို ဝင်ရောက်နိုင်ရန်အတွက် မိစ္ဆာနတ်ဘုရား နှစ်ဆယ်ကို စုဆောင်းနေသော်လည်း လင်းယွမ်က လက်တစ်ဖက်တည်းနှင့် ဖမ်းဆုပ်ခဲ့လေသည်။
ဝုန်း ဝုန်း ဝုန်း.....
ဟင်းလင်းပြင်အသိုက်က ဆက်လက်တုန်ခါနေပြီး လင်းယွမ်၏ လက်က အသိုက်အတွင်းသို့ ဆက်လက်ဝင်ရောက်သွားပြီး နောက်ဆုံးတွင် ရပ်တန့်သွားသည်။
ထိုအချိန်တွင် အသိုက်တစ်ခုလုံးက ဒေါသပေါက်ကွဲသွားသကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားများက လင်းယွမ်၏ လက်ကို တိုက်ခိုက်လာကြသော်လည်း ရွှမ်ဟွမ်အလင်းက တစ်ချက်လင်းလင်သွားပြီး အရာအားလုံး ပျက်စီးသွားသည်။
မိစ္ဆာနတ်ဘုရား ၁၉ယောက်လုံးက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။ အသိုက်၏ တုန်ခါမှုက ၎င်း၏ စွမ်းအားအားလုံးကို စုစည်းထားသော တိုက်ခိုက်မှုဖြစ်သော်လည်း ထိုက်ယန်အရှင်သခင်က အလွယ်တကူ တားဆီးသွားခဲ့သည်။
ထိုထိုက်ယန်အရှင်သခင်က ဘယ်လိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာလဲ။
" နှစ်ပေါင်းသုံးလေးရာအတွင်းမှာ အရှိန်အဝါကြီးမားလာတဲ့ ထိုက်ယန်အရှင်သခင်ရဲ့ ခွန်အားက ဘယ်လိုလုပ် ဒီလောက်သန်မာနေရတာလဲ။ "
" အရမ်းကြောက်စရာကောင်းတယ်။ " မိစ္ဆာနတ်ဘုရားများက စိတ်ထဲတွင် တုန်လှုပ်နေကြသည်။
မိစ္ဆာနတ်ဘုရားများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် အသိုက်ထဲသို့ ဝင်ရောက်သွားသော လင်းယွမ်၏ လက်က ပြန်လည်ဆုတ်ခွာလာပြီး မကြာမီ အသိုက်ထဲမှ ပြန်လည်ထွက်ပေါ်လာသည်။ ထိုအချိန်တွင် မိစ္ဆာနတ်ဘုရားမျညးက လင်းယွမ်၏ လက်ထဲမှ ဟင်းလင်းပြင်သက်ရှိနှစ်ကောင်ကို သတိထားမိသွားကြသည်။
ထိုဟင်းလင်းပြင်သက်ရှိနှစ်ကောင်က အသည်းအသန် ရုန်းကန်နေကြပြီး ၎င်းတို့ ထုတ်လွှတ်သော စွမ်းအားများက လက်ရှိမိစ္ဆာနတ်ဘုရားများအောက် နိမ့်ကျခြင်းမရှိသော်လည်း လင်းယွမ်၏ လက်ချောင်းများက အချိန်နှင့်လေဟာနယ်၏ လှောင်အိမ်တစ်ခုကဲ့သို့ သက်ရှိနှစ်ကောင်ကို လုံးဝ ပိတ်လှောင်ထားခဲ့သည်။
ထို့နောက် လင်းယွမ်က ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ဟင်းလင်းပြင်သက်ရှိနှစ်ကောင်က ပျက်စီးသွား၍ သူတို့၏ ခန္ဓာကိုယ်များက ပျောက်ကွယ်သွားပြီး မမြင်နိုင်သော စွမ်းအားတစ်ခုက လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ၏ စိတ်စွမ်းအားကို မြှင့်တင်ပေးသွားသည်။
ထို့နောက် လင်းယွမ်၏ ညာလက်က အသိုက်အတွင်းသို့ ဆက်လက်ထိုးသွင်းလိုက်ပြန်သည်။ ပြန်ထုတ်လိုက်သောအခါ လက်ထဲ၌ ဟင်းလင်းပြင်သက်ရှိ သုံးကောင်ပါလာသည်။ ထို့နောက် ချေမွလိုက်ပြန်သည်။
မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်သက်ရှိ ခြောက်ကောင်က လင်းယွမ်၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။
လင်းယွမ်၏ လက်က တဖန် အသိုက်ထဲသို့ ဝင်ရောက်သွားပြီး ပြန်ဆုတ်ခွာလာသောအခါ ဟင်းလင်းပြင်သက်ရှိ သုံးကောင်ကို အလားတူ ဆုပ်ကိုင်ထားသည်။ မိစ္ဆာနတ်ဘုရားများ၏ မျက်လုံးများထဲတွင် အင်အားကြီးမားသော ဟင်းလင်းပြင်သက်ရှိများက လက်ယွမ်၏ လက်ထဲတွင် ကြက်ပေါက်လေးများသဖွယ် ဖြစ်နေခဲ့သည်။
" အဲ့ဒါ ဟင်းလင်းပြင်သက်ရှိဘုရင်လား။ "
လင်းယွမ်က သူ၏ လက်ကို တတိယအကြိမ် ဆွဲထုတ်လိုက်သောအခါ ဟင်းလင်းပြင်သက်ရှိများထဲမှ တစ်ကောင်က ရွှေရောင်မှိန်ဖျော့ဖျော့အလင်းအား ထုတ်လွှတ်နေသည်ကို ကောင်းကင်မြွေအရှင်သခင်က ချက်ချင်း သတိပြုမိလိုက်သည်။
ဟင်းလင်းပြင်သက်ရှိဘုရင်က ဟင်းလင်းပြင်သက်ရှိအားလုံး၏ ဘုရင်ဖြစ်ပြီး အခြားဟင်းလင်းပြင်သက်ရှိများအား အမိန့်ပေးနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားလေသည်။ အလားတူ ဟင်းလင်းပြင်သက်ရှိဘုရင်ကို သတ်လိုက်ခြင်းက စိတ်စွမ်းအားကို များစွာတိုးတက်စေပြီး ဟင်းလင်းပြင်သက်ရှိများစွာနှင့် ညီမျှလေသည်။
လင်းယွမ်၏ လက်ဝါးထဲတွင် ဟင်းလင်းပြင်သက်ရှိဘုရင်ကို မြင်လိုက်ရချိန်တွင် အခြားမိစ္ဆာနတ်ဘုရားများ၏ မျက်လုံးများက နီရဲသွားကြသော်လည်း လင်းယွမ်၏ ခွန်အားကို တွေးမိကာ ရှေ့တိုးရဲခြင်းမရှိဘဲ ကောင်းကင်မြွေအရှင်သခင်ကိုသာ ဆက်တိုက်ကြည့်နေကြသည်။
" ထိုက်ယန်အရှင်သခင် " ၎င်းကို မြင်သောအခါ ကောင်းကင်မြွေအရှင်သခင်က သတ္တမွေးကာ ပြောလိုက်သည်။ " ဒီအသိုက်ကို ကျုပ်တို့ အရင်ဆုံးတွေ့ရှိခဲ့တာပါ။ "
ထိုအချိန်တွင် လင်းယွမ်က သူ၏ လက်ထဲမှ ဟင်းလင်းပြင်သက်ရှိဘုရင်ကို စစ်ဆေးနေသည်။ သူက ဟင်းလင်းပြင်သက်ရှိဘုရင်ကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်ပြီး အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိဘုရင်တစ်ပါး ဖြစ်လေသည်။
ကောင်းကင်မြွေအရှင်သခင်၏ စကားကို ကြားသောအခါ လင်းယွမ်က သူ့ကိုလှည့်ကြည့်လိုက်သည်။
ကောင်းကင်မြွေအရှင်သခင်က ဦးခေါင်းများ ပေါက်ကွဲသကဲ့သို့ ခံစားလိုက်ရပြီး လင်းယွမ်၏ အကြည့်က သူ့အား လောင်ကျွမ်းနေသကဲ့သို့ ကြောက်မက်ဖွယ်စိတ်စွမ်းအားက သူ့ကို ဆက်တိုက်တိုက်ခိုက်နေသည်။
ချက်ချင်း ကောင်းကင်မြွေအရှင်သခင်က ဆက်ပြောလိုက်သည်။ " ဒါပေမယ့် ထိုက်ယန်အရှင်သခင်ရောက်လာပြီဆိုတော့ ဒီအသိုက်က ခင်ဗျားပိုင်သွားပါပြီ။ ကျုပ်တို့ နောက်ဆုတ်ပေးပါမယ်။ နောက်ဆုတ်ပေးပါမယ်။ "
စကားမဆုံးမီမှာပင် ကောင်းကင်မြွေအရှင်သခင်က အရိုက်ခံထားရသော ခွေးတစ်ကောင်ပမာ ဝေးရာသို့ ထွက်ပြေးသွားသည်။ ကျန်သော မိစ္ဆာနတ်ဘုရား ၁၈ပါးကလည်း လင်းယွမ်နှင့် ဝေးရာသို့ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
ထိုမိစ္ဆာနတ်ဘုရား ၁၉ ယောက်တို့က စုရုံးဝံ့သည်မှာ သူတို့၏ ခွန်အားများက ကွာခြားခြင်းမရှိဘဲ အချင်းချင်း သတ်ဖြတ်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။
သို့သော် လင်းယွမ်၏ လက်တစ်ဖက်တည်းဖြင့် အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိ သုံးလေးကောင်ကို ဖမ်းဆီးနိုင်စွမ်းက သာမန် မိစ္ဆာနတ်ဘုရားတစ်ပါးအား အလွယ်တကူ သတ်နိုင်သည်ကို သံသယမဝင်ကြတော့ပေ။
မူလတွင် မိစ္ဆာနတ်ဘုရားများက ကောင်းကင်မြွေအရှင်သခင် သူတို့အား ကိုယ်စားပြု၍ ထိုက်ယန်အရှင်သခင်ကို သတိပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
" သူတို့ပြေးတာ တော်တော်မြန်တာပဲ။ " လင်းယွမ်က အဝေးသို့ ထိတ်လန့်တကြား ထွက်ပြေးနေကြသော မိစ္ဆာနတ်ဘုရား ၁၉ပါးကို ကြည့်လိုက်သည်။
သူက စိုးရိမ်ခြင်းမရှိပေ။ သူ၏ အာရုံအများစုက ညာလက်ဝါးအတွင်းရှိ ဟင်းလင်းပြင်သက်ရှိ သုံးကောင်ပေါ်တွင်သာ ရှိနေသည်။ ပို၍ တိကျစွာ ပြောရလျှင် ရွှေရောင်တောက်ပနေသော ခန္ဓာကိုယ်ရှိသည့် ဟင်းလင်းပြင်သက်ရှိဘုရင်ပေါ်တွင် ဖြစ်သည်။
ဟင်းလင်းပြင်သက်ရှိဘုရင်ကြောင့် အခြားဟင်းလင်းပြင်သက်ရှိနှစ်ကောင်က လင်းယွမ်၏ စွမ်းအားကို များစွာ ခုခံနိုင်ခြင်းမရှိပေ။ ထိုဟင်းလင်းပြင်သက်ရှိဘုရင်က အလွန်အစွမ်းထက်ပြီး သာမန် အဆင့်ကိုး မိစ္ဆာနတ်ဘုရားများထက် ကျော်လွန်နေသည်။
လင်းယွမ်သာ အချိန်မီ ရောက်မလာခဲ့လျှင် အရေအတွက် အားကိုးဖြင့် မိစ္ဆာနတ်ဘုရားနှစ်ဆယ်က အသိုက်ထဲသို့ ဝင်ရောက်ခဲ့လျှင် သူတို့အားလုံး ပျက်စီးသွားနိုင်ဖွယ်ရှိလေသည်။
ဟင်းလင်းပြင်သက်ရှိဘုရင်က ၎င်း၏ ခွန်းအားကို လုံးဝ ဖုံးကွယ်ထားခဲ့ပြီး မိစ္ဆာနတ်ဘုရား ၁၉ပါးအား အားနည်းသည့် အသွင်အပြင်ကို ပြသခဲ့လေသည်။ မိစ္ဆာနတ်ဘုရားများ ဝင်လာသည်ကို စောင့်ဆိုင်းပြီး တစ်ချက်တည်းနှင့် အားလုံးကို ဖမ်းဆီးရန်ဖြစ်သည်။
ကောင်းကင်မြွေအရှင်သခင်နှင့် အခြားမိစ္ဆာနတ်ဘုရားများက သူတို့ကိုသူတို့ အမဲလိုက်သူများဟု ထင်နေကြသော်လည်း အမှန်တကယ် သူတို့က ဟင်းလင်းပြင်သက်ရှိများ၏ သားကောင်ဖြစ်နေသည်ကို မသိခဲ့ကြပေ။