← Chapters

အလင်းတိုင်

Vol. 118 Ch. 1639

အလင်းတိုင်

Vol. 118 Ch. 1639

ဝှစ်... ဝှစ်...

ကောင်းကင်၌ အဖွဲ့တစ်ဖွဲ့မှာ လျှို့ဝှက် စွမ်းအင်များ၊ ကြယ်တာရာ စွမ်းအင်များကို အသုံးပြုကာ ပျံသန်း နေကြသည်။ ထိုအထဲ၌ လူသား မျိုးနွယ်များ၊ တိုက်တန်များ၊ အယ်ဗန်များ၊ နတ်ဆိုးများ၊ ရှို့ရန်များနှင့် ၎င်းတို့ ပေါင်းစပ်ထားသည့် ထူးခြားသည့် မျိုးနွယ်ပေါင်းစုံ ပါဝင်နေသည်။ ထိုအဖွဲ့ကို ဦးဆောင်နေသူမှာ အရပ် ၁၈ ပေမျှ အမြင့်ရှိသည့် တန်ဘူမာ ဟု ခေါ်သော တိုက်တန် တစ်ဦး ဖြစ်သည်။

ထိုအဖွဲ့၏ ဦးတည်ရာမှာ လောကတစ်ခုလုံး၏ အာရုံစိုက်မှုကို သိမ်းပိုက်ခဲ့သည့် အလင်းတိုင်ကြီး ဖြစ်ကြောင်း ရှင်းလင်း သိသာပေသည်။ တန်ဘူမာ၏ ဘေးတွင်တော့ အာဏာရှင် အဖွဲ့၏ ကွန်မန်ဒါ သုံးဦး လိုက်ပါလာ၏။ သူတို့က ပျံသန်းရင်း ပေါ့ပေါ့ပါးပါးပင် စကားပြောဆို နေကြသည်။

တန်ဘူမာက အဖွဲ့အား ဦးဆောင်နေသည့် အပေါ် သူတို့ အထူးတလှယ် စိတ်ပူပုံ မရချေ။ ထို့အစား... သူတို့က တစ်ဦးကို တစ်ဦးသာ ပိုမို အာရုံစိုက် နေကြသည်။

“သခင်လေးမာ... ကျုပ်တို့ ဒီသေမျိုးတွေနဲ့ ပူးပေါင်းရမှာလား...”

ယာ့စူးမာက အနီးကပ် ပျံသန်းလာရင်း ဝိညာဉ်အာရုံနှင့် ဆက်သွယ်ကာ မေးမြန်းလိုက်သည်။ ပိုကေကို တစ်ချက် လှမ်းကြည့်ရင်း သူ၏ မျက်လုံးများက မလိုလားခြင်း၊ အထင်သေးခြင်းများနှင့် ပြည့်နှက် နေခဲ့၏။

တန်ဘူမာက မျက်မှောင်ကြုတ်လိုက်သည်။ ပုံမှန်အားဖြင့် သူသည်လည်း နတ်ဆိုး မျိုးနွယ်များနှင့် ယုတ်ညံ့သည့် အယ်ဗန်များ၊ အထူးသဖြင့် ပိုကေ လိုမျိုး နတ်ဆိုး အယ်ဗန် မျိုးစပ် ပေါင်းစပ် ပေါက်ဖွားလာသူများနှင့် ပူးပေါင်းရန် ဆန္ဒ မရှိပါချေ။ သို့သော်လည်း စောစောပိုင်းက ငွေရောင် ဆံပင်များနှင့် ရှို့ရန်မှာ သူ့နှလုံးသား အတွင်း ကြောက်ရွံ့စိတ်ကို ရိုက်သွင်းခဲ့သည်။ ဤထူးဆန်းသော မျိုးနွယ်များမှာ တစ်စုံတစ်ရာ မထိခိုက်ပဲ ရောက်ရှိလာရာ ထိုရှို့ရန်နှင့် ပတ်သက်မှု ရှိနိုင်သည်ဟု ယူဆလို့ ရသည်။ လောလောဆယ်၌ သူတို့နှင့် အတူ နေခြင်းက ယာယီ လုံခြုံလိမ့်မည်ဟု တန်ဘူမာ ယုံကြည်ထားသည်။

ထို့ကြောင့်ပင် ထာဝရ သရဖူ လုပွဲ ပြီးဆုံးသည် အထိ ထိုလူများနှင့် အတူတူ နေဖို့ တန်ဘူမာ အကြံပြုခဲ့ခြင်း ဖြစ်သည်။ သေမျိုးများကလည်း ယာယီ မဟာမိတ် ဖွဲ့ရန် စိတ်ကူးကို မဆန့်ကျင် ခဲ့ကြချေ။ တစ်ခုထူးဆန်းတာက လူသား မိန်းကလေး နှစ်ဦးနှင့် အယ်ဗန်-နတ်ဆိုး မျိုးစပ် (ကွန်မန်ဒါ သုံးဦး) တို့မှာ ထာဝရ သရဖူ အတွက် ဤနေရာကို ရောက်ရှိလာခြင်း မဟုတ်ဟု သူ ထူးခြားစွာ ခံစားမိသည်။ သူတို့ထံ၌ အခြား တာဝန် တစ်ခု ရှိပုံ ရသည်။ သူ၏ အာရုံခံစားမှုများက ထိုအရာကို ပြောပြနေသည်။

တစ်ချိန်တည်း၌ ဆွဲဆောင်မှု ရှိသည့် တိုက်တန်မျိုးနွယ်ဝင် မိန်းကလေး တစ်ဦး ဖြစ်သည့် တူလာရီမှာ စတင် ပျံသန်းချိန်တည်းက တရှန်းကို လျှို့ဝှက်စွာ စောင့်ကြည့် နေခဲ့သည်။ အထူးသဖြင့်... လွန်ခဲ့သည့် မိနစ်ပိုင်းလောက်က ဖြစ်ပွားခဲ့သည့် မြင်ကွင်းမှာ သူမကို အသည်းနှလုံးထဲ အထိ တုန်လှုပ် ခြောက်ခြား စေခဲ့လေသည်။

ထိုစဉ်အခါက သူတို့မှာ မြေရိုင်းလွင်ပြင်တွင် ရှိနေသေးသည်။ သရဖူ ပေါင်းစည်းခြင်း ဖြစ်စဉ်မှ အကျိုးအမြတ် ရရှိခဲ့သည့် အဂ္ဂိရတ် ပညာရှင်များမှာ သူတို့ ရရှိထားသည့် ဉာဏ်အလင်းများကို ချေဖျက်နေကြဆဲ ဖြစ်သည်။

“ကျွန်မ သူတို့ကို ခေါ်သွားချင်တယ်...”

တရှန်းက သူတို့ကို လက်ညိုးထိုးပြရင်း ထိုကဲ့သို့ ဆိုလိုက်၏။ ချက်ချင်း ဆိုသလိုပင်... မီးခိုးရောင် ဟင်းလင်းပြင် စွမ်းအင်များက အဂ္ဂိရတ် ပညာရှင်များကို ဝန်းရံသွားကာ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ မည်သည့် အချက်ပြမှုမှ မရှိပဲ အဂ္ဂိရတ် ပညာရှင် ရာကျော်မှာ အရွယ်အစား သေးငယ်သွားခဲ့သည်။ ထို့နောက် သူတို့မှာ ရေတစ်ပေါက်မျှ ရှိသည့် ပုံဆောင်ခဲ တစ်ခု အတွင်း ရောက်ရှိသွားခဲ့ကြ၏။ အားလုံးမှာ ဉာဏ်အလင်း ဖြစ်စဉ်တွင် နစ်မြုပ်ကာ တရားထိုင် နေကြဆဲ ဖြစ်သည်။

ထို့နောက်တွင်တော့... တရှန်းက ယောက်ျားတကာကို အရည်ပျော်စေနိုင်သည့် အပြုံးတစ်ချက် ပြုံးကာ အားလုံး၏ မျက်လုံးများ ရှေ့တွင်ပင် ၎င်းကို ရှန့်ထို လက်စွပ် အတွင်း တည်တည်ငြိမ်ငြိမ် ထည့်သွင်း လိုက်လေသည်။

ယခုအခါတွင်တော့... ထိုဖြစ်ရပ်မှာ ဘာမှ မဟုတ်သကဲ့သို့ပင် တရှန်းမှာ ပေ့ယင်ယင်ဟု ခေါ်သည့် လူသား ပေါက်စလေးကို ပခုံးထက် တင်ရင်း စိုးရိမ် ပူပန်မှု ကင်းမဲ့စွာ ပျံသန်း နေခဲ့သည်။ တူလာရီ တစ်ယောက် တရှန်းကို ကြည့်ရင်း ကြောက်ရွံ့ လာခဲ့မိ၏။ အကယ်၍ ထိုနတ်ဆိုးမက သူမကို အလားတူ ပုံဆောင်ခဲ အဖြစ် ပြောင်းလဲ ပစ်လျှင်ရော...။

ထိုကဲ့သို့ ဆိုပါက သူမ အသက်ပေး၍ တိုက်ခိုက်မည် ဖြစ်သည်။ မကြာခင်မှာပင် သူတို့ အဖွဲ့မှာ အလင်းတိုင်ကြီးနှင့် မိုင်ပေါင်း ရာဂဏန်း အနည်းငယ်သာ ကွာဝေးသည့် နေရာတစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။

“ငါတို့ တိုက်ပွဲအတွက် ပြင်ဆင်ထားသင့်တယ်...”

တန်ဘူမာက အဖွဲ့ကို သတိပေးလိုက်၏။ သူ၏ လျှို့ဝှက် စွမ်းအင်များက ပေါက်ကွဲလုနီးပါး ဖြစ်လာကာ မည်သည့် အခြေအနေတွင် မဆို တုန့်ပြန်ရန် အဆင်သင့် ပြင်ဆင်ထားသည်။ သို့သော်လည်း... ကွန်မန်ဒါ သုံးဦးကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင် ရှိနေသေးသည်။

ဟုန်ချွင်းဟွာက အလင်းတိုင်ကို ကြည့်လိုက်၏။ သူမ၏ နီညိုရောင်ဆံပင်များက လေထုအတွင်း လှုပ်ခါနေသည်။ သိမ်မွေ့သည့် ပန်းရနံ့မှာ လေထဲတွင် ပျံ့လွင့်နေ၏။

“အေးဆေးပေါ့...”

သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်ရင်း အခြား ကွန်မန်ဒါ နှစ်ဦး ဖြစ်သည့် ပေ့ဝေဝေနှင့် ပိုကေတို့နှင့် စကားဝိုင်းကို ပြန်လည် စတင်လိုက်သည်။

သေမျိုးများက နောက်ဆုံး သရဖူ အပိုင်းအစအား ပေါ့ပေါ့ဆဆ သဘောထားနေသည်ကို ကြည့်ကာ တန်ဘူမာ တစ်ယောက် အံ့အားသင့်သွားခဲ့သည်။

“သခင်လေးမာ...”

ယာ့စူးမာက တန်ဘူမာ အနားသို့ တိုးကပ်လာကာ ပြောလိုက်၏။

“ကျုပ် ဘယ်သူ့ကိုမှ ခံစားလို့ မရဘူး...”

နောက်ဆုံး သရဖူ အပိုင်းအစ ထွက်ပေါ်လာခဲ့သည်မှာ နာရီပေါင်း များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အနီးအနား၌ လူရှိနေသည့် လက္ခဏာ မတွေ့ရသလို တိုက်ပွဲ အရိပ်အယောင်များကိုလည်း မတွေ့ရသေးပါချေ။ လမ်းတစ်လျှောက်၌ သူ ခံစားမိသည့် အော်ရာ အနည်းငယ် ရှိခဲ့သော်လည်း သူတို့မှာ အလင်းတိုင် ရှိရာထံသို့ သွားရောက်ခြင်းထက် ထူးခြားသော နယ်မြေများတွင်သာ ကျင့်ကြံနေပုံရသည်။ တိုက်တန်မျိုးနွယ်မှာ အလွန်ပင် စိတ်ရှုပ်ထွေး သွားခဲ့၏။

ဟုန်ချွင်းဟွာက ယာ့စူးမာကို လှမ်းကြည့်လိုက်သည်။

“ဒီလောကနယ်မြေထဲမှာ အထွတ်အမြတ နယ်မြေတွေ အများကြီးပဲ... ထာဝရ သရဖူရဲ့ အပိုင်းအစတွေက အသုံးဝင်ပေမဲ့ သူတို့ချည်းသက်သက်က သိပ်မထားဘူး... နောက်ပြီး ငါတို့ တစ်ဖွဲ့တည်းကတင် အပိုင်းအစ လေးခုကို ပိုင်ဆိုင်ထားတယ် ဆိုတော့ နောက်ဆုံး အပိုင်းအစ တစ်ခုတည်း အတွက် သူတို့မှာ တိုက်ခိုက်စရာ အကြောင်း မရှိဘူး... အဖိုးအတန်ဆုံး ဖြစ်နေရင် တောင်မှပေါ့... အားလုံးကို ပေါင်းစည်းပြီးတဲ့ အချိန်ကျမှ တိုက်ခိုက်တာက အကောင်းဆုံး ရွေးချယ်စရာပဲ”

“အမှန်ပဲ... ဘာလို့ လာပြီး အချိန်ဖြုန်းရမှာလဲ... အချိန်ရတုန်း အထွတ်အမြတ် နယ်မြေတွေမှာ ရှိတဲ့ အကျိုးကျေးဇူးတွေကို သိမ်းပိုက်တာက အကောင်းဆုံးပဲ...”

ပိုကေ ခေါင်းညိတ်ရင်း သဘောတူလိုက်သည်။ ပေ့ဝေဝေကတော့ အလွန့်အလွန် ဝေးကွာလှသည့် တစ်နေရာကို လှမ်ကြည့် နေခဲ့၏။ ထိုနေရာ၌ တိုက်ပွဲတစ်ခု ဖြစ်နေပေသည်။ ပိုမို တိတိကျကျ ဆိုရလျှင် အာဏာရှင်များ အကြားမှ တိုက်ပွဲ ဖြစ်သည်။ သူတို့က မီးတောင်ဒေသ တစ်ခုတွင် တိုက်ခိုက် နေကြခြင်း ဖြစ်ကာ မြေကြီးနှင့် မီးစွမ်းအင်များမှာ လေထုအတွင်း စိမ့်ဝင် ကွန့်မြူး နေကြသည်။ တိုက်ပွဲက အတော်လေး ပြင်းထန်ပေသည်။

ပေ့ဝေဝေက အကြည့်ကို လွှဲလိုက်ကာ စကားဝိုင်းအတွင်း ပြန်လည် ဝင်ရောက်လာ၏။

“တော်ဝင် သခင်မက သရဖူ အပိုင်းအစ တစ်ခု အတွက် အချိန် မတိုင်ခင် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ငွေရောင် ဝံပုလွေဆီမှာ လက်နက်ချခဲ့ရတယ်... နောက်ဆုံး ပန်းတိုင် အတွက် မတိုက်ခိုက်ခင် ကိုယ့်ကိုယ်ကို ပင်ပန်း နွမ်းနယ်အောင် မလုပ်တာက အကောင်းဆုံးပဲ... နောက်ပြီး ကိုယ့်ကိုယ်ကို အားနည်းတယ်လို့ ခံစားနေရတဲ့ လူတွေအတွက် ဒီအချိန်က မဟာမိတ်ဖွဲ့ဖို့ အကောင်းဆုံး အချိန်ပဲ”

“မှန်တယ်... ငါတို့ ပဉ္စမမြောက် အပိုင်းအစကို ပေါင်းစည်းပြီးတာနဲ့ အခြား အပိုင်းအစ နှစ်ခုကို ပိုင်ဆိုင်ထားတဲ့သူတွေက ငါတို့ဆီ ရောက်လာလိမ့်မယ်... ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်ကိုက အပိုင်းအစတွေကို ပေါင်းစည်းဖို့ပဲလေ... မပေါင်းစည်းရသေးခင် ဖြစ်ဖြစ် ပေါင်းစည်းပြီးတဲ့ အချိန်မှာ ဖြစ်ဖြစ် တိုက်ခိုက်လို့ ရတယ်”

ပိုကေက ထပ်ပြောလိုက်၏။ ကွန်မန်ဒါ သုံးယောက်၏ စကားဝိုင်းကို နားထောင်ပြီးနောက် ယာ့စူးမာမှာ တန်ပြန်ငြင်းဆိုချင် နေသော်လည်း တုန့်ပြန်စရာ စကားလုံး ရှာမတွေ့ပါချေ။ ကွန်မန်ဒါ သုံးဦးစလုံးမှာ အလွန်ကောင်းမွန်သော အချက်များကို တင်ပြခဲ့ကြခြင်း ဖြစ်သည်။

“ရွှယ်ရီဖေးက အချိန်မတိုင်ခင် တိုက်ခိုက်ခဲ့တာ ဆိုပေမဲ့ သူ့ဆီမှာ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိရမယ်... အဲဒီ နဂါး မိစ္ဆာမရဲ့ တစ်ကိုယ်လုံးက အကြံအစည်တွေနဲ့ ပြည့်နေတာ... ပရိယာယ်တွေက သူ့သွေးထဲမှာ စီးနေတယ်လို့တောင် ပြောလို့ရတယ်”

တရှန်းက ရှုံ့မဲ့၍ ဝင်ရောက်၍ ပြောလိုက်၏။ အထူးသဖြင့် ရွှယ်ရီဖေးအား တော်ဝင် သခင်မဟု ခေါ်ဝေါ်ခြင်း အပေါ် သူမ မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။

သူမသည်လည်း ဝေ့ဝူယင်၏ ချစ်သူဖြစ်သည်။ အဘယ်ကြောင့် ထိုမိစ္ဆာမှာ တော်ဝင် သခင်မ ဘွဲ့ကို ခံယူထိုက်သနည်း။ သို့သော်လည်း ရွှယ်ရီဖေးမှာ မဟာ သူရဲကောင်း ဝူယုကို ခစားသည့် မျိုးဆက်မှ ဆင်းသက်လာသည့် မင်းသမီး တစ်ပါး ဖြစ်လေရာ တရှန်း ပွင့်ပွင့်လင်းလင်းတော့ ငြင်းဆိုရဲခြင်း မရှိပါချေ။

ရွှယ်ရီဖေးလို တရားဝင် ကိုယ်လုပ်တော် နေရာမျိုးကို သူမ ကိုယ်တိုင်လည်း လိုချင်ပါက ရနိုင်ပေသည်။ သို့သော်လည်း တရှန်း ဝေ့ဝူယင်ကို တစ်ခါမှ မတောင်းဆိုခဲ့ချေ။ ထိုအမှိုက်ဘွဲ့ထူးကို သူမ မလိုချင်ပေ။ တရားဝင် ဇနီးမယား ဟူသည့် ထင်ရှား ကျော်ကြားသည့် ဘွဲ့နာမည်သာလျှင် သူမ၏ နှလုံးသားကို ကျေနပ်စေဖို့ လုံလောက်ပေသည်။

ပိုကေ ကြိတ်ကာ ပြုံးလိုက်မိ၏။ တရှန်း နေရာတွင် အခြားလူ တစ်ဦး ဆိုပါက ရွှယ်ရီဖေးကို ထိုကဲ့သို့ ပြောခြင်း အတွက် အာဏာရှင်များကြား၌ စစ်ပွဲတစ်ခုပင် ဖြစ်လာနိုင်ချေ ရှိသည်။ သို့သော်လည်း... ယခု ပြောနေသူက တရှန်းဖြစ်လေရာ သူတို့ မကြားချင်ယောင် ဆောင်နေဖို့သာ တတ်နိုင်ပေသည်။

ပေ့ဝေဝေကတော့ ညီမဖြစ်သူ ပေ့ယင်ယင်ကို လှမ်းကြည့်လိုက်၏။ ထိုကလေးမ ပြိုင်ပွဲအတွင်း ခိုးဝင်လာခဲ့ခြင်းကို သူမ ယခုတိုင် မကျေလည်သေးချေ။ သို့သော်လည်း ပေ့ယင်ယင်၏ ခေါင်းထက်မှ ဆံညှပ်ကို လှမ်းမြင်လိုက်ရသော အခိုက်၌ သူမ အနည်းငယ် စိတ်အေး သွားခဲ့၏။ ထိုဆံညှပ်လေးကို ပေ့ယင်ယင် မွေးဖွားသည့် နေ့တွင် ဝေ့ဝူင်က လက်ဆောင် အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။

၎င်းအား အသုံးပြုပါက လောကရှန့်ထို တစ်ယောက်ပင်လျှင် ထိခိုက်အောင် မလုပ်နိုင်ဟု အာဏာရှင် အင်ပါယာက အခိုင်အမာ ပြောခဲ့သည် မဟုတ်ပါလား။

ဝှစ်... ဝှစ်...

လျှင်မြန်စွာ ပျံသန်းလာရင်း နောက်ဆုံး၌ သူတို့မှာ အလင်းတိုင် အနားသို့ ရောက်လာခဲ့လေတော့၏။

***

All Chapters