အာဏာရှင်များကြားမှ တိုက်ပွဲ (၂)
Vol. 118 Ch. 1649
ဘုန်း...
ကျူးကျွင်း၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်မှာ မြေပြင်ပေါ် ပြိုလဲကျသွားခဲ့၏။
"မဟုတ်ဘူး..."
ပေ့ယွင်ဟန်မှာ မလိုလားစွာ အော်ဟစ်လိုက်၏။ သူ၏ အသံက နာကျင်မှု၊ ဒေါသတို့နှင့် ပြည့်နှက်နေကာ ပေါက်ကွဲရန် အသင့်ဖြစ်နေသော မီးတောင်တစ်ခုနှင့်ပင် ဆင်တူနေသည်။
သို့သော်လည်း အသိဉာဏ်နှင့် အတူ သူ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်ရင်း မြှားများကိုသာ ဆက်တိုက် ပစ်လွှတ်လိုက်၏။ ၎င်းတို့မှာ အာကာသ၊ မန်နာနှင့် လေထုတို့ကို တိကျပြတ်သားစွာ ဖောက်ထွင်းသွားခဲ့သည်။
ဇင်၏ မျိုးဆက်သည် ပခုံးနှင့် ဦးခေါင်းကို တွန့်လိုက်ကာ နောက်သို့ ဆုတ်ခွာသွား၏။ သူမက အကြေးခွံများရှိသော လက်များဖြင့် လက်ဟန်ချိပ်စည်းများကို ထပ်ခါတလဲလဲ ဖန်တီးကာ အရေပြားနှင့် သွေးများထဲသို့ စိမ့်ဝင်နေသော နတ်ဆိုး စွမ်းအင်များကို ထုတ်ယူပစ် လိုက်သည်။ သူမ ကျူးကျွင်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သောအခါ အာဏာရှင်အဖွဲ့ အမှတ်အသားထံမှ အလင်းများမှာ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။ သူမ စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်၏။ သို့သော်လည်း... ထိုသို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် အန္တရာယ် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရလေသည်။
မိန်းကလေး၏ မျက်လုံးများမှာ အဆုံးစွန်ထိ ကျဉ်းမြောင်းသွား၏။ သူမ ပေ့ယွင်ဟန်ဘက်သို့ လှမ်းကြည့်လိုက်ရာ ထိုအာဏာရှင်မှာ လေးကြိုးကို အပြည့်အဝ ဆွဲထားကာ ရေခဲမုန်တိုင်းကဲ့သို့ အေးစက်စက် မျက်လုံးများဖြင့် သူမကို လှမ်းကြည့် နေခဲ့၏။ သူ၏ လည်ပင်းမှ သွေးကြောများမှာ ပြင်းထန်သော ဖိအားများကြောင့် ပေါက်ထွက်၍ပင် နေခဲ့ပြီ ဖြစ်သည်။
"စိတ်မကောင်းပါဘူး... လီယွင်ကူး... ငါဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ငါမလဲကျခင်မှာ မင်းအတွက် ပြဿနာ တစ်ခုကို ရှင်းပေးခဲ့မယ်..."
ထိုအခိုက်၌ ပေ့ယွင်ဟန်မှာ ပတ်ပတ်လည်မှ ဝန်းရံ တိုက်ခိုက်မှုများကို ခံနေရကာ စွမ်းအင် မျိုးစုံက သူ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။ သူက အဆုံးစွန်သော အခြေအနေကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အာဏာရှင်များနှင့် တိုက်ခိုက်ရသည်မှာ အလွန် ခက်ခဲသည့် အလုပ် တစ်ခု ဖြစ်ကာ သူ ယခုလောက် တောင့်ခံနိုင်ခြင်းသည်ပင် အလွန် အထင်ကြီးစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
ဟူ... ဟူး...
သူ၏ အသက်ရှူသံများက အလွန်အမင်း လေးလံကာ မီးခိုးများပင် ထွက်နေခဲ့သည်။ သူ့ ခန္ဓာကိုယ် ပတ်လည်၌ ချည်နှောင်ထားသည့် အာကာသ လက်စွပ် များစွာမှာ ပြင်းထန်စွာ တောက်ပလာနေခဲ့၏။ ဇင်၏ မျိုးဆက်မှာ ကောင်းကင်ကိုပင် လှုပ်ခတ်စေနိုင်သည့် တုန်လှုပ်မှုများကို ခံစားလိုက်ရသည်။
သူမ မတုန့်မဆိုင်းပင် လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖန်တီးကာ ဧရာမ လိပ်ခွံကြီး တစ်ခုကို ဖော်ထုတ်လိုက်၏။ မိန်းကလေးမှာ မျက်နှာတစ်ခုလုံး ဖြူရော်သည် အထိ ကြယ်တာရာ စွမ်းအင်များနှင့် သွေးမျိုးဆက် စွမ်းအင် အများစုကို ထိုဝိညာဉ် ကျင့်စဉ် အတွင်း ထည့်သွင်းလိုက်သည်။ သူမက ထိုလိပ်ခွံကို ကောင်းကင်ဘက်သို့ ဦးတည်ကာ စောင်းလိုက်၏။
ဝှစ်...
ထိုအခိုက်တွင်ပင် ပေ့ယွင်ဟန်မှာ လေးကြိုးကို လွှတ်လိုက်၏။ အာကာသ လက်စွပ် တစ်ခုချင်းစီမှာ အဆုံးမဲ့စွာ တောက်ပ လာခဲ့လေသည်။
"ကောင်းကင်မှာ ဘာတွေဖြစ်နေတာလဲ"
ထိုအခိုက်၌ အလွှာအပြင်က ကျင့်ကြံသူ အချို့မှာ မျိုးရိုး ဗီဇအားဖြင့် ခြားနားသည့် လူသုံးဦးနှင့် တိုက်ခိုက်နေကြသည်။ သူတို့ တိုက်ပွဲအတွင်း ဝင်ရောက်လာရသည့် အကြောင်းရင်းက ရှင်းလင်းပေသည်။ ထူးဆန်းသည့် သေမျိုးများ အသည်းအသန် တိုက်ခိုက် နေကြသောကြောင့်ပင်။ အဘယ်ကြောင့်မှန်း မသိသော်လည်း သေမျိုးများ၏ တုန့်ပြန်ပုံများ အရ အရေးကြီးတာတော့ သေချာသည်။ ထိုအရာက ငွေရောင်ကိုင်း မျက်မှန်နှင့် အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေး ဝင်္ကပါ တစ်ခုကို တည်ထောင်နေခြင်းနှင့်တော့ ဆက်စပ် နေနိုင်သည်။
ဝင်ရောက် တိုက်ခိုက်သင့်သည်ဟု ခံစားရသောကြောင့် သူတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာပင် သူတို့၏ ဆဋ္ဌမ အာရုံက တစ်ခါမှ မမှားခဲ့ချေ။
သို့သော်လည်း ပေ့ယွင်ဟန် လေးကြိုးကို လွှတ်လိုက်သော အခိုက်၌ ကောင်းကင်တစ်ခုလုံး ရုတ်တရက် မှောင်မိုက် သွားခဲ့သည်။ သူတို့ အပေါ်သို့ မော့ကြည့်လိုက်ရာ ထွန်းလင်းနေသည့် လောကချည်နှောင် နေကြယ်များကိုပင် မမြင်ရတော့ချေ။
"မြှား... မြှားတွေ..."
အခြေအနေကို လေ့လာနေသည့် မြေကြီး ရှန့်ထိုများ အနက်မှ တစ်ယောက်က အော်ဟစ်လိုက်ကာ သူ၏ မဟာမိတ်များကို ခေါ်ဆောင်၍ တွန့်ဆုတ်ခြင်း မရှိပဲ နောက်သို့ ဆုတ်သွားခဲ့သည်။ အခြားလူများမှာလည်း လျှို့ဝှက် အဆောင်များကို အသက်သွင်းကာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကြိုးစားလိုက်ကြ၏။
ရွှစ်... ရွှစ်... ရွှစ်...
မျက်တောင် တစ်ခပ်စာ၏ ဆယ်ပုံ တစ်ပုံမျှ အချိန်အတွင်းမှာပင် မြှားသန်းပေါင်းများစွာမှာ ကောင်းကင်ဘုံမှ စေလွှတ်လိုက်သည့် တမန်တော်များ အလား မိုးသို့ရွာသွန်းကာ ဆင်းသက် လာခဲ့လေ၏။ ၎င်းတို့ တစ်ခုချင်းစီမှာ ဝိညာဉ်အင်အားကို ဖြိုခွင်းနိုင်သည့် စွမ်းအားများကို သယ်ဆောင်ထားကြသည်။ ထို့ကြောင့်ပင် ဝိညာဉ်စွမ်းအင် အရာ၌ အားနည်းကြသူများမှာ ကောင်းကင်ကို ဖုံးလွှမ်းထားသည့် အရိပ်ကြီးတစ်ခုကိုသာ မြင်နိုင်ကြပြီး အောက်သို့ကျဆင်းလာသည့် မြားများကို မမြင်နိုင်ကြပါချေ။
ကံကောင်းစွာဖြင့် ထိုမြားများမှာ သူတို့အပေါ် ကျဆင်းခြင်းမရှိပေ။ ၎င်းတို့က ပစ်မှတ်တစ်ခုတည်း အပေါ်ကိုသာ ဦးတည်နေခြင်း ဖစ်သည်။
ဇင်၏ မျိုးဆက်ပင်။
ဘုန်း... ဘုန်း... ဘုန်း...
မြှားများမှာ ကောင်းကင်မှ အဆုံးမရှိ ကျဆင်းလာနေခဲ့ကာ လောကတစ်ခုလုံး တုန်ခါမှုများနှင့် ပြည့်နှက် နေခဲ့၏။ ဇင်၏ မျိုးဆက်မှာ မျက်လုံး၊ နှာခေါင်းနှင့် နားတို့မှ သွေးများ ထွက်နေသည့်တိုင် မြှားပေါင်း တစ်သောင်းတိုင်သည် အထိ သူမ၏ လိပ်ခွံက ခံနိုင်ရည် ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း နောက်ထပ် အနည်းငယ် ကြာမြင့်ပြီး နောက်တွင်တော့
ခရက်... ခရက်... ဘုန်း...
လိပ်ခွံမှာ ပေါက်ကွဲသွားကာ အဆုံးမဲ့ မြှားများမှာ သူမ၏ ခန္ဓာကိုယ်ကို ဆက်တိုက် ဆိုသလို ဖောက်ဝင် သွားခဲ့လေ၏။ သူမ အတွက် အော်ဟစ်ရန်ပင် အချိန် မရှိလောက်ချေ။ ငရဲအလား မြှားမုန်တိုင်း ကြားမှပင် အာဏာရှင် အမှတ်အသားထံမှ အလင်းတန်းများမှာ သူမ၏ အလောင်းကို ဖုံးလွှမ်းသွားကာ ပျောက်ကွယ်သွားခဲ့လေ၏။
တစ်ချိန်တည်း၌ ပေ့ယွင်ဟန်မှာ ခန္ဓာကိုယ်ပေါ် ကျဆင်းလာသည့် အဆုံးမဲ့ တိုက်ခိုက်မှုများကို ခံယူလိုက်ရလေသည်။ သူ၏ မျက်လုံးများ အတွင်းရှိ သွေးကြောတိုင်းမှာ ပေါက်ထွက်ကုန်ကာ အသားအရေမှာ တဖြည်းဖြည်း အရောင်အဆင်း မဲ့လာခဲ့၏။ ထို့နောက် သူ၏ အသက်စွမ်းအင်မှာ မှေးမှိန်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။ အာဏာရှင် အမှတ်အသားထံမှ စွမ်းအင်များက နောက်တစ်ဖန် အသက်ဝင်လာကာ သူ့ ခန္ဓာကိုယ်မှာလည်း ဖယ်ရှားခံလိုက်ရလေသည်။
ထိုအခိုက်၌ လီယွင်ကူးမှာ တတိယမြောက် လက်ဟန်ကို ဖော်ထုတ် နေခဲ့၏။ အဖြစ်အပျက်များကို စာဖြင့် ဖော်ပြရသည်မှာ ကြာမြင့်သော်လည်း တိုက်ပွဲ အစမှ အဆုံးထိ နှစ်မိနစ်ခွဲမျှသာ ကြာမြင့်ပေသေးသည်။ မည်သို့ပင် ဆိုစေ... နှစ်မိနစ်ခွဲ ဆိုသည့် အချိန်မှာ သူတို့လို အဆင့် ကျင့်ကြံသူများ အတွက် ရက်ပေါင်းများစွာနှင့် ညီမျှ ပေသည်။ ကျူးကျွင်းနှင့် ပေ့ယွင်ဟန်တို့ နှစ်ဦးမှာ စိတ်ကူးမယဉ်နိုင်လောက်သည့် အချိန်ကာလတစ်ခုအထိ ရန်သူ အားလုံးကို ရဲစွမ်းသတ္တိရှိစွာ ရင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင်... သူတို့ တိုက်ခိုက်နေရသူများက သာမန်လူများ မဟုတ်ကြချေ။ ဝေ့ဝူယင်ထံမှ ပြုစုပျိုးထောင်မှုများကို ရရှိထားသည့် အာဏာရှင် အဖွဲ့သားများ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့ နှစ်ဦးစလုံး လဲကျသွားသော်လည်း သူတို့၏ ကြိုးပမ်း အားထုတ်မှုများကတော့ ချီးကျူးထိုက်ပေသည်။ ပွဲကြည့် ပရိသတ် လုပ်နေကြသည့် အာဏာရှင် အဖွဲ့သားများ ပင်လျှင် ထိုနှစ်ဦး၏ ခွန်အားကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ကြသည်။ အလွှာအပြင်က ကျင့်ကြံသူများမှာလည်း သေမျိုးနှစ်ဦးတည်းက ထိုမျှ ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပုံကို ကြည့်ရင်း အံ့ဩဘနန်း ဖြစ်ခဲ့ကြရသည်။
"သူ့ကိုတား..."
အာဏာရှင် အဖွဲ့သား တစ်ဦးက အရေးပေါ် အော်ဟစ်လိုက်၏။ သူက ပထမ တပ်ရင်းမှပင် ဖြစ်ကာ လီယွင်ကူးနှင့် အချိန် အကြာကြီး တိုက်ပွဲဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။
ဘုန်း... ဘုန်း...
ကြယ်တာရာ စွမ်းအင်များမှာ လွင့်ပျံ လာသော်လည်း လီယွင်ကူး၏ အကာအကွယ် ဝင်္ကပါက အသာအယာပင် ဖြိုခွင်းလိုက်သည်။ ၎င်းက အနည်းငယ် တုန်လှုပ်သွားရုံသာ ရှိပေသည်။ ထိုအာဏာရှင်မှာ အချိန်သခင် တစ်ယောက်သာ ဖြစ်လေရာ လီယွင်ကူး၏ လက်ဟန် ချိပ်စည်း နှစ်ခုကို ဖြန်ကျော်နိုင်စွမ်း မရှိပါချေ။
“သူ့ကို ဘာလို့ ရပ်ခိုင်းတာလဲ...”
ကောင်းကင်မျိုးနွယ်ဝင် သေမျိုး တစ်ပိုင်း အရှင် အဆင့် မိန်းကလေး တစ်ယောက်မှာ ကောင်းစွာ နားမလည်သော်လည်း လုပ်သင့်လုပ်ထိုက်သည်ဟု ခံစားလိုက်၏။ ထို့ကြောင့်ပင် သူမက လျှို့ဝှက် စွမ်းအင်များကို စုစည်းကာ သတ္တုဓား အလင်း တစ်ချက်ကို ပစ်လွှတ်လိုက်သည်။ သို့သော်လည်း ထိုဓားအလင်းမှာ အချိန်သခင် နည်းတူပင် ဝင်္ကပါကို ဖြတ်ကျော်နိုင်ခြင်း မရှိပါချေ။
"အသုံးမဝင်ဘူး..."
အာဏာရှင်က နောက်ထပ် နောက်ထပ် တိုက်ခိုက်မှုများကို အဆက်မပြတ် ဆက်လက် ဖော်ဆောင်ရင်း အော်ဟစ်လိုက်၏။ သူ၏ အမူအရာက အသည်းအသန် ဖြစ်နေလေရာ ထိတ်လန့်စရာပင် ကောင်းလှသည်။ အကယ်၍ လီယွင်ကူးသာ အောင်မြင်ပါက သူ့ကို ချက်ချင်း သတ်ပစ်လိမ့်မည် ဖြစ်သည်။
ဘုန်း... ဘုန်း...
ချက်ချင်းပင် ကြယ်တာရာ သခင် အဆင့် အာဏာရှင် ထောင်ချီမှာ စတင် လှုပ်ရှား လာခဲ့ကြ၏။ ကောင်းကင်၌ အရောင်အသွေး စုံလင်သည့် နေကြယ်များစွာမှာ တစ်စင်းပြီ တစ်စင်း ပေါ်ထွန်း လာခဲ့ကြသည်။ လေထုမှာ တောက်ပ ညှို့မှိုင်းသည့် အရောင်အသွေး အမျိုးမျိုးဖြင့် ပြည့်နှက် သွားခဲ့လေ၏။
လီယွင်ကူးမှာ တတိယမြောက် လက်ဟန် ချိပ်စည်းကို ဆက်လက် ဖန်တီးနေခဲ့၏။ သူမ၏ အမူအရာက မလဲပြိုနိုင်သည့် သံမဏိ နံရံကြီး တစ်ခုလိုပင်။
ဘုန်း... ဘုန်း...
အမျိုးမျိုးသော ဝိညာဉ် ကျင့်စဉ် တိုက်ခိုက်မှုများမှာ သူမ၏ အကာအကွယ် ဝင်္ကပါနှင့် ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်နေကာ နားစည်ကွဲမတတ် ပေါက်ကွဲသံများ ဖြစ်ပေါ်လာနေခဲ့လေသည်။ ဤအခြေအနေ၌ မည်သူမှ လီယွင်ကူးအား ရပ်တန့်လိုရသည့် အကြောင်းရင်းကို မမေးကြတော့ချေ။ အားလုံး၏ အတွေးထဲ၌ မေးခွန်း တစ်ခုတည်းသာ ရှိတော့၏။ ၎င်းက “လီယွင်ကူးကို ရပ်တန့် နိုင်ပါမည်လား” ဟူ၍ပင်။
***