ဗာကီရီ အဖွဲ့ဝင်များ
Vol. 118 Ch. 1650
“ကိုယ့်ရဲ့ အပြင်းထန်ဆုံး စွမ်းအားတွေကို သုံးပြီး တိုက်ခိုက်ကြ... သူက လောကရဲ့ စွမ်းအားတွေကို ဆွဲယူပြီး တိုက်ခိုက်နေတာ... ငါတို့ လောကရဲ့ စွမ်းအားတွေကို ဖြတ်ကျော်နိုင်မှ ဖြစ်မယ်...”
စောစောပိုင်းက အော်ဟစ်ခဲ့သည့် အာဏာရှင်က ပိုမို ကြီးမားသည့် စွမ်းအားများကို ဖော်ထုတ်လိုက်၏။ သူ၏ မျက်နှာက အလွန်ပင် ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။ အခြေအနေအရ... ရွေးချယ်ခံ ဧကရာဇ် ရာထူးအား ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးကို လွဲချော်ရမည် ဆိုလျှင်ပင် အသက် ဆက်လက် ရှင်သန်ကာ အခြား အခွင့်အရေးများ အတွက် တိုက်ခိုက် လိုသေးသည်။ သို့သော်လည်း လီယွင်ကူးမှာ အငြိုးကြီးသူ အဖြစ် ထင်ရှားသည်။ သူမသာ အောင်မြင်သွားပါက မည်ကဲ့သို့သော အရာများ ဖြစ်ပေါ်လာမည်ကို သူ ကြောက်ရွံ့သည်။
စောင့်ကြည့်နေသည့် မြေကြီးရှန့်ထို တစ်ဦးမှာ လီယွင်ကူး၏ စွမ်းအားများ မြင့်တက်လာသည်ကို ခံစားနေခဲ့မိ၏။ သို့သော်လည်း အခြေအနေကို အပြည့်အဝ နားမလည်လေရာ သူက ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ချေ။ ထိုအယ်ဗန် မျိုးနွယ်မှာ ဝင်္ကပါ တစ်ခုခုအား ခင်းကျင်းနေခြင်းဟုသာ သူ အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပေသည်။
သို့သော်လည်း လောက၏ စွမ်းအားများအား အသုံးချနေသည် ဟူသော အချက်ပေးသံကို ကြားလိုက်ရသော အခိုက်တွင်တော့ သူ၏ မျက်လုံးများက ဝင်္ကပါ အလံများကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြူးကျယ်သွားခဲ့တော့သည်။
“အစီအရင်...”
သူ ထိတ်လန့် တုန်လှုပ်စွာ ရေရွတ်လိုက်မိ၏။ သို့သော်လည်း အစီအရင် တစ်ခု တည်ထောင်ရန်မှာ အချိန် အလွန် ကြာသည်။ ၎င်းမှာ မိနစ် အနည်းငယ် အတွင်း လုပ်ဆောင်နိုင်သည့် အရာ မဟုတ်ချေ။ ဝင်္ကပါများမှာ အရာဝတ္ထုများထံမှ စွမ်းအားများကို ဆွဲယူသည်။ သို့သော်လည်း... အစီအရင်ကတော့ လောကထံမှ စွမ်းအားကို ဆွဲယူသည်။
“မဟုတ်မှ လွဲရော အဲဒီ နေရာမှာ လောက အသက်သွေးကြောတွေ ရှိနေတာလား...”
သူ ချက်ချင်းပင် မျက်လုံး အစီအရင် အချို့ကို ထုတ်ဖော်ကြည့်လိုက်၏။ သို့သော်လည်း မည်သည့် နေရာ၌ ဖြစ်သည်ကိုပင် ဆုံးဖြတ်နိုင်စွမ်း မရှိပါချေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းကို ရှာဖွေရန် နည်းလမ်း မရှိချေ။ သူပင်လျှင် မမြင်နိုင်သည့် အရာကို လီယွင်ကူးက မြင်နိုင်သည်လော။ သေမျိုးများက မြင်နိုင်ခဲ့သည်လား။
ရုတ်တရက်... အလွှာအပြင်က ကျင့်ကြံသူ များစွာကို သတ်ဖြတ်ခဲ့သည့် ရှို့ရန်အား သူ ပြန်လည် သတိရသွားခဲ့၏။ ကြည့်ရသည်က လီယွင်ကူးမှာ ထိုနေရာတွင် လောကသွေးကြောများကို တွေ့ရှိခဲ့သည့် တစ်ဦးတည်းသောသူ မဟုတ်ပဲ... အခြားလူများထက် အလျင်ဦးစွာ အစီအရင် ချမှတ်နိုင်ခဲ့သည့် သူသာ ဖြစ်ပုံ ရသည်။ မြေကြီး ရှန့်ထိုမှာ ဝင်ရောက် စွက်ဖက်ဖို့ ဆုံးဖြတ်လိုက်လေ၏။
ဘုန်း...
ထိုအခိုက်တွင်ပင် လီယွင်ကူးမှာ တတိယမြောက် လက်ဟန် ချိပ်စည်းကို ပြီးမြောက် သွားလေ၏။ ပြင်းထန်သည့် လေပြင်း တစ်ခု ထွက်ပေါ်လာကာ တိုက်ခိုက်မှု အားလုံး တွန်းလှန်လိုက်သည်။ ရာနှင့်ချီသည့် လျှို့ဝှက် သင်္ကေတများမှာ သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ တောက်ပသည့် အလင်းရောင်များကို ထုတ်လွှတ်လာကြသည်။ အစီအရင်ကို လောကနှင့် ဆက်သွယ်ပေးသည့် အရာ တစ်ခု အဖြစ် အသုံးပြုကာ သူမ ကိုယ်တိုင်မှာ အမြုတေ ဖြစ်လာ၏။ သူမက နယ်မြေမျိုးစေ့ကို သုံးကာ ကမ္ဘာလောက တစ်ခုလုံးကို သူမ ထိန်းချုပ်ရာ နယ်ပယ် အတွင်း ထည့်သွင်းလိုက်သည်။
ကနဦး အဆင့် ပြီးမြောက်သွားခဲ့ပြီ ဖြစ်လေရာ လီယွင်ကူး၏ စွမ်းအားများမှာ အဓိပ္ပာယ်မဲ့သည့် အဆင့်တစ်ခု အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မိန်းကလေးက သူမ၏ မျက်လုံးများကို ဖွင့်လိုက်၏။ လေမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာကာ သူမက အချိန်သခင် အဆင့် အာဏာရှင်ကို လှမ်း၍ ကြည့်လိုက်သည်။ အချိန်သခင်မှာ စိုးရိမ်ထိတ်လန့်စွာဖြင့် နောက်သို့ အဆက်မပြတ် ဆုတ်ခွာ သွားခဲ့သည်။ တစ်ချိန်တည်း၌ သူက ပတ်ဝန်းကျင် ပေါင်းစည်းရေး နည်းလမ်း တစ်ခုကိုပါ အသုံးပြုကာ အာရုံခံနိုင်စွမ်းမှ ရှောင်ရှားဖို့ ကြိုးပမ်းလိုက်သည်။ သို့သော်လည်း သူမ၏ နယ်မြေအတွင်း ရောက်ရှိနေပြီ ဖြစ်လေရာ ပုန်းအောင်းရန် နေရာ မရှိတော့ချေ။
ဘုန်း...
လီယွင်ကူးက ထွက်ပြေးသွားသည့် ပုံရိပ်ကို လက်ညိုးထိုးလိုက်ရာ လောကနယ်မြေ တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့၏။ လောကဖိအားများက နေရာပေါင်းစုံမှ ထွက်ပေါ်လာကာ အချိန်သခင်ကို ချက်ချင်း ဝန်းရံမိသွားသည်။ ထို့နောက်... လီယွင်ကူးက လက်ညိုးကို အောက်သို့ ကွေးညွှတ်လိုက်၏။ သို့သော်လည်း အံ့အားသင့်စရာ ကောင်းစွာပင် ဘက်ပေါင်းစုံမှ ပိတ်မိနေသည့် အခြေအနေတွင်ပင် အချိန်သခင်က လက်ဟန် ချိပ်စည်း အနည်းငယ်ကို ဖော်ဆောင်လိုက်၏။ ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်မှာ ယန်မီးတောက်များနှင့် တွေ့ဆုံသည့် ယင်အမြုတေ ကဲ့သို့ ပြန့်ကျဲ သွားခဲ့တော့သည်။ နောက်ဆုံးအချိန်တွင် သူ၏ မျက်ခုံးကြား၌ ဆေးတောင့် တစ်တောင့်၏ မှိန်ဖျော့သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့ရ၏။
လီယွင်ကူး၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ချွန်ထက်သည့် နားရွက်များပင် တုန်ရီသွားခဲ့သည်။ အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ အာဏာရှင်များမှာ ဘယ်တော့မှ သာမန်လူများ မဟုတ်ကြချေ။ သူတို့မှာ ပင်ကိုယ်အားဖြင့် အလွန် အစွမ်းထက်ကြသည့် အပြင် ဆေးတောင့်များ၊ အဆောင်များနှင့် လက်နက် အမျိုးမျိုးတို့ကိုလည်း အသုံးပြုနိုင်ကြပေသည်။ အသံအကျယ်ဆုံး ဖြစ်ခဲ့သူကို ချက်ချင်း မကိုင်တွယ်နိုင်ခဲ့သည့် အတွက် လီယွင်ကူး တစ်ယောက် ပြင်းထန်သည့် ဒေါသများကို ခံစားလိုက်ရ၏။
ဟူး... ဟူး...
ထိုအခိုက်တွင်ပင် မြေကြီးရှန့်ထို တစ်ယေက်၏ လျှို့ဝှက် စွမ်းအင် တိုက်ခိုက်မှု တစ်ခု ကျဆင်းလာသောကြောင့် လီယွင်ကူးမှာ အာရုံ စူးစိုက်မှုကို ပြောင်းလဲ လိုက်ရ၏။ သူမက လက်ဖဝါးကို တိုက်ခိုက်မှုထံသို့ ဦးတည်ကာ ဆန့်ထုတ်လိုက်၏။ ချက်ချင်းပင် လောကဖိအားများနှင့် ဖွဲ့စည်းထားသည့် အကာအရံ တစ်ခု ဖြစ်ပေါ်လာကာ တိုက်ခိုက်မှုကို အလုံးစုံ တားဆီး ပယ်ဖျက်လိုက်သည်။ လောက၏ အင်အားများမှာ မိန်းကလေး၏ စွမ်းအင်ရင်းမြစ် အဖြစ် ဆောင်ရွက်နေခဲ့ပြီ ဖြစ်လေရာ မြေကြီး ရှန့်ထိုများပင် သူမနှင့် ရင်ဆိုင်ဖို့ မလုံလောက်တော့ချေ။
မြေကြီးရှန့်ထိုမှာ သူ၏ တိုက်ခိုက်မှု တားဆီးခံလိုက်ရသည်ကို ကြည့်ကာ မယုံကြည်နိုင် ဖြစ်သွားခဲ့၏။ ထူးခြားသည့် သေမျိုးများက အဘယ်ကြောင့် ထိုအယ်ဗန်မျိုးနွယ် မိန်းကလေးအား အသည်းအသန် တိုက်ခိုက်နေရသည်ကို နောက်ဆုံး၌ သူ နားလည် သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း လီယွင်ကူးမှာ ထိုမျှနှင့် ကျေနပ်နေခြင်း မရှိပါချေ။ အခိုင်မာဆုံးသော အကာအကွယ် အလွှာများကို ချမျတ်ကာ စတုတ္ထမြောက် လက်ဟန်ချိပ်စည်းကို စတင်ကာ ဖွဲ့စည်းလိုက်လေ၏။ သူမမှာ စတုတ္ထမြောက် အစီအရင် အလံကို အသက်သွင်းကာ လောကအမြုတေထံ ဦးတည်သွားနေသည့် စွမ်းအင် သွေးကြောများထဲမှ နောက်ထပ် တစ်ခုနှင့် ချိတ်ဆက်ဖို့ ကြိုးစားနေခဲ့သည်။ အပြောကျယ်လှသည့် လောကနယ်မြေ တစ်လျှောက် စွမ်းအင်သွေးကြောပေါင်း သန်းနှင့်ချီ၍ ပြန့်ကျဲနေသော်လည်း ၎င်းတို့ အားလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန် မဖြစ်နိုင်လေရာ အထူထဲဆုံးနှင့် အနီးဆုံး ဆယ့်သုံးခုနှင့်သာ ချိတ်ဆက်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။
ယခု၌ သုံးခုတည်းဖြင့်ပင် သူမမှာ မရှုံးနိမ့်နိုင်လုနီးပါး အနေအထား တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ထိုဆယ့်သုံးခုလုံးနှင့်သာ အပြည့်အဝ ချိတ်ဆက်နိုင်ပါက ထာဝရ သရဖူမှာ သူမထံသို့ ကျိန်းသေ ရောက်ရှိလာပေလိမ့်မည်။ လက်ရှိ၌ အရေးအကြီးဆုံးက စတုတ္ထမြောက် တစ်ခုနှင့် ချိတ်ဆက်နိုင်ဖို့ ဖြစ်သည်။ ထိုတစ်ခုနှင် ဆိုပါက အလွန် ခိုင်ခံသည့် အကာအရံ တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ပြီး ထိပ်သီးအဆင့် မြေကြီးရှန့်ထိုများပင် ဖောက်ထွင်း ဝင်ရောက်နိုင်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ သူမ၏ အစီအရင်အလံများမှာ သာမန် အလံများ မဟုတ်သလို အစီအရင် လမ်းစဉ်၌ သူမ၏ အရည်အချင်းမှာလည်း သာမန် မဟုတ်ပါချေ။
ဘုန်း... ဘုန်း... ဘုန်း...
အခြေအနေကို နားလည်သည်နှင့် တစ်ပြိုင်နက် မြေကြီးရှန့်ထို အပါအဝင် များလှစွာသော ကျင့်ကြံသူများမှာ နေရာတိုင်းမှ နေ၍ လီယွင်ကူးကို တိုက်ခိုက်ဖို့ ကြိုးစားကြတော့၏။ အဆက်မပြတ် ပေါက်ကွဲမှုများ၏ အောက်တွင် ကမ္ဘာလောကကြီး တစ်ခုလုံး ကမောက်ကမ ဖြစ်နေခဲ့သော်လည်း လီယွင်ကူး၏ အကာအကွယ် အလွှာများကတော့ ခိုင်မြဲစွာ တည်တံ့နေဆဲ ဖြစ်သည်။ အားလုံး၏ နှလုံးသားများထဲတွင် စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်လာခဲ့လေ၏။
“မင်းက ထူးခြားတယ်...”
ရုတ်တရက်... ထည်ဝါ မြင့်မြတ်သည့် မိန်းကလေး အသံ တစ်ခုမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာခဲ့၏။ ကြယ်အလင်းမှာ ကောင်းကင်ဘုံကို ကျော်လွန်၍ အပေါ်ဘက်ရှိ လောကချည်နှောင် နေကြယ်များထံမှ နေရောင်ခြည်ကိုပင် တွန်းဖယ်ပစ်လိုက်သည်။
"သွား..."
အပြောကျယ်လှသည့် ကြယ်တာရာ ကောင်းကင်ကို အစိုးရသော နတ်ဘုရားမ တစ်ပါး ကဲ့သို့ ပုံရိပ်ကြီး တစ်ခု ပေါ်ထွက်လာခဲ့ကာ အဆုံးမဲ့ တောက်ပလှသည့် အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်၏။ ထိုအလင်းမှာ အရောင်အသွေး စုံလင်လှသည့် ကြယ်တာရာများကို သယ်ဆောင်ထားကာ ချွန်ထက်သည့် ဓားတစ်စင်း ကဲ့သို့ ကောင်းကင်ကို ထိုးဖောက်၍ လောကဖိအားများကိုပါ ခွဲခြမ်းပဟ်လိုက်၏။ ထိုအလင်းက မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် လီယွင်ကူး၏ အကာအရံရှေ့ တည့်တည့်သို့ ရောက်ရှိလာသည်။
လီယွင်ကူး၏ မျက်လုံးများက ပြူးကျယ်သွားကာ စိတ်ပျက်သည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ သူမက အကြီးမားဆုံးသော ခွန်အားကို အသုံးပြုကာ အဆိုပါ ကြယ်တာရာ အလင်းတန်းကို ခုခံဖို့ ကြိုးပမ်းလိုက်သည်။ ပြင်းထန်သည့် ပေါက်ကွဲသံများနှင့် အတူ နေကြယ် တစ်စင်း ပေါက်ကွဲ သကဲ့သို့ မီးလျှံများမှာ မိုင်ထောင်ပေါင်းများစွာ အထိ လွှမ်းမိုး သွားခဲ့၏။
ခြေဖနှောင့်ထိရောက်သည့် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားမ တစ်ပါး အလား လှပသည့် ကောင်းကင်ရှိ မိန်းကလေး ပုံရိပ်မှာ ကောင်းကင်နှင့် မြေကြီး အရာအားလုံးကို အစိုးရသည့် အလား လက်ဖဝါးကို ဖိချလိုက်၏။
"ထိုးဖောက်..."
စကားလုံး တစ်လုံးတည်းသာ ဖြစ်သော်လည်း ၎င်းမှာ ကောင်းကင်ကို အုပ်ချုပ်သည့် ဧကရီ တစ်ပါးထံမှ အမိန့်ကဲ့သို့ ဖြစ်သည်။ အကာအရံမှာ ၎င်း၏ စွမ်းအားကို ခုခံနိုင်စွမ်း မရှိပဲ ပြင်းထန်စွာ ဖိနှိပ်ခံလိုက်ရ၏။ ထို့နောက်တွင်တော့...
ဘုန်း...
ကြယ်တာရာ အလင်းတန်းမှာ အကာအကွယ်ကို ဖောက်ထွင်း ဝင်ရောက်သွားကာ လီယွင်းကူး၏ ခန္ဓာကိုယ်ကိုပါ ဖြတ်သန်း သွားလေသည်။ မိန်းကလေး၏ ခြေထောက်များမှာ ခွေယိုင်ကာ လဲကျသွားခဲ့၏။ သူမ၏ မျက်လုံးများက စိတ်ပျက်အားလျော့ခြင်း များနှင့် ကောင်းကင်ကို ငေးကြည့် နေခဲ့သည်။ ထို့နောက်တွင်တော့ သူမ၏ မျက်လုံးများ အတွင်းရှိ အလင်းရောင်မှာ ကွယ်ပျောက်သွားကာ ငွေရောင်ဘောင်ပါ မျက်မှန်မှာလည်း အစိတ်စိတ် အမွှာမွှာ ကွဲအက်သွားခဲ့လေ၏။
သူမ သေဆုံးသွားပြီဖြစ်သည်။
လောကဖိအားမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။ ကြယ်တာရာ အလင်းတန်းမှာ တဖြည်းဖြည်း မှေးမှိန်သွားကာ မူလ ပုံသဏ္ဌာန် ဖြစ်သည့် လှံတစ်စင်း၏ အသွင်ကို ပြန်လည် ရောက်ရှိလာခဲ့သည်။ မိန်းကလေး၏ လက်ကို ဝှေ့ယမ်းကာ လှံကို ပြန်လည်၍ ဆင့်ခေါ်လိုက်၏။
ချိပ်ပိတ်နယ်မြေ အတွင်းရှိ ကျင့်ကြံသူများကတော့ သူမ မည်သူ ဖြစ်ကြောင်း ချက်ချင်းပင် မှတ်မိလိုက်ကြ၏။
အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်...
ဝူပိုင်ကျိုး...
လူတိုင်း သူတို့၏ အတွေးများကို ထုတ်ဖော် မပြောရသေးခင်မှာပင် ဝူပိုင်ကျိုးက အားလုံးကို လှည့်ပတ် ကြည့်လိုက်၏။
“လောက အစီအရင် တစ်ခု ဖန်တီးဖို့ ကြိုးစားတဲ့လူတိုင်း သေရမယ်...”
သူမ၏ လေသံက ပြတ်သားကာ မေးခွန်းထုတ်စရာ မရှိချေ။ ထို့နောက်တွင်တော့ သူမမှာ အေးဆေးစွာပင် လှည့်ထွက်သွားကာ ကြယ်တာရာ အလင်းတန်း တစ်ခု အဖြစ် အဝေးတွင် ပျောက်ကွယ်သွားခဲ့တော့၏။
***