ဗာကီရီ အဖွဲ့ဝင်များ (၃)
Vol. 118 Ch. 1652
ကောင်းကင်မှာ မီးခိုးရောင် အလင်းတန်းများနှင့် ဝေ့ဝဲ နေခဲ့၏။ ထုတ်ယူခြင်း ကဏ္ဍ၏ ထူးခြားသော အလင်းရောင်များမှာ စက္ကန့်များ ကုန်လွန်လာသည်နှင့် အမျှ ပိုမို၍ တောက်ပလာနေခဲ့သည်။ ဝေ့ဝူယင်က သရဖူ ဖြစ်ပေါ်မလာခင် အချိန်ကို ရိုးရိုးရှင်းရှင်း စောင့်ဆိုင်းနေဖို့ သတ်မှတ် မထားတာ သေချာသည်။ ဤသည်မှာလည်း ယှဉ်ပြိုင်ခြင်း အဆင့်တစ်ခု ဖြစ်ပေသည်။
လီယွင်ကူးမှာ ကြိုတင် ပြင်ဆင်ခြင်းဖြင့် သေချာသည့် ရလဒ် တစ်ခုတစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့သည်။ အဆိုပါ ကြိုးပမ်းမှုမှာ ရဲစွမ်းသတ္တိရှိကာ သေချာပေါက် ကောင်းမွန်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ကံမကောင်းစွာပင် သူမမှာ ပထမဆုံး ကြိုးစားခဲ့သူ ဖြစ်ကာ ပထမဆုံး လဲကျခဲ့သူလည်း ဖြစ်ခဲ့သည်။
“အဆင်သင့်ပြင်ထားကြ...”
ဝူပိုင်ကျိုးက လှံကို တစ်ချက် ဝှေ့ယမ်းရင်း လက်ပြန်ကိုင်ကာ ကျောကို ကပ်ထားလိုက်၏။ သူမ၏ မျက်လုံးများက ကြယ်တာရာ အလင်းတန်းများနှင့် တောက်ပနေကာ အင်ပါယာ ကောင်းကင် အော်ရာမှာ ခန္ဓာကိုယ်ကို စက်ဝန်းတစ်ခုသဖွယ် ဝန်းရံနေလေ၏။
"ငါကတော့ နင့်ကို တစ်ယောက်တည်း တိုက်ခိုက်ခိုင်းဖို့ စိတ်အားထက်သန်နေတယ်....”
နာ့ရှင်ရီက မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်ရင်း စနောက်လိုက်သည်။ သို့သော်လည်း... သူမက လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ ယင်ဓားတစ်ချောင်း ထွက်ပေါ်လာခဲ့၏။ ထိုဓားဆီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်မှု ရည်ရွယ်ချက်များက စိတ်ဝိညာဉ်ကိုပင် အေးခဲ စေနိုင်သည်။
“နင်က ဘေးထွက်နေပြီး ကိုယ့်ခွန်အား ပြဿနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခံမယ့်သူလား...”
ဝူပိုင်ကျိုးက ပြုံးလိုက်၏။
"နင်က ငါ့အကြောင်းကို သိပ်သိတယ်ပေါ့... ဟုတ်လား..."
နာ့ရှင်းရီ ရယ်မောလိုက်၏။ ထို့နောက် သူမက မဟာမိတ် အဖွဲ့များ အဖြစ် ပေါင်းစည်းနေသည့် အာဏာရှင်များထံသို့ စတင် လျှောက်လှမ်းဖို့ ပြင်လိုက်သည်။ ရုတ်တရက်... သူမက ခြေလှမ်းများကို ရပ်လိုက်၏။
"နင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား..."
ဝူပိုင်ကျိုးက မဖြေပေ။ သူမက ရှေ့သို့ စတင်ကာ လျှောက်လှမ်းလိုက်၏။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းချုပ်၏ ခြေလှမ်းများက ခိုင်မာကာ ခြေတစ်လှမ်း လှမ်းတိုင်း ကြောက်မက်ဖွယ် စွမ်းအင်များမှာ စုဝေး လာနေခဲ့သည်။ တစ်ချိန်တည်း၌ အင်ပါယာ ကောင်းကင် အော်ရာမှာလည်း ပိုမို ထူထဲလာခဲ့၏။
ပထမမြောက် အသွင်ပြောင်းလဲခြင်း...
သူတို့ ယခု ရင်ဆိုင်ရမည့် ရန်သူများမှာ သာမန် ကျင့်ကြံသူများ မဟုတ်ပဲ အာဏာရှင်များ ဖြစ်ကြသည်။ သူတို့ထံတွင် တုန့်ဆိုင်းနေရန် အချိန် မရှိပါချေ။
ရွှယ်ရီဖေးမှာ မိန်းကလေး နှစ်ဦး၏ ရင်းနှီးဖော်ရွေသည့် ဆက်ဆံရေး အပေါ် အာရုံ မစိုက်ပါချေ။ သူ၏ မျက်လုံးများက အာဏာရှင်များ အပေါ်တွင်သာ ကျရောက်နေခဲ့၏။ သူတို့မှာ အလွန်ပင် ပြတ်သားကာ ဆုံးဖြတ်ချက်များကို လျှင်မြန်စွာ ချမှတ် ခဲ့ကြသည်။ အာဏာရှင် သုံးရာကျော်မှာ သူတို့ကို ပစ်မှတ်ထားနေကြောင်း ခံစားနေမိခဲ့သည်။
“အလွှာအပြင်က လူတွေကို ငါ ကိုင်တွယ်လိုက်မယ်...”
သူမက အေးဆေးစွာ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အားနူးမှာ ညင်သာစွာ ဟိန်းဟောက်လာ၏။ ထိုနဂါးလေး၏ မျက်လုံးများက ပြင်းထန်သည့် သတ်ဖြတ်မှု ရည်ရွယ်ချက်များနှင့် တောက်လောင်နေခဲ့သည်။
အမှန်အတိုင်း ဝန်ခံရပါက ရွှယ်ရီဖေး အာဏာရှင်များနှင့် ရင်မဆိုင်လိုချေ။ သူက သူတို့၏ “အရှင်မ” ဖြစ်သည်။ မည်မျှပင် ပြတ်သားသည်ဟု ဆိုစေကာမူ... သူတို့ထံတွင် သူမကို သေလောက်သည် အထိ တိုက်ခိုက်ဖို့ စိတ်ပိုင်းဆိုင်ရာ တွန့်ဆုတ်မှုများ ရှိနေမှာ သေချာသည်။ အထူးသဖြင့်... ဝေ့ဝူယင် အပေါ် ရိုသေလေးစားမှုနှင့် သစ္စာ စောင့်သိမှုတို့က သူတို့၏ နှလုံးသား အတွင်း ကဗျည်းထိုးထားသလို တည်မြဲနေသောကြောင့်ပင်။ ကွန်မန်ဒါများနှင့် မူလ အာဏာရှင်များမှလွဲ၍ မည်သူမျှ ထိုစိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်လွှားနိုင်မည်ဟု သူမ မထင်ချေ။
“သဘောပဲ...”
နာ့ရှင်းရီက သိပ်ဂရုမစိုက်သည့် ပုံစံဖြင့် ဆိုလိုက်ရင်း အင်ပါယာ ကောင်းကင် အော်ရာထက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိသည့် ယင်အော်ရာကို ထုတ်လွှတ်လိုက်လေသည်။ အော်ရာ နှစ်ခု၏ ထိပ်တိုက် တွေ့ဆုံမှု အောက်တွင် မြေပြင်မှာ အက်ကွဲကာ မြေစိုင်မြေခဲများမျာ လွင့်ပျံ သွားခဲ့လေ၏။
ဘုန်း...
မိန်းကလေး နှစ်ဦးစလုံးမှာ ရန်သူကို စောင့်ဆိုင်းနေမည့် လူများ မဟုတ်ကြပါချေ။ သူတို့က အံ့မခန်း အမြန်နှုန်းများနှင့် ပျံသန်း သွားကြကာ မိုင်အနည်းငယ်ခန့်ကို ရောက်ရှိပြီးနောက် ဆန့်ကျင်ဘက် အရပ် မျက်နှာကို ခွဲထွက် သွားကြ၏။
ရွှယ်ရီဖေးက အားနူကို ပွတ်သပ်လိုက်ရင်း ဗလာဟင်းလင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“အလွှာအပြင်က မြေကြီးရှန့်ထိုတွေ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာ သွားကြည့်ကြမလား...”
“ဂါး...”
အားနူက ချစ်စဖွယ် ဟိန်းဟောက်သံကို ထုတ်လွှတ်ရင်း ခေါင်းညိတ်လိုက်၏။ ရွှယ်ရီဖေးက ပြုံးလိုက်ရင်း အားနူကို ကောင်းကင်သို့ ဦးတည် ပစ်ပေါက်လိုက်သည်။
ဝရား...
တဒင်္ဂ အတွင်းမှာပင် နဂါးပေါက်စလေးမှာ ၎င်း၏ အကြီးမားဆုံးသော အသွင်အဖြစ် ပြောင်းလဲ သွားခဲ့၏။ ထို့နောက်တွင်တော့ ဧရိယာ တစ်ခုကို ဦးတည်လိုက်လေသည်။
ဟူး... ဟူး...
ချက်ချင်း ဆိုသလိုပင် ထိုဧရိယာရှိ ပုံသေ အာကာသမှာ လှိုင်းတွန့်များနှင့် ပြည့်နှက် သွားကာ ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။ လျှို့ဝှက် သင်္ကေတ ထောင်ပေါင်းများစွာမှာ ထိုပုံရိပ်၏ ပတ်လည်တွင် ပြင်းထန်စွာ လှည့်ပတ်နေကာ လမ်းစဉ် ကိုးခု မြေကြီး ရှန့်ထို တစ်ယောက်၏ အော်ရာကို ထုတ်လွှတ် နေခဲ့လေ၏။
သူက ကြယ်တာရာ မျက်လုံးများနှင့် အယ်ဗန် မျိုးနွယ်ကဲ့သို့ နားရွက်ချွန်များကို ပိုင်ဆိုင်ထား၏။ ခန္ဓာကိုယ်က ပိန်ပိန်သွယ်သွယ်ဖြစ်ကာ ခါးအောက်နားတွင် အမွေးပွ အမြီးတစ်ခု ရှိနေခဲ့သည်။
ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံ တစ်ဦးပင်။
ဝရား...
အားနူးမှာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အာကာသကို ထိုးဖောက်၍ ထိုနေရာသို့ ရောက်ရှိသွားကာ ခွန်အား အပြည့်ဖြင့် ဧရိယာ တစ်ခုလုံးကို ကိုက်ချေလိုက်၏။ သို့သော်လည်း... သူမ၏ ပစ်မှတ်မှာ ထိုမျှ လွယ်ကူစွာ မရှုံးနိမ့်ခဲ့ပါချေ။ လျှို့ဝှက် သင်္ကေတ ထောင်ပေါင်းများစွာမှာ ၎င်း၏ ပတ်လည်၌ အလွန် ထူထပ် များပြားစွာ ဝန်းရံနေ၏။
ကောင်းကင်မျိုးနွယ်ဝင်က လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်ရာ အဝါရောင် မြေကြီး အလင်းစက်ဝိုင်း တစ်ခု ဖြစ်ပေါ်လာကာ အချင်း တစ်ကီလိုမီတာ နီးပါး အထိကို ဖြန့်ကျက်သွားခဲ့၏။
ခရက်...
အားနူက ခိုင်မာသည့် မေးရိုးများနှင့် အလင်းလုံးကို ကိုက်ချလိုက်သည်။ သို့သော်လည်း ၎င်း၏ ချွန်ထက်သော သွားများနှင့် ခိုင်ခံ့သော မေးရိုးများမှာ ပိတ်ဆို့ခံထားရသည်ကို တွေ့ရှိလိုက်ရသည်။
"ယုတ်မာတဲ့ သားရဲ..."
ကောင်းကင်မျိုးနွယ် ရွေးချယ်ခံက ဒေါသတကြီး အော်ဟစ်ရင်း လက်များကို တွန်းထုတ်လိုက်၏။ ချက်ချင်းပင် အဝါရောင် စက်လုံးမှာ ချဲ့ထွင်လာခဲ့သည်။ အားနူ၏ ပါးစပ်မှာ ထိုစက်လုံးကြီးနှင့် ဆို့နေလေရာ ၎င်းကြီးမားလာသည်နှင့် အမျှ လိုက်လံ ကားလာခဲ့၏။ အားနူ၏ မျက်လုံးများက ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက် လာခဲ့၏။
ဂျွတ်... ဂျွတ်...
စက်လုံးကြီးမှာ လေးကီလိုမီတာလောက် အထိ ကြီးထွားလာလေရာ အားနူး၏ မေးရိုးများမှာ အက်ကွဲလာ၍ သွေးများပင် ပန်းထွက် လာခဲ့၏။ သူမက ဧရာမ ဘောလုံးကြီး တစ်လုံးကို ပါးစပ်အတွင်း ထည့်ဖို့ ကြိုးစားကာ ပိတ်မိနေသည့် ကလေးငယ်လေး တစ်ယောက်လိုပင် ဖြစ်လေသည်။
အားနူးမှာ အစွမ်းထက်သည် ဆိုသော်လည်း နဂါး ကျင့်ကြံခြင်း လမ်းစဉ်၏ ဒုတိယ အဆင့် အစောပိုင်းတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ ထိုအဆင့်ကိုပင် သူမမှာ လွန်ခဲ့သည့် လအနည်းငယ်ခန့်ကမှ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... အားနူမှာ ကလေးသာသာ သာရှိပေသေးသည်။ သူမထံ၌ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိသလောက် ဖြစ်သည်။ ထို့ကြောင့်ပင် ရန်သူကို ချေမှုန်းရန် အလောကြီးကာ အမှားတစ်ခုကို ကျူးလွန်ခဲ့မိခြင်း ဖြစ်သည်။ အလွှာအပြင်က ကျင့်ကြံသူများမှာ ထိုမျှ ရိုးရှင်းခြင်း မရှိပါချေ။
ယခုအခါ၌ ကောင်းကင်မျိုးနွယ် ရွေးချယ်ခံမှာ အားနူ၏ အစာပြွန်ကိုပင် ရှင်းလင်းစွာ လှမ်းမြင် နေရပြီ ဖြစ်သည်။ သူ၏ လျှို့ဝှက်အော်ရာမှာ တဒင်္ဂ အတွင်းမှာပင် တဟုန်ထိုး တိုးတက်လာခဲ့၏။ ရွေးချယ်ခံမှာ အလွန်ပြင်းထန်သည့် တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ်တော့မည် ဖြစ်လေသည်။ အားနူ ထိတ်လန့် သွားခဲ့၏။
ဝှစ်...
ထိုအခိုက်တွင်ပင် ရွှယ်ရီဖေးမှာ ခရမ်းရောင် အရိပ် တစ်ခုအလား ရောက်ရှိလာခဲ့၏။ သူမက မိစ္ဆာနဂါး ချပ်ဝတ်ကို အပြည့်အဝ ထုတ်ဖော်ထားကာ စိန်သဏ္ဌာန် အကြေးခွံများမှာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို ရှင်းလင်းစွာပင် ဖော်ပြထားခဲ့၏။ သူမက ဘယ်ဘက်လက်သီးကို ဆုပ်ကာ အပြင်းထန်ဆုံးသော ခွန်အားများကို စုစည်းလိုက်သည်။
ချက်ချင်းပင် မိန်းကလေး၏ ပတ်လည်ရှိ လေထုမှာ လှုပ်ခါသွားကာ သူမ၏ လက်မောင်းတစ်လျှောက် စုစည်းလာခဲ့၏။ မန်နာ၊ အလင်း၊ အာကာသ၊ အချိန်နှင့် မိစ္ဆာ စွမ်းအားတို့မှာ လေမုန်တိုင်းများ အလား ပြင်းထန်စွာ လှည့်ပတ်လာကြသည်။ ထို့နောက်တွင်တော့...
ဘုန်း...
လက်သီးတစ်ချက်တွင်ပင် အဝါရောင် မြေကြီး စက်လုံးက ပြိုကျသွားလေရာ ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။
သေမျိုးတစ်ယောက်က ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် ခွန်အားကို ပိုင်ဆိုင်နိုင်သည်လော။
သို့သော်လည်း... ရွှယ်ရီဖေး၏ လက်သီး အတွင်းရှိ အင်အားများမှာ အဝါရောင် စက်လုံးကို ဖြိုဖျက်ပစ်ရုံဖြင့် ရပ်တန့်သွားခြင်း မရှိပါချေ။ ကောင်းကင်မျိုးနွယ်ဝင်ထံကို ဆက်လက် ဦးတည် ကျဆင်းသွားခဲ့၏။ ကောင်းကင်မျိုးနွယ်မှာ လျှို့ဝှက် အကာအကွယ် တစ်ခုကို အလျင်စလို ဖန်တီးလိုက်သော်လည်း ထိုအရာက အသုံးမဝင်ပါချေ။
ဘုန်း...
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် မြေကြီးရှန့်ထိုမှာ လက်သီးချက်၏ ထိမှန်ခြင်းကို ခံရကာ မိုင်ပေါင်းရာနှင့်ချီသည် အထိ လွင့်ပျံသွားခဲ့တော့၏။
***