မင်းလာတဲ့ နေရာကို ပြန်သွား
Vol. 159 Ch. 2258
သူတို့က ရီဖူရှင်းကို စိတ်ဝင်စားနေခဲ့သည်လား။
မူလဘုံအတွင်း၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ကြည့်လျှင် တစ်စုံတစ်ယောက်က ရှိနေသည့် အင်အားစုများမှ အဆင့်အမြင့်ဆုံး ထိပ်သီးအဆင့်ပုဂ္ဂိုလ်များကို သတင်းပေးလိုက်ခြင်း ဖြစ်ရပေမည်။ စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်နှင့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း။ ထိုအရာအားလုံးသည် အမြင့်မားဆုံးအဆင့် အမွေအနှစ်များ ဖြစ်ပေသည်။ ထိုအဆင့်မှ ကျင့်ကြံသူများက ဤနေရာသို့ ရောက်လာကြခြင်းမှာ အံ့သြစရာ မရှိပေ။
ဤလောကအတွင်း၌ မည်သူက ထိပ်ဆုံးတွင် မရပ်တည်ချင်ဘဲ ရှိပါမည်နည်း။
တစ်စုံတစ်ယောက်က အမြင့်ဆုံး၌ ရပ်တည်ပြီး အောက်ဘက်မှ တောင်တန်းများကို ငေးကြည့်လျှင် သူတို့က မည်သို့ မြင်တွေ့လိမ်မ့ည်နည်းယ
နောက်ထပ် ကြောက်မက်ဖွယ် အရှိန်အဝါက ကျဆင်းလာသည်။ နောက်တစ်နေရာ၌ တစ်စုံတစ်ယောက် ရောက်ရှိလာသည်။ ၎င်းက ကောင်းကင်ဒေသမှ အစွမ်းထက် ပုဂ္ဂိုလ်ဖြစ်လေသည်။
သူက တတိယမြောက် ရောက်ရှိလာသူ ဖြစ်၏။
တတိယမြောက်ရောက်ရှိလာသူက ရီဖူရှင်းအား ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။ သူတို့အတွက် ရီဖူရှင်းက သိပ်အရေးမပါလှချေ။ အဆုံးမှာတော့ ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ စွမ်းအားကို ချေးငှားအသုံးပြုနေခြင်း ဖြစ်သည်။ အစောပိုင်းက တိုက်ခိုက်ခဲ့သည့် ထိုတိုက်ခိုက်မှုက သူ၏ ခွန်အားအကန့်အသတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူသည် မဟာအင်ပါယာရှန်ကျား၏ စွမ်းအားကို ထိန်းချုပ်၍ အဆက်မပြတ် တိုက်ခိုက်နိုင်ရန် နည်းလမ်းမရှိပေ။
သူတို့၏ ပြဿနာက ရီဖူရှင်းမဟုတ်ပေ။ သို့သော် ရောက်ရှိလာသူများကြားတွင် ရီဖူရှင်းကို မည်သူက လုယူနိုင်မည်နည်းက အရေးပါပေသည်။
ထိုအခိုက်အတန့်၌ လေဟာနယ်က စုတ်ဖြဲခံလိုက်ရပြီး နတ်အလင်းတို့ လင်းလက်လာသည်။ နောက်ထပ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာပြီး ထိုသူက နတ္ထိဘုံမှ ဖြစ်ပေသည်။ လေဟာနယ်နတ်အလင်းတို့က သူ့ထံမှ ခေါင်းအစခြေအဆုံး ထွက်ပေါ်နေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အောက်ဘက်ရှိ လူအုပ်ကြီးက ထိုအဖြစ်မျိုးနှင့် အသားကျနေခဲ့ပြီ ဖြစ်၏။
မူလက သူတို့သည် ထိပ်သီးပုဂ္ဂိုလ်များကြားမှ တိုက်ပွဲသည် ရလဒ်ကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု တွေးခဲ့ကြသည်။ သို့သော် သူတို့ထဲက မည်သူကမှ လက်ရှိအခြေအနေက ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပေ။ ယခင်က ရောက်လာသော ထိပ်သီးကျင့်ကြံသူများက ပွဲကြည့်ပရိတ်သတ် ဖြစ်သွားလေသည်။ အစွမ်းထက်ပုဂ္ဂိုလ်များက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီး သူတို့ထဲက မည်သူကမှ သူတို့ပါဝင်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
"မင်းတို့ နှစ်ယောက် ကောင်းကင်ဒေသရဲ့ ကိစ္စထဲ ဝင်မစွက်ဖို့ အကြံပေးချင်တယ်။" ထိုက်ချူသူတော်စင်အင်ပါယာက အေးစက်သည့်အသံနှင့် ပြောလိုက်သည်။
"စီဝေ့နဲ့ ရှန်ကျား မဟာအင်ပါယာနှစ်ယောက်လုံးက နတ်ဘုရားခေတ်ကပဲ။ ဒါက ဘယ်တုန်းက ကောင်းကင်ဒေသရဲ့ အရေးကိစ္စဖြစ်သွားရတာလဲ။" နတ္ထိဘုံမှ ထိပ်သီးပုဂ္ဂိုလ်က ပြောလိုက်သည်။ သူသည် အခြားလူများ၏ အမြင်ကို ဂရုမစိုက်ပေ။ ယခု မဟာအင်ပါယာနှစ်ပါး၏ အမွေအနှစ်များကို လူတစ်ယောက်တည်းက ပိုင်ဆိုင်သွားခဲ့လေရာ သူတို့က ၎င်းအတွက် မတိုက်ခိုက်ရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ထိုက်ချူသူတော်စင်အင်ပါယာက သရော်လိုက်သည်။ သူက ကောင်းကင်အောက်ဘက် လေဟာနယ်သို့ လက်ကို ရွေ့လျားလိုက်ကာ အခြားသူများသည်လည်း အစွမ်းထက်လှသည့် အရှိန်အဝါတို့ကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်ကြသည်။ သူ့ရှေ့မှ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က လေထဲတွင် မျောလွင့်နေခဲ့သည်။ ရီဖူရှင်းက သတိလစ်မေ့မျောနေပုံရပြီး မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများ၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူတို့က လှုပ်ရှားချင်သော်လည်း သူတို့အနီးမှ မဟာလမ်းစဥ်စွမ်းအားများက ထိန်းချုပ်ခံထားရကာ သူတို့က မလှုပ်ရှားနိုင်ကြပေ။
ထိုသို့သော အကြွင်းမဲ့စွမ်းအားက သူတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
လူအများသည် လေထဲ၌ ရစ်ဝဲနေသော မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို စိုက်ကြည့်လိုက်ကြသည်။ ရီဖူရှင်းနှင့် ရင်းနှီးသော သူများ၏ မျက်လုံးများက နီရဲလာသော်လည်း သူတို့ မည်မျှ ရုန်းကန်နေပါစေ ကျရှုံးနေဆဲ ဖြစ်သည်။ အထွတ်အထိပ်အဆင့်မှ ပုဂ္ဂိုလ်ကြီးများက သူတို့ကို ဆန့်ကျင်လှုပ်ရှားလာလျှင် ဤဘုံတစ်ခုလုံးက အပြည့်အဝလွှမ်းမိုးခံရပြီး တစ်စုံတစ်ယောက်၏ စွမ်းအားကမှ သူတို့အား ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
စီဝေ့အင်ပါယာနန်းတော်မှ လူများက ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ် ဒေါသထွက်လာကြသည်။ သူတို့က စိတ်ရှုပ်ထွေးသလိုလည်း ခံစားနေရပေသည်။ သူတို့က ရီဖူရှင်း၏ စွမ်းရည်ကို အသိအမှတ်ပြုပြီးသည့်အခါမှ ဤကဲ့သို့သော အရာ ဖြစ်ပေါ်လာရသည်။ မည်သူက ရီဖူရှင်းကို ကယ်ဆယ်နိုင်မည်နည်း။
အဖြေက ရှင်းလင်းနေပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ထိုက်ချူသူတော်စင်အင်ပါယာနှင့် အခြားပုဂ္ဂိုလ်ကြီးများက သူတို့၏ ခေါင်းများကို မော့ကာ ကောင်းကင်ထက် ကြည့်လိုက်ကြသည်။ ပြင်းထန်လှသည့် အရှိန်အဝါက နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ကောင်းကင်အာဏာစက်နယ်မြေတစ်ခွင်လုံးကို အရှိန်အဝါများစွာ ကျဆင်းလာပုံရသည်။
ကောင်းကင်အာဏာစက်မြို့မှ လူတိုင်းသည် ကောင်းကင်၏ ပြင်းထန်လှသော အာဏာစက်ကို ခံစားမိပေသည်။ ကောင်းကင်ထက်တွင် နတ်အလင်းများက လှည့်ပတ်နေပြီး မဟာလမ်းစဥ်စွမ်းအားတို့ ကျဆင်းလာသည်။ မရေတွက်နိုင်သော လူများက လှုပ်ရှားရခက်ခဲလာပြီး ဒူးထောက်ကာ အရိုအသေပေးချင်လာသလို ခံစားမိကြပေသည်။
မုန်တိုင်းက ပို၍ ပြင်းထန်လာကာ ထိန်းချုပ်မှုအားလုံးထက် ကျော်လွန်လာသည်။
မေ့ထန်သည်ပင် ပြိုင်ဘက်ကင်းစွမ်းအားတို့ကို ခံစားမိခဲ့သည်။ ဤအဆင့်တိုက်ပွဲ၏ အလယ်တွင် သူက လုံးဝ ခွန်အားမဲ့နေခဲ့သည်။
ရီဖူရှင်းက ဤနေရာ၌ ကျဆုံးသွားခဲ့လျှင် ယူချင်းက ရှေ့ဆက် မည်သို့ လုပ်လိမ့်မည်ကို မည်သူမှ မသိပေ။
သူ၏ ပင်ကိုစရိုက်အရ သူက လက်စားချေမှာ သေချာပေသည်။
လူတိုင်း အပြစ်မရှိသော်လည်း သူက တစ်ဘဝလုံး အပြစ်ရှိစိတ်ကို ခံစားနေရပေလိမ့်မည်။
ရီဖူရှင်း ဆက်ခံထားသည့် အမွေအနှစ်များက အလွန် မျက်စိကျစရာ ဖြစ်လာခဲ့သည်။ ပို၍ အစွမ်းထက်သော ပုဂ္ဂိုလ်များဖြစ်လေ မဟာလမ်းစဥ် စွမ်းအားကို နားလည်ချင်စိတ်နှင့် ထိုသို့သော စွမ်းအားမျိုးကို ရယူပိုင်ဆိုင်လိုစိတ် ပိုများလေ ဖြစ်သည်။ ထို့ပြင် မဟာအင်ပါယာ ရှန်ကျားနှင့် စီဝေ့ နှစ်ယောက်လုံးက အထွတ်အထိပ်၌ ရပ်တည်ခဲ့သူများ ဖြစ်ကြသည်။ ရှေးခေတ်အခါက သူတို့သည် အရှင်သခင်များထဲမှ အရှင်သခင် ဖြစ်ပြီး အားလုံး၏ ထိပ်ဆုံး၌ ရပ်တည်နိုင်ကြသော သူများ ဖြစ်သည်။
သို့သော် ထိုသို့သော ပုဂ္ဂိုလ်နှစ်ဦး၏ အမွေအနှစ်က ယခု ရီဖူရှင်း လက်ထဲ၌ ရှိနေခဲ့၏။ သူက အခြားလူများ၏ မနာလိုမှုကို မဆွဲဆောင်နိုင်မည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ကောင်းကင်ထက်ရှိ လက်ဝါးများက အဆက်မပြတ် ကြီးမားလာပြီး မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။ စက္ကန့်ပိုင်းအတွင်း၌ ကပ်ဘေးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ဗဟိုပြုထားလေသည်။ များပြားလှသော စွမ်းအားများက တပြိုင်တည်း ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် အက်ကြောင်းတစ်ခုက ဖြစ်ပေါ်လာသည်။
"မူလဘုံက ကောင်းကင်ဒေသကပဲ။ မှော်နက်လောကနဲ့ နတ္ထိဘုံကလူတွေ ရောက်လာတာက စည်းမျဥ်းကို ချိုးဖောက်နေတာ။ ခင်ဗျားတို့ စစ်ဖြစ်ချင်နေလို့လား။" လေထု၏ အလယ်မှ ကြောက်မက်ဖွယ် အသံတစ်ခုကို ကြားလိုက်ရပြီး လူအများ၏ နှလုံးသားထဲ၌ အကြောက်တရားတို့ ဖြစ်ပေါ်လာစေသည်။
"ကျုပ်က ကောင်းကင်ဒေသရဲ့ လူနဲ့ ရင်ဆိုင်နေတာ။ ခင်ဗျား ကိုယ့်အပြုအမူကိုယ် အမွှမ်းတင်နေဖို့မလိုပါဘူး။" တစ်စုံတစ်ယောက်က သရော်ရင်း တုံ့ပြန်လိုက်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါက အထက်မှ ကျဆင်းလာသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က တိုက်ပွဲကြောင့် ဖြစ်လာသည့် အက်ကြောင်းအတွင်း ရှေ့တိုးနောက်ငင် ဖြစ်နေခဲ့၏။
ပြင်းထန်သည့် စွမ်းအားက ကောင်းကင်အာဏာစက်မြို့ကို ချိပ်ပိတ်ထားခဲ့သည်။ ၎င်းသည် မည်သူ့ကိုမှ ထွက်ပြေးရန် ခွင့်မပြုဘဲ ဤနေရာ၌သာ ကျန်ရစ်နေရမည်ဟု ခံစားမိစေသည်။
ထိုအခိုက်အတန့်၌ ကောင်းကင်က တုန်ခါလာပြီး ခြောက်ခြားဖွယ် အရှိန်အဝါတစ်ခုက သူတို့ကို လွှမ်းခြုံလာသည်။ တခဏအတွင်း ကောင်းကင်အာဏာစက်မြို့က မြို့တစ်မြို့နှင့်ပင် မတူတော့ပေ။
"မည်သည်တို့ ဖြစ်နေသနည်း။
မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွက် တိုက်ခိုက်နေသော ပုဂ္ဂိုလ်များက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က ခေါင်းကိုမော့ကာ ကောင်းကင်သို့ ကြည့်လိုက်သည့်အခါ ကောင်းကင်အမြင့်သို့ ထိုးဖောက်သွားသော နတ်အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရပေသည်။ ဆူညံလှသည့် အသံတစ်ခု ထွက်ပေါ်လာပြီး မဟာလမ်းစဥ်စွမ်းအားများက ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။
ထိပ်သီးကျင့်ကြံသူများစွာ၏ မျက်လုံးတို့က အဆုံးမဲ့လေဟာနယ်ကို ထိုးဖောက်ကာ အဝေးတွင် မည်သည်တို့ ဖြစ်နေသည်အား စူးစမ်းလိုက်သည်။ ဘုံ၏ အဝေးတစ်နေရာမှ နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပင် လောကအား လင်းလက်သွားစေသည်။ ထို့နောက် တိမ်တိုက်များကြား၌ မျက်နှာတစ်ခု ပေါ်ပေါက်လာပြီး ၎င်းသည် လက်လှမ်းမမီနိုင်သော စွမ်းအားများနှင့် သူတော်စင်ကဲ့သို့ အဘိုးအိုတစ်ဦးအသွင်ရှိသည်။ ထိုအခိုက်တွင် သူက ဤဘုံအား အစိုးရပြီး လေဟာနယ်အတွင်း မဟာလမ်းစဥ်ကို ကိုယ်စားပြုနိုင်သော ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ဦးဟု ခံစားမိစေသည်။
"အဲဒါ ဘယ်သူလဲ။" တစ်စုံတစ်ယောက်က တုန်ယင်စွာ ရေရွတ်လိုက်သည်။
ဤသည်က မည်သို့သော စွမ်းအားမျိုးဖြစ်သနည်း။ သူက မည်သည့်အဆင့်၌ ရှိနေသနည်း။
တချို့က ထိုပုဂ္ဂိုလ်ကို မှတ်မိလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ဖော်ပြလာသည်။ ဤသည်က မည်သို့ဖြစ်နိုင်ပါမည်နည်း။ သူက အတိအကျ မည်သည့်အဆင့်၌ ရှိနေသနည်း။ သူတို့က အံ့သြနေကြသည်။
ရှန်ချင်းနယ်မြေ ထိပ်သီးအင်အားစုများတွင် မည်သူကမှ အံ့သြမသွားသော်လည်း သူတို့အားလုံး၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေကြသည်။
ထိုမျက်နှာက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအား ကြည့်လိုက်သည်။ ချက်ချင်းပင် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်အတွင်းသို့ နတ်အလင်းတန်းများ ဝင်ရောက်သွားခဲ့သည်။ ပုံရိပ်တစ်ခုက ရုပ်ကြွင်းထဲမှ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
၎င်းက ရီဖူရှင်း၏ စိတ်ဝိညာဥ် ဖြစ်လေသည်။
ရီဖူရှင်း၏ စိတ်ဝိညာဥ်က မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်မှ ထွက်ကာ သူ့ကိုယ်ပိုင်ခန္ဓာသို့ ပြန်ရောက်သွားခဲ့သည်။ သို့သော် သူက မေ့မျောနေသော အခြေအနေ၌သာ ရှိနေသေး၏။
အခြားတစ်ဖက်၌ မဟာအင်ပါယာရှန်ကျား၏ မျက်လုံးများက ရုတ်တရက် ပွင့်ဟလာသည်။ လေဟာနယ်အတွင်း ကြောက်မက်ဖွယ် နတ်အလင်းတို့ ထိုးဖောက်လာကာ ထိပ်သီးကျင့်ကြံသူများကို လွှမ်းခြုံသွား၏။ သူ့ပါးစပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ "လာခဲ့တဲ့ နေရာကို ပြန်သွားကြတော့။"
***