အာဏာရှင် အင်ပါယာ
Vol. 118 Ch. 1646
ဟူး... ဟူး...
ဝေ့ဝူယင် ပုံးအတွင်းမှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက် လောကမှာ ပြင်းထန်သည့် အခြေခံ အပြောင်းအလဲများကို ခံစားလိုက်ရ၏။ မကောင်းဆိုးရွား စောင့်ကြပ်သူများမှာလည်း ခံစားလိုက်ရသည်။ ချိပ်ပိတ်နယ်မြေနှင့် အလွှာ အပြင်က ရွေးချယ်ခံများမှာလည်း ခံစားလိုက်ရသည်။ စောင့်ကြည့်နေသူများမှာလည်း ခံစားလိုက်ကြရသည်။ အာဏာရှင်အဖွဲ့ဝင်များမှာမူ အများဆုံး ခံစားလိုက်ရ၏။
သူတို့၏ နှလုံးသားများမှာ အာဏာရှင် အင်ပါယာ တည်းဟူသော တည်ရှိမှုနှင့် ပဲ့တင်ထပ်ခဲ့၏။ အာဏာရှင် အမှတ်အသားမှ တစ်ဆင့် သူ ရောက်ရှိလာပြီ ဖြစ်ကြောင်း ပြင်းထန်စွာ ခံစားလိုက်ရသည်။ သူက သူတို့၏ ရှေ့တွင်ပင် ရှိနေသကဲ့သို့ ပြင်းထန်သည့် ဒူးထောက်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း အာဏာရှင် အမှတ်အသားမှာ ထိုစိတ်ဆန္ဒကို ဖိနှိပ်လိုက်၏။
သူတို့ ဆက်လက်၍ ရပ်နေခဲ့ကြသည်။ သို့သော်လည်း သူတို့၏ ကျောရိုးများမှာ ဖြောင့်တန်းနေ၏။ စိတ်များမှာ သတိ အနေအထားကို ရောက်ရှိနေခဲ့ကြ၏။
ဝေ့ဝူယင်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ ထို့နောက် သူက လက်ဖဝါးကို ကောင်းကင်ထံ ဦးတည်၍ ပေါ့ပေါ့ပါးပါး ဖိလိုက်သည်။ ချက်ချင်းပင် ကောင်းကင်ရှိ ရောင်စဉ် အလင်းတန်းများမှာ ပိုမို၍ ပြင်းထန်လာခဲ့၏။ ပိုမို၍ တောက်ပလာ၏။ ပိုမို၍ လှပလာခဲ့၏။
ဟူး...
လေပြင်းတစ်ချက်က တစ်ကမ္ဘာလုံးကို ဖြတ်သန်း၍ တိုက်ခတ်သွားပြီး အားလုံး၏ ဝတ်ရုံများကို လှုပ်ခါစေခဲ့သည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြန်လည်၍ ဖွင့်လာခဲ့၏။ သူ၏ မျက်ဝန်းများ အတွင်း၌ ထူးခြားသည့် လေးဖက်ချွန် ကြယ်တာရာများ ရှိနေခဲ့သည်။ ၎င်းတို့မှာ အဆုံးမဲ့ အသွင်ပြောင်းလဲခြင်း အလင်းရောင်များကို ထုတ်လွှတ် နေကာ အလွန်တရာပင် လှပလွန်းလှ၏။
သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ...
ကောင်းကင်ရှိ ရောင်စုံ အလင်းတန်းများမှာ တုန်ခါသွားခဲ့၏။ တဖြည်းဖြည်းချင်း ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ နယ်မြေများ တစ်လျှောက် ပိုမို အားကောင်းစွာ တောက်ပလာခဲ့သည်။
ထို့နောက်... ဝေ့ဝူယင်၏ ပါးစပ်မှာ ညင်သာစွာ လှုပ်ရှားသွားခဲ့၏။ သူ၏ ကြည်လင် ပြတ်သားသည့် အသံက အဆုံးမရှိ အာကာသနှင့် အချိန် စီးဆင်းမှုကို ဖြတ်ကျော်ကာ တစ်လောကလုံးကို ပျံ့နှံ့သွားခဲ့လေသည်။ ဤလောက နယ်မြေ အတွင်း၌ မည်သည့်နေရာတွင် ရှိနေစေကာမူ... မည်သူ ဖြစ်စေကာမူ... သူ့အသံကို မကြားပဲနေသူ ရှိလိမ့်မည် မဟုတ်ချေ။
“စည်းကမ်း တစ်ခုပဲ ရှိတယ်... အဲဒါက ဘာသတ်မှတ်ချက်မှ မရှိဘူး ဆိုတာပဲ...”
“သရဖူ အပြည့်အဝ ပုံပေါ်လာတဲ့ အခါ ပထမဆုံး ထိတွေ့သူက အားလုံးကို ပိုင်ဆိုင်နိုင်လိမ့်မယ်... ဘယ်သူပဲ ဖြစ်ဖြစ်... ဘယ်လို ကျင့်ကြံခြင်း အခြေခံပဲ ဖြစ်ဖြစ်... ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ်...”
“ပြီးတော့ ဆုတစ်ခုတည်းပဲ ရှိမယ်... ငါ အာဏာရှင် အင်ပါယာ၊ အာရုဏ်ဦးရဲ့ လောက အဂ္ဂိရတ် ရှန့်ထို ဝေ့ဝူယင်က သင့်တော်တဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမယ် ဆိုတာပဲ...”
ထိုစကားလုံးများမှာ လောကနယ်မြေ အတွင်းရှိသမျှ သက်ရှိများအားလုံး၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့၏။ အားလုံး၏ မျက်လုံးများက ပြူးကျယ်သွားကာ နှလုံးသားများမှာ ပြင်းထန်စွာ တုန်ယင်သွားကြသည်။
ဆန္ဒတစ်ခု...
ဆန္ဒတစ်ခု...
အံ့အားသင့်စရာကောင်းလောက်အောင်ပင်... ထိုစကားလုံးများမှာ သံသယ ဖြစ်ဖို့ပင် ခက်ခဲသည့် ထူးဆန်းသော၊ မြင့်မြတ်သော ဥပဒေသတစ်ခုကို ဆောင်ထားပုံရ၏။ ၎င်းကို သူတို့၏ စိတ်ဝိညာဉ်များ အတွင်းမှ နက်ရှိုင်းစွာ ခံစားနိုင်ပေသည်။ သူတို့အတွက် အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ စကားလုံးများမှာ ကောင်းကင်ဘုံ၏ ကတိတစ်ခုကဲ့သို့ စစ်မှန်နေခဲ့သည်။
ရွှယ်ရီဖေး၏ မျက်လုံးများမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသည့် တောက်ပမှုများနှင့် လောင်ကျွမ်း နေခဲ့၏။ လက်ရှိ၌ သူမ၏ အဆင့်အတန်းမှာ ကိုယ်လုပ်တော် မောင်းမ တစ်ယောက်မျှသာ ဖြစ်သည်။ အကယ်၍ သူမသာ ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာပါက အဆင့်အတန်းမှာ ပြောင်းလဲ သွားနိုင်သည်။
လူတိုင်းလူတိုင်းတွင် သူတို့ ဘဝ၌ မအောင်မြင်နိုင်ခဲ့သည့် ဆန္ဒ တစ်ခု ရှိပေသည်။ ဝူပိုင်ကျိုးမှသည် ယီယွင်နှင့် တန်ဘူမာတို့ အထိ... မည်သူပင် ဖြစ်စေကာမူ... သူတို့ အားလုံးတွင် ဆန္ဒများ ရှိပေသည်။
အလွှာအပြင်က ကျင့်ကြံသူများ အတွက်လည်း လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦးမှာ သူတို့၏ ဘဝ ရည်မှန်းချက် များစွာကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်သည်။ ထိုအဆင့် အဂ္ဂိရတ် ပညာရှင် တစ်ဦးမှာ သူတို့ကို လျှို့ဝှက် အရှင်သခင် တစ်ယောက် ဖြစ်လာသည် အထိ လမ်းခင်းပေးနိုင်ပေသည်။
တရှန်း လက်ထဲရှိ စစ်သုံးတူကြီး၏ လက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထာ၏။ သူမက မည်သည့်အရာအား ဆန္ဒ ပြုမည် ဖြစ်ကြောင်း လူအချို့မှာ သိရှိထားပြီးသား ဖြစ်သည်။ တရှန်း ထိုအခွင့်အရေးကို အခြားလူများအား မပေးနိုင်ချေ။ ခရမ်းရောင် နတ်ဆိုးမ၏ ရွှေရောင်မျက်လုံးများမှာ ပြင်းထန်သည့် စိတ်ဆန္ဒ၊ အရှုံးမပေးလိုသည့် ခံစားချက်များနှင့် လောင်ကျွမ်း နေခဲ့လေ၏။
“ဒီပြိုင်ပွဲက အရေးကြီးတယ်ဆိုတာ ငါသိတယ်... ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲ…”
ဝေ့ဝူယင်ထံမှ ဆန္ဒ တစ်ခု ဖြည့်ဆည်းပေးမည် ဆိုသည့် စကားကြောင့် ပိုကေမှာလည်း ရင်တဒိတ်ဒိတ် တုန်နေခဲ့၏။ ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း လောက၏ သမိုင်းကြောင်းတွင် မကြုံစဖူး အဆင့်တစ်ခုကို ရောက်ရှိရန် ကံကြမ္မာပါသူ တစ်ဦး ဖြစ်သည်။ ပိုကေ၏ နှလုံးသား အတွင်း အနည်ထိုင်နေသည့် တိုက်ခိုက်လိုစိတ်မှာ နိုးထလာခဲ့လေ၏။
အခြား အာဏာရှင်များမှာ သူ့အတွက် အတားအဆီးများလို ဖြစ်လာကာ သတ်ဖြတ်လိုသည့် ဆန္ဒက ရုန်းကြွလာခဲ့သည်။ သို့သော်လည်း... မဟာမိတ်များကို စွန့်ပယ်ရန် သူ့ထံတွင် ရည်ရွယ်ချက် မရှိပါချေ။ အကယ်၍ ဆန္ဒကို မျှဝေနိုင်လျှင် အတူတကွ ပူးပေါင်းခြင်းက ပိုမို၍ ကောင်းပေလိမ့်မည်။ စည်းကမ်းထဲ၌ မဟာမိတ် မဖွဲ့ရ ဟူသော အချက် မပါဝင်ချေ။
“နောက်ထပ် ဆန္ဒ အများကြီးကို ဆန္ဒပြုလိုက်ရင်ရော...”
ပိုကေ စိတ်ထဲမှ တွေးလိုက်မိ၏။ သို့သော်လည်း... ဝေ့ဝူယင် ထပ်ပေါင်းထည့်ထားသည့် “သင့်တော်သော” ဆိုသည့် စကားလုံးကို သူ ပြန်လည် သတိရလိုက်မိလေရာ ထိုအတွေးက စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။
သင့်တော်သော ဆန္ဒတစ်ခု...
အခြားတစ်ဖက်၌ ယီယွင်မှာ နေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေခဲ့၏။ ကျောင်းရှုလင်း အသက်ပြန်ရှင်လာပါစေဟု ဆုတောင်းလျှင်ရော ဝေ့ဝူယင်က ဖြည့်ဆည်းပေးမည်လား ဟု သူ တွေးလိုက်မိသည်။
ရုတ်တရက် အာဏာရှင် အမှတ်အသားထံမှ တုန့်ပြန်သံ တစ်ခုကို သူ ကြားလိုက်ရ၏။
“အဲဒါ မင်းရဲ့ ဆန္ဒဆိုရင်ပေါ့”
ကျောင်းရှုလင်းအား အသက်ပြန်ရှင်စေနိုင်ကြောင်း သိလိုက်သည်နှင့် တစ်ပြိုင်နက် ယီယွင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ ဤဖြစ်နိုင်ခြေကြောင့် သူ စိတ်ဓာတ် တက်ကြွလာခဲ့ကာ တိုက်ခိုက်လိုစိတ်မှာ ဖော်ပြ၍ မရနင်သည့် အတိုင်းအတာအထိ ပြင်းထန်လာခဲ့သည်။
ထျန်းရီဝူသည် အလံတစ်ခုကို စိုက်ထူလိုက်၏။ ကောင်းကင်ကို မော့ကြည့်ရင်း သူ၏ နှလုံးသားက မယုံကြည်နိုင်စွာ တုန်ခါနေခဲ့သည်။
သင့်တော်သော ဆန္ဒတစ်ခု...
ပုံမှန်အားဖြင့် ထိုကဲ့သို့ ရယ်စရာကောင်းသော အရာကို သူ လျစ်လျူခဲ့မိလိမ့်မည်။ သို့သော်လည်း ယခု ပြောကြားနေသူက ဝေ့ဝူယင် ဖြစ်သည်။ ဝေ့ဝူယင်မှာ သေချာပေါက် လုပ်ဆောင်နိုင်လိမ့်မည်။ ယခုမဟုတ်လျှင်… နောက်ပိုင်းတွင် သေချာပေါက် ဖြစ်လိမ့်မည်။
သူ လိုချင်သည့် အရာက တစ်ခုတည်း...
လျှို့ဝှက် ကောင်းကင် အဆင့် ဆေးလုံးပင်။
သို့သော်လည်း... ဝေ့ဝူယင်က ၎င်းကို မသင့်တော်သည့် ဆန္ဒ တစ်ခု အဖြစ် သတ်မှတ်နိုင်သည့် ဖြစ်နိုင်ချေလည်း ရှိပေသေးသည်။ သို့ဖြစ်လေရာ သူ လက်ရှိ ကြိုးပမ်းနေသည့် အားထုတ်မှုများ၏ ရလဒ်နှင့် နှိုင်းယှဉ်ပါက တန်ခိုးရှိသည်ဟု သိပ် မခံစားရချေ။ ထျန်းရီဝူ ခပ်မြန်မြန်ပင် အတွေးရထားထဲမှ ရုန်းထွက်လိုက်ကာ နောက်ထပ် အလံတစ်ခုကို စိုက်ထူရန် တည်နေရာ အသစ်ကို ရွေ့လျား သွားခဲ့လေသည်။
အပြောကျယ်လှသည့် နယ်မြေများ တစ်လျှောက် ပြန့်ကျဲနေကြသည့် အာဏာရှင်အဖွဲ့ဝင်များမှာ ဝေ့ဝူယင်၏ ပြိုင်ပွဲ အကြောင်း အကြမ်းဖျင်း ဖော်ပြမှုကြောင့် အံ့မခန်း တုန်လှုပ်သွားကြသည်။ စည်းကမ်းများ မရှိသော်လည်း အနိုင်ရရှိသူအတွက် အခြေအနေ ကတော့ အနည်းငယ်မျှပင် မှားယွင်းမှု မရှိဘဲ ရှင်းလင်းနေခဲ့သည်။ ထို့အပြင် ဆုမှာ အလွန် အဖိုးတန်သည်။
သူတို့မှာ အာဏာရှင် အဖွဲ့ဝင်များ ဖြစ်ကာ အရင်းအမြစ်များစွာကို ရရှိနိုင်သော်လည်း သူတို့ ရရှိသည့် အရာများမှာ ကိုယ်ပိုင် ကြိုးပမ်း အားထုတ်မှု၏ ရလဒ်များအပေါ် အခြေခံထားသည်။ တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ရသည်။ သို့သော်လည်း... ဤအရာက သူတို့ ဘဝကို ပြောင်းလဲ သွားစေနိုင်သည်။
“သင့်တော်တဲ့ ဆန္ဒတစ်ခု...”
သူတို့အားလုံး တီးတိုး ရေရွတ်လိုက်မိကြလေ၏။
ဝေ့ဝူယင်မှာ အားလုံးထံမှ တုန့်ပြန်မှုကို ကြည့်ကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ထို့နောက် သူက လက်ဟန်ချိပ်စည်းတစ်ခုကို ပုံဖော်လိုက်၏။
“ဒါက အလုပ် ဖြစ်လာလိမ့်မယ်”
သူက ပြုံးရင်း ပြောလိုက်သည်။ ထို့နောက်တွင်တော့ ကောင်းကင်ရှိ အလင်းတန်းများမှာ တစ်ပြိုင်နက်တည်း မှေးမှိန်သွားခဲ့၏။ ကောင်းကင်တွင် မီးခိုးရောင် အရိပ်များသာ ကျန်ရစ်ခဲ့ကာ လေထု အတွင်းရှိ ဖိအားများကို ချက်ချင်း ပြောင်းလဲသွားစေခဲ့လေသည်။
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မီးခိုးရောင် လောက တစ်ခုမှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံ သွားခဲ့ပြီ ဖြစ်သည်။ လူတိုင်း၏ စိတ်အစဉ်မှာ ရိုင်းစိုင်းစွာပင် တုန်ခါ သွားခဲ့၏။ ထို့နောက် လောကအား သိမ်မွေ့သည့် အသရေ ပေးနေသကဲ့သို့ပင် ထုတ်ယူခြင်း အပိုင်းအစ၏ အလင်းရောင်က ကောင်းကင်၏ အချို့သော အစိတ်အပိုင်းများတွင် ထွက်ပေါ်လာခဲ့လေသည်။ ၎င်းက အလွန်ပင် လှပလှပေသည်။
“အပိုင်းအစ ခုနစ်ခုလုံးရဲ့ အရောင်တွေ ကောင်းကင်အောက်မှာ အပြည့်အဝ ပေါ်လာတဲ့အခါ သရဖူ ပုံပေါ်လာလိမ့်မယ်...”
အာဏာရှင် အင်ပါယာ၏ နောက်ဆုံး စကားလုံးများသည် တစ်လောကလုံးအား ဖြတ်ကျော်သွားကာ လူတိုင်း၏ နှလုံးသားထဲတွင် အချိန်သတ်မှတ်ချက် တစ်ခုကို ချမှတ်ခဲ့လေသည်။
***