အချိန်ကျရောက်ခြင်း
Vol. 118 Ch. 1645
တဖြည်းဖြည်း မှေးမှိန် ပြိုကျလာခဲ့သည့် အလင်းတိုင် အနား၌...
ဘုန်း...
တရှန်းမှာ သူမ၏ ကြေးနီရောင် စစ်သုံးတူကြီးကို ထုတ်ယူကာ ထိုင်နေရာမှ ထရပ်လိုက်၏။ တူကြီး၏ အလေးချိန်ကြောင့် ဖန်သားကဲ့သို့ ဖြစ်နေသည့် မျက်နှာပြင်မှာ အက်ကွဲကြောင်းများနှင့် ပြည့်နှက် သွားခဲ့သည်။ အကယ်၍ ၎င်း၏ နေရာတွင် ဂြိုဟ်ငယ် တစ်ခုဆိုပါက ချက်ချင်းပင် အပိုင်းပိုင်း အစစ အက်ကွဲကာ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပေသည်။
“နင် တကယ်ပဲ ဝင်ပါဖို့ ဆုံးဖြတ်ပြီးပြီလား...”
တရှန်းက လှည့်ထွက် မသွားခင် မေးလိုက်၏။ လင်းကျိရန်မှာ သူမ၏ အနားတွင် ရှိနေခဲ့သည်။ စစ်သုံးတူကြီး၏ အရှိန်အဝါက သူမကို ထိတ်လန့်အောင် မလုပ်နိုင်ပါချေ။
“ငါ ဒီနေရာမှာ တစ်ယောက်ယောက်ကို ထောက်ခံတော့မယ် ဆိုရင် ငါ့ညီမ နာ့ရှင်းရီကို ယှဉ်နိုင်မယ့် တစ်ယောက်ယောက်ကို လိုတယ်... ဒီတော့ ဟုတ်တယ် လို့ပဲ ဖြေရမှာပေါ့... ငါ တတ်နိုင်သမျှ အကောင်းဆုံး လုပ်မယ်”
မိန်းကလေးက ဆိုလိုက်၏။ တရှန်းက အပြာရောင် မျက်ဝန်း၊ အညိုရောင် ဆံနွယ်များနှင့် မိန်းကလေးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
“အနည်းဆုံးတော့ နင့်မှာ အခွင့်အရေးတွေ အတွက် တိုက်ဖို့ သတ္တိရှိတယ်”
တရှန်း၏ ညာဘက်တွင်တော့ ပိုကေ ရှိနေခဲ့၏။ သူ၏ မျက်နှာ အမူအရာက အနည်းငယ် မည်းမှောင်ကာ မျက်မှောင်ကြုတ် နေခဲ့သည်။
“ငါတို့ ကွန်မန်ဒါဟုန်ကို သတိထားဖို့ လိုတယ်…”
သူက အလေးအနက် အမူအရာဖြင့် သတိပေးလိုက်သည်။ ပိုကေမှာ တရှန်းနှင့် ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ထိုအရာက ဘက်လိုက်ခြင်း မဟုတ်သော်လည်း ဝေ့ဝူယင် အနန္တ ဧကရာဇ်ဂိုဏ်းကို ရောက်မလာခင်တည်းက တရှန်းနှင့် သူ့ အကြားတွင် ဖော်ရွေသော ဆက်ဆံရေး ရှိခဲ့သည်။ နတ်ဆိုး တောင်တန်းတွင် ရဲရင့်သည့် နတ်ဆိုးမကလေး တစ်ဦး ရှိကြောင်း၊ သူမကို သွားကြည့်သင့်ကြောင်း ဝေ့ဝူယင်ကို တိုက်တွန်းခဲ့သူပင် ပိုကေ ဖြစ်သည်။ တရှန်းနှင့် ဝေ့ဝူယင်တို့၏ ဆက်ဆံရေး အတွက် တာဝန်ရှိသည်ဟုပင် ပိုကေ ခံစားခဲ့ရသည်။
“အင်း...”
တရှန်းက ခေါင်းညိတ်လိုက်ရင်း ကောင်းကင်ရှိ လှပသော အလင်းတန်းများကို ငေးကြည့်လိုက်၏။ ၎င်းတို့က အသက်ရှူ မှားလောက်အောင်ပင် လှပပါသည်။ သို့သော်လည်း.. မမြင်နိုင်သည့် ဖိအား တစ်ခုက စီးဆင်းနေလေရာ အသက်ရှူရတာပင် မွမ်းကြပ် လာခဲ့၏။
...
မြက်ခင်းနယ်မြေတစ်ခု၌...
“ဆိုတော့ အခု လောလောဆယ် ငါတို့ ပူးပေါင်းကြမယ် မလား...”
ပေ့ဝေဝေက ကမ်းလှမ်းလိုက်၏။
“အင်းပေါ့... လောလောဆယ်”
ဟုန်ချွင်းဟွာက သဘောတူလိုက်လေသည်။
...
ကွန်မန်ဒါများ၊ မူလ အာဏာရှင်များနှင့် အာဏာရှင်အဖွဲ့၏ ဗာကီရီများမှာ ကောင်းကင်ရှိ အလင်းတန်းများ မှေးမှိန်သွားမည့် အချိန်ကို စောင့်ဆိုင်းနေသည့်အလား... တစ်ခုတည်းသော စိတ်တစ်ခုတည်းနှင့် အတူ ကောင်းကင်ကို ကြည့်နေခဲ့ကြလေသည်။
...
နောက်ဆုံး၌ အချိန်ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ချိတ်ပိတ်နယ်မြေနှင့် အလွှာအပြင်က လောကတို့တွင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို အသက်အရွယ် ကန့်သတ်ချက် ရှိသည့် ပြိုင်ပွဲများထဲ၌ အကြီးကျယ်ဆုံး ပြိုင်ပွဲအဖြစ် သတ်မှတ်ကြသည်။ ၎င်းမှာ ကံကြမ္မာပါကာ အလွန် အစွမ်းထက်သည့် ကျင့်ကြံသူများသာ ရရှိနိုင်သည့် အမျိုးမျိုးသော ကောင်းချီး မင်္ဂလာများနှင့် ပြည့်နှက်နေသည်။ ၎င်းက သူတို့ကို ပြောင်းလဲ ပေးနိုင်သည်။ သူတို့၏ အနာဂတ်ကို ဆုံးဖြတ်ပေးနိင်သည်။
သို့သော်လည်း... အာဏာရှင် အဖွဲ့ဝင်များအတွက်မူ ထိုအရာက အာဏာရှင် အင်ပါယာ သူတို့ကို ထောက်ပံ့ပေးထားသည့် အရာများနှင့် လုံးဝ မနီးစပ်သေးပေ။
သူတို့ အတွက် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ လေ့ကျင့်ရေး စင်မြင့်တစ်ခု ဖြစ်သည်။ သူတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြကာ အကျိုးကျေးဇူး အချို့ကို ရယူနိုင်သည့် နေရာတစ်ခုသာ ဖြစ်သည်။ ဤနေရာ၌ သူတို့၏ ကြိုးပမ်းမှုများကို ထုတ်ဖော် သက်သေပြနိုင်ပေသည်။
ရိုးရိုးရှင်းရှင်း ဆိုရလျှင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ အာဏာရှင်များအကြားမှ ယှဉ်ပြိုင်မှု တစ်ခုသာ ဖြစ်သည်။ ကျန်လူများ အားလုံးမှာ ပွဲကြည့် ပရိသတ်များနှင့် အတားအဆီးများသာ ဖြစ်သည်။
ထာဝရ စွန့်စားခန်း ဖြစ်စေ၊ ထာဝရ ခရီးလမ်း ဖြစ်စေ... ၎င်းတို့မှာ သူတို့၏ စွမ်းအားများကို ဖော်ထုတ် ပြသရန် ရိုးရှင်းသည့် ကစားနည်းများသာ ဖြစ်သည်။
၎င်းတို့သည် ဤအရာကို သိသည်။ ဤအရာကို ယုံကြည်သည်။ ၎င်းတို့၏ သဘောထားများသည် ဤအရာကိုသာ ပြသခဲ့သည်။ ထာဝရလောက စွန့်စားခန်း သို့မဟုတ် ထာဝရလမ်းခရီး ဖြစ်စေ၊ ၎င်းတို့မှာ သူတို့၏ စွမ်းအားများကို ဖော်ထုတ်ရန် ရိုးရှင်းသော ကစားနည်းများအဖြစ်သာ သဘောထားကြသည်။
မည်သို့ပင် ဆိုစေ... ယခု၌ ထိုယှဉ်ပြိုင်ပွဲ၏ နောက်ဆုံးအပိုင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့ အနေဖြင့် မြင့်နိုင်သမျှ အမြင့်ကို တက်လှမ်းဖို့ ကြိုးစားရပေလိမ့်မည်။ အာဏာရှင် အင်ပါယာထံ၌ ထိုက်တန်ကြောင်း သက်သေပြကြရတော့မည် ဖြစ်သည်။
လီယွင်ကူးက သူမ၏ မျက်မှန်ကို အနည်းငယ် အပေါ်သို့ ပင့်တင်ရင်း ကောင်းကင်ရှိ ရောင်စုံ အလင်းတန်းများကို ကြည့်နေခဲ့၏။ သူမ၏ နံဘေးတွင်တော့ ပေ့ယွင်ဟန်နှင့် ကျူးကျွင်းတို့ နှစ်ယောက်မှာ လေးလံသည့် နှလုံးသားများနှင့် ရပ်နေခဲ့ကသည်။ သူတို့ နှစ်ဦးသည်လည်း ခုနစ်ရောင်ခြယ် အလင်းတန်းများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့ကြသည်။
“ကွန်မန်ဒါ ဟုန်က…”
ပေ့ယွင်ဟန်က ညင်သာစွာ ပြောလိုက်၏။ သို့သော်လည်း သူက စကားမဆုံးခင်မှာပင် ကျူးကျွင်းက ကြားဖြတ် ဝင်ရောက်ကာ ပြောလိုက်သည်။
“ငါတို့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တယ်... ကျန်တဲ့ လူတိုင်းကို ရန်သူလို့ သတ်မှတ်နိုင်သလို... မဟာမိတ်တွေလို့လည်း သတ်မှတ်နိုင်တယ်... ထိန်းချုပ်ထားတာ မရှိဘူးလို့ သူတို့က ပြောခဲ့တယ်”
ကျူးကျွင်း၏ စကားကို ကြားသော အခါတွင်မှ ပိုင်ယွင်ဟန်၏ မျက်နှာထက်တွင် စိတ်သက်သာရာ ရသည့် အရိပ်အယောင် တစ်ခု ထွက်ပေါ်လာခဲ့သည်။
“မတွန့်ဆုတ်နဲ့”
လီယွင်ကူးက ခိုင်မာစွာ ဆိုလိုက်၏။ သူမ၏ အသံက ပြင်းထန်စွာ တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်များနှင့် ကိန်းအောင်း နေသည်။ သူမမှာ ပင်ကိုယ်အားဖြင့် မဆိုးသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသော်လည်း ဆိုးသွမ်းသည့် နတ်ဘုရားမ တစ်ပါး၏ အမူအရာကို ပိုမို နှစ်ခြိုက်ပုံ ရသည်။
“…”
ပေ့ယွင်ဟန်နှင့် ကျူးကျွင်းတို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြ၏။ သူတို့ တွန့်ဆုတ်နေလိမ့်မည် မဟုတ်ချေ။ သူတို့ တွန့်ဆုတ်နေလို့ မရချေ။
မတူညီသော နယ်မြေများနှင့် အမျိုးမျိုး အဖုံဖုံ ကွဲပြားလှသော မြေမျက်နှာသွင်ပြင်များတစ်လျှောက်တွင် နေရာအနှံ့အပြားမှ အာဏာရှင်အဖွဲ့ဝင်များမှာ ကောင်းကင်ထက်တွင် ထွန်းလင်းနေသည့် ခုနစ်ရောင်ခြယ် အလင်းတန်းများကို တစ်ချိန်တည်းတွင် စိုက်ကြည့် နေခဲ့ကြလေသည်။ သူတို့ အတွက်တော့ ၎င်းမှာ နှစ်ခု တစ်ခုကို ကြိုဆိုရန် နောက်ပြန် ရေတွက်နေသကဲ့သို့ပင် ဖြစ်လေ၏။
အာဏာရှင်အဖွဲ့ဝင်များ အတွက် အစစ်အမှန် ပြိုင်ပွဲမှာ စတင်နေပြီ ဖြစ်သည်။
...
တစ်ယောက်နှင့် တစ်ယောက် ရုပ်ချင်း ဆင်တူသည့် မိန်းကလေး နှစ်ခုမှာ ရောင်စုံ တောက်ပနေသည့် ကောင်းကင်ကို ငေးကြည့်ရင်း အတူတူ ရပ်နေကြ၏။ သူတို့ နှစ်ယောက်စလုံးမှာ ရွှေရောင် ဆံနွယ်များကို ပိုင်ဆိုင်ထား၏။ သို့သော်လည်း အသက် အနည်းငယ် ပိုငယ်ပုံ ရသည့် တစ်ယောက်မှာ အပြာရောင် မျက်လုံးများကို ပိုင်ဆိုင်ထားကာ အနည်းငယ် အသက်ပိုကြီးသည့် တစ်ယောက်ကတော့ အနီရောင် မျက်လုံးများကို ပိုင်ဆိုင်ထား၏။
“မမ...”
ညီမဖြစ်သူက ခေါ်လိုက်၏။ သူမမှာ ယခင်ကထက် များစွာ ပိုမို ရင့်ကျက်လာခဲ့ကာ အပြစ် ကင်းစင်မှုများကို ဆုံးရှုံးရလုနီးပါး ဖြစ်နေခဲ့သည့် ကလေးမလေး တစ်ယောက်နှင့် ကွာခြား သွားခဲ့ပြီ ဖြစ်သည်။ ထိုနေ့တွင် ငွေရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် လူငယ် ဦးဆောင်သော အဖွဲ့တစ်ဖွဲ့မှာ သူမကို ကယ်တင်ခဲ့သည်။
“အန်ဖေးကျင်း... မမ သိပါတယ်”
အန်ပိရုက ညီမဖြစ်သူ၏ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း နှစ်သိမ့်လိုက်၏။ သူတို့ တစ်ယောက်ချင်းစီ၏ အော်ရာများကပင် အလွန် အားကောင်းပြီးသား ဖြစ်သည်။ သို့သော်လည်း လက်ချင်းချိတ်၍ သူတို့၏ ထူးခြားသော စိတ်နေသဘောထားများကို ပေါင်းစည်းလိုက်သောအခါ ပိုမို၍ အားကောင်းလာကြသည်။
အာဏာရှင်အဖွဲ့ဝင်တိုင်း လိုလိုတွင် သူတို့ အာဏာရှင်များ မည်ကဲ့သို့ ဖြစ်လာပုံ၊ ယခင်က မည်သည့် အရာများ ကြုံတွေ့ခဲ့ရပုံနှင့် ပတ်သက်၍ ကိုယ်ပိုင် ဇာတ်လမ်းများ ရှိကြသည်။ များစွာသော အာဏာရှင်များမှာ ဆိုးရွားသည့် ဘဝများမှ ကယ်တင်ခြင်း ခံထားရသူများ ဖြစ်သည်။
ဤသည်က သူတို့ သက်သေပြရမည့် အလှည့် ဖြစ်ပေသည်။ သူတို့အား ကယ်တင်ခဲ့သူ၊ သူတို့အား ဂရုစိုက်ကြောင်း ပြသခဲ့သူအား သူတို့မှာ ထိုက်တန်ကြောင်း ပြန်လည် ပြသရမည့် အလှည့် ဖြစ်သည်။
သိန်းနှင့်ချီသည့် အာဏာရှင် အဖွဲ့ဝင်များမှာ စတင်ကာ စုဝေး လာခဲ့ကြ၏။ အချို့ကလည်း တစ်ယောက်တည်း ဖြစ်သလို အချို့ကလည်း မဟာမိတ် အဖွဲ့များနှင့် ဖြစ်ပေသည်။ သို့သော်လည်း သူတို့ အားလုံး၏ နှလုံးသားထဲတွင်တော့ စိတ်ဆန္ဒ တစ်ခုတည်းသာ နေရာယူ နေခဲ့၏။
၎င်းကတော့ တိုက်ခိုက်ခြင်းပင်။
....
ကုဗတုံး သဏ္ဍာန် ပုံးအတွင်းတွင်တော့...
ဝေ့ဝူယင်သည် လှပသော ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထို့နောက် သူ့အား ပြင်ပလောကမှ ခြားနားထားသည့် ဖောက်ထွင်းမြင်နိုင်သော နံရံများကို ကြည့်လိုက်သည်။ သူ စကားတစ်လုံးမျှ မဆိုချေ။ ရိုးရှင်းစွာ အသက်ကို ရှူသွင်းလိုက်ကာ တည်ငြိမ်သော ခြေလှမ်းများနှင့် ရှေ့ကို လှမ်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ မည်သည့် ခုခံမှုမှ မရှိဘဲ နံရံများကို ထွင်းဖောက် ထွက်သွားခဲ့၏။
ပုံးအတွင်းရှိ မိန်းကလေးမှာ အံ့အားသင့်သွားကာ သူမ ကိုယ်တိုင်လည်း နောက်မှ လိုက်ထွက်ဖို့ ကြိုးပမ်းလိုက်သည်။ ကံဆိုးစွာပင် သူမ၏ ကြိုးပမ်းမှုက မည်သည့် ရလဒ်မှ မရရှိခဲ့ပါချေ။ မိန်းကလေးမှာ အလွန်ပင် ထိတ်လန့် တုန်လှုပ် သွားခဲ့၏။ သူမ ဝေ့ဝူယင်အား အော်ဟစ်ဖို့ ကြိုးပမ်း လိုက်သည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ သူမကို လျစ်လျူထားခဲ့၏။ သူက အခြား တစ်နေရာကိုသာ သူ၏ နှလုံးသားသည် အခြားတစ်နေရာတွင် အပြည့်အဝ အာရုံစိုက်နေခဲ့လေသည်။
***