← Chapters

ပေါင်းစပ်ခြင်း

Vol. 118 Ch. 1644

ပေါင်းစပ်ခြင်း

Vol. 118 Ch. 1644

"သရဖူ အပိုင်းအစတွေကို အမြန် ပေါင်းစပ်လိုက်ပါ"

တရှန်းမှာ ကျင့်ကြံရင်း လှမ်းပြောလိုက်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် တန်ဘူမာမှာ သေမျိုးတစ်ဦးထံမှ အမိန့်ကို နာခံလိမ့်မည် မဟုတ်ချေ။ နတ်ဆိုး စပ်မျိုးတစ်ဦး၏ အမိန့်ဆိုလျှင် ပို၍ပင် ဆိုးပေသေးသည်။ သို့သော်လည်း သူ ရိုးရှင်းစွာပင် သဘောတူလိုက်၏။ စန်းယွန်းလီကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် သူ တရှန်းထံသို့ ပြန်လှည့်လာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင်တော့ စူးစမ်းလိုစိတ်မှာ ပြင်းထန်စွာ တောက်လောင်နေသည်။ သို့သော် သူ မေးမြန်းလိုသည့် စိတ်ဆန္ဒကို ထိန်းချုပ် ထားခဲ့၏။

တရှန်းက အဂ္ဂိရတ် ပညာရှင်များအား ထည့်သွင်းထားသည့် သလင်းကျောက်ကို သူ့ကို လှမ်ပေးလိုက်၏။ တန်ဘူမာ လက်ခံ ယူရင်း ၎င်းကို လေ့လာလိုက်သည်။ သူ့စိတ်ထဲတွင်တော့ ကြောက်ရွံ့စိတ် တစ်ခု ရှိနေခဲ့၏။ ၎င်းက အတွင်းပိုင်း လောကလိုမျိုး အရာ တစ်ခုလော။ ၎င်းအား မည်သူက ဖန်တီးခဲ့သနည်း။ အလွှာအပြင်က လောကတွင်ပင် သူ ထိုကဲ့သို့ အရာမျိုးကို မတွေ့ဖူးချေ။

တရှန်းထံမှ မည်ကဲ့သို့ လွှတ်ပေးရမည် ဆိုသည့် ညွှန်ကြားချက်များကို ရယူပြီးနောက် တန်ဘူမာ ပျံသန်း ထွက်ခွာလာခဲ့၏။ မည်သူမှ သူနှင့် လိုက်မလာသည်ကို မြင်လိုက်ရသော အခါ သူ အံ့ဩသွားကာ နောက်ကို လှည့်ကြည့်လိုက်သည်။ ပြိုလဲလုနီးပါး ဖြစ်နေသည့် သူ၏ ကျင့်ကြံခြင်း နှလုံးသားမှာ လုံးဝ ပြိုကျသွားခဲ့ပြီ ဖြစ်သည်။ သူတို့မှာ သူ့လို မြေကြီးရှန့်ထို တစ်ဦးကိုပင် ခြိမ်းခြောက်မှု တစ်ခုဟု မသတ်မှတ်ပဲ ထာဝရ သရဖူကို လွတ်လပ်စွာ ဖန်တီးရန် ခွင့်ပြုနေသည်။ ထိုအရာက မည်မျှ ရယ်စရာကောင်းလိုက်သနည်း။ မည်မျှ ရှက်စရာကောင်းလိုက်သနည်း။

မကြာခင်မှာပင် တန်ဘူမာမှာ စန်းယွန်းလီတို့ အဖွဲ့ကို တွေ့လိုက်ရလေသည်။ သူမ၏ အဂ္ဂိရတ် ပညာရှင်များမှာလည်း သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့၏ တူညီသော ဝတ်စုံများကို ဝတ်ဆင်ထားလေရာ သူ ခပ်မြန်မြန် ခွဲခြားနိုင်ခဲ့သည်။ တန်ဘူမာ တရှန်း ညွှန်ကြားသည့် နည်းလမ် အတိုင်း သလင်းကျောက်ထဲမှ အဂ္ဂိရတ် ပညာရှင်များကို လွှတ်ပေးလိုက်၏။ ထျန်းရှောင်လော့နှင့် ချင်ကူးယဉ်တို့ နှစ်ဦးမှာ အနည်းငယ် ရှုပ်ထွေးနေသော အမူအရာများဖြင့် ထွက်ခွာလာခဲ့ကြသည်။

အာဏာရှင်အဖွဲ့ဝင် မဟုတ်သော အဂ္ဂိရတ်ပညာရှင်များသည် အလွန် အံ့အားသင့်နေကြ၏။ သူတို့ထဲမှ အချို့၏ မျက်လုံးများမှာ ပြင်းထန်သည့် မလိုလားခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။

“ဘာလို့ ငါတို့ကို အထဲကနေ ခေါ်ထုတ်လာရတာလဲ”

သူတို့ထဲမှ တစ်ဦးက ခါးခါးသီးသီး မေးလိုက်၏။ သလင်းကျောက် အတွင်းရှိ အာကာသ ဒိုင်မန်းရှင်းမှာ အလွန်ငြိမ်းချမ်းကာ သူတို့၏ အတွေးများသည် ပုံမှန်မဟုတ်ဘဲ ကြည်လင်နေစေသည်။ ရှုပ်ထွေးမှုများနှင့် စိတ်အနှောင့်အယှက်များ မရှိဘဲ ကျင့်ကြံခြင်းကို အပြည့်အဝ အာရုံစိုက်နိုင်စေခဲ့သည်။

တန်ဘူမာ မျက်မှောင်ကြုတ်လိုက်၏။

“ငါတို့ ကျန်အပိုင်းအစတွေကို ရပြီလား”

ထျန်းရှောင်လော့မှာလည်း အလားတူ အဖိုးတန်သည့် ပတ်ဝန်းကျင်ကို ဆုံးရှုံးလိုက်ရသဖြင့် အနည်းငယ် စိတ်ပျက် အားငယ်နေခဲ့သည်။ ထိုအာကာသအတွင်း၌ သေမျိုးနှင့် လျှို့ဝှက်ကျင့်စဉ်တို့၏ သဘာဝ သဟဇာတဖြစ် နေသည်။ ထိုနယ်မြေ အတွင်း၌ သူမမှာ အဖိုးတန် ကျင့်ကြံခြင်းနယ်မြေများထက်ပင် သာလွန်သည့် ရှင်းလင်းပြတ်သားမှုဖြင့် အမျိုးမျိုးသော ခေါင်းစဉ်များကို တွေးတောနိုင်ခဲ့သည်။

တမ်ဘူးမာက အပိုင်းအစ သုံးခုကို ထုတ်ယူလိုက်၏။

“ဒီသုံးခုကို အဖွဲ့လိုက် ပေါင်းစည်းလိုက်ကြ”

ညွှန်ကြားချက် ပေးပြီးနောက် သူ ဘေးသို့ ရွေ့လျားကာ ထိုင်ချလိုက်သည်။ ထို့နောက် ကျရောက်လာမည့် အနှောင့်အယှက်တိုင်းကို ကိုင်တွယ်ဖြေရှင်းမည့် ဓမ္မ ကာကွယ်သူအဖြစ် လုပ်ဆောင်ခဲ့သည်။ ဤအခန်းကဏ္ဍနှင့် ပတ်သက်၍ သူ့ထံတွင် မည်သည့် မကျေနပ်မှုမှ မရှိခဲ့ပေ။

အဂ္ဂိရတ်ပညာရှင် အဖွဲ့နှစ်ဖွဲ့မှာ ပေါင်းစည်းလိုက်ကြပြီ ဖြစ်သည်။ သူတို့ထံတွင် မည်သည့် မနာလို ဝန်တိုမှု၊ မမျှဝေလိုမှုမှ မရှိကြချေ။ အပိုင်းအစများတွင် လူတိုင်းအတွင် ကောင်းချီးပေး ခံရနိုင်သည့် အခွင့်အရေးများ ပါရှိနေခဲ့သည်။

ထျန်းရှောင်လော့နှင့် ချင်ကူးယဉ်တို့ နှစ်ယောက်မှာ လုပ်ငန်းစဉ်ကို စတင် လိုက်ကြ၏။ အဂ္ဂိရတ်ပညာရှင်များနှင့် တန်ဘူမာတို့ပင် သတိမထားလိုက်မိခင်မှာပင် ကလေးမလေး တစ်ယောက်မှာ သူတို့ အဖွဲ့၏ အလယ်တွင် ရှိနေခဲ့ပြီ ဖြစ်လေသည်။ သူမ၏ တည်ရှိမှုက အလွန် နူးညံ့သိမ်မွေ့လှပေသည်။ သူမအား မည်သူမှ သတိမထားမိကြချေ။

ပေ့ယင်ယင်မှာ ဂရုတစိုက်ပင် သူမ၏ အဂ္ဂိရတ် စွမ်းအင်များကို သွန်းလောင်းထည့် နေခဲ့၏။ သူမ၏ ခြေဖဝါးအောက်တွင်တော့ အရိပ်တစ်ခု ရှိနေခဲ့ကာ သူမ အပေါ် ကျရောက်လာနိုင်သည့် အာရုံ စူးစိုက်မှု အားလုံးကို ပိတ်ဆို့ထားခဲ့သည်။

အခြား အဂ္ဂိရတ် ပညာရှင်များမှာလည်း နောက်ကျခြင်း မရှိပဲ တစ်သားတည်း လုပ်ဆောင် လိုက်ကြ၏။ ထာဝရ သရဖူ၏ နောက်ဆုံး ပေါင်းစည်းခြင်း လုပ်ငန်းစဉ်မှာ စတင် နေခဲ့ပြီ ဖြစ်လေသည်။

စန်းယွန်းလီမှာ အဝေး တစ်နေရာတွင် ရပ်နေကာ အလင်းတိုင်ကို တည်ငြိမ်သည့် မျက်နှာထားနှင့် လှမ်းကြည့် နေခဲ့သည်။ သို့သော်လည်း... သူမ၏ အတွင်းစိတ်ကတော့ တန်ဘူမာ၏ သူမ အပေါ် တုန့်ပြန်ပုံကို အမှတ်ရကာ ပြန်လည် စဉ်းစား နေခဲ့သည်။ သူမမှာ ယီယွင်၏ အစစ်အမှန် လောက သိုင်းပညာ ကျင့်စဉ်ကို ရရှိခဲ့သော်လည်း ၎င်း၏ မူလ အစကိုတော့ ယခုတိုင် စဉ်းစားလို့ မရနိုင်ပါသေးချေ။ သူမ၏ အသိစိတ် ပင်လယ် အတွင်းရှိ ဝိညာဉ်မှာလည်း ထိုအကြောင်း ပြောကြားရန် ငြင်းဆန်ခဲ့သည်။

သို့သော်လည်း ကောင်းကင်လမ်းစဉ် စာအုပ်ထဲ၌ ဖော်ပြထားသည့် အချက်အလက်များ အရ ဆိုလျှင် ယီယွင်၏ အကြီးမားဆုံး ကံကောင်းခြင်း ဖြစ်သည့် ထိုကျင့်စဉ်၏ မူလပိုင်ရှင်မှာ အာဏာရှင် အင်ပါယာ အဆင့် သို့မဟုတ် ထိုအဆင့်နှင့် အတော်လေး နီးကပ်သူ တစ်ယောက် ဖြစ်နိုင်သည်။

စန်းယွန်းလီ တစ်ယောက် တွေးတောနေစဉ်မှာပင် ဝမ်မင်ယာက သူမ အနားသို့ ဖြည်းညင်းစွာ လျှောက်လာရင်း...

“အဆင်သင့်ဖြစ်ပြီလား”

ဟု မေးလိုက်၏။ စန်းယွန်းလီမှာ အလင်းတိုင်ကို စိုက်ကြည့်နေဆဲ ဖြစ်သော်လည်း ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။ သူမမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ပထမဆုံးနေ့ကတည်းက စတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထျန်းရီဝူ ကဲ့သို့ပင် သူမသည်လည်း ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာရန် ရည်ရွယ်ထားခြင်း မရှိခဲ့ချေ။ ထိုဘွဲ့မှာ သူမအတွက် အရေးပါမှု အလွန်နည်းပါးသည်။ အထူးသဖြင့်... ၎င်းနှင့်အတူ ပါလာသော ဝန်ထုပ်ဝန်ပိုးများကို သူမ မထမ်းဆောင်လိုချေ။

သူတို့ နှစ်စလုံးတွင် ဦးစားပေးမှုများအား ပြောင်းလဲ စေနိုင်သည့် သတင်းအချက်အလက် လမ်းကြောင်းများ ရှိနေခဲ့သည်။ ထို့အပြင် သူတို့ နှစ်ဦးစလုံးမှာ ကောင်းကင်ကိုပင် ဖီဆန်နိုင်သည့် အခွင့်အလမ်းများ စောင့်ဆိုင်းနေသော သေမျိုးအလွှာ၏ နောက်ဆုံးအဆင့်ကို ခြေချရန် ကျန်ရှိနေသေးသည်။

ဝမ်မင်ယာ ပုံးလိုက်၏။ သိမ်မွေ့စွာပင် သူမ၏ ကံကြမ္မာ ဝိညာဉ်မှာ တုန်ခါသွားခဲ့သည်။ သူမ၏ မျက်ဝန်းများကတော့ စန်းယွန်းလီ၏ မျက်ခုံးအလယ်သို့ တဖြည်းဖြည်းချင်း စီးဆင်း ဝင်ရောက်သွားနေသည့် ရွှေရောင် ပိုးသား အလား အလင်းများကို တွေ့မြင်လိုက်ရလေသည်။ ၎င်းတို့မှာ ကမ္မ ရေစက်ကြိုးများ၊ ကမ္မ ကံကောင်းခြင်းများနှင့် ကမ္မ အပြစ်များ ကဲ့သို့ လူအများစု မမြင်နိုင်သည့် အရာများ ဖြစ်သည်။ စန်းယွန်းလီမှာ အသက်ရှူလိုက်တိုင်းတွင် ကမ္မ ကံကောင်းခြင်းများနှင့် ၎င်းတို့နှင့် ဆက်နွယ်နေသည့် အကျိုးအမြတ်များကို ခိုးယူနေသည့်ပုံ ရသည်။

“စိတ်ဝင်စားစရာပဲ...”

ဝမ်မင်ယာ စိတ်ထဲမှ ရေရွတ်လိုက်လေ၏။ ထိုအခိုက်တွင်ပင်...

ဘုန်း...

အဂ္ဂိရတ် ရောင်ခြည် တစ်ခုမှာ သစ်တောနယ်မြေ ဒေသ၌ ပေါက်ကွဲလာကာ ကောင်းကင်သို့ တိုက်ရိုက် ထိုးတက် သွားခဲ့၏။ ထိုအသံမှာ လူတိုင်း၏ အာရုံများကို ဆွဲဆောင်သွားခဲ့ကာ ကောင်းကင်တွင် အလွန် ခမ်းနားသည့် ခုနစ်ရောင်ခြယ် အလင်းတန်းကြီးကို တွေ့မြင်လိုက်ရလေသည်။ ထိုမြင်ကွင်းမှာ လူတိုင်း၏ နှလုံးသားများကို ပြင်းပြသော စိတ်လှုပ်ရှားမှုများနှင့် အတူ လှုပ်ခါသွားစေခဲ့လေ၏။

...

အလွန်ကြီးမားလှသည့် ရေကန် နယ်မြေ တစ်ခု အတွင်းတွင်တော့ ကျွန်းတစ်ခု၏ အလယ်ဗဟိုတွင် ယောက်ျား နှစ်ဦးမှာ ပခုံးချင်းယှဉ်၍ ရပ်နေကြသည်။

ယောင်ဟုန်ရိနှင့် ရွှေဖုန်းပေါင်တို့ပင်...။

“အကိုယောင်... ကျွန်တော် အကို့ကို နောက်ကျ မကျန်အောင် ကြိုးစားပါ့မယ်...”

မီးလမ်းစဉ်၏ ကလေးငယ်က ခိုင်မာစွာ ဆိုလိုက်၏။

“မင်း နောက်ကျမှာ မဟုတ်ပါဘူး”

လေးသမားက ပြန်ဖြေလိုက်သည်။

...

တစ်ချိန်တည်း၌ အလွန် လှပသည့် မိန်းကလေး သုံးဦးနှင့် နဂါးလေး တစ်ကောင်မှာ ကောင်းကင်အလွှာထိ ရောက်သည့် တောင်တစ်လုံးထိပ်တွင် ရပ်နေခဲ့ကြသည်။ ထိုနေရာမှ နေ၍ ခုနစ်ရောင်ခြယ် အလင်းတန်းများကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ မိန်းကလေး သုံးယောက်စလုံး၏ မျက်လုံးများမှာ အလင်းတန်းများကို ငေးကြည့်ရင်း လျှို့ဝှက် ဆန်းကြယ်သည့် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပ နေခဲ့လေ၏။

သူတို့က အခြားလူများ မဟုတ်...။ ဝူပိုင်ကျိုး၊ ရွှယ်ရီဖေးနှင့် နာ့ရှင်းရီတို့ပင် ဖြစ်လေသည်။ နဂါးလေးကတော့ အားနူပင်။

“ငါတို့ ပေါ့ဆလို့ မရဘူးနော်...”

ဝူပိုင်ကျိုးက လေးနက်စွာ သတိပေးလိုက်၏။ ရွှယ်ရီဖေးက နားလည် သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်သည်။

“ငါ ပေါ့ဆမှာ မဟုတ်ဘူး”

နာ့ရှင်းရီကလည်း ပြောလိုက်၏။

...

အလင်းရောင်ဖြင့် ဖုံးကွယ်ထားသည့် ပုံရိပ် တစ်ခုမှာ မြေရိုင်းလွင်ပြင် တစ်ခု၏ အထက် ပေအနည်းငယ်ခန့် အကွာတွင် ဝဲနေခဲ့သည်။ အာဏာရှင် အင်ပါယာ၏ အလင်းမှာ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။

***

All Chapters