အချိန်ကျရောက်လာခြင်း
Vol. 118 Ch. 1643
ဝေ့ဝူယင်မှ အလင်း ပုံရိပ်၏ နောက်ဆက်တွဲ လုပ်ရပ်များကို လျစ်လျူလိုက်ရင်း မကောင်းဆိုးရွား စောင့်ကြပ်သူများ စုဝေးနေသည့် လိုဏ်ဂူ နယ်မြေကို ကြည့်လိုက်၏။ မြေကြီး ရှန့်ထို အဆင့် မကောင်းဆိုးရွားများမှာ ရွေးချယ်ခံများနှင့် မဆုံအောင် ရှောင်ရှားရင်း အချို့သော ပုံးများ၏ သော့များကို ဖွင့်ကာ နောက်ထပ် နောက်ထပ်သော မကောင်းဆိုးရွား စောင့်ကြပ်သူများကို ခေါ်ထုတ် သွားကြလေသည်။
ဝှစ်...
မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက်၌ လျှို့ဝှက် စွမ်းအင်လှိုင်း တစ်ခုမှာ ဖျပ်ခနဲ ထွက်ပေါ်လာခဲ့၏။ ထို့နောက် အခြားလူများ သတိထားမိမှာ စိုးရိမ်သည့် အလား အလျှင်အမြန် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ၎င်းမှာ အမတေ ကင်းမဲ့သော်လည်း လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ဖြစ်ကြောင်း ဝေ့ဝူယင် ချက်ချင်း သတိပြုလိုက်မိသည်။ ထိုတစ်ယောက်က မိန်းကလေး ဖြစ်သည်။ သူမ၏ အသားအရည်က အနီရောင် အစင်းကြောင်းများ ပါသည့် အဖြူရောင် စကျင်ကျောက် တစ်ခုနှင့် အလွန် ဆင်တူသည်။ သူမက ပုံးထဲမှ လွတ်မြောက်အောင် ကူညီပေးခဲ့သူ၏ ဦးဆောင်မှုနှင့် အတူ ထွက်ခွာသွားခဲ့လေသည်။
“နောက်တစ်ယောက်...”
ဝေ့ဝူယင်မှာ ချက်ချင်းပင် ခြေရာခံလိုက်နိုင်၏။ ၎င်း၏ နောက်ကွယ်တွင် မည်သူ ရှိနေသည်ကို သူ ကောင်းကောင်း သိပြီးသား ဖြစ်သည်။
သူ့အမြင်အရ ထိုအစီအစဉ်မှာ အတော်လေး ကျယ်ပြန့်နိုင်သည်။ ၎င်းကို လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကတည်းက စီစဉ်ထားခြင်း ဖြစ်နိုင်သည်။ ထာဝရ သရဖူ လုပွဲ၏ ကြီးကြပ်သူနှင့် စန်းယွန်းလီတို့ အကြောင်းကို တွေးရင်း ဝေ့ဝူယင် ခေါင်းငုံ့လိုက်မိ၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၌ မည်သည့် အရာများ ဖြစ်ပျက်မည်ကို စန်းယွန်းလီမှာ ကြိုတင် သိရှိထားခဲ့သည်လား။
“ရပြီ ရပြီ... ရှင် ကျွန်မဆီက ဘာလိုချင်တာလဲ”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာကာ သူ့အတွေးများကို ဖြတ်တောက်လိုက်၏။ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် မိန်းကလေးမှာ ပထမဆုံး အကြိမ် စတင် စကားပြောလိုက်ခြင်း ဖြစ်သည်။
“ဟမ်”
ဝေ့ဝူယင် လှည့်ကြည့်လိုက်၏။ မိန်းကလေး၏ မျက်လုံးများထဲ၌ ဖုံးကွယ်ထားသည့် စိုးရိမ် ပူပန်မှုများကို ဝေ့ဝူယင် တွေ့ရှိလိုက်ရသည်။ သူမက ဝေ့ဝူယင် တစ်ခုခု လုပ်တော့မည်ကို ခြောက်ခြားနေဟန် ရသည်။
“...”
ဝေ့ဝူယင် ဆွံ့အ သွားခဲ့၏။ သူက ကိုယ့်ဘာသာ တီးတိုး ပြောဆိုနေခြင်းသာ ဖြစ်သည်။ ထိုမိန်းကလေးမှာ သူမကို ပြောနေသည်ဟု အထင်ရှိနေသည်လား။ သို့မဟုတ်... သူ့ကို ရူးကြောင်ကြောင် ဖြစ်နေသည်ဟု ထင်နေသည်လား။
“ရှင်လုပ်ပေးခဲ့တဲ့ဟာတွေ အတွက် ကျွန်မ တစ်ဘဝလုံးနဲ့ ရင်းနှီးပြီး ပြန်ပေးဆပ်လိမ့်မယ်လို့ ထင်နေရင်တော့ ရှင် အစတည်းက ကျွန်မကို မကယ်တာ ကောင်းလိမ့်မယ်...”
မိန်းကလေးက အခိုင်အမာ ဆိုလိုက်၏။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူမက အလျှင်အမြန်ပင် ထပ်ဖြည့်လိုက်သည်။
“ရှင်က အရမ်းချော၊ အရမ်း အစွမ်းထက်၊ အရမ်း ချမ်းသာပြီး အဆက်အသွယ်ကောင်းတွေ ရှိတယ် ဆိုရင်တောင် ကျွန်မက အဲဒီလောက် လွယ်တဲ့ မိန်းကလေး မဟုတ်ဘူး... ကျွန်မက စေ့စပ်ထားပြီးသား ဆိုတာကိုတော့ ရှင်သိတယ် မလား... ကျွန်မ ရှင့်ကို ဘာမှ ပြန်ပေးနိုင်မှာ မဟုတ်ဘူးနော်”
"..."
ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းခါလိုက်မိ၏။ ထိုအရာက ကျေးဇူးရှင် တစ်ယောက်ကို တုန့်ပြန်သင့်သည့် ပုံစံလော။ ထို့အပြင်... သူမမှာ ကိုယ်လုပ်တော် တစ်ယောက် အဖြစ် ချီးမြှောက်ရန် တော်ကောက်ခံရသူ တစ်ယောက်သာ ဖြစ်သည်။ သို့တိုင်အောင် စေ့စပ်ထားသလိုလို ရောချ၍ သုံးနှုန်းနေသည်။
“မင်း ငါ့အတွက် တစ်ခု လုပ်ပေးရင် မင်းအသက် အတွက် တင်နေတဲ့ အကြွေးကို ငါ ချေပေးမယ်”
ဝေ့ဝူယင် ပြောလိုက်၏။
“တစ်ခု ဟုတ်လား...”
မိန်းကလေးမှာ ထိတ်လန့် သွားခဲ့၏။
“ရှင် ကျွန်မရဲ့ မူလယင်ကို လိုချင်တာလား...”
သူမ၏ လေသံက ဒေါသစွက်လာခဲ့သည်။
“...”
ဝေ့ဝူယင် ဆွံ့အသွားခဲ့ပြန်၏။ ထိုမိန်းမက သူမ၏ မူလယင်ကို အလွန် အဖိုးတန်သည်ဟု ထင်နေသည်လား။ သူ ပေးအပ်ခဲ့သည့် လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်ပင်လျှင် သူမ၏ မူလယင်ထက် အဆများစွာ ပိုမို အဖိုး ထိုက်တန်ပေသည်။ သူမက သူ့ကို နှာဘူးအရူးဟု ထင်နေသည်လား။
“ငါတို့ နောက်မှ ပြောကြတာပေါ့....”
သူ ထိုမိန်းကလေးနှင့် ဆက်လက်၍ စကားပြောလိုစိတ် မရှိတော့ချေ။ သူမက လှပပါသည်။ ဉာဏ်ကောင်းပါသည်။ ယုံကြည်လို့ ရနိုင်ပါသည်။ သို့သော်လည်း... စောစောပိုင်းက သူမ၏ စကားလုံးများနှင့် အပြုအမူများက ဝေ့ဝူယင်ကို တော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားစေခဲ့သည်။ ဝေ့ဝူယင် မိန်းကလေးကို လျစ်လျူကာ လောကနယ်မြေ အတွင်းရှိ အဖြစ်အပျက်များကိုသာ ပြန်လည် အာရုံစိုက်လိုက်၏။
လက်ရှိ၌ အလင်တိုင်ကြီး၏ ရောင်စဉ်တန်းများမှာ တဖြည်းဖြည်း လော့ကျလာနေခဲ့ပြီ ဖြစ်သည်။ ထိုဖြစ်စဉ်မှာ ၅၃ ရက်မြောက်နေ့၌ စတင်ခဲ့ခြင်း ဖြစ်ကာ ၅၄ ရက်မြောက်နေ့တွင် အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထို့နောက် တတိယ အဆင့် အတွင်းကို ဝင်ရောက်ပေလိမ့်မည်။ ပုံမှန်အားဖြင့် တတိယ အဆင့် စချိန်တွင် အပိုင်းအစ လေးခု ကျန်ရှိရဦးမည် ဖြစ်ကာ ထိုအထဲမှ နှစ်ခုချင်းစီကို ပေါင်းစပ်ရမည် ဖြစ်သည်။ သို့သော်လည်း... လောလောဆယ်တွင်တော့ သုံးခုသာ ကျန်ရှိပေတော့သည်။
ထိုအရာကပင် ထာဝရ သရဖူ လုပွဲကို စိတ်ဝင်စားစရာ ကောင်းအောင် အရှိန်မြှင့်တင် ပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အခြားလူများသာ အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း လက်ခံဖို့ ဆန္ဒရှိပါက ထာဝရ သရဖူမှာ ယနေ့တွင်ပင် ပေါင်းစည်းပြီး သွားပေလိမ့်မည်။ ထို့နောက်... အလွန်ပြင်းထန်သည့် နောက်ဆုံး တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
နာရီအနည်းငယ် ကြာပြီးနောက် အာဏာရှင်များ အပါအဝင် ချိပ်ပိတ်နယ်မြေမှ အတွင်းမှ ကျင့်ကြံသူများနှင့် အလွှာအပြင်က ရွေးချယ်ခံများ အားလုံးမှာ အလင်းတိုင်ကြီး ရှိရာထံသို့ စုဝေးလာခဲ့ကြတော့သည်။
တန်ဘူမာမှာ ထာဝရ သရဖူ၏ အပိုင်းအစ နှစ်ခုကို လက်ထဲတွင် စွဲကိုင်ထား၏။ သူက ပေါင်းစပ်ထားသည့် အပိုင်းအစ တစ်ခုကို ကိုင်ဆောင်ကာ ချဉ်းကပ်လာသည့် အဖြူရောင် ဆံနွယ်များနှင့် မိန်းကလေး တစ်ဦးကို စောင့်ကြည့် နေခဲ့သည်။
အချိန်တန်ခဲ့ပြီ ဖြစ်လေသည်။
...
စန်းယွန်းလီမှာ သရဖူ အပိုင်းအစကို လက်ထဲ၌ ဆွဲကိုင်ထား၏။ သူမက အဖြူနှင့် အနီရောထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားကာ အဖြူရောင် ဆံပင်ရှည်များမှာ လေနှင့် အတူ တဖျပ်ဖျပ် လွင့်စဉ်နေသည်။ မိန်းကလေး၏ ခြေတစ်လှမ်းချင်းစီမှာ တည်ငြိမ် နေ၏။
လောကကို စိုးမိုးနိင်သည့် စိတ်နေသဘောထားနှင့် ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်သည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသော်လည်း စန်းယွန်းလီမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် နာမည် ကျော်ကြားမှု မရှိသလောက်ပင်။ သူမကို သုံးလွှာ အဂ္ဂိရတ် ရှန့်ထို၏ မွေးစားသမီး အဖြစ်သာ အများအားဖြင့် လူသိများသည်။ သူမထံ၌ အချို့သော အောင်မြင်မှုများ ရှိသော်လည်း နေရာတိုင်း၌ ဝေ့ဝူယင်၏ အံ့မခန်း ဂုဏ်သတင်းများကသာ ပျံ့လွင့်နေလေရာ ထင်သလောက် ပေါ်လွင်လာခဲ့ခြင်း မရှိခဲ့ပါချေ။
အလင်းတိုင်ထံမှ ရောင်စဉ် အလင်းများမှာ မိန်းကလေး၏ မျက်နှာကို ထင်ဟပ်နေ၏။ သူမမှာ စောင့်ကြည့်နေကြသူတိုင်း၏ အာရုံ စူးစိုက်မှုများကို သဘာဝ အတိုင်းပင် ဆွဲဆောင်နေသည်။ ထိုအခိုက် ထိုနေရာတွင် သူမ တစ်ယောက်တည်းသာ ရှိနေသည့် အလားပင်။
တန်ဘူမာမှာ စန်းယွန်းလီကို စိုက်ကြည့်ကာ လေ့လာ နေခဲ့၏။ ထိုမိန်းကလေးမှာ ထူးခြားသည်ဟု သူ ခံစားရသည်။ သူမနှင့် တိုက်ပွဲ တစ်ခုကို သူ စိတ်ထဲမှ ပုံဖော် ကြည့်လိုက်၏။ အဆုံးသတ် ရလဒ်တွင် သူသာလျှင် ရှုံးနိမ့်သွားလိမ့်မည် ဖြစ်ကြောင်း ဝိညာဉ် အတွင်းမှ ခံစားလိုက်ရသည်။ သူ အန္တရာယ်ကို အာရုံခံမိသည်။
ပုံမှန်အားဖြင့် ဆိုပါက တန်ဘူမာ အလားတူ တွေးလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုအချိန်၌ သူ၏ ကျင့်ကြံခြင်း နှလုံးသားမှာ ကြေမွနေသည်။ သူ၏ ခိုင်မာသည့် စိတ်ဆန္ဒနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့မှာ အားကောင်းသည့် ရန်သူ တစ်ယောက်၏ ရှေ့တွင် ခံနိုင်ရည်မရှိတော့ပေ။
အတွေးများက ရှုပ်ထွေး ပွေလီနေသည့်တိုင် တန်ဘူမာ ရှေ့သို့ လျှောက်သွားကာ စန်းယွန်းလီနှင့် မျက်နှာချင်းဆိုင် လိုက်သည်။ မိန်းကလေးက အရပ် ဆယ့်ရှစ်ပေ မြင့်မားသည့် တိုက်တန်၏ မျက်လုံးများကို စိုက်ကြည့်ရန် ခေါင်းမော့လိုက်၏။ တန်ဘူမာ၏ အလွန် ကြီးမားလှသော ကိုယ်ကာယနှင့် မြေကြီးရှန့်ထို အဆင့် စွမ်းအင် အော်ရာများကို သူမ အနည်းငယ်ပင် ထိတ်လန့်ခြင်း မရှိပါချေ။
“သရဖူ အပိုင်းအစ ငါ့ကို ပေးပါ... ငါတို့ ပေါင်းစပ်လိုက်မယ်”
တန်ဘူမာက အေးဆေးစွာ ပြော၏။ စန်းယွန်းလီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်မင်ယာ၏ အစောပိုင်း ဟောကိန်းများကိုသာ မကြားခဲ့ရပါက သူမ ချက်ချင်းပင် တွေဝေမှု မရှိဘဲ ငြင်းဆိုခဲ့ပေလိမ့်မည်။ သို့သော်လည်း...။
ဝှစ်...
မိန်းကလေးက သူမ၏ သရဖူ အပိုင်းအစကို ကြယ်တာရာ စွမ်းအားဖြင့် ဝန်းရံကာ ရှေ့သို့ ပို့လိုက်သည်။ တန်ဘူမာ လက်ကို ဆန့်ထုတ်ကာ လှမ်းကိုင်လိုက်၏။
သို့သော်လည်း သရဖူအား ဝန်းရံထားသည့် စွမ်းအားကို ခံစားမိသော အခိုက်၌ သူ၏ မျက်လုံးကြီးများမှာ ပြူးကျယ် လာခဲ့တော့သည်။ ၎င်းမှာ ရွှေဝါရောင် ကဲ့သို့ စိုပြည်သည့် အရောင်ရှိကာ လတ်ဆတ်စွာ ထုတ်ယူထားသော ပျားရည်နှင့် ဆင်တူသည်။ သို့သော်လည်း အတွင်းပိုင်းတွင်တော့ မီးများ တဟုန်းဟုန်း တောက်လောင်ကာ အာဏာရှင် ဆန်လှသော၊ အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအားများနှင့် ဉာဏ်ပညာများကို သယ်ဆောင်ထားသော၊ ကောင်းကင်ဆန်သော အရည်အသွေးတစ်ခု ရှိနေသည်။ ကွဲပြားသော ဆန့်ကျင်ဘက် အာရုံခံစားမှုများသည် သူ၏ ဝိညာဉ်အာရုံကို တွန့်လိမ်သွားစေခဲ့သည်။
ရုတ်တရက်... တန်ဘူမာမှာ နဖူး၌ နာကျင်သွားသလို ခံစားလိုက်ရ၏။ ထို နာကျင်မှုကြောင့်သူ မျက်မှောင်ကြုတ် လိုက်မိသည်။ ပင်ကိုယ် အသိစိတ်နှင့် အတူ သူ စိတ်စွမ်းအင်များကို လည်ပတ်ကာ အသိစိတ် ပင်လယ်၌ ဖြစ်ပေါ်နေသည့် ခံစားချက်ကို ချက်ချင်းပင် သက်သာစေလိုက်သည်။ သို့သော်လည်း သူ့ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ ဖယ်ရှားရန် မဖြစ်နိုင်သည့် ကြောက်ရွံ့မှုတစ်မျိုး ရှိနေခဲ့၏။
သူ စန်းယွန်းလီကို ထပ်မံ၍ ကြည့်လိုက်သည်။ ထိုအခါ သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သေမျိုး လူသားတစ်ဦးနှင့် ရင်ဆိုင်ရစဉ် သေးငယ်သည်ဟု ခံစားလိုက်ရသည်။
စန်းယွန်းလီကတော့ အေးဆေး တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။
“ဘိသိက်ခံပွဲ မစခင် အကျိုးကျေးဇူးတွေကို မျှဝေနိုင်မယ်လို့ မျှော်လင့်ပါတယ်... ငါရဲ့ အဂ္ဂိရတ်ပညာရှင်တွေ မြောက်ဘက် သစ်တောဒေသမှာ စောင့်နေလိမ့်မယ်"
ထိုကဲ့သို့ ပြောပြီးနောက် မိန်းကလေးမှာ လှည့်ထွက် သွားခဲ့၏။ သူမ၏ လှုပ်ရှားမှု တစ်ခုချင်းစီက ချောမွေ့ ကြည်လင်နေကာ ကမ္ဘာ့ပတ်ဝန်းကျင်ရှိ မန်နာနှင့် အပြည့်အဝ သဟဇာတဖြစ်နေသည်။
"အစစ်အမှန် လောက ပဲ့တင်ထပ်ခြင်း ကိုယ်ခန္ဓာလား"
တန်ဘူမာ တစ်ယောက် မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိ၏။ ထိုမိန်းကလေးက မည်သူနည်း။ ထိုပုဂ္ဂိုလ်နှင့် မည်ကဲ့သို့ ဆက်စပ်မှုများ ရှိနေသနည်း။
အကြောင်းရင်းကို မရှာဖွေနိုင်မီတွင်ပင် နောက်ကွယ်မှ အသံ တစ်ခုက သူ့ကို ခေါ်လိုက်၏။
"သရဖူ အပိုင်းအစတွေကို အမြန် ပေါင်းစပ်လိုက်ပါ"
***