← Chapters

၅၃ ရက်မြောက်နေ့

Vol. 118 Ch. 1642

၅၃ ရက်မြောက်နေ့

Vol. 118 Ch. 1642

ဂူအောင်း နယ်မြေ တစ်ခုတွင်တော့ ထူးခြားသည့် ကိုယ်ရောင်ကိုယ်ဝါများ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ ရာပေါင်းများစွာ စုဝေး နေကြ၏။ မီးသွေးရောင် အသားအရေ၊ သွေးနီရောင် သွားစွယ်များနှင့် မျက်လုံးဖြူများရှိသည့် ယောက်ျား တစ်ဦးမှာ ထိုအုပ်စု၏ အလယ်တွင် ရှိနေကာ အခြားသူများမှာ သူ့ကို စိတ်အား ထက်သန်သော အကြည့်များဖြင့် ဝန်းရံနေကြ၏။

“ငါတို့ရဲ့ လွတ်လပ်ခွင့်ရဖို့ အခွင့်အရေး ရောက်လာပြီ”

မီးသွေးရောင် အသားအရည်နှင့် ယောက်ျားက မကျေနပ်မှုများ ပြည့်နှက်နေသည့် မိစ္ဆာသံနှင့် ပြောက်လိုက်၏။ ချက်ချင်းပင် တိတ်ဆိတ်စွာ ရှိနေသည့် ကျင့်ကြံသူတိုင်း၏ မျက်လုံးများမှာ မကောင်းဆိုးရွား အလင်းဖြင့် ပေါက်ကွဲထွက်လာခဲ့လေသည်။

...

တစ်ချိန်တည်း၌ ထျန်းရီဝူမှာ အနှောက်အယှက် ကင်းစွာပင် ဝင်္ကပါ အလံများကို ဆက်လက် စိုက်ထူနေဆဲ ဖြစ်သည်။ သတ္တမမြောက် မင်းသားမှာ အချိန်မီ ပြီးမြောက်စေဖို့ အတွက် သူ့ ကြိုးပမ်း အားထုတ်မှုများကို နှစ်ဆ အထိပင် တိုးမြှင့် နေခဲ့၏။

...

ဝေ့ဝူယင်ကတော့ ပုံး၏ နံရံကို မှီရင်း ထိုင်နေခဲ့သည်။ မိန်းကလေးကတော့ ဝေ့ဝူယင်ကို ကျောခိုင်းကာ ထောင့်တစ်နေရာကို မျက်နှာမူ ထားခဲ့၏။ ဝေ့ဝူယင် အသာအယာ ပြုံးလိုက်မိသည်။

“အဲဒီလိုပဲ ပြီးသွားမလား မသိဘူး”

သူ ကောင်းကင်ကို မော့ကြည့်ရင်း ခပ်တိုးတိုးလေး ပြောလိုက်လေ၏။

....

အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားသည်။ မကြာမီ ၅၃ ရက်မြောက်နေ့သို့ ရောက်ရှိလာကာ သရဖူ အပိုင်းအစများ၏ အံ့ဖွယ် စွမ်းအားများသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ လေထုမှာ ပိုမို၍ လေးလံလာခဲ့လေ၏။

...

၅၃ ရက်မြောက်နေ့...

ထာဝရ သရဖူ လုပွဲ၏ ၅၃ ရက်မြောက်နေ့၌ လေထုမှာ သိမ်မွေ့စွာပင် ပြောင်းလဲလာခဲ့သည်။ ၎င်းမှာ သေးငယ်ကာ သတိထားမိရန် ခက်ခဲသော်လည်း ချိပ်ပိတ်နယ်မြေနှင့် အလွှာအပြင်က လောကတို့မှ ရွေးချယ်ခံအားလုံး၏ နှလုံးသားထဲတွင် ထိုခံစားချက်မှာ စိမ့်ဝင်လာခဲ့သည်။

အာဏာရှင် အဖွဲ့မှ လွဲ၍ ချိပ်ပိတ်နယ်မြေမှ ကျန်ရွေးချယ်ခံများမှာ အမျိုးမျိုးသော အကာအကွယ်များ အောက်တွင် ပုန်းအောင်းနေကြကာ၊ လှည့်လည်သွားလာနေသော မကောင်းဆိုးရွား စောင့်ကြပ်သူများနှင့် အခြား ရွေးချယ်ခံများက သူတို့၏ ရောက်ရှိနေမှုကို လုံးဝ သတိမထားမိစေရန် ဆုတောင်းနေကြသည်။ ထို့အပြင်... သူတို့မှာ တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် ဖျက်ဆီးခြင်း လှိုင်းလုံးများနှင့်လည်း တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားနေကြသည်။

ကံကောင်းစွာပင် ကျူးဟိုင်၏ ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများကြောင့် ပြင်းထန်သော အကြမ်းဖက်မှုများမှာ လျော့ပါးသွားခဲ့သည်။ ထိုအချိန် အတွင်း မကောင်းဆိုးရွား စောင့်ကြပ်သူများမှာ ရုတ်တရက် ပေါ်လာလိုက်၊ ပျောက်သွားလိုက်နှင့် ခြေရာလက်ရာ မကျန်အောင် ဖြစ်နေကြသည်။

ပုံမှန်ဆိုလျှင် ၇ ခုမြောက် အပိုင်းအစ ပေါ်လာပြီးနောက်... ပုံးများမှာ အဓိက အာရုံစိုက်ရာ မဟုတ်တော့ပေ။ သို့သော်လည်း ယခုလက်ရှိ အချိန်အထိ၊ ပြန့်ကျဲကာ ပုန်းကွယ်နေသည့် ပုံးများစွာမှာ ဆက်တိုက် ဆိုသလို အဖွင့်ခံနေရကာ မိစ္ဆာ စွမ်းအင်များ ပေါက်ကွဲ ထွက်နေခဲ့သည်။ ဤထူးဆန်းသော ဖြစ်ရပ်ကို သတိပြုမိသူများကတော့ ဖြောင့်မတ်သည့် ရွေးချယ်ခံအချို့မှာ မကောင်းဆိုးရွား စောင့်ကြပ်သူများကို လိုက်လံနှိမ်နင်းနေသည်ဟု ယူဆကြသည်။

သို့သော်လည်း... မည်သူမှတော့ အရေးတယူ မလုပ်ကြပါချေ။ များလှစွာသော ရွေးချယ်ခံများမှာ ကိုယ်ပိုင် အခွင့်အရေးများ ရှာဖွေရန်နှင့် ထာဝရ သရဖူ အတွက် တိုက်ပွဲဝင်ရန် မဟာမိတ်များ ဖွဲ့စည်းရေးကိုသာ အာရုံစိုက်ခဲ့ကြသည်။ တစ်စုံတစ်ယောက်က မကောင်းဆိုးရွား စောင့်ကြပ်သူများကို ဖျက်ဆီးဖို့ ကြိုးစားနေသည် ဆိုလည်း ကြိုးစားပါစေ... သူတို့နှင့် မဆိုင်ပါချေ။

...

သစ်တောအုပ်ကြီး တစ်ခုအတွင်းတွင်တော့ ယီယွင်မှာ နေကြယ်မရှိသော ကောင်းကင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူ၏ မျက်နှာအမူအရာက ခံစားချက် ကင်းမဲ့နေ၏။ သူ့ ခန္ဓာကိုယ်မှ မည်သည့် အရောင်အဝါမှ ထွက်ပေါ်နေခြင်း မရှိချေ။ ယီယွင်မှာ သူ၏ မျက်လုံးများကို အဖြူရောင် ပိတ်စ တစ်ခုနှင့် စည်းနှောင်ထား၏။ ထိုပိတ်စမှ သိမ်မွေ့သည့် အသက်စွမ်းအင် လှုပ်ရှားမှုများ ထွက်ပေါ်နေခဲ့သည်။

“နင် ပြိုင်ပွဲဝင်ဖို့ စဉ်းစားနေတာလား”

ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာ၏။ အသံပိုင်ရှင်မှာ လင်းကန်း၏ အဖျက်အဆီး လေမုန်တိုင်းကြားမှ ယီယွင်ကို ကယ်တင်ခဲ့သည့် သေမျိုးတစ်ပိုင်း အရှင် အဆင့် မိန်းကလေးပင် ဖြစ်သည်။ သူမမှာ ခန္ဓာကိုယ်ထက်တွင် သွေးများ ဖုံးလွှမ်းနေခြင်း မရှိတော့လေရာ အသက်ရှူမှားလောက်ဖွယ် လှပသော ရုပ်သွင်ကို အပြည့်အဝ မြင်ရသည်။ မိန်းကလေးမှာ ပိန်သွယ်သည့် ခန္ဓာကိုယ်ကို ပို၍ ပေါ်လွင်စေသည့် မက်မွန်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ လှပ လုံးဝန်းသည့် ရင်သားတစ်စုံမှာ နှိုင်းယှဉ်၍ မရအောင် ဆွဲဆောင်မှုရှိသည့် အလှတရား တစ်ခုကို ထုတ်ဖော်ထား၏။

သူမမှာ ထျန်းရှောင်ချွမ်း (ဧကရီ)၊ ရွှယ်ရီဖေးနှင့် နာ့ရှင်းရီတို့ ကဲ့သို့ အလွန် လှပသူ တစ်ယောက် မဟုတ်သော်လည်း ထူးခြးစွာပင် ယောက်ျားသားများစွာကို ဆွဲဆောင်နိုင်စွမ်း ရှိသူ ဖြစ်သည်။ ထို့အပြင်... သူမ၏ ဝတ်ပုံစားပုံမှာ ခန္ဓာကိုယ်၏ အချို့သော အစိတ်အပိုင်းများကို ထုတ်ဖော် ထားလေရာ စိတ်ဝင်စားစရာ ကောင်းလှသည်။ သို့သော်လည်း မိန်းကလေးမှာ သူမ၏ ဝတ်ပုံစားပုံနှင့် ပတ်သက်၍ အခြားလူများ၏ အမြင်ကို ဂရုစိုက်ပုံ မရချေ။

“…”

ယီယွင်မှာ တိတ်ဆိတ်နေခဲ့၏။ မိန်းကလေးက ပေါ့ပေါ့ပါးပါး သက်ပြင်းတစ်ချက် ချလိုက်ရင်း ယီယွင်၏ နံဘေးတွင် ရပ်ကာ ကြယ်မရှိသော ကောင်းကင်ကို အလားတူ မော့ကြည့်လိုက်သည်။

ငွေရောင် ဝံပုလွေ ဖန်တီးခဲ့သည့် အစုလိုက် အပြုံလိုက် အမဲလိုက်ပွဲကြီးကို သူမ မှတ်မိနေဆဲ ဖြစ်သည်။ ထို့ကြောင့်... အဘယ်ကြောင့် လွတ်မြောက်ခဲ့ရသည်ကိုပါ သူမ သိသည်။ အကယ်၍ ယီယွင်မှာ အာဏာရှင် အမှတ်အသား ဆိုသည့် အရာကို အနမ်းတစ်ပွင့်ဖြင့် လက်ဆင့်ကမ်း မပေးခဲ့ပါက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ငွေရောင် ဝံပုလွေ၏ ဝါးမြိုမှုကို ခံနေရလောက်ပြီ ဖြစ်သည်။

သူမ ယီယွင်ကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြောင်း ပြန်လည် တွေးလိုက်မိသော အခါ၌ နှလုံးသားထဲမှ ရှက်ရွံ့စိတ်ကို ခံစားလိုက်ရသည်။ ယခုတွင်တော့ ထိုမျိုးစပ်လေးကို အသက်တစ်သက် အတွက် သူမ ကျေးဇူးတင်ရပေတော့မည်။

“ပြိုင်ပွဲက နောက်ထပ် အကြိမ်တွေ ရှိပါသေးတယ်... မင်းက ငယ်သေးတယ်... နောက်ပြီး မင်းရဲ့ ကျင့်ကြံခြင်း အခြေခံကလည်း မြင့်ပြီးသား... အသက် ၁၆၂ နှစ် ဒါမှမဟုတ် ၂၄၃ နှစ်လောက်ထိပဲ စောင့်လိုက်ပါ... အဲဒါဆိုရင် နင် ရွေးချယ်ခံ ဧကရာဇ် ဖြစ်ဖို့ အခွင့်အရေး ရလိမ့်မယ်”

မိန်းကလေးက နှစ်သိမ့်ရန် ကြိုးစားလိုက်၏။

သို့သော်လည်း ယီယွင်က ခေါင်းခါလိုက်သည်။

“နောက်တစ်ကြိမ် ရှိတော့မှာ မဟုတ်ဘူး”

သူ၏ လေသံက ခံစားချက် ကင်းမဲ့နေ၏။ မိန်းကလေး တစ်ယောက် အံ့အားသင့် သွားခဲ့သည်။ သူမက မေးခွန်းထုတ်သည့် သဘောဖြင့် မျက်ခုံးကို အပေါ်သို့ အနည်းငယ် မြှင့်တင်လိုက်၏။

“ဟမ်...”

“…”

သို့သော်လည်း ယီယွင် မဖြေပါချေ။ ထိုအကြောင်းကို စန်းယွန်းလီက သူ့ကို ပြောပြခဲ့ခြင်း ဖြစ်သည်။ သူမက သူ့ကို ပြိုင်ပွဲ ဝင်ရန်ပါ တိုက်တွန်းခဲ့သည်။ ယီယွင် အတွက်တော့ စန်းယွန်းလီမှာ ဒုတိယ မိခင် သဖွယ် ဖြစ်သည်။ သူမ၏ စကားလုံး တစ်လုံးချင်းစီတိုင်းကို သူ အပြည့်အဝ ယုံကြည်သည်။

“ဒီပြိုင်ပွဲမှာ ကိုယ့်ကိုယ်ကို အရေးပါအောင်လုပ်... နောက်ထပ် ရှိတော့မှာ မဟုတ်ဘူး။”

နောက်ဆုံးသော ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲနှင့် ပတ်သက်၍ ယီယွင်ထံတွင် စိတ်ကူးယဉ်မှု အချို့ ရှိခဲ့သည်။ သို့သော်လည်း... ဤမျိုးဆက်၏ ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာမည် မဟုတ်ကြောင်းကိုတော့ ယီယွင် အပြည့်အဝ သိရှိထားပေသည်။ အထူးသဖြင့် စန်းယွန်းလီ ပါဝင်နေချိန်တွင် ပို၍ပင် မဖြစ်နိုင်ပါချေ။

...

အဝေး တစ်နေရာရှိ ကုဗတုံး သဏ္ဍာန် ပုံးအတွင်းတွင်တော့ ဝေ့ဝူယင်မှာ အပြောကျယ်လှသော လောကနယ်မြေ တစ်လျှောက် ဖြစ်ပျက်နေသည်များကို နတ်ဘုရား တစ်ပါး ကဲ့သို့ စောင့်ကြည့်ရင်း အသေးစိတ် အချက်အလက် အားလုံးကို အမိအရ ဖမ်းယူ နေခဲ့လေသည်။

ထို့ကြောင့်ပင် ယီယွင် ပြောသော စကားလုံးများကိုလည်း သူ ကြားရသည်။ လေသံနှင့် အမူအရာ အရ... ထိုမျိုးစပ် ကလေးမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ နောက်တစ်ကြိမ် ရှိတော့မည် မဟုတ်ကြောင်း လုံးဝဥဿုံ ယုံကြည်နေဟန် ရသည်။

“ဆိုတော့ စန်းမိန်းကလေးရဲ့ စွမ်းရည်က အနာဂတ်ကို ကြိုမြင်နိုင်တာပေါ့... ဒါပေမဲ့ ဘယ်လိုမျိုးလဲ... အချိန်မြစ်နဲ့ ချိတ်ဆက်ထားလို့လား... ဒါမမဟုတ် ကောင်းကင်တာအိုတွေနဲ့ ဆက်သွယ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်တွေကို စောင့်ကြည့်နိုင်တာလား...”

လောကီ ပြန်လည် မွေးဖွားသူ စန်းယွန်းလီ၏ ထူးခြားသော အားသာချက်ကို ဝေ့ဝူယင် အသံထွက် ရေရွတ်ရင်း စဉ်းစား နေခဲ့မိသည်။ ယီယွင်မှာ စန်းယွန်းလီနှင့် နက်ရှိုင်းစွာ ပတ်နေသူ တစ်ဦး ဖြစ်လေရာ သူမနှင့် ပတ်သက်သည့် အချက်အလက်များကို တစ်ဆင့်ခံ စုံစမ်းလို့ ရပေသည်။

“ဘာပဲ ဖြစ်ဖြစ်... အဲဒါက ငါ စိတ်ပူနေရမယ့် ကိစ္စမဟုတ်တော့ဘူးလို့ ထင်တယ်”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ လက်ရှိ၌ စန်းယွန်းလီနှင့် ဝမ်မင်ယာတို့မှာ အတူတကွ ခရီးသွား နေကြသည်။ သူတို့၏ ဦးတည်ရာကတော့ အလင်းတိုင်ထံကိုပင် ဖြစ်လေ၏။

ဝေ့ဝူယင်၏ မျက်လုံးများက အလင်းဖြင့် ဖုံးကွယ်ထားသည့် ပုံရိပ်တစ်ခုထံသို့ ရွှေ့ပြောင်းသွားခဲ့ပြန်၏။ ထိုပုံရိပ်မှာ ထျန်းရီဝူ ဝင်္ကပါ အလံတစ်ခုကို ထားရှိခဲ့သည့် နေရာတစ်ခုကို စောင့်ကြည့်နေခဲ့သည်။ ထိုပုံရိပ်မှာ ဝေ့ဝူယင်နှင့် မိုင်ပေါင်း သိန်းချီ ကွာဝေးနေ၏။ သူက ခဏ စဉ်းစားနေပုံရသည်။ ထို့နောက်... ရုတ်ချည်းပင် ပျောက်ကွယ်သွားခဲ့၏။

ဝေ့ဝူယင် ပြုံးလိုက်လေသည်။

ဝှစ်...

၃ စက္ကန့်အတွင်းမှာပင် ထိုပုံရိပ်သည် သူတို့၏ ကုဗတုံး သဏ္ဍာန် ပုံးရှေ့တွင် တိုက်ရိုက် ပေါ်လာ၏။ သူက နံရံ တစ်ခုမှ ခြားမနေ သကဲ့သို့ပင် ပုံးကို ဖြတ်သန်း၍ ဝေ့ဝူယင်ကို တိုက်ရိုက် ကြည့်နေပုံရသည်။

“မင်း အဲဒါတွေကို လျစ်လျူရှုထားလို့ရတယ်... ဒါပေမဲ့ အချိန်တန်လာတဲ့အခါ မင်းတတ်နိုင်သမျှ အကုန်ယူဖို့ မတွန့်ဆုတ်နဲ့”

ဝေ့ဝူယင်က အဓိပ္ပာယ်ပါသည့် အပြုံးဖြင့် ပြောလိုက်၏။ ပုံရိပ်မှာ ထပ်မံ၍ ပျောက်ကွယ်သွားခဲ့သည်။ နှစ်စက္ကန့် အတွင်းမှာပင် သူက စန်းယွန်းလီနှင့် ဝမ်မင်ယာတို့ အနားသို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင်တော့...။

***

All Chapters