← Chapters

ကျင့်ကြံကြခြင်း

Vol. 118 Ch. 1640

ကျင့်ကြံကြခြင်း

Vol. 118 Ch. 1640

တန်ဘူမာတို့ အဖွဲ့မှာ အလင်းတိုင်နှင့် မိုင်ပေါင်း အနည်းငယ်ခန့် အကွာသို့ ရောက်ရှိလာခဲ့၏။ အလင်းတိုင်၏ အောက်ခြေ ဧရိယာ တစ်ဝိုက်တွင် အဖြူရောင် မီးခိုးငွေ့များ ထူထပ်များပြားစွာ လွင့်ပျံနေသည်ကို တွေ့ရှိရသည်။ ၎င်းတို့ကို ဖောက်ထွင်း၍ မမြင်နိုင်ချေ။ တိုင်၏ အပေါ်ပိုင်းတွင်တော့ ဘာတွေမှန်း မသိရသည့် မီးခိုးရောင် အစက်အပျောက်များ ရှိနေ၏။

ဝှစ်... ဝှစ်...

သူတို့ အဖွဲ့မှာ ပုံမှန် ပျံသန်းရင်း ထိုဧရိယာအတွင်း ဝင်လာခဲ့သည်။ သို့သော်လည်း တိုင်ခြေပတ်လည် ဧရိယာကို ရောက်သည်နှင့် တစ်ပြိုင်နက် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် ဖိအား တစ်ခုနှင့် ရင်ဆိုင်လိုက်ရ၏။ ပုံမှန် အခြေအနေ တစ်ခုတွင် ဆိုပါက ထိုဖိအားမှာ ဂြိုဟ်တစ်ခုကိုပင် ဖိချေပစ်နိုင်လောက်သည်။

ခရက်... ခရက်...

ရုတ်တရက် အရိုးများထံမှ ထူးဆန်းသည့် အက်ကွဲသံများကို ကြားလိုက်ရလေရာ တူလာရီနှင့် ယာ့စူးမာတို့ အပါအဝင် တိုက်တန်မျိုးနယ်များမှာ ချဉ်းကပ်မှုကို အမြန် ရပ်တန့်လိုက်ကြ၏။

“သခင်လေးမာ... ဒီနေရာက နေကြယ်ဇုန်...”

ယာ့စူးမာက အော်ဟစ် သတိပေးဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း... တန်ဘူမာမှာ ဖိအားကို ခံစားခဲ့ရပြီး ဖြစ်သည်။ သူ၏ အမူအရာက မကြုံစဖူး သုန်မှုန်နေ၏။ ထိုဖိအားကို တွန်းလှန်ဖို့ အတွက် သူ လျှို့ဝှက် စွမ်းအင်ကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ၎င်းအား လျှို့ဝှက်အော်ရာပင်လျှင် မတားဆီးနိုင်သည်က အံ့အားသင့်စရာ ဖြစ်သည်။

ဝှစ်... ဝှစ်...

ချက်ချင်းပင် တိုက်တန်များမှာ ပေရာဂဏန်းခန့် အကွာတွင် အတင်းအကြပ် ဆင်းသက်လိုက်ကြရ၏။ မြေပြင်တွင် အက်ကြောင်းများ မရှိချေ။ ၎င်းအား ချောမွတ်နေသည့် အနက်ရောင် ဖန်သားဖြင့် ဖန်တီးထားဟန် ရသည်။

တန်ဘူမာ၏ မျက်လုံးများက ဝိညာဉ် အလင်းရောင်များဖြင့် တောက်ပနေကာ အနက်ရောင် ဖန်သားကို စစ်ဆေးလိုက်၏။ ဤနေရာမှာ မူလက သဲမြေ ဧရိယာ တစ်ခု ဖြစ်ခဲ့ဟန် ရသည်။ သို့သော်လည်း... အလွန် ပူပြင်းသည့် ပတ်ဝန်းကျင်နှင့် ထူးကဲသည့် ဖိအားတို့မှာ ယခုလို ပုံစံမျိုးကို ပြောင်းလဲ သွားစေခဲ့ဟန် တူသည်။

တန်ဘူမာမှာ ထိုသီအိုရီကို စမ်းသပ်ရန် အတွက် သူ့လက်မောင်း တစ်ဝိုက်ရှိ လျှို့ဝှက် အကာအကွယ်၏ ဂုဏ်သတ္တိ အချို့ကို လျှော့ချလိုက်သည်။

ရှဲ...

ချက်ချင်းပင် သူ့လက်မောင်းမှာ ပြင်းထန်သည့် အပူချိန်ကြောင့် ကျက်သွားခဲ့၏။ ၎င်းမှာ ပုံမှန် နေတစ်စင်း၏ အပူချိန်ထက်ပင် ပိုမို ပြင်းထန်လေရာ နာကျင်မှုကြောင့် အံသွားများကို တင်းတင်းကြိတ် လိုက်ရသည်။

“အီးယား...”

ရုတ်တရက် မိန်းမဆန်သည့် အသံ တစ်ခု ထွက်ပေါ်လာရာ အားလုံးမှာ လှည့်ကြည့်လိုက်ကြ၏။ ထိုအခါ ယာ့စူးမာ၏ လက်မောင်းတွင်လည်း အလားတူ မီးလောင်ထားသည့် ဒဏ်ရာကို တွေ့လိုက်ရသည်။ ကြည့်ရသည်က သူသည်လည်း ထိုသီအိုရီကို စမ်းသပ်ခဲ့ဟန် ရသည်။

"..."

လူတိုင်း အံ့အားသင့်သွားကြ၏။ ကြီးမားသည့် တိုက်တန် ယောက်ျားဘသားကြီး တစ်ခုက ထိုသို့သော အသံကို ထုတ်လွှတ်နိုင်သလော။

“မင်းတို့ရဲ့ အကာအကွယ်တွေကို လျော့တိလျော့ရဲ လုပ်မထားနဲ့”

တန်ဘူမာက အလေးအနက် သတိပေးလိုက်၏။ တိုင်၏ အောက်ခြေရှိ ဧရိယာမှာ အလွန်ပူပြင်းလှသလို အပေါ်ဘက် ဧရိယာမှာလည်း မခံမရပ်နိုင်အောင် များပြားလှသည့် ဖိအားများဖြင့် ပျံသန်းနေသူတိုင်းကို အောက်သို့ ဆင်းသက်ရန် အတင်းအကျပ် တွန်းအားပေးနေကြောင်း သူ သဘောပေါက်လိုက်သည်။ သေမျိုးများ မည်ကဲ့သို့ ရှိနေသည်ကို တွေ့မြင်လိုရာ သူ လှမ်းကြည့်လိုက်၏။

“...”

ရုတ်တရက်... တန်ဘူမာ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ တရှန်းမှာ မျက်လုံးများကို မှိတ်ထားကာ မြေပြင်ပေါ်တွင် ပြားပြားချ ထိုင်လျှက် ရှိနေသည်။ သူမက မည်သည့် အကာအကွယ်ကိုမှ ထုတ်ဖော် မထားချေ။ မီးတောက်များ၏ အပူချိန်မှာ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေကာ ချွေးပေါက်များမှ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်လာနေခဲ့သည်။ သူမ၏ နံဘေးတွင် ပိုကေလည်း ရှိနေခဲ့၏။ သူသည်လည်း အလားတူပင် ခန္ဓာကိုယ်မှ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်လာနေခဲ့သည်။ ထိုမီးခိုးငွေ့များမှာ ခပ်လှမ်းလှမ်း တိုင်ခြေတွင် ပျံ့လွင့်နေသည့် မီးခိုးငွေ့များနှင့် ဆင်တူပေသည်။ ထိုအထဲတွင်တော့ အလားတူ ကျင့်ကြံနေသူများ ရှိနေသည်လော။

တန်ဘူမှာ ဟုန်ချွင်းဟွာနှင့် ပေ့ဝေဝေတို့ကို ရှာဖွေဖို့ ကြိုးစားကြည့်လိုက်၏။ ထိုအခါ သူတို့မှာ လုံးဝ ပျောက်ကွယ်နေသည်ကို တွေ့ရှိရ၏။ ကလေးမလေးတော့ တရှန်း၏ ပေါင်ပေါ်တွင် ထိုင်နေကာ ထန်ဂူနှင့် တူသည့် အရုပ်တစ်ရုပ်နှင့် ကစားနေခဲ့သည်။ သူမက လုံးဝ ခြားနားသည့် ဒိုင်မန်းရှင်း တစ်ခုတွင် ရှိနေသလိုမျိုး သူတို့၏ စကားသံများကို မကြားနိုင်ပါချေ။

“သူတို့ ဘယ်ရောက်သွားတာလဲ...”

တူလာရီက မေးလိုက်၏။ ထိုနှစ်ဦး ဘယ်တုန်းက ပျောက်ကွယ်သွားသည်ကို သူ သတိမထားမိပါချေ။

“သူတို့ အပေါ်ကို ပျံတက်သွားပြီ...”

အခြား တိုက်တန် တစ်ယောက်က ပြောလိုက်၏။ သူတို့ အားလုံးကို အပေါ်ကို တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ရာ အလွန် သေးငယ်သည့် အစက်အပျောက် နှစ်ခုကို တွေ့ရှိရသည်။ ၎င်းတို့မှာ အနီးအနားတွင် ရှိနေသယောင် ထင်ရသော်လည်း တစ်ချိန်တည်း၌ အလွန် ဝေးကွာနေသည်ဟု ခံစားရသည်။ သူတို့ စိတ်ရှုပ်ထွေး သွားကြ၏။ အစက်ကလေးများက သူတို့လော။

ထိုအခိုက်တွင်ပင် တရှန်း၏ မျက်လုံးများမှာ ပွင့်လာခဲ့၏။ ထိုအခါ... ပင်လယ်ကြီး၏ အပြောကျယ်မှုအား စူးစမ်းနေသည့် ဖားသူငယ်များလို ပြုမူနေသော တိုက်တန်များကို မြင်တွေ့လိုက်ရသည်။

“နင်တို့ ဒီနေရာမှာ ထိုင်ပြီး ကျင့်ကြံလို့ရတယ်...”

သူမက စိတ်ရှုပ်ဟန်ဖြင့် အကြံပေးလိုက်၏။

“ကျင့်ကြံဖို့လား”

ထန်ဘူမာ အံ့အားသင့်သွားသည်။

“ဒီနေရာက နေကြယ်ဇုံလေ... ကျင့်ကြံလို့ ရတဲ့နေရာ မဟုတ်ဘူး... ဒီနေရာ တစ်ခုလုံးကို နေကြယ်ရဲ့ ဂုဏ်သတ္တိတွေနဲ့ ပုံဖော်ထားတာ”

သူက ဇဝေဇဝါဖြင့် ပြောလိုက်သည်။ ဤနေရာတွင် ကျင့်ကြံလို့ ရသည် ဆိုသည့် စကားမျိုး သူ တစ်ခါမှ မကြားဖူးချေ။ နေကြယ်ဇုန်မှာ ပေါင်းစပ်ခြင်း အပိုင်းအစကို ဝန်းရံထားသည့် ဧရိယာ ဖြစ်ကာ နေကြယ်တစ်စင်း၏ အရည်အသွေးများကို ပိုင်ဆိုင်ထားသည်။ ဤနေရာတွင် ရှိနေခြင်းမှာ နေကြယ် တစ်စင်း၏ အလယ်ဗဟိုတွင် ရှိနေခြင်းနှင့် တူသည်။

ရာစုနှစ်များတစ်လျှောက် ရွေးချယ်ခံများစွာမှာ ဤနေရာတွင် အသက်ဆုံးရှုံးခဲ့ကြရသည်။ ရှင်းလင်းစွာပင် ဤသည်က ကျင့်ကြံရန် နေရာမဟုတ်ပေ။ ပုံမှန်အားဖြင့် ၎င်းမှာ ပေါင်းစပ်ခြင်း အပိုင်းအစ အတွက် နောက်ဆုံး တိုက်ပွဲ ဆင်နွှဲလေ့ ရှိသည့် အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်သည်။

တရှန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ တန်ဘူမာကို လူမိုက်တစ်ယောက် အလား သနားစွာ ကြည့်လိုက်သည်။

“နင့် သဘောပဲ...”

နောက်ဆုံးတွင်တော့ သူမက သက်ပြင်းတစ်ချက် ချလိုက်သည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ရန်နှင့် ခန္ဓာကိုယ် အတွင်းရှိ မသန့်စင်မှုများကို ဖယ်ရှားရန် နေကြယ်အပူချိန်ကို အသုံးပြုနိုင်ကြောင်း သူမ ဆက်လက်၍ ရှင်းမပြလိုတော့ချေ။

တန်ဘူမာ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူက ခေါင်းကို မော့ကာ အပေါ်ရှိ အနက်ရောင် အစက်အပျောက်လေးများကို ကြည့်လိုက်သည်။

“မဟုတ်မှ လွဲရော အဲဒါတွေက ကျင့်ကြံနေကြတဲ့ သေမျိုးတွေလား...”

သူ ယုတ္တိ မရှိဟု ခံစားလိုက်သည်။ သို့သော်လည်း... နေကြယ်ဇုန်မှာ ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံရန် နေရာ တစ်ခု ဖြစ်နိုင်ကြောင်း သူ မတွေးပဲ မနေနိုင်ခဲ့ပါချေ။

“အီးယား...”

ရုတ်တရက် စောစောပိုင်းက အသံမှာ နောက်တစ်ဖန် ပျံ့လွင့်လာခဲ့၏။ အားလုံး ယာ့စူးမာကို လှမ်းကြည့်လိုက်ကြလေသည်။ သို့သော်လည်း... သူတို့အားလုံး မြင်လိုက်ရသမျှက တဖြည်းဖြည်းချင်း အရည်ပျော်သွားသည့် အလွန် ကြီးမားသော တိုက်တန် ခန္ဓာကိုယ်ကြီး ဖြစ်သည်။

တန်ဘူမာ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ယာ့စူးမာ နံဘေးသို့ ပြေးလွှားသွားခဲ့၏။ ထို့နောက် သူက ချက်ချင်းပင် အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကို ထုတ်ဖော်လိုက်သည်။ အချိန်မီကလေးပင် ယာ့စူးမာ၏ ကံကြမ္မာမှာ နောက်သို့ တစ်ဖန်ပြန်လည် လာခဲ့၏။

ဝှစ်... ဝှစ်...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မီးလောင်ကျွမ်း သွားခဲ့သော တိုက်တန်မှာ တဖြည်းဖြည်းချင်း ပြန်လည် ထလာကာ မူလ ပုံသဏ္ဍာန်ကို ပြန်လည် ရရှိလာသည်။ ယာ့စူးမာ၏ မျက်လုံးများမှာ ပြူးကျယ်နေကာ ကြောက်ရွံ့စိတ်က သူ့ ဝိညာဉ် တစ်ခုလုံးကို လွှမ်းခြုံထား၏။ ထိုအရာမှာ ပတ်ဝန်းကျင်၏ အပူချိန်ကို ခန္ဓာကိုယ်နှင့် စမ်းသပ်ကြည့်ရန် ကြိုးပမ်းခြင်း၏ ရလဒ်ပင် ဖြစ်သည်။

ယာ့စူးမှာ နောက်ဆုံး၌ ကြောက်ရွံ့စိတ်ကို ဖွင့်ချရန် အသံကုန်ဟစ်အော်ဖို့ ကြိုးပမ်းလိုက်သော်လည်း... တန်ဘူမာက လက်ဟန် တစ်ခုဖြင့် သူ့ အသံကို တားဆီးလိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဧရိယာ အတွင်းမှ တိုက်ရိုက် ထုတ်ပယ် ပစ်လိုက်၏။

“မင်းတို့အားလုံး ထွက်သွားကြ”

တန်ဘူမာက အမိန့်ပေးလိုက်သည်။ ၎င်းက တင်းမာနေကာ မည်သည့် ညှိနှိုင်းမှုကိုမှ ခွင့်ပြု မထားသည့်ပုံ ရလေသည်။ သူ၏ မျက်နှာက အနည်းငယ် ဖြူရော်နေကာ ယာ့စူးမာကို ကယ်တင်ရန် ကြီးလေးသည့် တန်ဖိုးကို ပေးခဲ့ရတာ ရှင်းလင်းပေသည်။ တိုက်တန်များမှာ ချက်ချင်းပင် သဘောပေါက် သွားကြကာ ကိုယ်ပိုင် လျှို့ဝှက် အကာအကွယ်များကို အားဖြည့်၍ ထွက်ခွာ သွားခဲ့ကြတော့သည်။

***

All Chapters