အမွေအနှစ်မှတ်တမ်းတင်ကျောက်စိမ်းပြားကို ဝါးမျိုခြင်း၊ ပထမအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာခြင်း။
Vol. 4 Ch. 46
သို့သော် ခန္ဓာကိုယ်ကြံ့ခိုင်ရေးပညာရပ်ကို လေ့ကျင့်ရန် အလျင်မလိုချေ။ ၎င်းသည် တစ်ထိုင်တည်းဖြင့် ပြီးပြတ်နိုင်သောကိစ္စ မဟုတ်ပေ။ သူ၏ကျင့်ကြံမှုလမ်းကြောင်းနှင့် သက်ဆိုင်သည့်အရာဖြစ်သဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးပညာရပ် ဖြစ်လျှင် ပြီးရော ဟူ၍ ကြုံရာကျပန်း ရွေးချယ်လို့မရပေ။ ဤကိစ္စအတွက် ရေရှည်စီမံကိန်း ချမှတ်ရန် လိုပေသည်။
“ငါ့ရဲ့ကျင့်ကြံမှုကလွဲရင်၊ တခြားနယ်ပယ်တွေရဲ့ တိုးတက်မှုက အတော်လေးကျေနပ်စရာပါပဲ။”
ကျိုးစွေ့က မေးစေ့ကို ပွတ်လိုက်သည်။
ဤသုံးလအတွင်းအဆောင်ပညာ၊ အစီအရင်ပညာ၊ ဓားသိုင်းပညာနှင့် အခြားများစွာသော သူ၏ကျွမ်းကျင်မှုများက သိသိသာသာ တိုးတက်ခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ အလယ်အလတ်အဆင့် သို့မဟုတ် ထို့ထက်မြင့်သော အဆင့်သို့ ရောက်သည်နှင့် ကျင့်ကြံမှုတိုးတက်မှုက အလိုလို နှေးကွေးသွားမည်သာဖြစ်၏။ ယင်းသည် သူ၏လက်တွဲဖော်များ လက်ရှိရောက်ရှိထားသော အမြင့်ဆုံးနယ်ပယ် ဖြစ်သောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် သူမတို့ထံမှ ရရှိနိုင်သော အတွေ့အကြုံများသည်လည်း ဆက်တိုက်ပင် လျော့နည်းလာပေသည်။
“ထင်မထားမိတာကတော့ ပထမအဆင့် အလယ်အလတ်အဆင့် အစီအရင်ပညာနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တာပဲ။”
ကျိုးစွေ့၏မျက်ဝန်းများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပြီး သူ၏သိစိတ်ပင်လယ်ထဲမှာ ပထမအဆင့် အစီအရင်ပညာနှင့် ပတ်သက်သော အခြေခံအသိပညာများ ထွက်ပေါ်နေသည်ကို ခံစားမိလိုက်သည်။ ဤအစီအရင်အသိပညာအားလုံးက ရှားကျင်းယန်ထံမှ ဖြစ်လေသည်။
ဆိုရလျှင်၊ အစီအရင်ပညာရပ်သည် ကျင့်ကြံခြင်းလောက၏ပညာရပ်ကြီးလေးမျိုးထဲတွင် အခက်ခဲဆုံး ဖြစ်သည်။ အစီအရင်တစ်ခုကို အောင်မြင်စွာ တည်ဆောက်လိုပါက အစီအရင်ဗဟိုချက်များကို နားလည်ရမည့်အပြင်၊ တည်ဆောက်ရန်အတွက် အကောင်းဆုံးနေရာကိုလည်း တွက်ချက်နိုင်ရန် လိုအပ်ပေသည်။ ယင်းက မြင့်မားသောတွက်ချက်နိုင်စွမ်းရှိဖို့ လိုသည်။
အစီအရင်တစ်ခုတည်းသာ ဖြစ်ပါက အလွယ်တကူ တွက်ချက်နိုင်သော်လည်း၊ တစ်ချိန်ချိန်တွင် အစီအရင်များစွာအား တည်ဆောက်ရမည့်အချိန် ရှိလာမည်ဖြစ်၏။ အစီအရင်များအကြား ပြီးပြည့်စုံသော ပေါင်းစပ်မှုအတွက် အကောင်းဆုံးဗဟိုချက်များကို ရှာဖွေနိုင်ရန် တွက်ချက်မှုများစွာ လိုအပ်လေသည်။ ထိုမှသာ အစီအရင်များ အချင်းချင်း မနှောင့်ယှက်စေဘဲ အမှားအယွင်းကင်းစွာ တည်ဆောင်နိုင်ပေမည်။
လုံလောက်သော နားလည်တွက်ချက်နိုင်စွမ်းမရှိလျှင် စိတ်ကူးရန်ပင် မဖြစ်နိုင်ချေ။
၎င်းမှာ သင်္ချာနှင့် တူပေသည်။ သင်ကိုယ်တိုင် နားလည်ထားမှသာ တွက်ချက်နိုင်မည်ဖြစ်ပြီး၊ နားမလည်ထားလျှင်တွက်ချက်နိုင်မည် မဟုတ်ပေ။ အခြားမည်သူမျှ ကူညီပေးနိုင်မည်မဟုတ်ချေ။
သို့သော် ရှားကျင်းယန်ထံမှ ရရှိသော အစီအရင်အသိပညာဖြင့် သူသည် အလယ်အလတ်အဆင့် အစီအရင်ပညာရှင်တစ်ဦးအဖြစ် တက်လှမ်းနိုင်ခဲ့လေသည်။
သူ၏လက်ရှိအသိပညာဖြင့် လုံလောက်သောပစ္စည်းကိရိယာများသာ ရှိပါက တမ်းမိုးအစီအရင်၊ စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်၊ ရွှေအလင်းအကာအကွယ်အစီအရင် ကဲ့သို့သော သာမန်ပထမအဆင့် အစီအရင်များကို အလွယ်တကူ တည်ဆောက်နိုင်ပေသည်။
ကျင့်ကြံမှုအဆင့်ကိုသာ ခွဲခြားခြင်းမရှိပါက၊ အလယ်အလတ်အဆင့် အစီအရင်ပညာရှင်တစ်ဦး၏အမှတ်သညာကို ပိုင်ဆိုင်ထားလျှင်၊ အချို့သောကျင့်ကြံသူမိသားစုများအတွက် သူတို့၏အဓိကအစီအရင်ကြီးများကို တည်ဆောက်ပေးရန် ငှားရမ်းကြမည်မှာ သံသယဖြစ်စရာမလိုပေ။
မည်သို့ပင် ဖြစ်စေ မည်သည့်ကျင့်ကြံသူမိသားစုမဆို အဓိကအစီအရင်ကြီးများကို မရှိမဖြစ် လိုအပ်ပေသည်။
“ဒါပေမဲ့ အရေးအကြီးဆုံးအလုပ်အကိုင်ကတော့ ဆေးဖော်စပ်ပညာရှင်ပဲ။”
ကျိုးစွေ့၏မျက်လုံးများ တောက်ပလာသည်။
အစီအရင်ပညာ၊ အဆောင်ပညာ၊ လက်နက်ဖန်တီးခြင်းပညာ၊ ဓားသိုင်းပညာနှင့် အခြားသောပညာရပ်များအားလုံးသည် တိုက်ခိုက်ရေးနှင့် ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးသော အထောက်အကူပြုပညာရပ်များသာ ဖြစ်၏။
ဆေးဖော်စပ်ပညာတစ်ခုတည်းသာလျှင် ကျင့်ကြံမှုကို တိုးတက်စေရန် ကူညီပေးသောဆေးလုံးများကို ဖော်စပ်နိုင်သည်။ ယင်းသည်သာ အင်မော်တယ်လမ်းစဉ်သို့ အမှန်တကယ်ဦးတည်သောလမ်းကြောင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံမှုမတိုးမြှင့်နိုင်ပါက သက်တမ်းရှည်လာမည်မဟုတ်ချေ။ မည်မျှပင် တိုက်ခိုက်ရေးအားကောင်းစေကာမူ၊ နှစ်တစ်ရာအတွင်း အရိုးစုတစ်ခုအဖြစ်သာ အဆုံးသတ်ရပေမည်။
ထို့ကြောင့် ရာပေါင်းများစွာသော ကျင့်ကြံခြင်းလောက၏ပညာရပ်များထဲတွင်၊ ဆေးဖော်စပ်ပညာရှင်သည်လျှင် အမြင့်ဆုံးသော အဆင့်အတန်းအား ပိုင်ဆိုင်ပေသည်။
“သုံးလကုန်ဆုံးသွားပြီ၊ လုမိသားစုက ငါ့ကိုယ်ပွားကို ရှာဖို့ ခုထိမလှုပ်ရှားကြဘူး။ ကြည့်ရတာ ဒီတစ်ခါတော့ တကယ်လက်လျှော့လိုက်ပုံပဲ။ မိသားစုဝင်သုံးယောက် ဆုံးရှုံလိုက်တာတောင်မှ သည်းခံနေကြတယ်ဆိုတော့ လုမိသားစုရဲ့အခြေအနေက မကောင်းဘူးထင်တယ်။”
ကျိုးစွေက သူ့မျက်လုံးများအား မှေးလိုက်သည်။
မီယွင်မြို့ရှိ လုမိသားစု၏ရက်စက်ကြမ်းကြုတ်မှုကို သူကောင်းစွာသိသည်။ လုမိသားစုသည် အသေးအဖွဲကိစ္စကိုပင် လက်စားချေတတ်သောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ လုမိသားစုဝင်တစ်ဦးကို သတ်ဖြတ်သော မည်သည့်ကျင့်ကြံသူမဆို သံသယဖြစ်စရာမလို၊ အဆက်မပြတ် လိုက်လံလက်စားချေခြင်းအား ခံရပေမည်။
သူတို့တွင် ထိုသို့သော ကြောက်မက်ဖွယ်ဂုဏ်သတင်းမရှိခဲ့ပါက မီယွင်မြို့သည် ဤမျှငြိမ်းချမ်းမည်မဟုတ်ချေ။ လူနည်းစုသာ မြို့ထဲတွင် မဆင်မခြင်ပြုမူရဲပေသည်။
ယခုတွင်မူ ၎င်းတို့၏မိသားစုဝင်များ အသတ်ခံရသော်လည်း ကျူးလွန်သူအား မြို့ပြင်ထိ လိုက်လံရှာဖွေရန် မဝံ့ရဲကြသေးပေ။
ရှင်းနေသည်မှာ၊ လုမိသားစုအား ဟန့်တားထားသည်က ကျိုးစွေ့၏အစွမ်းကြောင့် မဟုတ်ဘဲ၊ လုမိသားစု ဒုက္ခပင်လယ်ဝေနေသောကြောင့် မြို့ပြင်သို့ အရဲစွန့် မထွက်ခွာရဲခြင်းသာဖြစ်သည်။
ထို့ကြောင့် မိသားစုဝင်များအသတ်ခံရပြီး လူသတ်သမားအား မဖော်ထုတ်နိုင်သေးတာတောင်မှ၊ ထောင်ချောက်ထဲ ကျရောက်မည်ကို စိုးရိမ်၍ မဆင်မခြင် မလှုပ်ရှားရဲကြသေးပေ။
“ဒီလိုဆိုမှတော့ အဲ့ဒီဆေးဖော်စပ်ပညာ အမွေအနှစ်တွေကို ဝါးမျိုဖို့ ‘စာအုပ်ကူ’ကို အရင်လွှတ်သင့်တယ်။”
ကျိုးစွေ့က မေးစေ့အား ပွတ်သပ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် ကိုယ်ပွားထံမှ ရတနာများကို ယူဆောင်ရန်မလိုအပ်ပေ။ “စာအုပ်ကူ”သည် အမွေအနှစ်မှတ်တမ်းတင်ကျောက်စိမ်းပြားကို ဝါးမျိုသရွေ့၊ အတွင်းရှိအချက်အလက်များကို ရရှိမည်ဖြစ်ရာ သူ့အတွက် မည်သည့်ခြိမ်းခြောက်မှုမှ မရှိစေပေ။
ဤသည်မှာ ပြီးပြည့်စုံသော အစီအစဉ်တစ်ခုဖြစ်၏။
လုမိသားစုသည် အမွေအနှစ်ထဲတွင် အထူးအစီအမံအချို့ ချန်ထားခဲ့လျှင်ပင်၊ ၎င်းသည် သူ့အပေါ် သက်ရောက်မှုရှိမည်မဟုတ်ချေ။
တစ်ရက်ကြာပြီးနောက်၊ ဒုတိယကိုယ်ပွားသည် “စာအုပ်ကူ”အား သယ်ဆောင်ကာ မြို့မှထွက်ခွာသွားပြီး၊ ပထမကိုယ်ပွား ပုန်းအောင်းနေသော နေရာသို့ ရောက်ရှိခဲ့လေသည်။
ဂျွတ်…၊ ဂျွတ်…။
ပထမအဆင့် ဆေးဖော်စပ်ပညာ အမွေအနှစ်မှတ်တမ်းတင်ကျောက်စိမ်းပြားကို မြင်သည်နှင့် “စာအုပ်ကူ”သည် စိတ်လှုပ်ရှားသွားက ချက်ချင်းပင် ခုန်အုပ်လိုက်လေသည်။
ဝူးရှ်…။
နောက်တစ်စက္ကန့်အတွင်း၊ နေအိမ်တွင်ရှိနေသော ကျိုးစွေ့သည် “စာအုပ်ကူ”နှင့် သူ၏ဆက်သွယ်မှုမှတစ်ဆင့် ပထမအဆင့် ဆေးဖော်စပ်ပညာရှင်နှင့်ပတ်သက်သော များပြားလှသည့် အမွေအနှစ်အသိပညာစီးကြောင်းအား ချက်ချင်းပင် လက်ခံရရှိလိုက်လေသည်။ ၎င်းက တောင်ကျရေကျသကဲ့သို့ဖြစ်သည်။
“ဒီလောက်တောင် ပြည့်စုံတာလား..။”
ကျိုးစွေ့ အံ့အားသင့်သွားကာ၊ လုမိသားစုထံမှ ဝယ်ယူခဲ့သော ဆေးဖော်စပ်ပညာအမွေအနှစ်သည် အတွင်း၌ပါဝင်သော များပြားသည့်အချက်အလက်များအရ ကုန်ရကျိုးနပ်သည်ဟု ခံစားလိုက်ရလေသည်။
အရင်ဦးဆုံးအနေဖြင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးသည် များပြားလှသော အသိပညာကို ကျွမ်းကျင်ရန် လိုပေသည်။ ပထမခြေလှမ်းမှာ ဆေးပင်များ၊ စိတ်ဝိညာဉ်အပင်များကို ခွဲခြားသိရှိရမည်ဖြစ်ပြီး၊ ၎င်းတို့၏သက်တမ်း၊ ဂုဏ်သတ္တိများကို နားလည်ရန်ဖြစ်သည်။ ဤအရာတစ်ခုတည်းကပင် ဆေးဖော်စပ်ပညာရှင်တစ်ဦးအတွက် ဆယ်စုနှစ်များစွာ အချိန်ယူရမည်ဖြစ်သည်။
ဒုတိယခြေလှမ်းမှာ စိတ်ဝိညာဉ်ဆေးပင်များကို သန့်စင်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊ ၎င်းဆေးပင်များအား တစ်ပင်လုံးအသုံးမပြုနိုင်ဘဲ၊ အကျိုးရှိသောအစိတ်အပိုင်းကိုသာ အသုံးပြု၍ အန္တရာယ်ရှိသော၊ အဆိပ်ရှိသော အစိတ်အပိုင်းများအား စွန့်ထုတ်ဖို့ရန် လိုလေသည်။
တတိယခြေလှမ်းမှာ စိတ်ဝိညာဉ်ဆေးပင်အမျိုးမျိုး၏ လက္ခဏာများကို နားလည်ရန်ဖြစ်သည်။ မည်သည့်အရာက မည်သည်နှင့် ပဋိပက္ခဖြစ်ပြီး၊ မည်သည်တို့အား ပေါင်းစပ်နိုင်သည်အား နားလည်ရမည် ဖြစ်သည်။
ထို့အပြင်၊ ဆေးဖော်စပ်ပညာရှင်သည် မီး၊ ရေ၊ မိုးကြိုး၊ မြေနှင့် ရွှေကဲ့သို့သော ဆေးဖော်စပ်ပညာနည်းလမ်းအမျိုးမျိုးကို ကျွမ်းကျင်ရန် လိုအပ်သလို၊ ဆေးဖော်စပ်နေစဉ်အတွင်း အပူပေးသည့်လုပ်ငန်းစဉ်ကိုလည်း ထိန်းညှိကာ စောင့်ကြည့်ရန် လိုအပ်သေးသည်။
သို့သော် ဤဆေးဖော်စပ်ပညာအမွေအနှစ်၏ အသိပညာသည် ရှေးလူကြီးများ နှစ်ပေါင်းများစွာ ကောက်နှုတ်စုဆောင်းခဲ့ခြင်းဖြစ်သည်။ ပြီးပြည့်စုံသော အမွေအနှစ်မရှိဘဲ၊ ဤမျှများပြားသော အသိပညာရှိမည်မဟုတ်ချေ။
ဤပထမအဆင့် ဆေးဖော်စပ်ပညာရှင်အမွေအနှစ်ကို ဝယ်ယူရာတွင် သူသုံးစွဲခဲ့သော အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများစွာသည် သေချာပေါက်ကုန်ရကျိုးနပ်သည်မှာ သံသယဖြစ်ရာမလိုပေ။
မှန်ပေသည်၊ လုမိသားစုဆိုင်တာဝန်ခံသည် နဂိုက ဤပြီးပြည့်စုံသော အမွေအနှစ်အား ထုတ်ပြလိုခြင်းမရှိပေ။ လူရော၊ရတနာပါ နှစ်မျိုးစလုံး အကျိုးအမြတ်ရယူရန်အတွက်သာ ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး၊ လုယက်ရန် ရည်ရွယ်ချက်ဖြင့် စေလွှတ်လိုက်သော မိသားစုဝင်များမှာမူ ကျိုးစွေ့၏သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းသာဖြစ်သည်။
ဤချိုသောသကြားလုံးသည် အဆိပ်ရှိသော်လည်း ကျိုးစွေ့က စားသုံးရဲခဲ့သည်။ ယင်းက လုမိသားစုအား ‘မိအေးနှစ်ခါနာ’ ဖြစ်စေလေသည်။
“အင်း ပထမအဆင့် ဆေးဖော်စပ်ပညာရှင်အမွေအနှစ်က ဒီလောက်တောင် ပြည့်စုံနေတယ်ဆိုတော့၊ လုမိသားစုမှာ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်အမွေအနှစ်လည်း ရှိနေနိုင်လောက်တယ်။”
ထိုအတွေးကြောင့် စိတ်လှုပ်ရှားမှုအား မထိန်းနိုင်တော့ပေ။
“ငါသာ လုမိသားစုရဲ့ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်အမွေအနှစ်ကို ရနိုင်လို့ကတော့၊ အနာဂတ်မှာ ဒုတိယ်အဆင့်ဆေးဖော်စပ်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပြီ။ အဲ့ဒီအခါကျရင် အခြားသူတွေအပေါ် အားကိုးစရာမလိုဘဲ၊ ငါ့ဘာသာ အခြေတည်ဆေးလုံးကို ဖော်စပ်နိုင်ပြီ။”
ထိုလုမိသားစုကျင့်ကြံသူများထံမှ ရရှိခဲ့သော မှတ်ဉာဏ်များအား သတိရလိုက်သည်။ လုမိသားစု၏ အမွေအနှစ်များအား သူတို့၏ကျမ်းစာဆောင်တွင် သိမ်းဆည်းထားသည်ကို သူရှင်းလင်းစွာ သိထားလေသည်။
ထိုကျမ်းစာဆောင်သည် လုမိသားစု နှစ်နှစ်ရာကျော်ကြာ စုဆောင်းခဲ့သော အမွေအနှစ်မှတ်တမ်းတင် ကျောက်စိမ်းပြား အများအပြားကို သိုလှောင်ထားလေသည်။ ၎င်းတို့၏ တန်ဖိုးကို ခန့်မှန်း၍ပင် မရနိုင်ပေ။
“အခြေအနေကို ကြည့်ရတာ၊ လုမိသားစု ကျဆုံးဖို့ သိပ်မလိုလောက်တော့ဘူး။ လုမိသားစုဘိုးဘေး သေတာနဲ့ လုမိသားစုတစ်ခုလုံး ပြိုလဲသွားနိုင်တယ်။”
“အဲ့ဒီအချိန်ကျရင် အခွင့်အရေးစောင့်ပြီးတော့ လုမိသားစုရဲ့ အမွေအနှစ်မှတ်တမ်းတင် ကျောက်စိမ်းပြားတွေကို သိမ်းပိုက်နိုင်လောက်တယ်။”
ကျိုးစွေ့၏မျက်ဝန်းများက စိတ်လှုပ်ရှားမှုဖြင့် လင်းလက်နေသည်။
အကယ်၍ ‘စာအုပ်ကူ’သည် အမွေအနှစ်မှတ်တမ်းတင် ကျောက်စိမ်းပြား အများကြီးအား ဝါးမျိုလိုက်ပါက၊ သူမည်မျှနားလည်နိုင်စွမ်း ရရှိမည်အား တွေးကြည့်၍ပင် မရချေ။
မှန်ပေသည်၊ ဤသို့သော ကိစ္စရပ်များသည် ဂရုတစိုက် အစီအစဉ်ဆွဲရန် လိုအပ်ကာ၊ အလျင်စလိုလုပ်၍မရပေ။
အခွင့်မသာပါက၊ သူသည် လက်လွတ်စပယ် လှုပ်ရှားမည်မဟုတ်ပေ။