← Chapters

‘ရွှေစားကူဘုရင်မ’အား သန့်စင်ခြင်း၊ မှော်အသုံးအဆောင်ပစ္စည်းများအား ဝါးမျိုခြင်း။

Vol. 4 Ch. 47

‘ရွှေစားကူဘုရင်မ’အား သန့်စင်ခြင်း၊ မှော်အသုံးအဆောင်ပစ္စည်းများအား ဝါးမျိုခြင်း။

Vol. 4 Ch. 47

ကျိုးစွေ့အတွက် လုမိသားစု၏ ကျဆုံးခြင်းသည် မုချ ကောင်းမွန်သောကိစ္စသာဖြစ်၏။

ဖြစ်နိုင်လျှင် ၎င်းတို့၏ပြိုလဲမှုအား ပိုမြန်အောင်ပင် လုပ်ပေးလိုက်ချင်သေးသည်။

မည်သို့ပင်ဖြစ်စေ၊ လုမိသားစုသည် အသေးအဖွဲကိစ္စလေးများအတွက်ပင် လက်စားချေတတ်ခြင်းကြောင့် ကျော်ကြားပေ၏။ ၎င်းတို့၏မိသားစုဝင်များအား မည်သူသတ်ဖြတ်ခဲ့သည်အား မသိကြသေးသော်လည်း၊ ၎င်းတို့ပြန်လည်ခေါင်းမော့လာနိုင်သည်နှင့် သေချာပေါက် လက်စားချေကြမည်ဖြစ်၏။

လုမိသားစု၏လက်စားချေမှုအား ထိုင်စောင့်နေမည့်အစား၊ ၎င်းတို့အား အပြီးတိုင်ဖျက်ဆီး၍ ပြဿနာအား တစ်ကြိမ်တည်းနှင့် ပြီးပြတ်စေခြင်းက ပိုမိုကောင်းမွန်ပေသည်။

ဂျွတ်…ဂျွတ်။

ထိုအချိန်တွင် ‘စာအုပ်ကူ’သည် ပထမအဆင့် ဆေးဖော်စပ်ပညာအမွေအနှစ်မှတ်တမ်းတင် ကျောက်စိမ်းပြားကို ဝါးမျိုနေရုံသာမက၊ ရတနာစံအိမ်မှ ဝယ်ယူခဲ့သော ဆေးလုံးဖော်စပ်နည်းများကိုလည်း ဝါးမျိုနေလေသည်။

တစ်ခဏအတွင်းမှာပင် ဆေးလုံးဖော်စပ်နည်းများ၏ အကြောင်းအရာများအား စုပ်ယူလိုက်ပြီး၊ ပထမအဆင့် ဆေးလုံးအမျိုးမျိုး ဖော်စပ်နည်းများအား သူ၏မှတ်ဉာဏ်ထဲတွင် ထင်ထင်ရှားရှား စွဲမြဲသွားစေလေသည်။

ယင်းသို့ဖြင့် သူဝယ်ယူခဲ့သော ရတနာစံအိမ်မှ အသိပညာအားလုံးအား ‘စာအုပ်ကူ’က ပုံရိပ်ယောင်စာအုပ်များအဖြစ်သို့ အောင်မြင်စွာ မှတ်တမ်းတင်ခဲ့လေသည်။

“ဒီလုမိသားစုဝင်တွေရဲ့ သိုလှောင်အိတ်တွေထဲ ဘာတွေပါလဲ ကြည့်လိုက်တာပေါ့။”

ထိုသို့တွေးကာ ကျိုးစွေ့က သူ၏ကိုယ်ပွားအား အမိန့်ပေးလိုက်လေသည်။ လွန်ခဲ့သောလအနည်းငယ်အတွင်း လုမိသားစုက လှည့်ကွက်အချို့ ချန်ထားခဲ့မည်ကို စိုးရိမ်သောကြောင့် သိုလှောင်အိတ်များအား မဖွင့်ရဲခဲ့ချေ။ ယခုတွင်မူ အခြေအနေများ မတူတော့ပေ။

လုမိသားစုက အချိန်တိုအတွင်း လက်စားချေနိုင်မည်မဟုတ်သောကြောင့် သိုလှောင်အိတ်များအား တိုက်ရိုက်ဖွင့်ကာ အတွင်းရှိရတနာများအား စစ်ဆေးနိုင်ပေသည်။

“ဘုရားရေ…၊ လုမိသားစုဆိုပြီးတော့ လက်စသတ်တော့ ငမွဲတွေပဲ။”

သိုလှောင်အိတ်များကို ဖွင့်၍ အတွင်းသို့ အလျင်အမြန်ကြည့်လိုက်သောအခါ ကျိုးစွေ့ နှုတ်ခမ်းမဲ့သွားလေသည်။ အိတ်သုံးလုံးတွင် စုစု‌ပေါင်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင်သာ ပါဝင်ရာ အဖက်လုပ်ရန်ပင် မထိုက်တန်ချေ။

ထို့အပြင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ထောင်၊သုံးထောင်ခန့် တန်ဖိုးရှိသော ဟွမ်းလုံဆေးလုံး၊ ကြည်လင်စမ်းဆေးလုံး စသည့်ဆေးလုံးပုလင်း ဒါဇင်ခန့်အား တွေ့ရလေသည်။

ယင်းအပြင် တိုလီမိုစီအချို့နှင့် အဆင့်နိမ့် မှော်အသုံးအဆောင်သုံးခုလည်း ပါဝင်ပေသည်။

ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူသုံးဦးပေါင်း၏ ကြွယ်ဝမှုသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့်သာ ရှိလေသည်။

ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများပင်လျှင် တည်ငြိမ်သောဝင်‌ငွေရင်းမြစ် မရှိပါက ဝိညာဉ်ကျောက်တုံး များစွာ စုဆောင်းနိုင်မည့်ပုံ မပေါ်ချေ။

ထိုသူတို့ လုယက်သူများအဖြစ် ရွေးချယ်ခဲ့ကြသည်မှာ မထူးဆန်းတော့ပေ။

“နေအုံး… ဒါက ရွှေစားပန်းများလား။”

ကျိုးစွေ့၏မျက်ဝန်းများ အရောင်လက်သွားသည်။ သိုလှောင်အိတ်တစ်ခုထဲတွင် ရှားပါးသော စိတ်ဝိညာဉ်အပင်ဖြစ်သည့် ရွှေစားပန်းအား တွေ့လိုက်ရလေသည်။ ၎င်းသည် အလွန်ရှားပါးသော စိတ်ဝိညာဉ်ဆေးပင် ဖြစ်ပြီး ဒန်ဆေးစံအိမ်တွင်ပင် မရောင်းချနိုင်ပေ။

ထွက်ပေါ်လာတိုင်း တစ်စုံတစ်ဦးက ချက်ချင်းဆိုသလိုဝယ်ယူသွားလေ့ရှိသဖြင့် ရရှိနိုင်ရန် မလွယ်ကူချေ။

ယခင်က ရွှေစားပန်းတစ်ပွင့် ဝယ်ယူနိုင်ရန် သူကြိုးစားခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှမတွေ့ခဲ့ရပေ။ ယခု ဤနေရာတွင် ၎င်းအားတွေ့ရလိမ့်မည်ဟု သူမထင်ထားပေ။

ရွှေစားပန်းအား ရှာဖွေရခြင်းမှာ ၎င်းသည် ‘ရွှေစားကူ’အား သန့်စင်ရန် အဓိကပါဝင်ပစ္စည်းဖြစ်သောကြောင့်ပင်။

အဓိကပါဝင်ပစ္စည်းအား ရသည်နှင့် အခြားအထောက်ကူပြု ပါဝင်ပစ္စည်းများက ပြဿနာမဟုတ်တော့ပေ။

“ပွတာပဲ။ နေရာအနှံ့ လိုက်ရှာတုံးကတော့ မတွေ့ဘူး၊ အခုတော့ တည့်တည့်ကိုးတိုးတာပဲ။”

ကျိုးစွေ့က ဝမ်းသာအားရ ရယ်မောလိုက်သည်။

သူသည် ‘ရွှေစားကူ’အား သန့်စင်ရန် အဓိကပါဝင်ပစ္စည်းအား မမောနိုင်၊မပန်းနိုင် ရှာဖွေခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် ယခုတွင် လုမိသားစုကျင့်ကြံသူသုံးဦးထံတွင် လာတွေ့နေလေသည်။

သိထားရမည်မှာ ‘ရွှေစားကူ’သည် လောကရှိ သတ္တုများနှင့် ဝိညာဉ်စွမ်းအင်အားလုံးအား ဝါးမျိုရသည်ကို နှစ်ခြိုက်သော သဘာဝတရားကြီး၏ အံ့ဖွယ်ကူပိုးကောင်တစ်မျိုးဖြစ်ပြီး ရေ၊ မီး၊ ဓား၊ လှံတို့အား ခံနိုင်ရည်ရှိလေသည်။

ထို့အပြင် ၎င်းသည် ဘုရင်မအနေဖြင့် ‘ရွှေစာပိုးကောင်’အများအပြားအား မွေးမြူနိုင်လေသည်။

၎င်းတို့၏ အရေအတွက်သည် ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာသို့ ရောက်ရှိသွားပါက သူတို့လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမျိုပစ်နိုင်သော ပိုးကောင်ကပ်ဘေးတစ်ခုအား ဖြစ်ပေါ်စေနိုင်သည်။

အစစ်အမှန်အင်မော်တယ်များပင်လျှင် သူတို့နှင့်ရင်ဆိုင်ရပါက ခြေသုံးလှမ်း နောက်ဆုတ်ကာ ကြောက်ရွံတုန်လှုပ်ကြပေမည်။

‘ရွှေစားကူ’ကိုသာ သန့်စင်နိုင်ပါက သူ့တွင် နောက်ထပ်ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးနည်းလမ်းတစ်ခုအား ရရှိမည်မှာ သံသယဖြစ်စရာမလိုချေ။

ထို့အပြင် ရွှေစားပိုးကောင်အများကြီးအား မွေးမြူ၍ ကြီးမားသော ရွှေစားပိုးကောင်စစ်တပ်တစ်ခုအား တည်ထောင်နိုင်ပါက ၎င်းတို့သည် အဆင့်တစ်တွင်သာ ရှိနေလျှင်ပင်၊ အခြေတည်အဆင့်ကျင့်ကြံသူများအား သတ်ဖြတ်နိုင်ပြီး ကြီးမားသောအစွမ်းအား ကြွားဝါနိုင်ပေသည်။

မှန်ပေသည်၊ ရွှေစားပိုးကောင်များသည် မြေကြိးကိုလည်း ဝါးမျိုနိုင်ပြီး ဥမင်များတူးနိုင်သည်။

ကျိုးစွေ့သည် ယခင်က မြေအောက်ဥမင်များတူးရန် ဤအံ့ဖွယ်ကူကောင်အား အသုံးပြုကာ ဘေးကင်းသောခိုလှုံရာတစ်ခုအား ဖန်တီးလိုခဲ့ပေသည်။

“ငါ ဒီရွှေစားပန်းကို သေချာပေါက် ပြန်ယူသွားရမယ်။”

ကျိုးစွေ့က တုံ့ဆိုင်းခြင်းမရှိ အမိန့်ပေးလိုက်သည်။

လောလောဆယ်တွင် သိုလှောင်အိတ်အတွင်းရှိ မည်သည့်ရတနာကိုမျှ မထိခဲ့သလို၊ လုမိသားစု၏ရတနာစံအိမ်မှ ဝယ်ယူခဲ့သော ဆေးမီးဖိုကိုလည်း အသုံးပြုရန် အစီအစဉ်မရှိ‌သေးပေ။ မည်သို့ပင်ဖြစ်စေ လုမိသားစုက ၎င်းတို့အပေါ်တွင် အထူးနည်းလမ်းတချို့ ထားရစ်ခဲ့နိုင်သေးသည်။

ဝန်ခံရလျှင်၊ လုမိသားစုအား သူ အတော်လေး သတိထားပေသည်။ သို့သော် ဤရတနာများသည် အချည်းနှီး ဖြစ်သွားမည်မဟုတ်ချေ။

လုမိသားစု ပျက်စီးပြီးနောက်တွင် ဤရတနာများအာ ပြန်လည်ယူကာ ရောင်းချပစ်ပေမည်။ ယခုအတွက်မူ ဤနေရာတွင်သာ ထားရစ်ခဲ့မည်ဖြစ်၏။

…

ညဘက်၌ ဒုတိယကိုယ်ပွားက ရွှေစားပန်းအား ယူဆောင်လာပြီး အခြားအထောက်အကူပြု ပါဝင်ပစ္စည်းများကိုပါ ဝယ်ယူလာခဲ့လေသည်။

တိတ်ဆိတ်သောအခန်းထဲတွင် ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်နေပြီး ပါဝင်ပစ္စည်းများအားလုံးအား ‘ကူနတ်ဘုရားပန်းကန်’ထဲသို့ ပစ်ထည့်လိုက်သည်။

ဘုန်း…

တစ်ခဏအတွင်းမှာပင် ပါဝင်ပစ္စည်းအားလုံးသည် ‘ကူနတ်ဘုရားပန်းကန်’၏ သန့်စင်ခြင်းကို ခံလိုက်ရပြီး လျှို့ဝှက်ဆန်းကြယ်သော နက်ရွှေရောင်စွမ်းအင်စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲခံလိုက်ရလေသည်။

ထို့နောက် ထိုလျှို့ဝှက်ဆန်းကြယ်သော နက်ရွှေရောင်စွမ်းအင်စီးကြောင်းသည် ပြွတ်သိပ်နေသော ရွှေရောင်သင်္ကေတများ ရေးထိုးထားသည့် ကူပိုးကောင်တစ်ကောင်အဖြစ်သို့ ဖွဲ့တည်သွားသည်။ ၎င်းသည် ပုစဉ်းရင်ကွဲတစ်ကောင်နှင့် ဆင်တူပြီး၊ ချွန်ထက်သော ဓားသွားများကဲ့သို့ အစွယ်များရှိကာ၊ လက်ညှိုးတစ်ချောင်းအရွယ် ရှိလေသည်။ ကျောပေါ်တွင် ထွင်းဖောက်မြင်နေရသော တောင်ပံတစ်စုံလည်း ရှိလေ၏။

ဤနက်ရွှေရောင်ကူပိုးကောင်အား တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းမှ ထွက်ပေါ်နေသော စူးရှသည့် သတ္တုချီဖြင့် ထိုးဖောက်ခံလိုက်ရသည့်အလား ခံစားရပေသည်။

“အောင်မြင်သွားပြီကွ။”

ကျိုးစွေ့ ဝမ်းသာသွားသလို၊ သူ၏သိစိတ်ပင်လယ်အတွင်းသို့ များပြားသော သတင်းအချက်အလက်များ စီးဝင်လာလေသည်။

’ရွှေစားကူဘုရင်မ’ - ကောင်းကင်နှင့်မြေကြီး၏ အံ့ဖွယ်ကူများထဲမှ တစ်ကောင်ဖြစ်သည်။ လောကတစ်ခွင်ရှိ သတ္တုရိုင်းအမျိုးမျိုးအား ဝါးမျို၍ ထိုသတ္တုရိုင်းများမှတစ်ဆင့် ၎င်း၏ကျင့်ကြံမှုကို တိုးမြှင့်ကြသည်။ သတ္တုရိုင်းများအား များများဝါးမျိုလေ၊ ကျင့်ကြံမှုနှုန်း ပိုမြန်လေဖြစ်သည်။

နေ့စဉ် ဥများဥနိုင်ပြီး သားလောင်းများစွာအား မွေးဖွားပေးနိုင်သည်။ ၎င်းတို့ အုပ်စုဖွဲ့သွားလာသည်နှင့် ကောင်းကင်အား ဖုံးအုပ်ကာ မည်းမှောင်သွားစေသောမြင်ကွင်းအား ဖြစ်ပေါ်စေနိုင်သည်။ ၎င်းတို့ဖြတ်သွားရာနေရာတိုင်းတွင် မည်သည်အရာမျှကျန်ရစ်ခဲ့မည်မဟုတ်ပေ။

ရေနှင့်မီးအား ခံနိုင်ရည်ရှိသလို၊ ဓားလှံတို့ကိုလည်း ခံနိုင်ရည်ရှိသည်။ အစီအရင်များနှင့် မှော်အသုံးအဆောင်များကို အလွယ်တကူ ဖျက်ဆီးနိုင်ပြီး သတ္တုရိုင်းအမျိုးမျိုးအား ကိုက်ဖြတ်နိုင်သည်။

အကြံပြုချက် - ၎င်းအား ကောင်းစွာမွေးမြူပါ၊ အနာဂတ်တွင် အစစ်အမှန်အင်မော်တယ်များကိုပင် ကြောက်ရွံတုန်လှုပ်စေနိုင်သည်။

အဆင့် - အဆင့်တစ် အောက်ခြေအဆင့်။

ရုတ်တရက် ကူပိုးကောင်သည် ‘ကူနတ်ဘုရားပန်းကန်’မှ ပျံထွက်လာပြီး ညာဘက်လက်ပေါ်သို့ ဆင်းသက်လာကာ ကျိုးစွေ့၏လက်ဖဝါးအား ရင်းနှီးစွာ ပွတ်သပ်နေသည်ကို သတိပြုမိလိုက်သည်။

ထိုသို့သော ကြမ်းတမ်းသည့် ကူပိုးကောင်က သူ့လက်ထဲတွင် ဖော်ရွေမှုအား ပြသနေလေသည်။ သို့သော် ၎င်း၏ လက်ရှိချစ်စရာကောင်းပုံနှင့် လှည့်စားခံ၍ မရချေ။ ၎င်းသည် သခင်ထံမှ ထွက်ခွာ၍ ပြင်ပကိုသာ သွားသည်နှင့်တစ်ပြိုင်နက် လောကအား ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သော ရွှေစားပိုးကောင်တပ်အား မွေးမြူနိုင်လေသည်။

ထို့နောက်တွင် ‘ရွှေစားကူ’၏ အတွင်းစိတ်ထဲမှ လာသော ဆာလောင်မှုအား သတိပြုမိလိုက်လေသည်။

“အေးပေါ့လေ…စား…စား..။”

ကျိုးစွေ့က သတ္တုအပိုင်းအစအမျိုးမျိုးနှင့် အဆင့်နိမ့်မှော်ပစ္စည်းအချို့အား ချက်ချင်းထုတ်ပေးလိုက်သည်။

ဂျွတ်…ဂျွတ်…

ထိုအရှိန်အဝါများအား အာရုံခံမိသည်နှင် ‘ရွှေစားကူ’သည် ကြီးစွာသော စိတ်လှုပ်ရှားမှုအား ပြသကာ ချက်ချင်းပင် ခုန်အုပ်၍ စတင်ဝါးမျိုတော့သည်။

မူလက အလွန်မာကျောသော မှော်ပစ္စည်းများသည် ‘ရွှေစားကူ’၏ ပါးစပ်ထဲတွင် ချောကလက်ကဲ့သို့ ပျော့ပျောင်းနေပုံရလေသည်။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ၎င်းသည် မှော်ပစ္စည်းအားလုံးအား ဝါးမျိုပစ်လိုက်လေသည်။

ထို့နောက် ၎င်းကိုယ်ပေါ်ရှိ အရှိန်အဝါက တော်တော်လေးပင် ကြီးထွားလာသည်။ သူ၏လက်မအရွယ် ခန္ဓာကိုယ်သည် ရုတ်ချည်းဖောင်းကားလာကာ ယခင်ကနှင့်နှိုင်းယှဉ်လျှင် နှစ်ဆခန့် ကြီးလာလေသည်။

“ဒါက…”

ကျိုးစွေ့ မျက်လုံးပြူးသွားသည်။ ‘ရွှေစားကူ’အား လျော့တွက်လိုက်မိသည်ဟု ခံစားလိုက်ရလေသည်။ အဆင့်နိမ့် ပထမအဆင့် မှော်ပစ္စည်းတစ်သုတ်အား ဤမျှအလွယ်တကူ ဝါးမျိုးချလိုက်လေ၏။

သူသည်သာ ‘ရွှေစားကူကောင်’ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာအား မွေးမြူမည်ဆိုပါက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအား အသာအယာ နင်းချေပစ်လိုက်ကြမည် မဟုတ်လော။

၎င်းတို့က အခြေတည်အဆင့် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်ပေသည်။

All Chapters