ဆေးဖော်စပ်ပညာရှင်ကျန်းချန်၏ ကြီးမားသောလက်ဆောင်၊ မိစ္ဆာကျင့်ကြံသူတို့၏ခြေရာလက်ရာများ။
Vol. 4 Ch. 49
“ကောင်းပါပြီ ဦးလေးကျန်း ကျွန်တော်နားလည်ပါတယ်…၊ ဒီဆေးမီးဖိုကို ယူလိုက်ပါ့မယ်။”
ကျိုးစွေ့က သေချာစဉ်းစားပြီးနောက် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ သူသည် အမှန်တကယ်ပင် ဆေးမီးဖိုတစ်ခု လိုအပ်နေပြီး၊ ၎င်းသည် ပထမအဆင့် ထိပ်တန်းဆေးမီးဖိုတစ်လုံး ဖြစ်သဖြင့် သီးသန့်ဝယ်ယူရမည့်အချိန်အား ချွေတာနိုင်မည့်အပြင် အပြင်ထွက်လျှင် ဖြစ်ပေါ်နိုင်သော ဒုက္ခကိုလည်း ကင်းဝေးစေသည်။
ထို့အပြင် ဈေးနှုန်းသည်လည်း အလွန်သက်သာသောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသောအနေအထား ဖြစ်လေသည်။
“ကောင်းလိုက်တာကွာ…သိပ်ကိုဝမ်းသာတာပဲ။”
ကျိုးစွေ့က ဆေးမီးဖိုအား ဝယ်ယူလိုစိတ်ရှိသည့်အတွက် ကျန်းချန် အလွန်ပင် ကျေးဇူးတင်သွားလေသည်။
ဝန်ခံရလျှင်၊ သူသည် စမ်းသပ်ကြည့်ရုံသာဖြစ်၏။
မည်သို့ပင်ဖြစ်စေ ကျိုးစွေ့သည် ဆေးဖော်စပ်ပညာရှင်တစ်ဦး မဟုတ်သည့်အတွက် ဆေးမီးဖိုအား ဝယ်ယူလျှင်ပင် ဘာမျှအသုံးချနိုင်မည်မဟုတ်ဘဲ အလွန်ဆုံး ပြန်လည်ရောင်းချရုံသာ တတ်နိုင်ပေသည်။
သူသည် အခြားနေရာများတွင် ရောင်းချရမည့်အစား ကျိုးစွေ့အား ရှာဖွေရခြင်းမှာ အခြားကျင့်ကြံသူများ၏လောဘအား ဆွဲဆောင်မိမည်ကို စိုးရိမ်ခြင်းနှင့် လုယက်ကျင့်ကြံသူများအတွက် ပစ်မှတ်တစ်ခု ဖြစ်လာမည်ကို ရှောင်ရှားလိုသောကြောင့် ဖြစ်သည်။
ကျိုးစွေ့သည်မှာမူ သူနှင့် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော အနေအေးသည့် အိမ်နီးချင်းတစ်ဦး ဖြစ်လေ၏။ သူ့ထံသို့ ရောင်းချခဲ့လျှင်ပင် သူ့တွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင်ရရှိခဲ့သည်အား မည်သူမျှသိနိုင်မည်မဟုတ်ပေ။ ဤသို့ဖြင့် လုယက်ကျင့်ကြံသူများ၏အာရုံစိုက်မှုအား ရှောင်ရှားနိုင်ပေမည်။
ထို့ကြောင့် သူသည် ငွေရေးကြေးရေးထက် သူ၏ဘေးကင်းရေးကို ဦးစားပေးကာ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရန် ရွေးချယ်ခဲ့၏။
လက်ရှိ မီယွင်မြို့ရှိအရှုပ်အထွေးများကြောင့် အလွန်အမင်း သတိထားကာမှ တော်ကာကျပေမည်။
“တကယ်တော့ ငါ့မှာ ငယ်ငယ်ကတည်းကနေ နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ဆေးဖော်စပ်ပညာအသိပညာ မှတ်တမ်းတစ်ခုရှိသေးတယ်။ ဒါတွေအားလုံးကိုပါ မင်းကို ပေးခဲ့လိုက်တော့မယ်။ ငါလျှောက်နိုင်ခဲ့တာထက် ပိုပြီးတော့ ရောက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။”
ကျန်းချန်က အတွေးတစ်ခုဝင်လာပြီး အမွေအနှစ်မှတ်တမ်းတင် ကျောက်စိမ်းပြားအချို့အား ထုတ်ယူလိုက်သည်။ ၎င်းတို့သည် သူ၏လျှို့ဝှက်ရတနာဟု မှတ်ယူနိုင်ပေသည်။
သူ၏တူသည် ဆေးမီးဖိုအတွက် ငွေအမြောက်အများ သုံးစွဲလိုခြင်းသည် သူတို့၏ကာလတာရှည် ခင်မင်မှုကြောင့်သာ ဖြစ်ကြောင်း သူသဘောပေါက်လေသည်။ ဦးလေးတစ်ယောက်အနေဖြင့် ရှင်သန်ရေးအတွက် တူဖြစ်သူ၏ကြင်နာမှုအား တောင်းခံနေရသည့်အပေါ် လွန်စွာရှက်ရွံ့မိသည်။ ထို့ကြောင့် စိတ်ဒုံးဒုံးချကာ ပိုင်ဆိုင်သမျှအား ပေးအပ်ရန် ဆုံးဖြတ်လိုတော့သည်။
“ဟာ…ဦးလေးကျန်း..၊ ဒီလက်ဆောင်က အရမ်းများလွန်းပါတယ်ဗျာ..။”
ကျိုးစွေ့ အံ့အားသင့်သွား၏။ ကျန်းချန်က ဤမျှရက်ရောလိမ့်မည်ဟု သူမထင်ထားချေ။ တစ်ချိန်က ကျင့်ကြံသူများစွာက ကျန်းချန်၏ဆေးဖော်စပ်ပညာ အတွေ့အကြုံအား ရလိုသောကြောင့် ဈေးကြီးပေးရန်ပင် ကမ်းလှမ်းခဲ့သော်လည်း ကျန်းချန်က အမြဲတစေ ငြင်းပယ်ခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်သည့်အပြင်၊ ဂိုဏ်းများ၊မိသားစုများ၏အကူအညီမပါဘဲ ကျန်းချန်သည် အလယ်အလတ်အဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်လာခဲ့ခြင်းက ထိုအမွေအနှစ်များ မည်မျှအစွမ်းထက်သည်အား သိနိုင်ပေသည်။
ကျန်းချန်၏မာနနှင့် လက်ထပ်အခြေချလိုစိတ်မရှိခြင်းကြောင့်သာ မဟုတ်ပါက အခြားကျင့်ကြံသူမိသားစုများ၏အကူအညီဖြင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် အခွင့်အရေး ရှိနိုင်ပေ၏။
ယခုတွင်မူ ထိုအမွေအနှစ်များအား ထုတ်ပေးနေလေသည်။
“ဘာမှအားမနာပါနဲ့ တူလေး….၊ ငါ့ကျင့်ကြံခြင်းလမ်းစဉ်က မျှော်လင့်ချက်မရှိတော့ဘူး..။ ဒီတော့ ဒါတွေက ငါ့အတွက်အသုံးမဝင်တော့ဘူးလေ…။ အသုံးချနိုင်မယ့်သူတစ်ယောက်ကို ပေးလိုက်တာက ပိုကောင်းပါတယ်။”
ကျန်းချန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
အဆိပ်ကြောင့်သာ မဟုတ်လျှင် မည်မျှပင် ငွေပုံပေးပါစေ၊ သူ့ထံမှ ဆေးဖော်စပ်ပညာအမွေအနှစ်များအား အခြားသူများ ဘယ်သောအခါမှ ရရှိနိုင်မည်မဟုတ်ပေ။ သို့သော် အဆိပ်သင့်ပြီးနောက် လောက၏ အနိစ္စသဘောအား နားလည်ခဲ့လေသည်။
အမွေအနှစ်တစ်ခုမျှနှင့် သူ့အသက်အား မလဲနိုင်ပေ။
“ဒီလိုဆိုရင်တော့… ကျေးဇူးတင်ပါတယ်၊ ဦးလေးကျန်း။”
ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။ သူသည် ထိုမျှ မူတတ်သူမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ လက်ရှိတွင် ဆေးဖော်စပ်ပညာရှင်နယ်ပယ်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် အသိပညာများ ပိုမိုလိုအပ်နေသည်။
သို့သော် အမွေအနှစ်အား ဝယ်ယူသည့်သဘောဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ထောင်အား ထပ်မံပေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ့အတွက် ဝိညာဉ်အရက်ရောင်းချခြင်းဖြင့် ပိုင်ဆိုင်ထားသော ဝိညာဉ်ကျောက်တုံး ပမာဏက ရေတွက်၍ပင်မရနိုင်ပေ။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းက မျက်စိထဲပင် ထည့်စရာမလိုပေ။
ကျိုးစွေ့ထံမှ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ခုနစ်ထောင်အား ရရှိသောအခါ ကျန်းချန် လွန်စွာ ကျေးဇူးတင်သွားလေသည်။ ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများနှင့် ယခင်စုဆောင်းထားသည်များအား ပေါင်းစပ်လိုက်လျှင်၊ ယခုအခါ ထိပ်တန်းအဆိပ်ဖြေဆေးလုံးတစ်လုံး ဝယ်ယူနိုင်ရန် ပြဿနာမရှိတော့ချေ။
ထို့နောက် ရုတ်တရုတ် တစ်စုံတစ်ရာအား သတိရသွားကာ ကျိုးစွေ့အား တီးတိုးပြောလိုက်သည်။
“တူလေး ငါမင်းကို သတိပေးစရာတစ်ခုရှိတယ်။ ဖြစ်နိုင်တာက မီယွင်မြို့အပေါ် အန္တရာယ်တစ်ခု ရောက်လာနေပြီ။ မင်း ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။”
“မီယွင်မြို့ ဒုက္ခရောက်နေပြီ ဆိုတာ ဘာပြောချင်တာလဲဗျ။”
ကျိုးစွေ့ မျက်လုံးများအား မှေးလိုက်သည်။
“မင်းက မြို့ထဲမှာပဲ နေတော့ ဘယ်သိပါ့မလဲ။ ဒါပေမဲ့ မြို့ပြင်မှာက သွေးချောင်းစီးနေပြီကွ…။ တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ ဈေးနေရာမှာ ညတိုင်းနီးနီး တစ်ကိုယ်တော်ကျင့်ကြံသူတွေ အသတ်ခံနေရတယ်။”
“ငါတို့ရဲ့ အိမ်နီးချင်းဟောင်းတွေ ကျောက်၊ လျူ၊ ဟွမ် စတဲ့သူတွေအကုန် လုယက်ကျင့်ကြံသူတွေ လက်ချက်နဲ့ အသေဆိုးနဲ့ သေသွားကြရပြီ။”
“လူအများစုက ဒါက လုယက်ကျင့်ကြံသူတွေရဲ့ လက်ချက်တင်မကဘူး၊ မိစ္ဆာကျင့်ကြံသူတွေရဲ့လက်ချက်ပါ ဖြစ်နိုင်တယ်လို့ သံသယဝင်နေကြတယ်ကွ။”
ကျန်းချန်က အလွန်တည်ကြည်စွာ ပြောလိုက်သည်။
“မိစ္ဆာကျင့်ကြံသူတွေလား…ဟုတ်ပါ့မလားဗျာ။ အင်မော်တယ်ရှားဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေကို မြို့ထဲအဝင်ခံပါ့မလား။”
ကျိုးစွေ့ သူ၏တုန်လှုပ်မှုအား မဖုံးထားနိုင်ပေ။ အထူးသဖြင့် သူ၏လျှို့ဝှက်ဆန်းကြယ်သော အိမ်နီးချင်းအသစ် ရှုထျန်းဇယ်အား တွေးမိလိုက်လေသည်။
သူသည် တစ်ကိုယ်တော်ကျင့်ကြံသူများဈေးတွင် နေထိုင်ခြင်းက ကြိုမမြင်နိုင်သောအန္တရာယ်များ ဖြစ်စေနိုင်သည်အား သိရှိထားသော်လည်း၊ လအနည်းငယ်အတွင်းမှာပင် သူ၏အိမ်နီးချင်းဟောင်းများစွာ အသတ်ခံရမည်ဟု မထင်ထားခဲ့ပေ။
ကံကောင်းသည်မှာ သူသည် အမြဲတစေ မီယွင်မြို့ထဲတွင်သာ နေထိုင်ခဲ့လေသည်။ မီယွင်မြို့တွင် တစ်ခါတစ်ရံ လုယက်မှု၊ လူသတ်မှုများ ဖြစ်ပွားတတ်သော်လည်း တောရိုင်းထက်တော့ များစွာပိုမိုဘေးကင်းပေသည်။
“ဟားဟား…၊ တိမ်မြူခိုးတောင်တန်းဒေသက အရမ်းကို ကျယ်ပြန့်တယ်။ အင်မော်တယ်ရှားဂိုဏ်း ဘယ်လောက်အင်အားကောင်းကောင်း၊ ဝင်ရောက်လာတဲ့ ကျင့်ကြံသူတိုင်းကို တကယ်ပဲ တားဆီးနိုင်ပါ့မလားကွာ။”
“ပြီးတော့ မိစ္ဆာကျင့်ကြံသူတွေက ကိုယ့်ကိုယ်ကို ဘယ်ဖော်ပြမလဲကွာ…သာမန်ကျင့်ကြံသူတွေလို ရုပ်ဖျက်ပြီး အင်မော်တယ်ရှားဂိုဏ်း သတိမထားနိုင်အောင် နေမှာပေါ့။”
“တကယ်တော့..တစ်ကိုယ်တော်ကျင့်ကြံသူဈေးတင်မကဘူး..၊ ရွှေနီသတ္တုတွင်းမှာတောင် ပြဿနာတွေ တက်သေးတယ်။ မိုင်းတွင်းလုပ်သား အများကြီး သေကုန်ကြပြီးတော့ ကောလဟလအရ မိစ္ဆာကျင့်ကြံသူတွေရဲ့လက်ချက်လို့ ဆိုကြတယ်ကွ။”
ကျန်းချန်က လှောင်ရယ်လိုက်ရင်း ပြောပြလိုက်သည်။
“မိစ္ဆာဂိုဏ်းတစ်ခုခုကများ အင်မော်တယ်ရှားဂိုဏ်းကို တိုက်ခိုက်ဖို့ ကြံနေတာများလား..။”
ကျိုးစွေ့က ဖြစ်နိုင်ခြေအား ချက်ချင်းပင် တွေးမိလိုက်သည်။
“ဒါတော့ ငါလည်းမပြောတတ်ဘူး…ဒါပေမဲ့ ဖြစ်နိုင်လောက်တယ်။”
ကျန်းချန်က တည်ကြည်စွာဖြင့် “ဘာပဲဖြစ်ဖြစ် အင်မော်တယ်ရှားဂိုဏ်းက မိုင်တစ်သောင်းဒေသကို အုပ်စိုးတယ်.. ဝိညာဉ်ကျောက်တုံးကြောတွေ ရှာတွေ့ခဲ့တော့ ငါတို့ဒေသက သာမန်ဝိညာဉ်ကျောက်တုံးတွေရဲ့ တန်ဖိုးက သိသိသာသားကျဆင်းသွားပြီးတော့ ကုန်ပစ္စည်းဈေးနှုန်းတွေက မြှင့်တက်လာတယ်လေ။ ဒီကိစ္စကို ဂိုဏ်းတော်တော်များများက မကျေနပ်သလို၊ မိစ္ဆာဂိုဏ်းတွေရဲ့ လောဘကိုလည်း ဆွဲဆောင်မိမှာပါ့ကွာ။ ထင်တာတော့ အရင်ကတည်းက အင်မော်တယ်ရှားဂိုဏ်းကို ဆန့်ကျင်ချင်ပေမယ့် အကြောင်းပြချက် မတွေ့သေးတာဖြစ်မယ်။”
“ဒါပေမဲ့ အခုကျတော့ အင်မော်တယ်ရှားဂိုဏ်းက ရွှေနီသတ္တုကြောအသစ်တစ်ခုကို ရှာတွေ့လိုက်တယ်လေ။ သူတို့သာ ဒီသတ္တုကြောကို အပြည့်အဝရိတ်သိမ်းလိုက်နိုင်ရင် အင်မော်တယ်ရှားဂိုဏ်းရဲ့အင်အားက အဘက်ဘက်ကနေ တိုးတက်သွားမှာပဲ။ ဒါကို ဂိုဏ်းတွေက ဘယ်လို လက်ပိုက်ကြည့်နေနိုင်မှာလဲ။”
လူတိုင်းတွင် အဆက်အသွယ်ကိုယ်စီ ရှိကြသည်ဟု ဆိုရိုးစကားရှိပေသည်။
သူသည် သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးသာဖြစ်သော်လည်း၊ သူ့တွင် အဆက်အသွယ်များရှိပြီး ဂိုဏ်းတပည့်များထက်ပင် အချို့သောအကြောင်းအရာများအား ပို၍သိရှိထားပေသည်။
“အင်း အခြေအနေကတော့ ဒီလိုပဲ။ ဘယ်လိုလုပ်မယ်ကတော့ မင်းသဘောပေါ့လေ။”
ဤစကားများအား ပြောပြီးနောက် ကျန်းချန်က သက်ပြင်းချလိုက်သည်။ သူလုပ်ပေးနိုင်သမျှအား လုပ်ခဲ့သည်ဟု ယုံကြည်ပေသည်။
မည်သို့ပင်ဖြစ်စေ ယင်းသည် သူ၏အမျိုးမျိုးသော အဆက်အသွယ်များမှတစ်ဆင့် ရရှိခဲ့သော အလွန်လျှို့ဝှက်သည့် သတင်းဖြစ်လေ၏။
ကျိုးစွေ့သည်သာ သူ၏ကြာလရှည်ကြာအိမ်နီးချင်းမဟုတ်ခဲ့ပါက ပြန်ပြောပြမည်မဟုတ်ပေ။
“ကျွန်တော်သဘောပေါက်ပါပြီ…ဦးလေးကျန်း။”
ချက်ချင်းပင် ကျိုးစွေ့က နားလည်သည့်အမူအရာအား ဖော်ပြလိုက်သည်။ ဖြစ်နိုင်သည်မှာ ကျန်းချန်၏ သေမျိုးလောကသို့ ရုတ်တရက်ပြန်သွားရန် ဆုံးဖြတ်လိုက်ခြင်းသည် ကျင့်ကြံခြင်းလမ်းစဉ် ပျက်စီးသွားခြင်းကြောင့်သာ မဟုတ်ချေ။
လက်ရှိအခြေအနေ၏ ရှုပ်ထွေးမှုကြောင့်လည်း ဖြစ်နိုင်ပြီး ကျန်းချန်က ထိုအရှုပ်အထွေးများအား ရှောင်ရှားလို၍ဖြစ်ပေမည်။