အင်မော်တယ်ရှားဂိုဏ်းအား ကွက်ကျော်ရိုက်ခြင်း၊ အတိုးအနည်းငယ် ဦးစွာပြန်ယူခြင်း။
Vol. 4 Ch. 50
မကြာမီတွင် ကျန်းချန်က နှုတ်ဆက်ထွက်ခွာသွားလေသည်။ ဝိညာဉ်ကျောက်တုံးများ ရရှိပြီးနောက် အမြန်ဆုံး အဆင့်မြင့် အဆိပ်ဖြေဆေးတစ်လုံးအား ဝယ်ယူရန် စိတ်ကူးပေသည်။ ထိုအချိန်တွင် ကျိုးစွေ့သည်လည်း အိမ်အတွင်းသို့ ပြန်ရောက်သွားပြီ ဖြစ်၏။
“စောနက ဦးလေးကျန်း ပြောသွားတာကို မင်းတို့ ဘယ်လိုမြင်လဲ..။”
ကျိုးစွေ့က သူ၏ဇနီးနှင့် မယားငယ်များ ဖြစ်သည့် ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့အား ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤအမျိုးသမီးသုံးဦးစလုံးတွင် မြင့်မားသော ကျင့်ကြံမှုရှိ၏။ အိမ်တွင်း၌ရှိနေသော်လည်း၊ အပြင်ဘက်မှ ကျန်းချန်၏ပြောဆိုမှုများအား ကြားရမည်မှာ သေချာပေသည်။
“ဖြစ်နိုင်ခြေ ခုနစ်ဆယ်ရာခိုင်နှုန်းထက်ကျော်မယ်လို့ ကျွန်မထင်တယ်။ ရွှေနီသတ္တုတွင်း ထွက်ပေါ်လာတာက မိစ္ဆာကျင့်ကြံသူတွေအပြင်၊ အနီးနားကဂိုဏ်းတွေကိုပါ အတော်လေး လှုပ်ခတ်စေမှာပဲ။ ရွှေနီက အရမ်း အရေးပါတယ်။ မှော်အသုံးအဆောင်တစ်ခုထဲကို ထည့်သွင်းလိုက်တာနဲ့ အဲ့ဒါရဲ့စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်တယ်လေ…။ ဒါက အင်မော်တယ်ရှားဂိုဏ်းရဲ့ သာမန်ကျင့်ကြံသူတွေကိုတောင် တိုက်ခိုက်ရေးအစွမ်းကို သိသိသာသာ တိုးမြှင့်ပေးနိုင်မှာပဲ…၊ ဒီတော့ တခြားဂိုဏ်းတွေက အင်မော်တယ်ရှားဂိုဏ်း အင်အားကြီးလာမှာကို လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ဘူးလေ..။”
“ရွှေနီကိုသာ အရောင်းအဝယ်လုပ်ရင် ရမယ့်ပမာဏကလည်း မက်လောက်စရာပဲလေ။”
“တကယ်တော့ ဒီအကြောင်းကို ကျင့်ကြံသူအချို့ ပြောတာကို ကျွန်မကြားဖူးထားတယ်။ မိစ္ဆာကျင့်ကြံသူတွေ ကျူးကျော်လာနိုင်ခြေရှိတယ်တဲ့။ ဒါပေမဲ့ အများစုကတော့ အလေးအနက်မထားကြဘူး။ အင်မော်တယ်ရှားဂိုဏ်းနောက်ခံရှိတော့ အသေးအဖွဲမိစ္ဆာဂိုဏ်းတွေက အရေးမကြီးဘူးလို့ ပြောနေကြတာပေါ့။”
“ခက်တာက တကယ်လက်တွေ့မှာ အင်မော်တယ်ရှားဂိုဏ်းက ဘာမှ အထိမနာဘူး၊ ငါတို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေပဲ အထိနာမှာပဲ။”
ကျိပင်းယွီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ဒါဆို ငါတို့ မီယွင်မြို့ကနေ ထွက်ခွာသင့်လား..။”
ကျိုးစွေ့၏မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။
ဝန်ခံရလျှင်၊ မီယွင်မြို့မှ ထွက်ခွာရလျှင်လည်း သူ့အတွက် ဘာမှ ကြီးကြီးမားမား ဆုံးရှုံးမှုမရှိချေ။
“ပညာရှိသည် အန္တရာယ်အား ရှောင်ရှားသည်” ဟူသော ဆိုရိုးစကားအတိုင်း မီယွင်မြို့သည်သာ အမှန်တကယ် အလွန်အန္တရာယ်များလာပါက၊ ထွက်ခွာခြင်းသည် သင့်တော်သော ရွေးချယ်မှုဖြစ်လေသည်။
“မဟုတ်သေးဘူး..၊ ကျွန်မတို့ မီယွင်မြို့ကနေ လောလောဆယ် မထွက်ခွာသင့်ဘူးလို့ ထင်တယ်။”
ကျိပင်းယွီက ခေါင်းခါလိုက်ပြီး “မိစ္ဆာကျင့်ကြံသူတွေက အင်မော်တယ်ရှားဂိုဏ်းကို တိုက်ဖို့ကြံနေတာသာ မှန်ရင်၊ အခုအချိန် တိမ်မြူခိုးတောင်တန်းဝန်းကျင်မှာ ရောက်နေလောက်ပြီ..။ ငါတို့ ထွက်သွားချင်ရင်တောင် ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မှာမဟုတ်ဘူး..။”
“မင်းပြောချင်တာက တိမ်မြူခိုးတောင်တန်းတစ်ဝိုက်မှာ မိစ္ဆာကျင့်ကြံသူတွေရှိနိုင်ပြီးတော့ ထွက်သွားဖို့ ကြိုးစားတဲ့သူတွေကို အလစ်အငိုက်တိုက်ခိုက်နိုင်လောက်တယ်ပေါ့။”
ထိုထောက်ပြချက်ကြောင့် ကျိုးစွေ့တုန်လှုပ်သွားကာ ဖြစ်နိုင်ခြေအား စဉ်းစားလိုက်မိလေသည်။
“အင်း..ဖြစ်နိုင်ခြေအရမ်းများတယ်။”
ကျိပင်းယွီက ခေါင်းညိတ်လိုက်ပြီး “ငါသာ မိစ္ဆာကျင့်ကြံသူတစ်ယောက်ဆိုရင် တိမ်မြူခိုးတောင်တန်းနားမှာ ထောင်ချောက်ဆင်ထားမှာပဲလေ…၊ ထွက်ပြေးချင်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို အငိုက်ဖမ်းတိုက်မှာပေါ့…၊ နေရာရွှေ့ပြောင်းသူတစ်ယောက်ကို သတ်တာက အမြန်ဆုံးချမ်းသာစေနိုင်တယ်လေ..။”
“ဘာလို့လဲဆိုတော့ တစ်ကိုယ်တော်ကျင့်ကြံသူတွေဆိုတော့ အင်မော်တယ်ရှားဂိုဏ်းကလည်း အဖတ်လုပ်မှာမဟုတ်ဘူး…၊ အများကြီး သေကုန်ရင်တောင် ဂရုစိုက်မှာမဟုတ်ဘူးလေ..။ ဒီတော့ ထွက်ပြေးတာနဲ့စာရင် မီယွင်မြို့ထဲမှာနေတာက ပိုပြီး လုံခြုံလိမ့်မယ်..။”
“ပြီးတော့ တစ်ခုသိထားရမှာက ဒီနေရာက အင်မော်တယ်ရှားဂိုဏ်းရဲ့ ပိုင်နက်လို့ပြောလို့ရတယ်လေ..။ အရေးပါတဲ့နေရာလည်း ဖြစ်တယ်.. အင်မော်တယ်ရှားဂိုဏ်းက ဒီမြို့ကို စွန့်ပြီး မိစ္ဆာကျင့်ကြံသူတွေကြောင့် ပျက်စီးမှာကို ထိုင်ကြည့်နေမှာမဟုတ်ဘူး..။”
သူမသည် မီယွင်မြို့တွင် နေထိုင်ခြင်းကသာ ပိုဘေးကင်းသည်အား ခံစားမိလေသည်။ မည်သို့ပင်ဖြစ်စေ ကျင့်ကြံသူများစွာ နေထိုင်နေကြသလို၊ ဒုတိယအဆင့် အစီအရင်၏အကာအကွယ်လည်း ရှိသေးသည်။
“တစ်ခုခုဆို အပြင်မှာထက် အများကြီး ပိုလုံခြုံတယ်။”
“မင်းပြောတာ မှန်တယ်..၊ မီယွင်မြို့မှာနေတာက ပိုဘေးကင်းပုံပဲ..။”
ကျိုးစွေ့လည်း ထောက်ခံလိုက်သည်။
မိစ္ဆာကျင့်ကြံသူများ ဝိုင်းရံခံရလျှင်ပင် ဒုတိယအဆင့်အစီအရင်၏အကာအကွယ်ဖြင့် အလွယ်တကူထိုးဖောက်နိုင်မည်မဟုတ်ပေ။
ထိုးဖောက်နိုင်ခဲ့လျှင်ပင်၊ မြို့၌ ကျင့်ကြံသူများစွာ ပြည့်နှက်နေသောကြောင့် ရှုပ်ထွေးမှုများအကြား သူထွက်ပြေးနိုင်ရန် အခွင့်အရေးအား ဆုပ်ကိုင်နိုင်သေး၏။
‘ဟုတ်သား…ဥမင်တွေ..၊ ထွက်ပေါက်အနေနဲ့ ဥမင်တစ်ခုနဲ့ ဂူတစ်ခု တူးရမယ့်အချိန်ရောက်ပြီ ထင်တယ်။’
အတွေးများစွာဖြင့် ယခင်က အိမ်အောက် မီတာရာပေါင်းများစွာနက်သော ဥမင်တစ်ခုတူးမည့်အစီအစဉ်အား သတိရမိလိုက်လေသည်။
ကြီးမားသောအန္တရာယ်ဖြစ်ပွားခဲ့ပါက၊ အရင်ဦးစွာ ဥမင်မှတစ်ဆင့် သူထွက်ပြေးနိုင်၏။ မိစ္ဆာကျင့်ကြံသူများပင်လျှင် သ့အား ဖမ်းမိနိုင်မည်မဟုတ်ပေ။
သူသန့်စင်ခဲ့သော ‘ရွှေစားကူ’အား အသုံးပြု၍ ထွက်ပေါက်ဥမင်အား တူးရန် ကြံလိုက်တော့သည်။
“မဖြစ်သေးဘူး..၊ ‘ရွှေစားကူ’က မွေးကင်းစဆိုတော့ အစွမ်းက အားနည်းသေးတယ်…၊ မြန်မြန်ကြီးထွားလာအောင် သတ္တုရိုင်းအများကြီးကို ဝါးမျိုဖို့ လိုတယ်..။”
“…ဟုတ်သား.. ရွှေနီသတ္တုတွင်း…၊ ‘ရွှေစားကူ’ကု သတ္တုတွင်းထဲထည့်ပြီး ရွှေနီအများကြီးကို ဝါးမျိုခိုင်းနိုင်ရင် သူ့ရဲ့ ကြီးထွားနှုန်းကို မြှင့်ပေးနိုင်တာပဲ..။” ရုတ်တရက်အတွေးဖြင့် ကျိုးစွေ့မျက်လုံးများ ဝင်းလက်သွားသည်။
ဝန်ခံရလျှင် ‘ရွှေစားကူ’၏ ဝါးမျိုလိုစိတ်က အလွန်ပင်ကြီးမားလေ၏။ ရက်အနည်းငယ်နှင့်ပင် သူပိုင်ဆိုင်သမျှ မှော်အသုံးအဆောင်များ အားလုံးနီးပါး ကုန်ဆုံးသွားစေသည်။ သူ့တွင့် ဝိညာဉ်ကျောက်တုံးအများကြီး ရှိလျှင်တောင်မှ ဤအစားကြူးသောကူအား တတ်နိုင်မည်မဟုတ်ပေ။
၎င်းက သူ့အိမ်ပါမကျန် အကုန်ဝါးမျိုသွားမည်မှာ သေချာပေသည်။
ယခင်က သူပိုင်ဆိုင်သောဝိညာဉ်ကျောက်တုံးများကိုသာ အားကိုး၍ ဤမျှဈေးကြီးသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်အား မထိန်းသိမ်းနိုင်သောကြောင့်၊ မည်သို့မွေးမြူရမည်အား စဉ်းစားနေခဲ့ရလေသည်။
ယခုတွင်မူ သူသာ ‘ရွှေစားကူ’အား အင်မော်တယ်ရှားဂိုဏ်း၏ ရွှေနီသတ္တုတွင်းထဲသို့ ထည့်ထားလိုက်ပါက၊ အတွင်းရှိ ရွှေနီများအား ၎င်းက တိတ်တဆိတ်ဝါးမျိုနိုင်မည်ဖြစ်၏။
ထိုအခါ သူသည် တစ်ပြားတစ်ချပ်မှ သုံးစွဲစရာမလိုဘဲ ‘ရွှေစားကူ’၏ကြီးထွားမှုအား အရှိန်မြှင့်နိုင်ပေမည်။
၎င်းက နှစ်ဦးနှစ်ဖက် အကျိုးရှိသောအခြေအနေဖြစ်လေသည်။
“ဟဲဟဲ…မဆိုးဘူး…၊ ဒီနည်းလမ်းက အကောင်းဆုံးပဲ။ အင်မော်တယ်ရှားဂိုဏ်းက ငါ့အိမ်ကို အတင်းအကျပ်သိမ်းပိုက်ပြီးတော့ ငှားရမ်းခပေးခိုင်းတယ်…ဒါက ငါ့ကို ဂုတ်သွေးစုပ်တာပဲမလား..။”
“အခု ငါ့ရဲ့ ‘ရွှေစားကူ’နဲ့ ရွှေနီအများကြီးကို ဝါးမျိုပြီးတော့ အတိုးနည်းနည်းပြန်တောင်းရမယ်..။”
ကျိုးစွေ့ အတော်လေး စိတ်လှုပ်ရှားသွားသည်။
သိထားရမည်မှာ ရွှေနီတစ်ပေါင်အား အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာဖြင့် ရောင်းချနိုင်၏။ ဒါဇင်ပေါင်းများစွာ၊ ကီလိုပေါင်းများစွာကို ဝါးမျိုးနိုင်ပါက သေချာပေါက် အရင်းကျေပေမည်။
အရင်းကျေရုံသာမက အကျိုးအမြတ်များစွာရနိုင်ပြီး ယင်းက အန္တရာယ်ကင်းသော အရောင်းအဝယ်ဟုပင် ဆိုနိုင်ပေသည်။
ထို့အပြင်၊ ရွှေနီကဲ့သို့သော အထူသတ္တုကို ဝါးမျိုခြင်းက ‘ရွှေစားကူ’၏စွမ်းအားကို များစွာမြှင့်တင်ပေးနိုင်ပေသည်။
မှန်ပေသည်၊ သူသည် ပင်မခန္ဓာကိုယ်ဖြင့် ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားမည်မဟုတ်ဘဲ ကိုယ်ပွားဖြင့် ‘ရွှေစားကူ’အား ရွှေနီသတ္တုတွင်းသို့ ခေါ်ဆောင်ပေးနိုင်သေ၏။
လမ်းကြုံအနေဖြင့်၊ တိမ်မြူခိုးတောင်တန်းတွင် ပုန်းအောင်းနေသည့် မိစ္ဆာကျင့်ကြံသူများ အမှန်တကယ် ပါဝင်ပတ်သက်ခြင်း ရှိ၊မရှိကိုလည်း စုံစမ်းစစ်ဆေးနိုင်ပေသည်။
မတော်တဆ ကိုယ်ပွားအသက်ဆုံးရှုံးသွားလျှင်ပင် အသုံးဝင်သော သတင်းအချက်အလက်အား ရရှိနိုင်ပါက တန်သည်ဟု ဆိုနိုင်ပေသည်။
“ယောက်ျား…ဘာတွေတွေးပြီး ဒီလောက်ပျော်နေတာတုံး..။”
ကျိပင်းယွီက စိတ်လှုပ်ရှားနေသော ကျိုးစွေ့အား စူးစမ်းစွာကြည့်လိုက်သည်။
“ငါစဉ်းစားနေတာ… အန္တရာယ်များတဲ့အခြေအနေတွေ တိုးလာတော့ ငါတို့ရဲ့ကျင့်ကြံမှုကို အမြန်ဆုံးတိုးတက်စေတာက ပိုကောင်းမယ်လို့လေ..။ ဒီတော့ ဒီအတောအတွင်း ကြိုးစားပမ်းစားနဲ့ တူနှစ်ကိုယ်ကျင့်ကြံမှုကို အကြိမ်ရေတိုးကြစို့..။ ဒါဆို ငါ့တို့ရဲ့ကျင့်ကြံမှုက အမြန်တိုးတက်လာနိုင်တယ်။ ငါလည်း ချီသန့်စင်ခြင်း အဆင့်(၇)ကို မြန်မြန်တက်လှမ်းနိုင်လောက်မယ်..။” ကျိုးစွေ့က သူ့မေးစေ့အား ပွတ်သပ်လိုက်ပြီး မိန်းမသုံးယောက်အား ကြည့်လိုက်သည်။
အထူးသဖြင့် ကျိပင်းယွီနှင့် မုဇီယန်တို့သည် သူ၏လေ့ကျင့်ပေးမှုဖြင့် ပိုမိုရင့်ကျက်ကာ ဆွဲဆောင်မှုရှိလာသည့်အပြင် အကွက်ဆန်းများကိုပင် သင်ယူနိုင်ခဲ့ကြလေသည်။
မှန်ပေသည်၊ ရှားကျင်းယန်သည်က အကြီးမားဆုံးသော ထောက်ပံမှုအား ပြုလုပ်နိုင်သူဖြစ်၏။ သူမနှင့် တူနှစ်ကိုယ်ကျင့်ကြံမှု မကြာခဏမပြုလုပ်ရသော်လည်း၊ သူမ၏အတွင်းကိုယ်၏ဆွဲဆောင်မှုသည် အခြားသူ နှစ်ဦး၊သုံးဦးနှင့် ညီမျှကာ မယုံနိုင်စရာကောင်းအောင်ပင် အားကောင်းပေသည်။
“ဟင့်…အရှက်မရှိလိုက်တာ…၊ ရှင်က ကျင့်ကြံမှု အမြန်မြှင့်ဖို့ကို ခေါင်းစဉ်တပ်ပြီး ကျွန်မတို့ကို အနိုင်ကျင့်ချင်နေတာပဲ..။”
“ယောက်ျားကတော့လေ…၊ မီယွင်မြို့ကဖြင့် ပြိုလဲတော့မယ်.. ရှင်က ဒီကိစ္စပဲ စဉ်းစားနေတယ်..။ ဘာတွေတွေးနေတာတုံး..။”
ကျိပင်းယွီနှင့် မုဇီယန်တို့၏ချစ်စရာကောင်းသော မျက်နှာများက နီမြန်းနေကာ ပွစိပွစိပြောဆိုနေတော့သည်။
‘ဟမ့်…နင်တို့အားလုံးက ခြေပျော့တဲ့ ပုစွန်တွေပဲ…။’
ရှားကျင်းယန်က မည်သည်ကိုမျှမပြောဘဲ အေးစက်စက် နှာခေါင်းရှံ့လိုက်သည်။ ကျိုးစွေ့အား သူမအထင်သေးသည်မှာ ထင်ရှားလှပေသည်။ မည်သို့သောယောက်ျားက အစပိုင်းတွင် အားအင်အပြည့် ကြုံးဝါးနေသော်လည်း အဆုံးသတ်၌ ဆက်မလုပ်နိုင်တော့ဟု ပြောကာ သူမအခန်းမှ ဒူးခွေယိုင်ကာ အမြဲတစေ ထွက်ခွာသွားမည်ဟု ထင်မည်နည်း။
ဘာရယ်..။
ထိုမထီမဲ့မြင်သော အကြည့်အား မြင်သောအခါ ကျိုးစွေ့ လက်သီးဆုပ်ကာ ကြိတ်၍ ဒေါသထွက်သွားလေသည်။ ဤမိန်းမအား သူမည်မျှစွမ်းဆောင်နိုင်သည်အား နောက်ပိုင်းတွင်မှ သိစေပေမည်။
ထိုအကြောင်းအား ပြောရလျှင် သူသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးပညာရပ်တစ်ခုအား အမြန်ဆုံးရှာဖွေရန် တကယ်ကို လိုအပ်နေပေသည်။
သို့မဟုတ်ပါက ဤညှို့ငင်တတ်သော အတွင်းကိုယ်ပိုင်ဆိုင်သော အမျိုးသမီးအား ခုခံနိုင်ရန် ခက်ခဲလှသလို၊ သူမကလည်း အလွန်ပင် ကြမ်းလှပေ၏။