တစ္ဆေမိစ္ဆာဂိုဏ်းသားများအား ဝိညာဉ်ရှာဖွေခြင်း၊ ဂိုဏ်းနှစ်ခုကြားကစစ်ပွဲ။
Vol. 4 Ch. 52
မှန်ပေသည်၊ ဤမိစ္ဆာကျင့်ကြံသူသုံးဦးသည် ၎င်းတို့၏ကိုယ်ပိုင်အစွမ်းအစကြောင့် မဆင်မခြင် ပြုမူရဲကြပေသည်။ နှစ်ဦးသည် ချီသန့်စင်ခြင်း အဆင့်(၇)တွင် ရှိပြီး၊ တစ်ဦးသည် ချီသန့်စင်ခြင်း အဆင့်(၈)တွင် ရှိလေသည်။
မည်သို့ပင်ဖြစ်စေ၊ ကျိုးစွေ့သည် ချီသန့်စင်ခြင်း အဆင့်(၆)တွင်သာ ရှိလေ၏။ သုံးယောက်တစ်ယောက်လည်း ဖြစ်ရာ သူတို့က သာလေသည်။ မည်သို့မျှ ရှုံးနိမ့်နိုင်စရာအကြောင်းမရှိချေ။
“အိပ်မက်ကျူးကျော်ခြင်း…။”
ထိုအခါတွင် ကျိုးစွေ့က တုံ့ဆိုင်းခြင်းမရှိ ‘အိပ်မက်ဝိညာဉ်ကူ’၏စွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်သည်။
ချီသန့်စင်ခြင်း အဆင့်(၆)သို့ တက်လှမ်းနိုင်ခဲ့သဖြင့် ‘အိပ်မက်ဝိညာဉ်’၏စွမ်းအားက ပိုမိုတိုးတက်လာခဲ့လေသည်။ ‘အိပ်မက်ကျူးကျော်ခြင်း’စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပြီး ချီသန့်စင်ခြင်း အဆင့်(၉)ကျင့်ကြံသူများပင်လျှင် မခုခံနိုင်ပေ။
သူသည် မိစ္ဆာကျင့်ကြံသူများနှင့် စကားပြောနေရန် စိတ်မဝင်စားချေ။ ၎င်းတို့ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသေသတ်ကွက်အား ချက်ချင်းထုတ်ဖော်လိုက်လေသည်။
သူ့တွင် တိုက်ခိုက်ရေးအတွေ့အကြုံ သိပ်မရှိသဖြင့် ထိုမိစ္ဆာကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်ပါက မုချ သူရှုံးနိမ့်မည်အား သိပေသည်။ အငိုက်ဖမ်းတိုက်ခိုက်ခြင်းဖြင့်သာလျှင် သူတို့အား အနိုင်ယူနိုင်ပေမည်။
ဘုန်း…..။
တစ်ခဏအတွင်း မမြင်နိုင်သော ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုက ကျိုးစွေ့ဆီမှ ထွက်ပေါ်လာပြီး မိစ္ဆာကျင့်ကြံသူသုံးဦးအား လျှပ်တစ်ပြတ်ဆိုသလို လွှမ်းခြုံသွားလေ၏။
ဘာရယ်….။
မိစ္ဆာကျင့်ကြံသူသုံးဦးစလုံး ကြက်သေသေသွားကြလေသည်။ အစက သူတို့သည် လှောင်ပြောင်ရယ်မောရန် ကြံထားကြလေသည်။ သို့သော် ရုတ်တရက်ဆိုသလို အိပ်မက်ကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရလေသည်။
နေရာတွင်သာ ကြောင်အစွာရပ်တန့်နေပြီး မျက်လုံးအပြူးသားဖြင့် မလှုပ်ရှားနိုင်တော့ချေ။ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကိုလည်း အာရုံမခံနိုင်တော့ပေ။
“သတ်…။”
ချက်ချင်းပင် ကျိုးစွေ့က သိုလှောင်အိတ်ထဲမှ အဆင့်နိမ့် ပထမအဆင့်ဓားပျံတစ်ချောင်းကို ထုတ်ယူလိုက်ပြီး သူ၏အစစ်အမှန်ချီကို လှုံဆော်လိုက်ကာ၊ ထက်ရှသော ပြိုင်းဘက်ကင်းဓားချီအား ထုတ်လွတ်လိုက်သည်။
သူသည် ဓားသိုင်းပညာအား များစွာကျင့်ကြံမထားသော်လည်း လက်တွဲဖော်ကျိပင်းယွီနှင့် တူနှစ်ကိုယ်ကျင့်ကြံမှုမှတစ်ဆင့် ၎င်းနှင့်ပတ်သက်သော အသိပညာများစွာအား ရရှိထားသည်။ သူ၏ဓားသိုင်းပညာအား ပထမအဆင့် ထိပ်တန်းအဆင့်သို့ပင် မြှင့်တင်နိုင်ခဲ့လေသည်။
ဆယ်စုနှစ်များစွာ ကျင့်ကြံထားသော အတွေ့အကြုံရင့် ဓားကျင့်ကြံသူတစ်ဦးသဖွယ် သူသည် ဓားပျံအား ကိုင်ဆောင်ထားလေသည်။ ဓားပျံသည် မည်သည့်ချို့ယွင်းချက်မှမရှိသလို့ အလွန်ပင် ကွက်ပြောင်းကွက်လဲမြန်ဆန်မည့်ပုံ ပေါ်နေလေသည်။ ဓားသည် ခန့်မှန်းရခက်သော ထောင့်ချိုးတစ်ခုမှ မျက်စိကျိန်းလောက်ဖွယ် အလင်းရောင်ဖြင့် ပျံသန်းသွားလေသည်။
ထိုအခိုက်အတန့်တွင်ပင်၊ ‘ရွှေစားကူ’ထံမှ သတ္တုချီတစ်ခု ထွက်ပေါ်လာလေသည်။
သတ္တုချီသည် ဓားချီနှင့် ပေါင်းစပ်သွားပြီး ၎င်းမှာ မှော်အကာအကွယ်များအား ချိုးဖျက်နိုင်သော အရာအလားလုံးအား အောင်နိုင်သည့်စွမ်းအားကို ပိုင်ဆိုင်သွားစေလေသည်။ ၎င်းက မည်သည့်အကာအကွယ်ကိုမဆို အလွယ်တကူ ချိုးဖျက်နိုင်လေသည်။
ဘန်း….။
ထိုမိစ္ဆာကျင့်ကြံသူသုံးဦးတွင် ကာကွယ်ရေးမှော်အသုံးအဆောင်များ ဝတ်ဆင်ထားသည်မှာ ထင်ရှားပေသည်။ အရေးပေါ်အခြေအနေတွင် မှော်တိုက်ခိုက်မှုများကို ခုခံနိုင်သော ထင်ထင်ရှားရှား မြင်နိုင်သည့် စွမ်းအင်ဒိုင်းတစ်ခု ထွက်ပေါ်လာလေ၏။ သို့သော် ကြောက်မက်ဖွယ်ကောင်းသော ဓားချီဖြင့် ရင်ဆိုင်ရသည်အခါတွင် ဘာမှအသုံးမဝင်ခဲ့ချေ။
ဖြောင်းခနဲ့အသံနှင့်အတူ မိစ္ဆာကျင့်ကြံသူများပတ်လည်ရှိ စွမ်းအင်ဒိုင်းများက တိုဟူးကဲ့သို့ အလွယ်တကူ ခြေမွခံလိုက်ရပြီး၊ သူတို့၏ဦးခေါင်းများလွင့်စင်သွားကား နေရာအနှံ့ သွေားများ ပက်ဖြန်းသွားလေသည်။
သူတို့၏မျက်လုံးများက ပြူးကျယ်နေပြီး နက်ရှိုင်းသော ကြောက်လန့်မှု၊ တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ ထင်ဟပ်နေလေသည်။ သူတို့သည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ အဆင့်မြင့်မိစ္ဆာကျင့်ကြသူများ ဖြစ်သည်ကိုပင် ယုံကြည်ရန် ခက်ခဲပေသည်။
တစ်ကိုယ်တော်ကျင့်ကြံသူအိုကြီးတစ်ဦး၏ လျှပ်တစ်ပြတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်အား မယုံကြည်နိုင်ဖြစ်နေကြသည်။
သူတို့ မည်သို့မျှ လက်မခံနိုင်ဖြစ်နေကြလေသည်။
“အထင်ကြီးစရာပဲ…ဒါက ဓားကျင့်ကြံသူတစ်ယောက်ရဲ့အစွမ်းအား..။ ဒါကကော ‘ရွှေစားကူ’ရဲ့အစွမ်းလား..။”
ကျိုးစွေ့မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။
သူသည် ပထမအဆင့် ထိပ်တန်းဓားကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိထားသော်လည်း၊ ယခင်က တိုက်ခိုက်ရန်မလိုအပ်သည့်အတွက် ဓားသိုင်းပညာအား တစ်ခါမျှမသုံးဖူးခဲ့ချေ။
ယခုတွင်မူ ဤမိစ္ဆာကျင့်ကြံသူသုံးဦးနှင့် ရင်ဆိုင်ရသောအခါ ၎င်းအား အလွယ်တကူ ချောချောမွေ့မွေ့ အသုံးပြုနိုင်ခဲ့လေသည်။
မှန်ပေသည်၊ ထိုမျှသာမဟုတ်ဘဲ ‘ရွှေစားကူ’သည်လည်း သူ့အား ကြီးမားသောအံ့ဩစရာတစ်ခုအား ဆောင်ကြဉ်းပေးခဲ့လေသည်။
၎င်းသည် အဓိကတိုက်ခိုက်ရေးနည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်ရုံသာမကဘဲ၊ ပိုင်ရှင်ဖြစ်သူအား အထောက်အပံ့အနေဖြင့် ပိုင်ရှင်ကိုယ်ထဲရှိ သတ္တုချီအား မြှင့်တင်ပေးနိုင်လေသည်။
ဓားချီထုတ်လွှတ်လိုက်သည်နှင့် သတ္တုချီကို ထပ်ပေါင်းထည့်လိုက်ခြင်းက တိုက်ခိုက်မှုအစွမ်းအား ထိထိရောက်ရောက် နှစ်ဆတိုးစေခဲ့၏။ ထို့အပြင် ယင်းတွင် အကာအကွယ်ချိုးဖြတ်နိုင်သော စွမ်းရည်ပင် ရှိလေသည်။
အကာအကွယ်မှော်အသုံးအဆောင်များ ဝတ်ဆင်ထားသော ထိုကျင့်ကြံသူများပင်လျှင် မခုခံနိုင်ဘဲ ဓားချက်ဖြင့် ချက်ချင်းထိုးဖောက်ခံလိုက်ရလေသည်။
တစ်နည်းဆိုရလျှင် ၎င်းသည် ကာကွယ်နိုင်စွမ်းမြင့်သော ကျင့်ကြံသူများအတွက် ခြိမ်းခြောက်မှုဖြစ်လေသည်။
“အင်း…. အငိုက်ဖမ်းတိုက်တာက အကောင်းဆုံးပဲ…၊ ထိပ်တိုက်ရင်ဆိုင်တာက အရူးကျတာပဲ။ အငိုက်တိုက်ဖို့ အခွင့်သာရင် အငိုက်တိုက်ခိုက်လိုက်၊ ကြံစရာရှိတာ ကြံလိုက်ရုံပဲပေါ့…၊ ဒီမိစ္ဆာကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ဘာမှ ဂုဏ်သိက္ခာတွေထားနေစရာမလိုပါဘူး..။”
တိုက်ပွဲ၏ရလဒ်အား ကျိုးစွေ့ လွန်စွာကျေနပ်နေလေသည်။
ထိုမိစ္ဆာကျင့်ကြံသူသုံးဦးအား တုံ့ပြန်နိုင်ရန် အခွင့်အရေးပေးမိပါက သူတို့မည်သို့သော နည်းလမ်းများကို အသုံးပြုမည်အား မည်သူမျှကြိုသိနိုင်မည်မဟုတ်ပေ။
ခဏတာ ပေါ့ဆမှုတစ်ခုက ချောက်နက်ထဲသို့ ကျသွားနိုင်စေ၏။ ထို့ကြောင့်ပင် သူ့ဘက်မှစ၍ ချက်ချင်း အသေသတ်ကွက်သုံးလိုက်ခြင်း ဖြစ်၏။
မိစ္ဆာကျင့်ကြံသူသုံးဦးသည် သူတို့၏တိုက်ကွက်များကိုပင် မထုတ်လိုက်နိုင်ဘဲ အသတ်ခံလိုက်ရလေသည်။ ယင်းက ကျင့်ကြံသူများ၏တိုက်ပွဲဖြစ်သည်။ အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်းအား တစ်ခဏအတွင်း ဆုံးဖြတ်၏။
အကွက်သုံးရာကျော် တိုက်ခိုက်သည်ဆိုသည်မျိုး မရှိပေ။
“အင်း…မီယွင်မြို့နဲ့ ဒီလောက်နီးတဲ့နေရာမှာ မိစ္ဆာကျင့်ကြံသူတွေ ဘယ်လိုလုပ် ပေါ်လာရတာလဲ..။ တကယ်ပဲ မိစ္ဆာဂိုဏ်းတွေက အင်မော်တယ်ရှားဂိုဏ်းကို ကျူးကျော်ဖို့ ကြံနေကြတာလား…။ ဒီမိစ္ဆာကျင့်ကြံသူတွေရဲ့ မှတ်ဉာဏ်တွေကို စစ်ဆေးဖို့လိုတယ်..။”
“ဝိညာဉ်ရှာဖွေခြင်း…။”
ထိုအတွေးဖြင့် ကျိုးစွေ့သည် ‘အိပ်မက်ဝိညာဉ်ကူ’၏ဒုတိယစွမ်းရည်ဖြစ်သော ဝိညာဉ်ရှာဖွေခြင်းအား ပြတ်ပြတ်သားသား ထုတ်ဖော်လိုက်သည်။ ၎င်းက မိစ္ဆာလမ်းစဉ်၏ ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်ထက် များစွာ ပိုအစွမ်းထက်လေသည်။
ဝူးရှ်…။
ချက်ချင်းဆိုသလို ကျင့်ကြံသူသုံးဦး၏ ဝိညာဉ်မှတ်ဉာဏ်များသည် တောင်ကျရေသဖွယ် ‘အိပ်မက်ဝိညာဉ်ကူ’ထံသို့ စီးဝင်သွားလေသည်။
မှတ်ဉာဏ်များက သူ့ရှေ့တွင် ရုပ်ရှင်သဖွယ် တစ်ကွက်ချင်း ပြသနေလေသည်။
“ဒီလိုကိုး….သူတို့အားလုံးက တစ္ဆေမိစ္ဆာဂိုဏ်းကပဲ..။”
ကျိုးစွေ့ အသက်ပြင်းပြင်း ရှူလိုက်သည်။
မိစ္ဆာကျင့်ကြံသူသုံးဦးထံမှ လုံလောက်သောသတင်းအချက်အလက်အား ချက်ချင်းရလိုက်လေသည်။ ယခင်က သူခန့်မှန်းထားသည့်အတိုင်း တစ္ဆေမိစ္ဆာဂိုဏ်းသည် အင်မော်တယ်ရှားဂိုဏ်းကို ကျူးကျော်ရန်နှင့် ရွှေနီသတ္တုတွင်းအား ဖျက်ဆီးရန် ကြံစည်နေ၏။ သူတို့သည် အင်မော်တယ်ရှားဂိုဏ်း ထပ်မံတန်ခိုးထွားလာမည်အား မလိုလားကြပေ။
မီယွင်မြို့အနီးတွင် ထွက်ပေါ်လာသော ဤမိစ္ဆာကျင့်ကြံသူများသည် အခြေခံအားဖြင့် တစ္ဆေမိစ္ဆာဂိုဏ်း၏ ရှေ့ပြေးအဖွဲ့ဖြစ်သည်။
တိမ်မြူခိုးတောင်တန်းနှင့်ပတ်သက်သော သတင်းများကို ထောက်လှမ်းစုဆောင်းရန် ရောက်ရှိနေကြခြင်းဖြစ်၏။ မီယွင်မြို့ထဲသို့ ခိုးဝင်ထားသော မိစ္ဆာကျင့်ကြံသူများပင် ရှိသေး၏။
တစ္ဆေမိစ္ဆာဂိုဏ်း စတင်တိုက်ခိုက်သည်နှင့် မီယွင်မြို့အတွင်းရှိ မဟာမိတ်များသည် အပြင်ဘက်အင်အားစုများနှင့် ပေါင်းစည်းနိုင်ပြီး မီယွင်မြို့အား အပြည့်အဝကျူးကျော်နိုင်ပေမည်။
ဤသို့ဖြင့် အင်မော်တယ်ရှားဂိုဏ်းအား အထိနာစေမည် ဖြစ်သည်။
“မဟုတ်သေးဘူး..ဒါက မီယွင်မြို့ကို တိုက်ခိုက်ချင်ရုံလောက် မရိုးရှင်းဘူး၊ သူတို့က အင်မော်တယ်ရှားဂိုဏ်းကိုပါ တိုက်ဖို့ ကြံနေကြတာပဲ…။”
“တစ္ဆေမိစ္ဆာဂိုဏ်းက ဂိုဏ်းနှစ်ခုအကြား စစ်ပွဲစပြီး အင်မော်တယ်ရှားဂိုဏ်းကို ဖျက်ဆီးဖို့ ကြံနေကြတာပဲ..။”
ထိုသို့တွေးမိကာ ကျိုးစွေ့ အလန့်တကြားဖြင့် အသက်ရှူပင် မှားသွားသည်။
ကိစ္စကြီးဖြစ်သည်ဟု သူသိထားသော်လည်း ဤမျှပြင်းထန်လိမ့်မည်ဟု သူမထင်ထားချေ။ ရွှေအမြုတေအဆင့် ဂိုဏ်းနှစ်ခုကြားရှိ စစ်ပွဲတစ်ခုအား တွေ့ကြုံရတော့မည်ဖြစ်ရာ ယင်းသည် တကယ်ကို တုန်လှုပ်ဖွယ်ရာဖြစ်ရပ်ဖြစ်၏။ စစ်ပွဲစတင်သည်နှင့် လုံခြုံသောနေရာဟူ၍ ရှိမည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် သူသည် မီယွင်မြို့မှ စောစောစီးစီးထွက်ခွာရန် မမိုက်မဲခဲ့မိပေ။ အခြေတည်အဆင့် ကျင့်ကြံသူများ အပါအဝင် တစ္ဆေမိစ္ဆာဂိုဏ်းသားများစွာ တိမ်မြူခိုးတောင်တန်းတစ်ဝိုက်တွင် ပုန်းအောင်းနေနှင့်ပြီး ဖြစ်၏။
သူသာ အလျင်စလို ထွက်ခွာခဲ့ပါက ထိုမိစ္ဆာကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းအား ခံရနိုင်ပေသည်။
သူရင်ဆိုင်ခဲ့ရသော မိစ္ဆာကျင့်ကြံသူသုံးဦးသည် ကြီးမားသောအင်အားစု၏ သေးငယ်သောအခက်အလက်လေးသာ ဖြစ်၏။
ယခုအချိန်အခါသည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ မုချ အန္တရာယ်ရှိမည်ဖြစ်သည်။ မီယွင်မြို့တွင် နေထိုင်ခြင်းကသာလျှင် အတော်အတန် ဘေးကင်းပေမည်။
မြို့ရှိ ဒုတိယအဆင့် ကာကွယ်ရေးအစီအရင်အားကိုးဖြင့်၊ များပြားလှသော ကျင့်ကြံသူများအား ထည့်တွက်လျှင် မိစ္ဆာကျင့်ကြံသူများ၏တိုက်ခိုက်မှုအား ခုခံနိုင်ခြေရှိသည်။