အဆင့်ချိုးဖြတ်ဆေးလုံးအား ရရှိခြင်း၊ ‘ရွှေစားကူ’၏ တိုးတက်ပြောင်းလဲမှု။
Vol. 4 Ch. 53
“ချီးတဲ့မှပဲ…၊ ကြည့်ရတာ မီယွင်မြို့မှာ ငါ တွင်းတစ်တွင်း တူးရတော့မယ်ထင်တယ်.။”
ကျိုးစွေ့ အလျင်လိုသောခံစားချက်အား ခံစားလိုက်ရသည်။
အသိုက်မှောက်လျှင် ဥတစ်လုံးမျှ အကောင်းမကျန် ဟူသော ဆိုရိုးစကားရှိသည်။
ကြီးမားသော ရွှေအမြုတေအဆင့် တစ္ဆေမိစ္ဆာဂိုဏ်းနှင့် ရင်ဆိုင်ရတွင် သူ၏အစွမ်းအစက ဘာမှအသုံးမဝင်ပေ။
အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးလှုပ်ရှားလျှင်ပင်၊ သူ့တွင် သေစရာအသက် လောက်ငှမည်မဟုတ်သလို လွတ်မြောက်နိုင်စရာလည်း မရှိချေ။
တိမ်မြူခိုးတောင်တန်းဒေသအား တစ္ဆေမိစ္ဆာဂိုဏ်းမှ ပိတ်ဆို့ထားနှင့်ပြီးဖြစ်သည်။ တစ်စုံတစ်ယောက် ထွက်ပြေးရဲပါက ၎င်းမှာ မုချ သေလမ်းသာ ဖြစ်သည်။ ထိုကြောင့် မီယွင်မြို့တွင် ပုန်းအောင်းခြင်းကသာ ရှင်သန်ရန် အခွင့်အရေးရှိပေမည်။
မည်သို့ပင်ဖြစ်စေ ဤမျှကြီးမားသော မြို့ကြီးတစ်မြို့တွင် လူအနည်းငယ်ပုန်းအောင်းရန်မှာ ရိုးရှင်းသောကိစ္စတစ်ခုဖြစ်သည်။ တစ္ဆေမိစ္ဆာဂိုဏ်းသည် မြို့တစ်ခုစလုံးအား ဖျက်ဆီးနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူသည် မီယွင်မြို့အောက်တွင် တွင်းတစ်တွင်းတူးရန်၊ ဖြစ်နိုင်လျှင် မြေအောက်ဥမင်တစ်ခုတူးရန် စဉ်းစားလိုက်သည်။ မမျှော်လင့်ထားသော တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက၊ သူသည် အခြားကျင့်ကြံသူများ သတိမထားမိစေဘဲ မြေအောက်သို့ ထွက်ပြေးနိုင်ပေမည်။
“အင်း…ဦးလေးကျန်း ပျောက်သွားတာ နှမြောစရာပဲ။ သူဘေးကင်းပါစေလို့ ဆုတောင်းပါတယ်။”
ဤသတင်းအား ကျန်းချန်နှင့် မျှဝေလိုခဲ့သော်လည်း ထိပ်တန်းအဆင့် အဆိပ်ဖြေဆေးလုံး ရရှိပြီးနောက် သူသည် ခြေရာမကျန် ပျောက်ကွယ်သွားပြီး ရှာမတွေ့နိုင်တော့ချေ။
ကျန်းချန် ဘေးကင်းလုံခြုံပါစေဟု ဆုတောင်းပေးရုံမှတစ်ပါး ဘာမှ မတတ်နိုင်ပေ။
“အင်း… ဒီမိစ္ဆာကျင့်ကြံသူတွေမှာ ဘယ်လိုရတနာတွေရှိမလဲ ကြည့်လိုက်ရအောင်…။”
ထိုအတွေးဖြင့် ချက်ချင်းပင် မိစ္ဆာကျင့်ကြံသူသုံးဦးထံမှ သိုလှောင်အိတ်များကို ဖွင့်လိုက်ရာ ပါရှိသမျှအားလုံး သူ့ရှေ့မှောက်သို့ ပေါ်ထွက်လာလေသည်။
ဆိုရလျှင် ဤမိစ္ဆာကျင့်ကြံသူသုံးဦးသည် အမှန်တကယ် ချမ်းသာကြလေသည်။ မိစ္ဆာကျင့်ကြံသူတစ်ဦးစီတွင် အနည်းဆုံး အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ်ခန့် ရှိပြီး၊ ၎င်းတို့သည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲနှင့် ညီမျှပေသည်။
ယင်းဖြင့်ပင် ၎င်းတို့၏ကြွယ်ဝမှုကို ခန့်မှန်းကြည့်နိုင်ပြီး ဖြစ်နိုင်သည်မှာ အခြားကျင့်ကြံသူများထံမှ လုယက်ထားခြင်း ဖြစ်ပေမည်။
ထို့အပြင်၊ သိုလှောင်အိတ်များထဲတွင် အဆိပ်ဖြေဆေးလုံး အနည်းငယ်နှင့် ဆေးလုံးပုလင်းအများအပြား ရှိလေသည်။
ထိပ်တန်းအဆင့် အဆောင်ဆယ့်ငါးခု၊ အလယ်အလတ်အဆင့် အဆောင် ငါးဆယ့်ခြောက်ခုနှင့် အဆင့်နိမ့်အဆောင် တစ်ရာကျော်လေသည်။
အဆင့်နိမ့်မှော်လက်နက်ငါးခု၊ အလယ်အလတ်အဆင့် မှော်လက်နက်သုံးခုနှင့် ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုလည်း ရှိလေသည်။
အဆိပ်အမျိုးမျိုးနှင့် အဆိပ်ငွေ့များစွာလည်း ရှိသေးသည်။
“ဒါက အရိပ်မြူခိုးမိုးကြိုးမလား…။”
ကျိုးစွေ့၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ သိုလှောင်အိတ်ထဲရှိ ပစ္စည်းများထဲတွင် တစ္ဆေမိစ္ဆာဂိုဏ်း၏ နာမည်ဆိုးဖြင့်ကျော်ကြားသော တစ်ခါသုံးမှော်လက်နက် ‘အရိပ်မြူခိုးမိုးကြိုး’ကို တွေ့မြင်လိုက်ရသည်။
ဤတစ်ခါသုံးမှော်လက်နက်တွင် ကြီးမားသောအစွမ်းရှိ၏။ ပစ်ပေါက်လိုက်ပါက ကြီးမားသော ပေါက်ကွဲမှုတစ်ခုအား ချက်ချင်းထုတ်လွှတ်နိုင်ပြီး၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင် မခံနိုင်ပေ။
သတိမထားမိပါက အခြေတည်အဆင့် ကျင့်ကြံသူများပင် ဒဏ်ရာရနိုင်လေသည်။
ကံကောင်းစွာဖြင့် သူသည် သတိရှိခဲ့ပြီး အစွမ်းကုန်ထုတ်ကာ ဤမိစ္ဆာကျင့်ကြံသူသုံးဦးအား စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်ခဲ့သည်။ ဤမိစ္ဆာကျင့်ကြံသူသုံးဦးအား သူတို့၏လှည့်ကွက်များကို အသုံးပြုခွင့်ပေးခဲ့မိပါက သေချာပေါက် သူဒုက္ခရောက်ရပေမည်။
“အဆင့်ချိုးဖြတ်ဆေးလုံး..ဒါ…အဆင့်ချိုးဖြတ်ဆေးလုံး မလား..။”
အတွင်းရှိဆေးလုံးများကို စစ်ဆေးရင် ကျိုးစွေ့ အလွန်စိတ်လှုပ်ရှားသွားသည်။ ဒဏ္ဍာရီများတွင် ကျော်ကြားသော အလွန်အဖိုးတန်သည့် “အဆင့်ချိုးဖြတ်ဆေးလုံး”အား တွေ့ရှိလိုက်ရသည်။
ဤ”အဆင့်ချိုးဖြတ်ဆေးလုံး”သည် အဖိုးမဖြတ်နိုင်သလို၊ အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်ရာခန့်တန်ဖိုးရှိပြီး ထိပ်တန်းအဆင့် အဆိပ်ဖြေဆေးတစ်လုံးထက် မနိမ့်ကျပေ။
အရေးအကြီးဆုံးအချက်မှာ ၎င်းအား ငွေဖြင့် ဝယ်ယူနိုင်ရန် မသေချာသောပစ္စည်းတစ်ခုဖြစ်ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်နှင့်၊ ၎င်းသည် ကျင့်ကြံမှုအလွှာတစ်ခုကို ကျော်ဖြတ်ရာတွင် ကူညီပေးနိုင်သောကြောင့် ချက်ချင်းဝယ်ယူသွားကြသောကြောင့် ဖြစ်၏။
ချီသန့်စင်ခြင်း အဆင့်(၆)ကျင့်ကြံသူတစ်ဦးက ဤဆေးလုံးအား သောက်သုံးလိုက်ပါက၊ ချီသန့်စင်ခြင်း အဆင့်(၇)သို့ ကျော်ဖြတ်တိုးတက်နိုင်သည်။
သိရမည်မှာ ယင်းသည် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့်ကြားရှိ အတားအဆီဖြစ်ကြောင်း သတိပြုထားရပေမည်။ သာမန်ကျင့်ကြံသူများ ဤအတားအဆီးတွင် နှစ်နှစ်ဆယ်ကြာ ပိတ်မိနေတတ်ခြင်းမှာ အထူးအဆန်းမဟုတ်ပေ။
သို့သော် “အဆင့်ချိုးဖြတ်ဆေးလုံး”တစ်လုံးကို သောက်လိုက်ရုံဖြင့်၊ ၎င်းသည် ကျင့်ကြံမှုအတားအဆီးကို ကျော်ဖြတ်ရာတွင် ကူညီပေးနိုင်ရာ ၎င်း၏တန်ဖိုး မည်မျှရှိသည်အား ထင်ရှားစေသည်။
ယခင်က မီယွင်မြို့ရှိ ဒန်ဆေးစံအိမ်တွင် ‘အဆင့်ချိုးဖြတ်ဆေးလုံး’တစ်လုံး ဝယ်ယူလိုခဲ့သော်လည်း အမြဲတစေ ပစ္စည်းပြတ်နေလေသည်။
အဆင့်ချိုးဖြတ်ဆေးလုံးများ ရရှိသည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့အား လုမိသားစု သို့မဟုတ် အခြားကျင့်ကြံသူများက ဝယ်ယူပြီးသား ဖြစ်သည်။
“ရတနာတွေ အများကြီးဆိုပေမဲ့၊ ငါ့ပင်မခန္ဓာကိုယ်ဆီကို ယူသွားလို့မဖြစ်ဘူး..။ အဆင့်ချိုးဖြတ်ဆေးလုံးကလွဲရင် ကျန်တာတွေကို ‘ရွှေစားကူ’ကို စားခိုင်းလိုက်မယ်.။”
ကျိုးစွေ့ အလွန်စိတ်လှုပ်ရှားနေသည်။ သူ၏ကျင့်ကြံမှုသည် ပြီးပြည့်စုံသော ချီသန့်စင်ခြင်း အဆင့်(၆)သို့ ရောက်ရှိသည်နှင့်၊ ဆေးလုံးအား အသုံးပြု၍ ချီသန့်စင်ခြင်း အဆင့်(၇)သို့ ချိုးဖြတ်နိုင်ပြီး ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ပေမည်။
ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပါက၊ သူ၏အစွမ်းသည် သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး၊ ယခင်ကနှင့်နှိုင်းယှဉ်လျှင် ကမ္ဘာတစ်ခုစာ ကွာခြားသွားပေလိမ့်မည်။
ဤသိုလှောင်အိတ်သုံးလုံးထဲတွင် ရတနာများစွာနှင့် ဝိညာဉ်ကျောက်တုံးများစွာ ရှိသော်လည်း ၎င်းတို့ထဲမှ တစ်ခုကိုမျှ ယူဆောင်သွား၍ မဖြစ်ချေ။
ထိုမိစ္ဆာကျင့်ကြံသူများ၏မှတ်ဉာဏ်များအရ တစ္ဆေမိစ္ဆာဂိုဏ်းတွင် အမှတ်အသားချန်နိုင်သော အထူးနည်းစနစ်များစွာ ရှိပေသည်။
သူသာ ၎င်းတို့အားယူဆောင်သွားပါက ပင်မခန္ဓာကိုယ်အတွက် ဒုက္ခဖြစ်စေပေမည်။
သို့သော် အရာအားလုံးအား ‘ရွှေစားကူ’က ဝါးမျိုလိုက်ပါက၊ မည်သည့်နည်းစနစ်မျှ အသုံးမဝင်တော့ဘဲ ဗိုက်ထဲရောက်သွားသောအစာများသာ ဖြစ်သွားပေမည်။
ဂျွတ်….ဂျွတ်….။
ထိုအတွေးဖြင့် ကျိုးစွေ့သည် တုံ့ဆိုင်းမနေဘဲ ‘ရွှေစားကူ’အား ချက်ချင်းပင် ၎င်း၏စားသောက်ပွဲအား စတင်စေလိုက်တော့သည်။
၎င်းပထမဆုံး ဝါးမျိုသည့်အရာမှာ သိုလှောင်အိတ်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သိုလှောင်အိတ်ကို ပြုလုပ်ရန် အသုံးပြုသော အဓိကကုန်ကြမ်းသည် သိုလှောင်ရန်နေရာပါတွင်သော ကျင့်ကြံခြင်းလောကရှိ အထူးသတ္တုတစ်မျိုးဖြစ်သည့် အာကာသကျောက်ဖြစ်သောကြောင့် ဖြစ်၏။
ကျင့်ကြံခြင်းလောကတွင် အာကာသကျောက်အများအပြား မထုတ်လုပ်နိုင်ခဲ့ပါက လူတိုင်းတွင် သိုလှောင်အိတ်တစ်လုံးရှိရန် မဖြစ်နိုင်ပေ။
ဆိုရလျှင် အာကာသကျောက်သည်လည်း အထူသတ္တုရိုင်းတစ်မျိုးဖြစ်၍ ‘ရွှေစားကူ’အတွက် အစာတစ်မျိုးပင်ဖြစ်သည်။
ခဏချင်းပင် သိုလှောင်အိတ်နှစ်လုံးအား ‘ရွှေစားကူ’က ဝါးမျိုပစ်လိုက်လေသည်။
ဝှမ်….။
အာနိသင်ကောင်းသော အားဆေးတစ်လုံးစားလိုက်ရသကဲ့သို့ ‘ရွှေစားကူ’၏ခန္ဓာကိုယ်သည် တစ်ဆခန့် ဖောင်းကားလာပြီး အရေပြားပေါ်တွင် များပြားလှသော ဆန်းကြယ်သည့် သင်္ကေတများ ပေါ်လာလေသည်။
ပိုမိုအံ့ဩစရာကောင်းသည်က ၎င်း၏အစာအိမ်ထဲတွင် အာကသကျောက်၏ အတွင်းပိုင်းအာကာသနှင့် ဆင်တူသော အထူးအာကသတစ်ခု ဖွံ့ဖြိုးလာခြင်းပင်။ အတွင်းပိုင်းထုတည်မှာလည်း သေးငယ်ခြင်းမရှိဘဲ ကုဗမီတာဆယ်ဂဏန်းခန့် ရှိလေပြီး ပစ္စည်းအများအပြားအား သိုလှောင်ထားနိုင်ပေသည်
“ဒါက ‘ရွှေစာကူ’ရဲ့ စွမ်းရည်လား..။ သတ္တုတွေကို ဝါးမျိုပြီးရင် အဲ့ဒီသတ္တုတွေရဲ့အစွမ်းကို ရနိုင်တာပေါ့။ ဒီအစွမ်းက ကောင်းလိုက်တာ..။ အာကသကျောက်အများကြီးကိုသာ ဝါးမျိုနိုင်လိုက်ရင် သူ့အစာအိမ်က လောကငယ်တစ်ခုအဖြစ်တောင် ဖွံ့ဖြိုးလာနိုင်တာပေါ့…။”
“အင်း…နှမြောစရာက အာကာသကျောက်တွေ အများကြီးမရှိတာပဲ..။”
“သူ့ရဲ့ကျင့်ကြံမှုလည်း တိုးသွားပြီးတော့ အလယ်အလတ်အဆင့်ကိုတော့ ရောက်သွားတာပဲ..။”
“ဝိညာဉ်ကျောက်တုံးတွေနဲ့ မှော်ပစ္စည်းတွေ အများကြီးကျန်သေးတယ်။ နောက်မှ ဝါးမျိုလို့ရအောင် သူ့အစာအိမ်ထဲ အကုန်ထည့်ထားလိုက်မယ်…။”
ကျိုးစွေ့ အလွန်ကျေနပ်နေလေသည်။
ထိုစွမ်းရည်က ‘ရွှေစားကူ’အတွက် များစွာအဆင်ပြေစေသည်။ မည်သို့ပင်ဖြစ်စေ ‘ရွှေစားကူ’သည် အစာအား အကန့်အသတ်မဲ့ ဝါးမျိုနိုင်ခြင်းမရှိပဲ ကန့်သတ်ချက်ရှိပေသည်။
၎င်း၏အစာအိမ်အတွင်း အထူးအာကာသတစ်ခု ဖွဲ့စည်းနိုင်ခြင်းသည် ၎င်းဆာလောင်သည့်အခါ ဝါးမျိုနိုင်ရန် အစားအစာအများအပြားအား ယာယီသိုလှောင်နိုင်ပေသည်။
‘ရွှေစားကူ’သည် လျင်မြန်စွာကြီးထွားရန်အတွက် သတ္တုအများကြီးအား ဝါးမျိုရန်လိုအပ်နေဆဲဖြစ်၏။ ၎င်းအား သူ့ဘေးတွင်ထားခြင်းက ၎င်း၏ကြီးထွားမှုကို ဆွဲထားသလိုဖြစ်ပေမည်။ ၎င်းအား တောရိုင်းထဲတွင် လွတ်လပ်စွာ ကြီးထွားစေခြင်းက ပိုကောင်းမွန်လေသည်။
ဤသို့ဖြင့် ‘ရွှေစားကူ’၏ကြီးထွားနှုန်းသည် များစွာမြန်ဆန်လာမည် ဖြစ်သည်။
“သွားသင့်ပြီ…သိပ်မကြာခင် တစ္ဆေမိစ္ဆာဂိုဏ်းက ကျင့်ကြံသူတွေ ရောက်လာလောက်မယ်..။”
မသိစိတ်၏စေ့ဆော်မှုကြောင့် ကျိုးစွေ့ ဆက်လက်မနေတော့ပေ။
ဘွန်း…။
မီးလုံးပညာကို ထုတ်ဖော်လိုက်ပြီး မိစ္ဆာကျင့်ကြံသူသုံးဦး၏ အလောင်းများအား ချက်ချင်းပစ်ခတ်လိုက်ပြီး ပြာချပစ်လိုက်လေသည်။
တစ္ဆေမိစ္ဆာဂိုဏ်းတွင် ထူးဆန်းသောနည်းလမ်းများစွာရှိ၏။ အလောင်းများအား ချန်ထားခဲ့ပါက မည်သည့်နည်းလမ်းများကို အသုံးပြုကာ သူ့အား ခြေရာခံနိုင်မည်အား ပြောရခက်ပေသည်။
မည်သို့ပင်ဖြစ်စေ၊ ဤအလောင်းသုံးလောင်းအား ဖျက်ဆီးလိုက်ခြင်းက သူ့အား ခြေရာခံနိုင်ရန် ခက်ခဲစေပေမည်။