← Chapters

တွင်းနက်တူးခြင်း၊ စစ်ပွဲအတွက် ရိက္ခာများသိုလှောင်ခြင်း။

Vol. 4 Ch. 54

တွင်းနက်တူးခြင်း၊ စစ်ပွဲအတွက် ရိက္ခာများသိုလှောင်ခြင်း။

Vol. 4 Ch. 54

တစ်နာရီကြာပြီးနောက်။

ကျိုးစွေ့သည် မီယွင်မြို့မှရရှိခဲ့သော မြေပုံအတိုင်း ရွှေနီသတ္တုတွင်းဆီသို့ ရွေ့လျားသွားခဲ့လေသည်။

“လမ်းတစ်ခု ဖောက်ထားတာလား..။”

သတ္တုတွင်းအနီးသို့ချဉ်းကပ်သွားရင် ပတ်ဝန်းကျင်အား ကြည့်ကာ ကျိုးစွေ့အံ့အားသင့်သွားသည်။

ဝန်ခံရလျှင်၊ ဤသည်မှာ တိမ်မြူခိုးတောင်တန်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ သူသည် မြို့ထဲတွင်သာ နေထိုင်ပြီး၊ သူ့ကိုယ်ပွားပင်လျှင် မီယွင်မြို့အနီးတစ်ဝိုက်ရှိ တောင်တန်းများတွင်သာ နေထိုင်ခဲ့ပြီး အဝေးကြီးသို့ ဘယ်တုံးကမျှ မစွန့်စားခဲ့ချေ။

သတ္တုတွင်းအနီးသို့ ရောက်ရှိမှသာလျှင် ရှည်လျားသောလမ်းတစ်ခု ဖောက်ထားသည်အား တွေ့ရှိလိုက်သည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များ၊မြက်ရိုးများအား မီးရှို့ဖျက်ဆီးပြီး သတ္တုတွင်းသို့ဦးတည်သော မြေသားလမ်းတစ်ခုအား လမ်းဖွင့်ခဲ့ခြင်း ဖြစ်ပေသည်။

ယင်းသည် သူ့ယခင်ဘဝက ကွန်ကရစ်လမ်းလိုမဟုတ်သော်လည်း ဤလောကအတွက် အတော်လေး အထင်ကြီးစရာကောင်းပေသည်။

ဤခရီးလမ်းတစ်လျှောက် ကြီးမားသော အနှောင့်အယှက်များ မရှိဘဲ၊ ရွှေနီသတ္တုတွင်းသို့ လွယ်ကူစွာ ရောက်ရှိခဲ့လေသည်။

စဉ်းစားကြည့်လျှင် ယင်းက ဖြစ်သင့်လေသည်။ ဤသည်မှာ အင်မော်တယ်ရှားဂိုဏ်း၏ အုပ်ချုပ်မှုအောက်ရှိ နယ်မြေတစ်ခုဖြစ်ရာ အသက်ကိုတန်ဖိုးထားသော မည်သူမဆို တိုက်ခိုက်ရဲမည်မဟုတ်ပေ။

“ဒုတိယအဆင့် အစီအရင်တစ်ခုတောင် ချထားတာပဲ…အင်မော်တယ်ရှားဂိုဏ်းက တော်တော်လေးသတိထားပုံပဲ။”

ကျိုးစွေ့က အတွင်းသို့ မဝင်ရောက်ဘဲ အဝေးမှသာ စောင့်ကြည့်နေလေသည်။ သူ၏ ပထမအဆင့် အလယ်အလတ်အဆင့် အစီအရင်ကျွမ်းကျင်မှုဖြင့် ရွှေနီသတ္တုတွင်းတစ်ခုလုံးအား ဒုတိယအဆင့် အစီအရင်တစ်ခုချထားကြောင်း ချက်ချင်းသိလိုက်လေသည်။

တစ်စုံတစ်ယောက်သာ သတ္တုတွင်းထဲသို့ ခိုးဝင်ရဲပါက၊ မိုးကြိုးပစ်သကဲ့သို့သော တိုက်ခိုက်မှုနှင့် မုချကြုံတွေ့ရပေမည်။

အင်မော်တယ်ရှားဂိုဏ်းက ၎င်းတို့၏ပိုင်ဆိုင်မှုအား ကာကွယ်ရန် မည်သည့်ကုန်ကျစရိတ်ကိုမျှ နှမြောတွန့်တိုခြင်းမရှိသည်မှာ ရှင်းလှချေသည်။

အင်မော်တယ်ရှားဂိုဏ်း၏ တပည့်သား သို့မဟုတ် စာချုပ်ချုပ်ဆိုထားသော မိုင်းတွင်းလုပ်သားတစ်ဦးမဟုတ်လျှင် ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ကံကောင်းသည်မှာ ယင်းအား သူကြိုတင်တွက်ချက်ထားပြီး ဖြစ်၏။

ဝှစ်…

‘ရွှေစားကူ’က လျှပ်တစ်ပြက် အသံတိတ်တောင်ပံခတ်ကာ ပျံတက်သွားပြီး၊ အတွင်းသို့ဝင်ရောက်ရန်ပြင်နေသော မိုင်းတွင်းလုပ်သားကျင့်ကြံသူတစ်ဦး၏ သိုလှောင်အိတ်အပြင်ဘက်တွင် နေရာယူလိုက်လေသည်။

ဤနည်းလမ်းဖြင့် ‘ရွှေစားကူ’သည် ရွှေနီသတ္တုတွင်းသို့ တိတ်တဆိတ် ခိုးဝင်နိုင်ပေမည်။

“အလုပ်ဖြစ်ပြီ..။”

‘ရွှေစားကူ’သည် တစ်ကိုယ်တော်ကျင့်ကြံသူ မိုင်းတွင်းလုပ်သားနှင့်အတူ သတ္တုတွင်းအနက်ပိုင်းထဲသို့ တိတ်တဆိတ်ဝင်ရောက်သွားသည်အား ကျိုးစွေ့ အာရုံခံမိလိုက်လေသည်။ မည်သည့်မတော်တဆမှ မဖြစ်ပွားဘဲ သူ့အစီအစဉ်က အောင်မြင်သွားတော့သည်။

“အဘိုးကြီး… ခင်ဗျားက ဘယ်သူလဲ..။”

ထိုအခိုက်အတန့်တွင် သတ္တုတွင်းကို စောင့်ကြပ်နေသော အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ကျိုးစွေ့၏လျှို့ဝှက်လှုပ်ရှားမှုအား သတိထားမိသွားကာ မေးမြန်းစစ်ဆေးလိုက်သည်။

ဝှစ်….။

ကျိုးစွေ့က ရှင်းပြနေရန် စိတ်မဝင်စားချေ။ လျှပ်ပြက်လိုက်သကဲ့သို့ ထိုနေရာမှ ချက်ချင်းထွက်ခွာလိုက်သည်။

အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူက ဇဝေဇဝါဖြစ်သွားပြီး၊ သူ့နောက်သို့ လိုက်ရန် စိတ်ကူးလိုက်သော်လည်း ထောက်ချောက်တစ်ခုဖြစ်မည်အား စိုးရိမ်ကာ မလိုက်တော့ချေ။

ကိုယ်ပွားသည် မီယွင်မြို့သို့ ပြန်မည့်အစား၊ တောရိုင်းထဲတွင်သာ နေထိုင်ရန် ရွေးချယ်လိုက်သည်။ ၎င်းသည် သားလောင်းကူပိုးကောင် အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီး သစ်ပင်တစ်ပင်ထဲသို့ တိုးဝင်လိုက်ကာ သခင်၏အမိန့်အား စောင့်ဆိုင်းရင်း အိပ်စက်သွားလေတော့သည်။

ဤသည်မှာ ‘ကိုယ်ပွားကူ’၏အစွမ်းဖြစ်၏။ ၎င်းသည် သခင်နှင့် တူညီသော ခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းနိုင်ရုံသာမက၊ သားလောင်းကူအဖြစ်သို့ အချိန်မရွေးပြောင်းလဲနိုင်သည်။ ကူပိုးကောင်ဖြစ်သဖြင့် ခန္ဓာကိုယ်က ကျုံဝင်သွားကာ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်သွားလေသည်။

အဆင့်ချိုးဖြတ်ဆေးလုံးအတွက်မူ လအနည်းငယ်ကြာပြီးမှ ရယူလျှင်လည်း နောက်မကျချေ။ မည်သို့ပင်ဖြစ်စေ ပင်မကိုယ်၏ကျင့်ကြံမှုသည် ပြီးပြည့်စုံသော ချီသန့်စင်ခြင်း အဆင့်(၆)သို့ မရောက်ရှိသေးချေ။ လက်ရှိအချိန်တွင် ၎င်းအား ရယူခြင်းက မည်သည့်အကျိုးအမြတ်မျှမရှိသလို၊ သူ၏တည်နေရာကိုလည်း ဖော်ထုတ်သလို ဖြစ်သွားနိုင်ပေသည်။

ထိုအချိန်တွင် အိမ်တွင်ရှိနေသော ကျိုးစွေ့သည် ကိုယ်ပွားထံမှ သတင်းအချက်အလက်များအား လက်ခံရရှိလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှအား သိရှိလိုက်လေသည်။

“တစ္ဆေမိစ္ဆာဂိုဏ်းနဲ့ အင်မော်တယ်ရှားဂိုဏ်းက စစ်ပွဲအတွက် ပြင်ဆင်နေကြတာများလား…။ ဒီလိုဆိုရင် မီယွင်မြို့က စစ်မြေပြင်တစ်ခု ဖြစ်သွားတော့မှာပေါ့…။” ကျိုးစွေ့၏အမူအရာက လေးနက်သွားလေသည်။

စစ်ပွဲ ဘယ်အချိန်ဖြစ်ပွားမည်အား သူသေချာမသိသော်လည်း ယင်းက မနှေးမမြန်သာ ဖြစ်ပေမည်။

သူသာ ကြိုတင်စီမံမထားပါက စစ်ပွဲရောက်လာချိန်တွင် နောက်ကျသွားနိုင်သည်။

“ကံကောင်းတာကတော့ မိစ္ဆာကျင့်ကြံသူသုံးဦးရဲ့ မှတ်ဉာဏ်တွေအရတော့ စစ်ပွဲအတွက်ပြင်ဆင်နေရင်တော့ နေ့ချင်းညချင်းတော့ ထဖြစ်မှာမဟုတ်ဘူး…။ အနည်းဆုံး တစ်နှစ်လောက်တော့ အချိန်ယူရမှာပဲ…။”

“ငါ့မှာ ပြင်ဆင်ဖို့ အချိန်ရှိသေးတယ်..။” ကျိုးစွေ့မျက်လုံးများ အရောင်တောက်သွားသည်။

မည်သို့ပင်ဖြစ်စေ အမြောက်များ အသံထွက်ရန်မှာ ငွေလို၏။ ကျင့်ကြံခြင်းလောကဆိုလျှင်ပင် စစ်ပွဲသည် များပြားသော ငွေကြေးများအား သုံးစွဲရန်လိုအပ်သေးသည်။ ပြီးပြည့်စုံသော ပြင်ဆင်မှုမရှိဘဲ စစ်ပွဲစတင်ရန် အလျင်စလိုလုပ်ခြင်းက ပျက်စီးခြင်းသို့ လားရာလမ်းဖြစ်သည်။ တစ္ဆေမိစ္ဆာဂိုဏ်းသည် ထိုမျှမိုက်မဲမည်မဟုတ်ပေ။

“စစ်ပွဲဖြစ်လို့ကတော့.. ဆေးလုံးတွေ၊ အဆောင်တွေ၊ မှော်ပစ္စည်းတွေနဲ့ အစားအသောက်တွေရဲ့ ဈေးနှုန်းက မိုးထိုးသွားမှာပဲ..”

“အထူးသဖြင့် အစားအသောက်ပဲ…။ အခြားကျင့်ကြံမှုအရင်းအမြစ်တွေက မရှိလည်း ကြည့်ကျက်စီမံလို့ရသေးတယ်… အစားအသောက်ကတော့ မရှိမဖြစ်ပဲ..။”

“ငါသာ အိမ်မှာ ဥမင်တူးမယ်ဆိုရင် အနည်းဆုံး လေး၊ငါးနှစ် မဟုတ်သေးဘူး…၊ လုံးဝဘေးကင်းဖို့ဆိုရင် ဆယ်နှစ်စာလောက် ရိက္ခာပြင်ဆင်ထားရမယ်…။”

“အဆိုးဆုံး အခြေအနေရောက်ရင်တောင် ဥမင်ထဲမှာ ဆယ်နှစ်လောက် နေနိုင်သွားမယ်… ဘယ်သူက တောင့်ခံနိုင်မလဲ ကြည့်ကြ‌သေးတာပေါ့..။”

ကျိုးစွေ့ လက်သီးဆုပ်လိုက်သည်။ သူ့ပုံစံက လုံးဝ ခက်ထန်နေသည်။

ကံကောင်းစွာဖြင့် အစားအသောက်များအား ‘ကူနတ်ဘုရားပန်းကန်’ထဲတွင် သိုလှောင်ထားနိုင်သည်။ နှစ်တစ်ရာကြာ သိုလှောင်ထားလျှင်ပင် ပုတ်သိုးသွားမည်မဟုတ်ပေ။

အခြေအနေအရ ရိက္ခာများများ ပြင်ဆင်ထားလေ၊ ပိုကောင်းလေဖြစ်သည်။ ပိုလျှံနေလျှင်လည်း အလဟဿဖြစ်မည်မဟုတ်ချေ။ ထို့အပြင် လက်ရှိသူ့တွင် ဝိညာဉ်ကျောက်တုံး များစွာရှိလေသည်။

မီယွင်မြို့သို့ တစ်ကိုယ်တော်ကျင့်ကြံသူများ အဆက်မပြတ်ဝင်ရောက်လာမှုကြောင့် ဝိညာဉ်အရက်ရောင်းချမှုက တစ်ရိပ်ရိပ်တိုးတက်နေလေသည်။

လအနည်းငယ်အတွင်းမှာပင် သူသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သိန်းနှင့် ညီမျှသော အလယ်အလတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်အား ရရှိခဲ့လေသည်။

ယင်းက အံ့လောက်စရာ အရေအတွက်ဖြစ်လေသည်။

ကျင့်ကြံသူမိသားစုတစ်ခုပင်လျှင် ယင်းပမာဏအား တစ်နှစ်ခန့်စုဆောင်းရပေမည်။ သူသာ တည်နေရာပေါက်ကြားမည်ကို မစိုးရိမ်ပါက ထို့ထက်ပင် ပိုမိုရရှိနိုင်ပေသည်။

“ယောက်ျား…ဘာတွေဖြစ်နေတာလဲ..။”

ကျိပင်းယွီက အရသာရှိသော နေ့လည်စာအတွက် အစားအစာများကို ခင်းကျင်းထားပြီးဖြစ်သည်။ ကျိုးစွေ့ရောက်လာသောအခါ သူ၏လေးနက်နေသောမျက်နှာအမူအရာအား သတိပြုမိသဖြင့် စူးစမ်းလိုက်လေသည်။

“ငါ သတင်းနည်းနည်း ရထားတယ်…ကြည့်ရတာ မီယွင်မြို့က တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ပစ်မှတ်ထားခံနေရပုံပဲ။”

ကျိုးစွေ့က ဘာမှ ဖုံးကွယ်မထားဘဲ သိထားသမျှအား ပြောပြလိုက်သည်။

ဘာရယ်…။

အမျိုးသမီသုံးဦးစလုံး မျက်နှာပျက်သွားကြလေသည်။ ဤမျှ တုန်လှုပ်ဖွယ်ကောင်းသော သတင်းအား ကြားရမည်ဟု ထင်မထားကြချေ။

“တစ္ဆေမိစ္ဆာဂိုဏ်းလား…. ဒါက လူပြောများတဲ့ မိစ္ဆာဂိုဏ်းပဲ..။ သူတို့မှာ ရွှေအမြုတေသုံးယောက်ရှိပြီးတော့ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်တဲ့နည်းလမ်းပေါင်းစုံကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတယ်..။ သူတို့သွားလေရာအရပ်တိုင်းမှာ သေခြင်းတရားနဲ့ ဖျက်ဆီးခြင်းတွေပဲ ကျန်တယ်။ သူတို့သာ အင်မော်တယ်ရှားဂိုဏ်းကို ပစ်မှတ်ထားရင်တော့ အနည်းဆုံးတော့ တော်တော်လေး အထိနာသွားစေမှာပဲ။”

ကျိပင်းယွီသည်လည်း ထိုမိစ္ဆာဂိုဏ်းအကြောင်းအား ကြားဖူးပေသည်။

“ဒါပေမဲ့ အင်မော်တယ်ရှားဂိုဏ်းဆိုတာကလည်း လွယ်လွယ်ရန်စလို့ရတဲ့ဟာမဟုတ်ဘူး။ သူတို့မှာလည်း ရွှေအမြုတေနှစ်ယောက်ရှိတယ်။ တစ္ဆေမိစ္ဆာဂိုဏ်းသာ မမိုက်မဲဘူးဆိုရင် အပြန်အလှန်အထိနာစေမယ့်ကိစ္စမျိုး လိုလားမှာမဟုတ်ဘူး။ သေချာမပြင်ဆင်ထားပဲနဲ့တော့ ဘယ်ဘက်ကမှ စစ်ပွဲစမှာမဟုတ်ဘူး..။”

“ဟုတ်တယ်… ငါတို့မီယွင်မြို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ သာမန်မြို့တစ်မြို့လောက်ပဲ။ တိမ်မြူခိုးတောင်တန်းနားမှာ ရှိနေရင်တောင်မှ ဒါက အင်မော်တယ်ရှားဂိုဏ်းရဲ့ အဓိကနယ်မြေမဟုတ်ဘူး..။ တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ အဓိကပစ်မှတ် မဖြစ်သင့်ဘူး…။”

မုဇီယန်က နှစ်သိမ့်လိုက်သည်။

“မဟုတ်ဘူး… အဲ့လိုလည်း ကံသေကံမ ပြောလို့မရဘူး…။ ရှုပ်ထွေးနေတဲ့ အခြေအနေတစ်ခုမှာ လူတိုင်းဒုက္ခရောက်နိုင်တယ်…။”

“ရွှေအမြုတေအဆင့်တွေမဟုတ်ဘဲ အခြေတည်အဆင့်တွေ လှုပ်ရှားကြရင်တောင် ငါတို့လို သာမန်ကျင့်ကြံသူတွေ ခုခံနိုင်ဖို့ ခက်လိမ့်မယ်..။ ဒါပေမဲ့ အခုချိန်မှာ ထွက်ပြေးဖို့လည်း မဖြစ်နိုင်ဘူး..။ ယောက်ျားပြောပုံအရဆိုရင် တိမ်မြူခိုးတောင်တန်းတစ်ဝိုက်မှာ တစ္ဆေမိစ္ဆာဂိုဏ်းသားတွေနဲ့ ပြည့်နေလောက်ပြီ။ ခုချိန် ထွက်ပြေးဖို့ကြိုးစားရင် သူတို့လက်ထဲ တည့်တည့်ဝင်တိုးသလိုဖြစ်မှာပဲ..။”

ကျိပင်းယွီက လေးနက်စွာ ပြောလိုက်သည်။

All Chapters