← Chapters

ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ်၊ လျှို့ဝှက်ဆန်းကြယ်သော ဆေးဖော်စပ်ပညာအမွေအနှစ်။

Vol. 4 Ch. 55

ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ်၊ လျှို့ဝှက်ဆန်းကြယ်သော ဆေးဖော်စပ်ပညာအမွေအနှစ်။

Vol. 4 Ch. 55

“ဒါနဲ့… အခြေတည်ဆေးလုံး ဝယ်လို့ရနိုင်မယ့် နည်းလမ်းတစ်ခုခုများ ရှိလား..။ ယွီအာ၊ အခုမင်းရဲ့ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်(၉)ရဲ့ ပြီးပြည့်စုံမှုအဆင့်ကို ရောက်နေပြီမလား..။ အခြေတည်အဆင့်ကို ကြိုးစားသင့်ပြီ..။ မင်းသာ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်သွားရင် ငါတို့ ပိုလုံခြုံသွားမှာပဲ…။”

ကျိုးစွေ့က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ကျိပင်းယွီသာ အခြေတည်အဆင့်ကျင့်ကြံသူ ဖြစ်လာပါက ဤအကျပ်အတည်းအား သေချာပေါက်‌ ဖြေရှင်းနိုင်မည်ဟု ခံစားနေရသည်။

ထို့အပြင် မိမိလက်တွဲဖော်အား အားကိုးခြင်းသည် သိက္ခာကျစရာမဟုတ်ချေ။ အခြေတည်အဆင့်တစ်ဦးသာ နောက်ခံရှိပါက ယုံကြည်မှုအပြည့်ဖြင့် လျှောက်သွားနိုင်ပေမည်။

“ရှင့်အကူအညီနဲ့ ကျွန်မရဲ့ ဝိညာဉ်အာရုံက လက်ရှိမှာ အခြေတည်ဝိညာဉ်အာရုံအဖြစ် ပြောင်းလဲသွားပြီ။ ကျွန်မကိုယ်ထဲက အစစ်အမှန်ချီလည်း ပြီးပြည့်စုံသွားပြီ။ ပြီးတော့ ရုပ်ခန္ဓာကလည်း ချို့ယွင်းချက်မရှိတော့ဘူး။ အင်း.. တကယ်ပဲ အခြေတည်အဆင့်ကို ကြိုးစားသင့်နေပြီ။ ကျွန်မဘာသာ ကြိုးစားမယ်ဆိုရင်တောင် အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်း အောင်မြင်နိုင်ခြေရှိတယ်..။”

ကျိပင်းယွီက စိတ်လှုပ်တရှား ပြောလိုက်သည်။

မူလက သူမသည် ချီသန့်စင်ခြင်း၏ ပြီးပြည့်စုံသော အခြေအနေအား ရောက်ရှိနိုင်ရန် အနည်းဆုံး ဆယ်နှစ်ခန့် ကျင့်ကြံရန် လိုအပ်သေးကာ၊ ထိုအခါမှသာ အခြေတည်အဆင့်ကို ကြိုးစားနိုင်မည်ဟု ခန့်မှန်းထားခဲ့လေသည်။

သို့သော် တူနှစ်ကိုယ်ကျင့်ကြံပြီးနောက် သူမ၏ကျင့်ကြံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ဝိညာဉ်အာရုံသည် အခြေတည်အဆင့်သို့ တိုးတက်ပြောင်းလဲသွားခဲ့၏။

ထို့ကြောင့် သူမ၏ကျင့်ကြံမှုတိုးတက်မှုသည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ တိုးတက်လာခဲ့လေသည်။

“ဟင့်အင်း… ငါတို့ဘာသာ အခြေတည်အဆင့်ကို ကြိုးစားလို့ မဖြစ်ဘူး… ဒါက အရမ်းအန္တရာယ်များတယ်..။”

ကျိုးစွေ့က လက်ယမ်းလိုက်သည်။ သူသည် အရဲစွန့်ရမည့်ကိစ္စမှန်သမျှအား အလိုလိုပင် မုန်းတီးလေသည်။ ငါးဆယ်ရာခိုင်နှုန်းဆိုသည်မှာ အလောင်းအစားလုပ်ခြင်းနှင့် ဘာမှမခြားနားပေ။ တစ်ရာရာခိုင်နှုန်းမှ မဟုတ်လျှင် အခြေတည်အဆင့်သို့ ကြိုးစားတက်လှမ်းခြင်း မပြုသင့်ပေ။

ကျရှုံးခဲ့ပါက ၎င်းသည် သေဆုံးခြင်းနှင့် လမ်းစဉ်အဆုံးသတ်ခြင်းကို ဆိုလိုရာ ယင်းသည် အလွန်ပင် အန္တရာယ်များသည်။

ကျိပင်းယွီသည် သူ၏လက်တွဲဖော်ဖြစ်သဖြင့် ထိုသို့သော အရဲစွန့်မှုအား ခွင့်မပြုနိုင်ပေ။ သို့သော် အခြေတည်ဆေးလုံးနှင့်ဆိုလျှင်မူ ကွဲပြားသွားပေလိမ့်မည်။

အခြေတည်ဆေးလုံးတစ်လုံးသည် အခွင့်အရေးအား သုံးဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်လေသည်။

အရေးအကြီးဆုံးအချက်မှာ၊ အခြေတည်ဆေးလုံးအကူအညီဖြင့် အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် ကျရှုံးလျှင်ပင်၊ သေဆုံးမည်မဟုတ်ဘဲ ထပ်မံ၍ကြိုးစားနိုင်သေးသည်။ ဤသည်မှာ ဘေးအကင်းဆုံးနည်းလမ်းဖြစ်၏။

“ဟုတ်တယ် အစ်မကျိ..၊ တကယ်တော့ လောစရာမလိုပါဘူး…။ နွေဦးရာသီကျရင် မီယွင်မြို့မှာ ကြီးကျယ်တဲ့လေလံပွဲတစ်ခု ကျင်းပမယ်လို့ ကြားတယ်…၊ အဲ့ဒီမှာ အခြေတည်ဆေးလုံးတွေ လေလံတင်လောက်တယ်။”

မုဇီယန်ကလည်း တားမြစ်လေသည်။

မီယွငိမြို့သည် သုံးနှစ်တစ်ကြိမ် ကြီးကျယ်ခမ်းနားသော လေလံပွဲတစ်ခုအား ကျင်းပလေ့ရှိ၏။ ထိုအချိန်ရောက်လျှင် စီးပွားရေးလုပ်ငန်းများစွာက မီယွင်မြို့သို့ လာရောက်ကြမည်ဖြစ်ပြီး၊ လေလံပွဲတွင် ထူးခြားဆန်းပြားသော ရတနာအမျိုးမျိုးနှင့် ဆေးလုံး၊ဆေးပင်အမျိုးမျိုးအား ပြသမည်ဖြစ်လေသည်။

ယင်းက မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်မည်ဖြစ်ပြီး၊ အမှန်တကယ်ပင် ထိပ်တန်းပုဂ္ဂိုလ်များ၏ စုဝေးပွဲတစ်ခုဖြစ်လေသည်။

“အင်း…ဒါဆိုလည်း စောင့်ကြတာပေါ့..။”

ကျိပင်းယွီက ခေါင်းညိတ်လိုက်သည်။

သူမသည်လည်း အခြေတည်ဆေးလုံးဖြင့် အခြေတည်အဆင့်သို့ တက်လှမ်းခြင်းက ပိုလုံခြုံသည်ဟု ထင်ပေသည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်တွင် အသက်တစ်ချောင်းသာ ရှိပေသည်။ သူမတွင် ယုံကြည်မှုများစွာရှိလျှင်ပင် တစ်ရာရာခိုင်နှုန်းအောင်မြင်နိုင်ခြေကိုတော့ အာမမခံနိုင်ပေ။

လက်ရှိတွင် သူတို့သည် ဝိညာဉ်ကျောက်တုံးများ မရှားပါးချေ။ အ‌ခွင့်အရေးရလျှင် ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ အခြေတည်ဆေးလုံးအား သေချာပေါက် ဝယ်ယူနိုင်ပေသည်။

…

နေ့လည်စာစားပြီးနောက် ကျိုးစွေ့သည် တိတ်ဆိတ်သောအခန်းထဲသို့ ဝင်ရောက်လိုက်ပြီး ဆေးဖော်စပ်ပညာရှင်ကျန်းချန်ထံမှ အမွေအနှစ်မှတ်တမ်းတင် ကျောက်စိမ်းပြားအား ထုတ်ယူလိုက်သည်။

သူသည် ပထမအဆင့် ဆေးဖော်စပ်ပညာရှင်၏ ပြီးပြည့်စုံသောအ‌မွေအနှစ်အား ရရှိထားပြီးဖြစ်သော်လည်း၊ ကျန်းချန်ထံမှ နှစ်ပေါင်းများစွာကြာ အတွေ့အကြုံသည် သူ့အား စိတ်ကူးစိတ်သန်းများစွာအား ပေးစွမ်းနိုင်ပေလိမ့်မည်။

ဂျွတ်…ဂျွတ်..။

ဤအမွေအနှစ်မှတ်တမ်းတင် ကျောက်စိမ်းပြားအား ကြည့်ရှုရန် ရည်ရွယ်ချက်မရှိဘဲ၊ ၎င်းအား ‘စာအုပ်ကူ’ ထံသို့သာ ပေး၍ ဝါးမျိုလိုက်စေသည်။

ခဏအကြာတွင် ‌ကျောက်စိမ်းပြားများသည် ဘာမှမကျန်အောင် ဝါးမျိုခံလိုက်ရပြီး၊ ‘စာအုပ်ကူ’၏အစာအိမ်ထဲသို့ ရောက်ရှိသွားလေသည်။

ဝူးရှ်….။

ရုတ်တရက်ပင် ကြီးမားကျယ်ပြန့်သော သတင်းအချက်အလက်များက သူ၏သိစိတ်ပင်လယ်ထဲသို့ စီးဝင်လာလေသည်။

“ကြည့်ရတာ.. ဦးလေးကျန်းက တကယ်ကို အံ့လောက်စရာအမွေအနှစ်တစ်ခုကို ရခဲ့တာပဲ..။”

သတင်းအချက်အလက်တစ်စအား အာရုံခံမိလိုက်သောအခါ ကျိုးစွေ့ အံ့အားသင့်သွားလေသည်။

ကျန်းချန်ရရှိခဲ့သာ ဆေးဖော်စပ်ပညာအမွေအနှစ်တွင် ပထမအဆင့် အမွေအနှစ်များနည်းပါးပြီး ၊ သူ လုမိသားစု၏ ရတနာစံအိမ်မှာ ရရှိခဲ့သော အမွေအနှစ်နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ သို့သော် ၎င်းထဲတွင် ‘ဓာတ်ငါးပါး ဆေးဖော်စပ်ပညာ’ဟု အမည်ပေးထားသော ထိပ်တန်းအဆင့် ပညာရပ်တစ်ခု ပါလေသည်။

သာမန်ဆေးဖော်စပ်ပညာရပ်သည် အခြေခံအားဖြင့် မီးထိန်းချုပ်မှုနှင့် ပတ်သက်ကြောင်း သတိပြုရန်အရေးကြီးသည်။

ထိုဆေးဖော်စပ်ပညာရပ်များက မီးကိုထိန်းချုပ်၍ စိတ်ဝိညာဉ်အပင်များအား သန့်စင်အရည်ကျို၍ ဆေးလုံးများကို ဖန်တီးကြခြင်းဖြစ်သည်။

သို့သော် ထိုသို့သော မီးတောက်သည် ကောင်းကင်နှင့်မြေကြီးကြားရှိ မီးဓာတ်စုစည်းမှုတစ်ခုသာ ဖြစ်သော သာမန်မီးတောက်သာ ဖြစ်လေသည်။

ထို့ကြောင့် သာမန်မီးတောက်သည် စိတ်ဝိညာဉ်ဆေးပင်များတွင်ပါသော အညစ်အကြေးများစွာအား မဖယ်ရှားနိုင်ပေ။

အညစ်အကြေားများ များပြားစွာ ပါဝင်ခြင်းသည် ဆေးစွမ်းများ သဟဇာတမဖြစ်စေဘဲ ဆေးဖော်စပ်ခြင်းအား ကျရှုံးစေနိုင်သည်။

ထိုသို့သော ဆေးဖော်စပ်ပညာဖြင့် ကံကောင်းထောက်မစွာ အောင်မြင်ခဲ့လျှင်ပင်၊ ၎င်းသည် အရည်အသွေးနိမ့် စိတ်ဝိညာဉ်ဆေးလုံးများကိုသာ ထုတ်ပေးနိုင်လေသည်။

ထို့ကြောင့် ဂိုဏ်းများသည် ဤပြဿနာအား ဖြေရှင်းရန်အတွက် မြေအောက်အပူကြောတစ်ခုကို ရှာဖွေပြီး ဆေးဖော်စပ်ရာတွင် အထောက်အကူပြုနိုင်ရန် မြေမီးတောက်အား ဆွဲယူအသုံးပြုကြလေသည်။

ဤသည်မှာလည်း တစ်ကိုယ်တော်ကျင့်ကြံသူများ ဆေးဖော်စပ်ပညာရှင် ဖြစ်လေ့နည်းခြင်း၏ အဓိကအကြောင်းရင်းတစ်ခုလည်း ဖြစ်၏။

မြေအောက်အပူကြောမှ အကူအညီမရှိပါက ဆေးဖော်စပ်ပညာ၏ အောင်မြင်မှုနှုန်းသည် ထက်ဝက်မက ကျဆင်းနိုင်ပေသည်။

မှန်ပေသည်။ ဆေးဖော်စပ်ပညာရှင်တစ်ဦးသည် အလွန်ကံကောင်း၍ စိတ်ဝိညာဉ်မီးအား ရရှိခဲ့ပါက ဆေးဖော်စပ်ပညာ၏ အောင်မြင်နှုန်းအား အလိုလို တိုးမြှင့်သွားစေမည်ဖြစ်သည်။

သို့သော် စိတ်ဝိညာဉ်မီးဆိုသည်မှာ မြေအောက်အပူကြောထက်ပင် ရှာရခက်လေသည်။ ယင်းသည် ဆေးဖော်စပ်ပညာရှင်တိုင်း ပိုင်ဆိုင်လိုကြသော အရင်းအမြစ်တစ်ခုဖြစ်ရာ၊ စိတ်ဝိညာဉ်မီးတောက်တစ်မျိုး ထွက်ပေါ်လာသည်နှင့် အရူးအမူး လုယက်ကြမည်သာဖြစ်သည်။

စိတ်ဝိညာဉ်မီးတောက်၏ တန်ဖိုးက တိုင်းတာ၍ပင် မရနိုင်ချေ။ ယေဘုယျအားဖြင့် အဓိကဂိုဏ်းကြီးများမှ ဆေးဖော်စပ်ပညာရှင်းများသာ ရရှိနိုင်ပြီး တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် ကျန်ရစ်မည်မဟုတ်ပေ။

သို့သော် ကျန်းချန်ရရှိခဲ့သော ဓာတ်ငါးပါး ဆေးဖော်စပ်ပညာမှာမူ လုံးဝပင် ကွဲပြားလေ၏။ ယင်းက ကောင်းကင်နှင့်‌မြေကြီးကြားရှိ ဓာတ်ငါးပါး၏စွမ်းအားကို ဆေးဖော်စပ်ပညာအတွက် ဆွဲယူအသုံးချခြင်းဖြစ်လေသည်။

စိတ်ဝိညာဉ်မီးတောက် သို့မဟုတ် မြေအောက်အပူကြော၏ အကူအညီမပါလျှင်ပင်၊ ဆေးလုံးများ ဖော်စပ်နိုင်ပြီး စိတ်ဝိညာဉ်ဆေးပင်ရှိ အညစ်အကြေးများကို ဖယ်ရှားနိုင်လေသည်။

မည်သို့ပင်ဖြစ်စေ၊ လောကတွင် ရှုပ်ထွေးသော ဂုဏ်သတ္တိများရှိသော စိတ်ဝိညာဉ်ဆေးပင်များစွာရှိပြီး၊ အချို့သည် မီးတောက်ဖြင့်သန့်စင်ရန် မသင့်တော်ပေ။ စိတ်ဝိညာဉ်မီးတောက် ပိုင်ဆိုင်သော ဆေးဖော်စပ်ပညာရှင်များပင်လျှင် အချို့သော အထူးဆေးလုံးများအား ဖော်စပ်နိုင်မည်မဟုတ်ပေ။

ဓာတ်ငါးပါး ဆေးဖော်စပ်ပညာမှာမူ ထူးခြားလေသည်။ ဤပညာရပ်အား အောင်မြင်ပါက၊ ကောင်းကင်နှင့်မြေကြီးကြားရှိ ဓာတ်ငါးပါး၏စွမ်းအင်များကို အသုံးချပြီး စိတ်ဝိညာဉ်ဆေးပင်များအား သန့်စင်အရည်ကျို၍ ထိပ်တန်းအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဓာတ်ငါးပါးစွမ်းအင်တွင် အရာအားလုံး ပါဝင်သောကြောင့် စိတ်ဝိညာဉ်ဆေးပင်များ၏ ဂုဏ်သတ္တိများနှင့် ပဋိပက္ခမဖြစ်စေဘဲ ဆေးစွမ်းများသန့်စင်နိုင်လေသည်။ ဆိုရလျှင် ယင်းသည် လိုသလိုအသုံးချနိုင်သော ဆေးဖော်စပ်ပညာတစ်ခု ဖြစ်လေသည်။

“ဒီပညာရပ်က အရမ်းခက်တာပဲ..။”

ဤပညာရပ်၏အချက်အလက်များအား သိမြင်ရသောအခါ ကျိုးစွေ့ ခေါင်းပေါက်ကွဲလုနီးပါး ဖြစ်သလို ခံစားလိုက်ရသည်။ ယင်းက အဆင့်မြင့်သင်္ချာကို ကြည့်နေသော အဆင့်နိမ့်ကျောင်သားတစ်ယောက်ကဲ့သို့ ဦးရေပြားပင် ထုံကျင်သွားစေသည်။

၎င်းသည် ‘နတ်ဆိုးအသွင်ပြောင်းပညာရပ်’ထက်ပင် ကျွမ်းကျင်ရန် ခက်ခဲလေသည်။

အဘယ်ကြောင့်ဆိုသော် ဤပညာရပ်အား သင်ယူနိုင်ရန်အတွက် ကောင်းကင်နှင့်မြေကြီးကြားရှိ ဓာတ်ငါးပါးအား ပြီးပြည့်စုံအောင် နားလည်ကျွမ်းကျင်ထားရန် လိုအပ်လေသည်။

သာမန်ကျင့်ကြံသူတစ်ဦးသည် ဓာတ်တစ်မျိုးကိုပင် ကျွမ်းကျင်ရန် အလွန်ခက်ခဲသည်ဖြစ်ရာ ငါးမျိုးစလုံးအား ကျွမ်းကျင်ရန်မှာမူ အိပ်မက်ပင် မက်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ဓာတ်ငါးပါး၏စွမ်းအားများကို ပေါင်းစပ်၍ ရေကဲ့သို့ ချောချောမွေ့မွေ့ စီးဆင်းနိုင်သည်အထိ ဓာတ်ငါးပါးပေါင်းစည်းမှုအခြေအနေကို ရောက်ရှိရန်လိုအပ်သေးသည်။ ကနဦးအဆင့်တွင်ပင် အလွန်တရာခက်ခဲသည်အား တွေ့မြင်နိုင်ပေသည်။

ဆေးဖော်စပ်ပညာရှင်ကျန်းချန်သည် ဤပညာရပ်အား စတင်ရရှိခဲ့စဉ်က ရတနာတစ်ခုကောက်ရသကဲ့သို့ အလွန်ဝမ်းသာသွားပြီး၊ အနာဂတ်တွင် အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့်တစ်ဦးအဖြစ်သို့ တက်လှမ်းနိုင်မည်မှာ သေချာသည်ဟု ယုံကြည်ခဲ့လေသည်။

သို့သော် နှစ်သုံးဆယ်ကြာ ကျင့်ကြံပြီးမှသာ ဤပညာရပ်အား ကနဦးအဆင့်သို့သာ ရောက်ရှိနိုင်ခဲ့သဖြင့် စိတ်ဓာတ်ကျသွားလေသည်။

သူ၏အရည်အချင်းအရ နောက်ထပ်ဆယ်စုနှစ်များစွာ လေ့ကျင့်လျှင်ပင်၊ ဤပညာရပ်အား ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနိုင်မည်မဟုတ်ပေ။

မှန်ပေသည်။ ဤပညာရပ်တွင် ကနဦးအဆင့်ဖြစ်နေလျှင်ပင်၊ ၎င်းက သူ့အား အလယ်အလတ်အဆင့် ဆေးဖော်စပ်ပညာရှင် အဆင့်အတန်းသို့ မြှင့်တင်ပေးနိုင်ခဲ့လေ၏။ ဤသည်မှာ မရေမတွက်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများထက် သာလွန်သွားခြင်းဖြစ်သည်။

ဤဆေးဖော်စပ်ပညာရပ်သည် ဆေးဖော်စပ်ပညာရှင် မဟာဆရာသခင်တစ်ဦးလက်မှ ဆင်းသက်လာသည်မှာ သေချာပေသည်။

“ကြည့်ရတာ ‘စာအုပ်ကူ’ရဲ့အကူအညီကို လိုနေတုန်းပဲ..။”

ကျိုးစွေ့က သူကိုယ်တိုင် နားလည်ရန် ကြိုးစားခြင်းအား ချက်ချင်းလက်လျှော့လိုက်ပြီး ကူပိုးကောင်များ၏အစွမ်းကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူ၏နားလည်နိုင်စွမ်းသည် သာမန်သာဖြစ်ရာ၊ ဤကဲ့သို့သော နက်နဲသော ပညာရပ်အား နားလည်နိုင်ခြင်း မရှိချေ။ အတင်းအကျပ်ကြိုးစားခြင်းက အချိန်ဖြုန်းခြင်းမျှသာ ဖြစ်ပေလိမ့်မည်။

All Chapters