← Chapters

သတ္တမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တိုးမြှင့်ခြင်း၊ ပင်ကိုယ်ပါရမီ မြှင့်တင်ခြင်း။

Vol. 4 Ch. 57

သတ္တမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တိုးမြှင့်ခြင်း၊ ပင်ကိုယ်ပါရမီ မြှင့်တင်ခြင်း။

Vol. 4 Ch. 57

ပထမအဆင့် အလယ်အလတ်အဆင့် ဆေးဖော်စပ်ပညာရှင်ဖြစ်လာပြီး၊ ဆေးဖော်စပ်ပညာတွင် ထူးခြားသောပါရမီကို ပြသပြီးနောက်၊ သူမ၏ စိတ်အားထက်သန်မှုနှင့် ရင်ခုန်မှုက ပို၍ပင် အားကောင်းလာတော့သည်။ မည်သည်မိန်းမက သူမ၏ယောက်ျား မြင့်မားသောအဆင့်သို့ ရောက်ရှိရန် မတောင့်တသူ ရှိပါမည်နည်း။

ကျိုးစွေ့ပြသခဲ့သော ပါရမီသည် သူ၏အကန့်အသတ်မဲ့သော အနာဂတ်အလားအလာအား ရှင်းလင်းစွာ ပြသနေလေသည်။

ကျိုးစွေ့မျက်နှာက ဖြူဖျော့သွားသည်။ သူ၏နံဘေးတွင် မှီတွယ်နေသော ဆွဲဆောင်မှုရှိသော ဇနီးနှစ်ဦးနှင့် ဘေးအခန်းမှ သူ့အား စိတ်အားထန်သန်စွာ စောင့်ကြည့်နေမည့် အခြားမိန်းမလှတစ်ဦးကို မြင်သောအခါ၊ အသက်တိုနိုင်သည်ဟု မခံစားဘဲမနေနိုင်တော့ချေ။

တစ်ခါတစ်ရံတွင်၊ ဇနီးမယားများ၏ အလွန်အကျွံတောင်းဆိုခြင်းကို ခံရခြင်းသည် ကောင်းသောအရာမဟုတ်ပေ။ လူတိုင်း အနားယူဖို့ လိုသည်မဟုတ်လော။

“ဟင်..။”

ထိုအခိုက်အတန့်တွင် သူ့အတွင်းထဲမှ တစ်စုံတစ်ရာ လှုပ်ရှားသွားလေသည်။ ‘ချစ်ခြင်းမေတ္တာကူ’မှ လာသော လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအင်တစ်ခုအား အာရုံခံမိလိုက်ပြီး၊ ယင်းက သူခန္ဓာကိုယ်နှင့် ချက်ချင်းပေါင်းစည်းသွားသည်။

သူ့ခန္ဓာကိုယ်က ပြင်းထန်သောအပြောင်းအလဲအား တွေ့ကြုံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်..။

ဘာဖြစ်သွားသည်အား ကျိုးစွေ့ ချက်ချင်းနားလည်သွားသည်။ ဤပြင်းထန်သောကျင့်ကြံမှုကာလပြီးနောက်၊ သူ၏စိတ်ဝိညာဉ်အမြစ်သည် နောက်ဆုံးတွင် အဌမဆင့်မှ သတ္တမအဆင့်သို့ တိုးတက်သွားလေပြီ။

အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်တွင် ရှိနေသေးသော်လည်း၊ ယခုသည်က အထွတ်အထိတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် သူသည် တစ်ကိုယ်တော်ကျင့်ကြံသူများကြားတွင် ပါရမီရှင်တစ်ဦးဟု ဆိုနိုင်ပြီ ဖြစ်၏။

မှန်ပေသည်၊ ဆဌမအဆင့် သို့မဟုတ် ထို့ထက်မြင့်သော အလယ်အလတ်အဆင့်စိတ်ဝိညာဉ်အမြစ် ရှိသူများသာလျှင် ဂိုဏ်းတစ်ခု၏တပည့်ဖြစ်ရန် အရည်အချင်းပြည့်မီပေသည်။

ထိုဂိုဏ်းတပည့်များနှင့် နှိုင်းယှဉ်လျှင် သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်ဖြစ်သော သူ၏ပါရမီသည် အထူးတလည်မဟုတ်ချေ။

သို့သော် သူ၏မူလ နဝမအဆင့်နှင့် နှိုင်းယှဉ်လျှင်မူ သူ၏တိုးတက်လာမှုက ပြောပြ၍ပင် မရနိုင်လောက်အောင်ဖြစ်၏။

“ဒါက သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်လား။”

ကျိုးစွေ့ ဝမ်းသာသွားကာ၊ ကူနတ်ဘုရားကျင့်စဉ်အား အသက်သွင်းလိုက်သည်။ ယခုအချိန်တွင် သဘာဝဝိညာဉ်စွမ်းအင်အား သူ၏သန့်စင်နိုင်စွမ်းသည် ပိုမိုထက်မြက်လာပြီး၊ သူအသက်ရှူသွင်းရှူထုတ်တိုင်းတွင် ဝိညာဉ်စွမ်းအင်ပိုမိုရရှိနိုင်သည်အား တွေ့ရလေသည်။

ယခင်ကနှင့် နှိုင်းယှဉ်လျှင် သူ၏ကျင့်ကြံမှုစွမ်းဆောင်ရည်သည် အနည်းဆုံး သုံးပုံတစ်ပုံ တိုးလာလေသည်။

သူ၏နားလည်နိုင်စွမ်းပင်လျှင် သိသိသာသာ တိုးတက်လာလေ၏။

‘စာအုပ်ကူ’၏အကူအညီမပါလျှင်ပင် သူ၏လက်ရှိနားလည်နိုင်စွမ်းသည် သာမန်မန္တန်များနှင့် ကျင့်ကြံခြင်းနည်းစနစ်များကို နားလည်ရန် လုံလောက်သည်။

ဤသည်မှာ သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်၏ အစွမ်းဖြစ်ပြီး၊ တစ်ကိုယ်တော်ကျင့်ကြံသူများကြားတွင် ပါရမီရှင်ဟု သတ်မှတ်နိုင်သည်။

အမှန်အတိုင်းပြောရလျှင် စွမ်းဆောင်ရည်သည် သုံးပုံတစ်ပုံသာ တိုးလာသော်လည်း အချိန်နှင့်အမျှ စုဆောင်းသည့်အခါတွင်မူ အတော်လေး အံ့ဩစရာကောင်းလာပေမည်။

သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်ရှိ ကျင့်ကြံသူတစ်ဦးနှင့် အဌမအဆင့်စိတ်ဝိညာဉ်အမြစ်ရှိ ကျင့်ကြံသူတစ်ဦးတို့ ဆယ်စုနှစ်များစွာ အပြိုင်ကျင့်ကြံကြပါက သတ္တမအဆင့်လူသည် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်သို့ ဝင်ရောက်ကောင်း ရောက်နိုင်ပေသည်။

သို့သော် အဌမအဆင့်လူမှာမူ၊ ဘယ်သောအခါမှ ချိုးဖြတ်နိုင်ခြင်း မရှိဘဲ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်တွင်သာ ကျန်ရစ်ခဲ့ရပေမည်။

ဤသည်မှာ စိတ်ဝိညာဉ်အမြစ်၏ ပင်ကိုယ်ပါရမီကွာဟချက်ဖြစ်သည်။

ခြေတစ်လှမ်းကွာခြားမှုတစ်ခုက အဆက်မပြတ်သော ကွာခြားမှုအား ဖြစ်စေပြီး၊ အဆုံးသတ်တွင် မဖြတ်ကျော်နိုင်သော ကွာဟမှုအား ဖြစ်ပေါ်စေ၏။

သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်ရှိသူများသည် ချီသန့်စင်ခြင်း အဆင့်(၉)သို့လည်း တက်လှမ်းနိုင်သည်။ ဝမ်းနည်းစရာမှာ ထိုအဆင့်သို့ ရောက်ရှိချိန်တွင် ယေဘုယျအားဖြင့် အခြေတည်အဆင့်သို့ မျှော်လင့်ချက်မရှိသော အသက်ခုနစ်ဆယ်ကျော်အရွယ်သို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။

ကျိုးစွေ့ သက်ပြင်းချလိုက်သည်။

သိရသလောက် တစ်ကိုယ်တော်ကျင့်ကြံသူများကြားတွင် သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်ရှိသူ များစွာရှိ၏။ ပုံမှန်ကျင့်ကြံအားထုတ်ပါက သူတို့သည်လည်း အနာဂတ်တွင် ချီသန့်စင်ခြင်း အဆင့်(၉)ကျင့်ကြံသူများ ဖြစ်လာနိုင်သည်။

ပြဿနာမှာ ချီသန့်စင်ခြင်း ကျင့်ကြံသူများသည် အခြေတည်အဆင့်အား မျှော်လင့်လိုပါက အသက်ခြောက်ဆယ်မတိုင်မီ အခြေတည်အဆင့်ကို တည်ထောင်ရမည်ဖြစ်သည်။

အသက်ခြောက်ဆယ်ထက် ကျော်လွန်သွားပါက မျှော်လင့်ချက်မရှိတော့ပေ။ အောင်မြင်နိုင်ခြေသည် ၀.၁%ထက် မကျော်ပေ။ အသက်ကြီးလာလေ၊ မျှော်လင့်ချက် ဝေးကွာလေဖြစ်သည်။

အောင်မြင်နိုင်ရန် လုံးဝမဖြစ်နိုင်ဟု မဆိုလိုသော်လည်း ဖြစ်နိုင်ခြေက မရှိသလောက်ဖြစ်၏။ တစ်စုံတစ်ယောက် အောင်မြင်ခဲ့လျှင် ယင်းသည် အထူးအခြေအနေအချို့အား သေချာပေါက် တွေ့ကြုံခဲ့ရခြင်းသာ ဖြစ်သည်။

ဤသည်မှာ ဂိုဏ်းများက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်၊ ထို့ထက်မြင့်သော ကျင့်ကြံသူများကိုသာ ခေါ်ယူရသည့်အကြောင်းရင်း ဖြစ်သည်။ အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်ရှိသူများမှာမူ သူတို့သည် အနာဂတ်မရှိဟု ယူဆသောကြောင့် ဂိုဏ်းများက အရေးမစိုက်ကြပေ။

“ကောင်းတယ်..၊ ဒီနှုန်းအတိုင်းသာ ဆက်သွားရင် ငါ့ရဲ့စိတ်ဝိညာဉ်အမြစ်က ဆဌမအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။”

ကျိုးစွေ့က အချက်အလက်ပြမျက်နှာပြင်အား ကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်း အဆင့်(၆) (တိုးတက်မှု ၄၅%)၊ သက်တမ်း - ၂၀ (၁၂၀နှစ်) ]

[ ပင်ကိုယ်ပါရမီ - သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ် (၁%) ]

[ ဓားသိုင်းပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၇၅%) ]

[ အဆောင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၃၅%) ]

[ အစီအရင်ပညာ - ပထမအဆင့် အလယ်အလတ်အဆင့် (၃၅%) ]

[ ဆေးဖော်စပ်ပညာ - ပထမအဆင့် အလယ်အလတ်အဆင့် (၄၅%) ]

[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် (၆၅%) ]

[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - ကျွမ်းကျင်အဆင့် (၅%) ]

[ မီးလုံးပညာ - အသေးစားအောင်မြင်မှုအဆင့် (၉၅%)၊ လေဓားသွားပညာ - ကနဦးအဆင့်၊ ရွှေအလင်းပညာ - ကနဦးအဆင့်၊ ရေခဲနှင်းပညာ - ကနဦးအဆင့်၊ နွေလေမိုးပညာ - ကနဦးအဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - ကနဦးအဆင့်၊… ]

ယခင်ကနှင့် နှိုင်းယှဉ်လျှင် သူ၏ကျင့်ကြံမှုသည် သိသိသာသာ တိုးတက်လာသည်မှာ ထင်ရှားပေသည်။ အရေးအကြီးဆုံးအချက်မှာ သူ၏စိတ်ဝိညာဉ်အမြစ်ပင်ကိုယ်ပါရမီ မြင့်တက်လာခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့်ဆေးလုံး၊ မည်သည့်စိတ်ဝိညာဉ်ဆေးပင်နှင့်မျှ မအောင်မြင်နိုင်သောအရာဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်အမြစ်ကို မြှင့်တင်ပေးနိုင်သော စိတ်ဝိညာဉ်ဆေးပင်တစ်မျိုး အမှန်တကယ်ရှိသည်ဟု ဆိုကြသည်။ သို့သော် ၎င်းမှာ ရွှေအမြုတေဆရာသခင်များပင်လျှင် လောဘတက်သော ရတနာဖြစ်ရာ သာမန်ကျင့်ကြံသူများ လက်လှမ်းမီနိုင်သောအရာ မဟုတ်ပေ။

‘ချစ်ခြင်းမေတ္တာကူ’သည် တိုက်ခိုက်ရေးစွမ်းအား မရှိသော်လည်း ၎င်း၏အထောက်အကူပြုအာနိသင်မှာ မည်သည့်ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်မျှ မနှိုင်းယှဉ်နိုင်လောက်အောင် ထူးခြားပေသည်။

“သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်ကို ရပြီဆိုတော့ ငါ့ရဲ့ကျင့်ကြံမှုစွမ်းဆောင်ရည်ကလည်း တိုးလာမှာပဲ။”

ကျိုးစွေ့ အလွန်စိတ်လှုပ်ရှားနေသည်။

စစ်ပွဲကျရောက်မလာမီ သူ၏ကျင့်ကြံမှုကို ချီသန့်စင်ခြင်း အဆင့်(၇)သို့ မြှင့်တင်ပြီး ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ တရားဝင်တက်လှမ်းလိုသေးသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏လုံခြုံရေးသည် များစွာအာမခံချက်ရှိလာမည်ဖြစ်သည်။

…

နေ့လည်ခင်းတွင် ကျိုးစွေ့သည် အိမ်တွင်တည်ငြိမ်စွာထိုင်နေပြီး၊ ‘စာအုပ်ကူ’၏စွမ်းအားကို အသုံးပြု၍ သူ၏ဆေးဖော်စပ်အသိပညာ နားလည်နိုင်စွမ်းအား မြှင့်တင်နေသည်။ ဤကာလအတွင်း သူ၏ဆေးဖော်စပ်ပညာကျင့်ကြံမှုသည်လည်း အဆက်မပြတ် တိုးတက်နေလေသည်။

ထိုအချိန်တွင်ပင် အိမ်နီးချင်းဖြစ်သူ ရှုထျန်းဇယ်က အလည်ရောက်လာလေသည်။

“ရောင်းရင်းရှု၊ ဘာကိစ္စများပါလိမ့်။”

ဤလျှို့ဝှက်ဆန်းကြယ်သော အိမ်နီးချင်းအား လွန်စွာသတိထား၍ ကျိုးစွေ့ဘက်မှာ မည်သည်ကိုမှ စတင်မလှုပ်ရှားသဖြင့်၊ သူ့အား ဘာမျှလုပ်၍ရမည်မဟုတ်ပေ။ သို့မဟုတ်ပါက သတင်းများပျံ့နှံ့သွားပြီး သူ၏ဂုဏ်သတင်းလည်း ပျက်ဆီးသွားရပေမည်။

“အင်း ရောင်းရင်းကျိုးရေ ဒီလိုပါ။ ကျုပ် သိပ်မကြာသေးခင်တုန်းက တိမ်မြူခိုးတောင်တန်းမှာ ရှေးကျင့်ကြံသူတစ်ယောက်ရဲ့ အခြေတည်အဆင့်ဂူတစ်ခုကို ရှာတွေ့ခဲ့တယ်ဗျ။”

ရှုထျန်းဇယ်က ပြုံးလျက် “နှမြောစရာကောင်းတာကတော့ အဲ့ဒီဂူကို ဒုတိယအဆင့် အစီအရင်တစ်ခုနဲ့ စည်းချထားတယ်။ ကျုပ်တစ်ယောက်တည်းနဲ့ အဲဒီအစီအရင်ကို မချိုးဖြတ်နိုင်ဘူးလေ။ ဒီတော့ ရောင်းရင်းကို ကျုပ်နဲ့တူတူ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်တာပါ။”

“ကျုပ်တို့သာ ဒီဒုတိယအဆင့် အစီအရင်ကို ချိုးဖြတ်အောင်မြင်ရင် ကြီးမားတဲ့အကျိုးအမြတ်ကို သေချာပေါက်ရမှာပဲဗျ။ အထဲမှာ ကျုပ်တို့အခြေတည်အဆင့်ကို အောင်မြင်အောင် ကူညီပေးနိုင်တဲ့ အခြေတည်အဆင့် စိတ်ဝိညာဉ်ပစ္စည်းတွေတောင် ရှိနိုင်လောက်တယ်။”

သူ၏လေသံတွင် ညို့ဓာတ်အချို့ပါဝင်နေပြီး ကျိုးစွေ့အား ရှေးဟောင်းနေရာကို စူးစမ်းရှာဖွေရန်အတွက် တောရိုင်းထဲသို့ စွန့်စားထွက်ခွာစေရန် ကြိုးစားဖြားယောင်းနေလေသည်။

လက်တွေ့တွင် ကျင့်ကြံသူများစွာသည် ဤသို့သောစစ်ဆေးရေးများတွင် မကြာခဏ ပါဝင်ကြလေ့ရှိသည်။

ကံကောင်းပါက ယခင်ကျင့်ကြံသူများ ချန်ထားခဲ့သော ဂူများအား မတော်တဆ ရှာဖွေတွေ့ရှိနိုင်ပြီး၊ ၎င်းတို့၏ တစ်သက်တာစုဆောင်းမှုများနှင့် အမွေအနှစ်အား ရရှိတတ်လေသည်။

ယခင်က ဆေးဖော်စပ်ပညာရှင် ကျန်းချန်သည်လည်း ထိုသို့ပင်ဖြစ်သည်။ သူ၏ကံသည် အလွန်ကောင်းသောကြောင့် ဆေးဖော်စပ်ပညာအမွေအနှစ်တစ်ခုကို ရရှိခဲ့ပြီး ၎င်းမှာ သူထွန်းတောက်လာခြင်း၏အစဖြစ်သည်။

ထို့ကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် ထိုရှေးဟောင်းနေရာများကို ရှာဖွေရာတွင် နစ်မြုပ်ထားကြပြီး၊ နေ့ချင်းညချင်း ချမ်းသာကြွယ်ဝရန် မျှော်လ့င်နေကြသည်။

နှမြောစရာကောင်းသည်မှာ အောင်မြင်သူအနည်းငယ်သာ ရှိပြီး၊ ရှေးဟောင်းနေရာများအတွင်း၌ လူများစွာ သေဆုံးခဲ့ရလေသည်။

ထိုကျင့်ကြံသူများသည် ရှေးဟောင်းနေရာများအတွင်းရှိ တားမြစ်အစီအရင်များလက်ချက်၊ သို့မဟုတ် အချင်းချင်း နောက်ကျောဓားထိုးကြခြင်းများကြောင့် သေဆုံးရလေသည်။

ဆိုရလျှင် ရှေးဟောင်းနေရာတစ်ခုအား စူးစမ်းရှာဖွေခြင်းသည် ရှင်သန်ရန်အခွင့်အလမ်းတစ်ကြိမ်နှင့် သေဆုံးရန် အခွင့်အလမ်းကိုးကြိမ်ရှိသော လောင်းကစားတစ်ခုဖြစ်သည်။

ကျိုးစွေ့၏မိဘများသည်လည်း ဤအကြောင်းကြောင့်ပင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

All Chapters