← Chapters

ဂူအပျက်အစီးများအား စူးစမ်းရန်ဖိတ်ခေါ်ခြင်း၊ လုယက်သတ်ဖြတ်မည့် ရွှေမှုန့်ကြဲကျော့ကွင်း။

Vol. 4 Ch. 58

ဂူအပျက်အစီးများအား စူးစမ်းရန်ဖိတ်ခေါ်ခြင်း၊ လုယက်သတ်ဖြတ်မည့် ရွှေမှုန့်ကြဲကျော့ကွင်း။

Vol. 4 Ch. 58

“ဂူအကြွင်းအကျန်တွေကို ရှာဖွေတာလား။”

ကျိုးစွေ့က မျက်လုံးများကို မှေးလိုက်ပြီး အိမ်နီးချင်း ရှုထျန်းဇယ်အား ကြည့်လိုက်သည်။

“ရောင်းရင်းရှု၊ ကျုပ်က ချီသန့်စင်ခြင်း အဆင့်(၄)က ကျင့်ကြံသူလေးပါဗျာ။ ခင်ဗျားနဲ့အတူ စူးစမ်းရှာဖွေဖို့ အရည်အချင်း ဘယ်ရှိမှာလဲ။ ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ။”

သူသည် နတ်ဆိုးအသွင်ပြောင်း ပညာရပ်အား အသုံးပြုထားပြီး အပြင်လောကသို့ ချီသန့်စင်ခြင်း အဆင့်(၄)တွင်သာ ရှိကြောင်း ထုတ်ဖော်ပြထားသည်။

ထိုပညာရပ်၏နက်နဲသောသဘာဝအရ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးပင်လျှင်သူ၏အစစ်အမှန်အစွမ်းအား သိရှိနိုင်မည်မဟုတ်ပေ။

“ရောင်းရင်းကျိုး၊ ခင်ဗျားက နိမ့်ချလွန်းနေတာပဲ။ လက်ရှိမှာ ခင်ဗျားရဲ့ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်(၄)မှာ ရှိနေပေမယ့်၊ အချိန်သာပေးလိုက်ရင် သေချာပေါက် အခြေတည်အဆင့်ကို ရောက်မှာပါဗျာ။ လောလောဆယ် ခင်ဗျားက ရေတိမ်မှာကစားနေတဲ့ နဂါးတစ်ကောင်လိုပါပဲ။”

ရှုထျန်းဇယ်က မြှောက်ပင့်လိုက်သည်။

“ခင်ဗျားရဲ့လက်ရှိအစွမ်းနဲ့ အခြေတည်အဆင့်ဂူကို စူးစမ်းရှာဖွေတာက တကယ်ကို စိန်ခေါ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမှာ ထူးခြားတဲ့လက်တွဲဖော်နှစ်ယောက်ရှိသေးတယ်လေ။ နှစ်ယောက်စလုံးက ချီသန့်စင်ခြင်း အဆင့်(၉)မှာဆိုတော့ သူတို့မှာ သေချာပေါက် စွမ်းဆောင်ရည်ရှိပါတယ်ဗျ။”

“ဟုတ်ပါတယ်.. ခင်ဗျားအပြင် တခြားသူတွေကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။ အားလုံးသာ သဘောတူရင် ဒီစူးစမ်းရှာဖွေရေးက မုချ အောင်မြင်မှာပါ။”

ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်တွင် ရှိသော ကျိုးစွေ့၏လက်တွဲဖော်များ၏ အစွမ်းအား ကြည့်ရှုလိုကြောင်း အရိပ်အမြွတ်ပြလိုက်လေသည်။

“ဒီလိုကိုး ခင်ဗျားရဲ့စေတနာကို ကျေးဇူးတင်ပါတယ် ရောင်းရင်းရှု။ ဒါပေမဲ့ ကျုပ်တို့က ဂူအကြွင်းအကျန်တွေကို စူးစမ်းရှာဖွေဖို့ သိပ်စိတ်မဝင်စားဘူးဆိုတော့ ခင်ဗျား တခြားနေရာတွေကို သွားတာ ပိုကောင်းလိမ့်မယ်ဗျ။”

ကျိုးစွေ့က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

ဖိတ်ခေါ်ခြင်းက စေတနာကောင်းဖြင့်ဖြစ်စေ၊ မကောင်းသောစိတ်ဖြင့်ဖြစ်စေ သူ့အတွက်အရေးမကြီးချေ။ စေတနာကောင်းဖြစ်လျှင်ပင် သူ ငြင်းဆန်မည်သာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ သူ့တွင် အရင်းအမြစ်များ၊ ကျင့်ကြံရေးနည်းလမ်းများ မရှားပါးဘဲ အချိန်သာလိုအပ်သည်ဖြစ်ရာ၊ အဘယ်ကြောင့် မိုက်မဲစွာ အပြင်ထွက်၍ စွန့်စားရမည်နည်း။

အခြေတည်အဆင့်ဂူထဲတွင် မည်သို့သော အန္တရာယ်များ ပုန်းအောင်းနေမည်အား မည်သူမျှမသိပေ။ ခြေတစ်လှမ်းမှားလိုက်သည်နှင် သေဆုံးခြင်းသို့ ဦးတည်သွားနိုင်ပြီး၊ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သမျှသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဂူအပျက်အစီးများအား စူးစမ်းရှာဖွေခဲ့ကြသည်။ သို့သော် သူတို့ထဲမှ မည်မျှက အမှန်တကယ် တစ်စုံတစ်ခု ရရှိခဲ့သနည်း။ အောင်မြင်မှုနှုန်းက များစွာ နည်းပါးလှလေသည်။

“ချက်ချင်းကြီး မငြင်းလိုက်ပါနဲ့ဦး ရောင်းရင်းကျိုး။ ဒီတစ်ခါ အပျက်အစီးတွေကို စူးစမ်းရှာဖွေတာက ခင်ဗျားထင်သလောက် အန္တရာယ်မများပါဘူး။ ဒီစစ်ဆင်ရေးအတွက် ထိပ်တန်းအဆင့် အဆောင်တော်တော်များများကို ကျုပ်ပြင်ဆင်ထားပြီးတော့ လူတိုင်းကို အလကားပေးမှာပါ။ ဒီထိပ်တန်းအဆင့် အဆောင်တွေနဲ့ဆို ကျုပ်တို့ အဆင့်နှစ် သားရဲတစ်ကောင်နဲ့ ကြုံရင်တောင် အသက်ရှင်လွတ်မြောက်နိုင်မယ်လို့ ကျုပ်ယုံကြည်တယ်။”

ရှုထျန်းဇယ်က အစွမ်းကုန်ထုတ်ကာ အဆောင်အများအပြားအား ပြင်ဆင်ထားကြောင်းနှင့် အဖော်များ၏ဘေးကင်းရေးအား သေချာပေါက်အာမခံနိုင်ကြောင်း ပြောပြလေသည်။

“ဒီလိုဆိုရင် တခြားသူတွေကို မေးကြည့်ပါ့လား ရောင်းရင်းရှု။ သူတို့တွေ ပူးပေါင်းဖို့ သိပ်ကို စိတ်အားထက်သန်နေမှာ သေချာတယ်။ ကံမကောင်းစွာနဲ့ ကျုပ်တို့ကတော့ ဒီလိုကံကြမ္မာကောင်းနဲ့ ကံပါမလာတာပဲ။” ကျိုးစွေ့က ခံစားချက်ကင်းမဲ့သော အပြုံးဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ ရောင်းရင်းကျိုး၊ ခင်ဗျား ဒီလိုဆုံးဖြတ်မှတော့ ကျုပ်တို့နောက်အခွင့်အရေးတစ်ခုကိုပဲ စောင့်ရတော့မှာပေါ့ဗျာ။”

ကျိုးစွေ့၏ခိုင်မာသောရပ်တည်ချက်ကို မြင်သောအခါ၊ အတင်းအကျပ်တိုက်တွန်းခြင်းသည် ဘာမှ အလုပ်မဖြစ်နိုင်ကြောင်း သိသွားပြီး၊ ထပ်မံဖြားယောင်းနေပါက အတင်းအကျပ်ပြုသကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ လက်ရှိ ရှုထျန်းဇယ်၏အသွင်ယူထားသော ပုံစံနှင့် သင့်တော်မည်မဟုတ်တော့ပေ။

ထို့ကြောင့် ယာယီအားဖြင့် လက်လျှော့ထွက်ခွာရန်သာ ရွေးချယ်လိုက်ရတော့သည်။

“ယောက်ျား ရောင်းရင်းရှုက ဘာလာလုပ်တာလဲ။”

ကျိုးစွေ့အတွင်းသို့ ပြန်ဝင်လာသောအခါ ကျိပင်းယွီက စူးစမ်းစွာ မေးလိုက်သည်။

“အင်း ငါတို့ကို အခြေတည်အဆင့်ဂူတစ်ခုကို စူးစမ်းရှာဖွေဖို့ ဖိတ်ခေါ်ချင်တာတဲ့။ ဒါပေမဲ့ အရမ်းအန္တရာယ်များတယ်လို့ ငါယူဆလို့ ချက်ချင်းပဲ ငြင်းခဲ့လိုက်တယ်။”

ကျိုးစွေ့က လေးနက်စွာ ပြောဆိုရင်း ဖြစ်ပျက်ခဲ့သည်များအား ရှင်းပြလိုက်လေသည်။

“တကယ် အန္တရာယ်များတယ်။ မတောင်းဘဲရတဲ့ အကူအညီဆိုတာ များသောအားဖြင့် မကောင်းတဲ့အကြံအစည်ကို ဖုံးကွယ်ထားလေ့ရှိတယ်။”

ရှားကျင်းယန်သည် ခေါင်းညိတ်လိုက်ပြီး ကျိုးစွေ့အား ထောက်ခံလိုက်သည်။

“ဟုတ်တယ်၊ အခြေတည်အဆင့် စိတ်ဝိညာဉ်ပစ္စည်းတစ်ခုက ဘယ်လောက်တန်မှာတုံး။ ငါတို့လိုချင်တာက အခြေတည်ဆေးလုံးပဲ။ ပြီးတော့ ‌နွေဦးရာသီလေလံပွဲက နီးလာပြီဆိုတော့ ငါတို့ အရဲစွန့်နေစရာမလိုပါဘူး။”

မုဇီယန်သည်လည်း ဤအချက်အား သဘောတူလေသည်။

“သူ့ကို ဂရုစိုက်မနေနဲ့၊ ငါတို့ မြို့ထဲမှာပဲနေပြီး အေးအေးဆေးဆေး ကျင့်ကြံနေသင့်တယ်။”

ကျိုးစွေ့က ထိုအကြောင်းအား ခေါင်းထဲမှထုတ်ကာ ကျင့်ကြံရေးအခန်းထဲသို့ ဝင်ရောက်သွားကာ ပထမအဆင့် ဆေးဖော်စပ်ပညာရှင်၏ အမွေအနှစ်အသိပညာကို နားလည်ရန် နစ်မြုပ်နေလိုက်တော့သည်။ သူသည် မကြားသေမီက ဤအသိပညာအပေါ် လျင်မြန်စွာ ကြီးထွားလာသော နားလည်မှုအား စွဲလန်းနေလေသည်။

ယင်းက ဤနှစ်များအတွင်း ကုန်ဆုံးခဲ့သော အချိန်များမှာ ရေကဲ့သို့ စီးဆင်းနေသည့်အလား သူ့အား ခံစားမိစေလေသည်။

…

အဝေးတွင်မူ ရှုထျန်းဇယ်သည် သုန်မှုန်နေသောမျက်နှာဖြင့် သူ၏အခန်းဆီသို့ ပြန်လာခဲ့လေသည်။

“ဘယ်လိုလဲ။ အဲ့ဒီကောင်လေး ငါတို့နဲ့အတူ စွန့်စားဖို့ သဘောတူလိုက်လား။”

အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။

“သူငြင်းလိုက်တယ်။”

ရှုထျန်းဇယ်က အံကြိတ်လိုက်ပြီး “ချီသန့်စင်ခြင်း အဆင့်(၄) ပုရွက်ဆိတ်တစ်ကောင်က ငါ့ဖိတ်ခေါ်မှုကို ထပ်ခါထပ်ခါ ငြင်းဆန်ရဲတယ်။ အတော့်ကို ဒေါသထွက်ဖို့ကောင်းတယ်။ ချီသန့်စင်ခြင်း အဆင့်(၉)က မိန်းမနှစ်ယောက်သာ နောက်ခံမရှိရင် ငါ့ကို ဒီလိုပြန်ပြောပြီး မလေးမစားလုပ်ရဲမလား။”

သူ လုံးဝကို ဒေါသထွက်နေလေသည်။ ယခင်က သူ၏နွေးထွေးဖော်ရွေသော အမူအရာသည် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ သူသည် ရန်ငြိုးများအား ဘယ်သောအခါမှ လက်လွတ်မပေးတတ်သော ကောက်ကျစ်စဉ်းလဲ၊ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဤသည်မှာသာ တောရိုင်းထဲတွင်ဖြစ်ပြီး ချီသန့်စင်ခြင်း အဆင့်(၄)ရှိ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးက ဤကဲ့သိုပြန်ပြောရဲပါက ရှုထျန်းဇယ်က ၎င်းအား ခေါင်းဖြတ်ပြီးဖြစ်ပေမည်။

မည်သူမျှ သူ့အား ယခုကဲ့သို့ မလေးမစားပြုမူရဲမည်မဟုတ်ပေ။

သို့သော် ယခုတွင်မူ မီယွင်မြို့အတွင်းဖြစ်ရာ လောလောဆယ်တွင် ချုပ်တည်းထားရန်သာ တတ်နိုင်ပေသည်။

“တကယ်ငြင်းလိုက်တာလား။ အခြေတည်အဆင့် စိတ်ဝိညာဉ်ပစ္စည်းကို သူမလိုချင်ဘူးလား။ မဟုတ်မှလွဲရော တစ်ခုခုကို သတိထားမိသွားတားလား။"

အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူတစ်ဦးက မျက်လုံးများမှေးလိုက်ပြီး အန္တရာယ်ရှိသော အရှိန်အဝါများ ထုတ်လွှတ်လိုက်သည်။

“ငါတို့ ဇာစ်မြစ်ကို သိသွားစရာအကြောင်းမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီလအနည်းငယ်အတွင်းမှာ ဘာချို့ယွင်းချက်မှ မပေါ်အောင် ကောင်းကောင်းမွန်မွန်နေထိုင်ခဲ့ကြတယ်။ ဒီတော့ ငါတို့ကို သိသွားစရာမရှိဘူး။ ငါထင်တာတော့ အဲ့ကောင်လေးက ကြွက်လိုကြောက်တတ်လို့ မြို့ထဲက မထွက်ရဲတာပဲ ဖြစ်မယ်။”

“ငါသိထားသလောက် အဲ့ကောင်လေးရဲ့မိဘတွေက အပြင်ဘက်စွန့်စားမှုတစ်ခုအတွင်းမှာ သေသွားကြလို့ သူတစ်ယောက်တည်း ကျန်ခဲ့တာပဲ။ အတိတ်ဆိုးကြောင့် သတိအထားလွန်ပြီး မီယွင်မြို့ကနေ အလွယ်တကူ ထွက်ခွာရဲမှာမဟုတ်ဘူး။”

ရှုထျန်းဇယ်က စိတ်ထဲမှဒေါသအား ဖိနှိပ်ရန် အသက်ပြင်းပြင်းရှူလိုက်ပြီး အခြေအနေအား သုံးသပ်လိုက်သည်။

“ဟမ့်၊သနားစရာပဲ။ ငါက တစ်ခုခု သတိပြုမိသွားပြီ ထင်နေတာ… လက်စသတ်တော့ ငကြောက်လေးပဲ။”

အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူက မထီမဲ့မြင့် အေးစက်စက်လှောင်ရယ်လိုက်သည်။

“ငါတို့ကျင့်ကြံသူတွေဆိုတာ သတ္တိရှိရှိနဲ့ ကြိုးစားသင့်တယ်။ အိမ်ထဲမှာပဲ ဆက်တိုက်ပုန်းအောင်းနေရင် အခွင့်အရေးတစ်ခု ပေါ်လာရင်တောင် သူ ဘယ်လိုရနိုင်တော့မလဲ။”

“ပါရမီကလည်း နိမ့်သေး၊ စွန့်လည်း မစွန့်စားရဲမှတော့ ဒီတစ်သက် အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်အဖြစ်ပဲ ဖြစ်နေမှာပဲ။ ဘယ်လိုလုပ် သူ့ရဲ့ကျင့်ကြံမှုကို မြှင့်တင်နိုင်တော့မလဲ။ အဆင့်မြင့်အင်အားစုတွေနဲ့သာ အဆက်အသွယ်မရှိလို့ကတော့ ချီကျင့်ကြံခြင်း ပထမအလွှာက အမှိုက်ပဲ ဖြစ်နေမှာ။”

သူသည် ကျိုးစွေ့လိုလူမျိုးများအား အထင်သေးသည်။ ထိုသို့သောလူများသည် အခြေတည်အဆင့်ကို မပြောနှင့်၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကိုပင် ဘယ်သောအခါမှ ရောက်ရှိနိုင်မည်မဟုတ်ပေ။

သို့သော် ကံကောင်းစွာဖြင့် ကျိုးစွေ့သည် အမျိုးသမီးကျင့်ကြံသူများ၏နှလုံးသားများအား အနိုင်ယူနိုင်ခဲ့လေသည်။ သူသည်လည်း ဤသို့ကံကောင်းသည် ယောက်ျားများအား များစွာမနာလိုမိလေသည်။

“ဒါဆို အစ်ကိုကြီး၊ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။” ရှုထျန်းဇယ်က မေးလိုက်သည်။

“ထားလိုက်တော့၊ အဲ့ကောင်လေးက ကြောက်တတ်တော့ သူ့ကို အတင်းအကျပ်ဖိတ်ခေါ်တာက မကောင်းဘူး။ ဇွတ်ဖိတ်ခေါ်နေရင် ငါတို့ရဲ့ဇာစ်မြစ်ကို ဖော်ထုတ်မိသွားနိုင်တယ်။”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် တစ်ကိုယ်တော်ကျင့်ကြံသူ အများကြီးကို ဖိတ်ခေါ်ထားတာပဲ။ ဒါက ငါတို့ရဲ့ စားသောက်ပွဲအတွက် လောက်ပါတယ်။”

“အဲ့ဒီကောင်လေးကတော့ သူမီယွင်မြို့မှာ နေနေသေးသရွေ့ ငါတို့ လက်ဖျားနဲ့တောင် ထိလို့ရမှာမဟုတ်ဘူး။”

“ပြီးတော့ သူ့ဘေးက ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် မိန်းမသုံးယောက်နဲ့ဆိုရင်၊ မြက်ခင်းထဲက‌‌မြွေကို လန့်စေဖို့ လွယ်သွားလိမ့်မယ်။ ဒီတော့ လောလောဆယ် သူ့အသက်ကို ချမ်းသာပေးထားလိုက်ဦး။”

အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူ၏မျက်လုံးများက တစ်စုံတစ်ယောက်အား တုန်လှုပ်သွားစေနိုင်သော ရက်စက်ကြမ်းကြုတ်သည့်အရောင်များ ဖြာထွက်နေလေသည်။

ရှုထျန်းဇယ်သည်လည်း မစောင့်နိုင်တော့လောက်အောင် ဖြစ်နေလေသည်။

‘ကောင်းသူများက ကြိုးစားပမ်းစားလုပ်ကြသော်လည်း၊ မကောင်းသူများက ဘာမှလုပ်စရာမလို။’ ဟူသော ဆိုရိုးစကားသည် သူတို့မိစ္ဆာကျင့်ကြံသူများနှင့် ကွက်တိဖြစ်လေသည်။ သူတို့သည် အခြားကျင့်ကြံသူများကို ဖြားယောင်းပြီး တောရိုင်းထဲတွင် ချောင်းမြောင်းတိုက်ခိုက်ကြသည်။ ထိုသို့သော အားမစိုက်ရသည့်လှည့်စားမှုများအား မကြာခဏပြုလုပ်ကြလေသည်။

ဤနည်းဖြင့် သူတို့သည် နေ့ချင်းညချင်း သူဌေးဖြစ်ကာ၊ များပြားလှသော ကျင့်ကြံမှုအရင်းအမြစ်များကို စုဆောင်းနိုင်ကြသည်။

အဆောင်ပြုလုပ်ခြင်းကိုသာ အားကိုးရပါက၊ အခြေတည်ဆေးလုံး ဝယ်ရန်လုံလောက်သောငွေအား မည်သည့်အချိန်မှ ရရှိမည်နည်း။

All Chapters