ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင်၊ ရွှေစားပိုးကောင်တပ်။
Vol. 4 Ch. 59
မတ်လ။
နောက်ဆုံးတွင် ရှည်လျားသော ဆောင်းရာသီသည် ကုန်ဆုံးသွား၏။ ရေခဲနှင့်နှင်းများ အရည်ပျော်သွားပြီး နွေဦးရာသီရောက်ရှိလာကာ အပူချိန်များ မြင့်တက်လာသည်။
သို့သော် တိမ်မြူခိုးတောင်တန်းရှိ ကျင့်ကြံသူများစွာအတွက် နွေဦးရာသီသည် ပို၍ပင် အန္တရာယ်များသည်။
ဆောင်းရာသီတစ်လျှောက်လုံး အစာငတ်မွတ်ပြီးနောက် မရေမတွက်နိုင်သော ဆောင်းခိုသားရဲများ နိုးထလာကြလေသည်။ ၎င်းတို့သည် အလွန်အမင်းဆာလောင်မှုနှင့် တိုက်ခိုက်လိုစိတ်များလည်းတိုးပွားလာသောကြောင့် ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးသည် ဤသားရဲများနှင့်ကြုံတွေ့ပါက သေချာပေါက် တိုက်ခိုက်ခြင်း ခံရပေမည်။
သားရဲများစွာ အမဲလိုက်ထွက်လာသောကြောင့် နွေဦးရာသီတိုင်းတွင် ကျင့်ကြံသူအများအပြား သားရဲများ၏အငိုက်တိုက်ခိုက်မှုများကို ခံရပြီး တိမ်မြူတောင်တန်းတွင် သူတို့၏အသက်များ ဆုံးရှုံးကြရလေသည်။
မှန်ပေသည်၊ မီယွင်မြို့၏လုံခြုံမှုအောက်တွင် နေထိုင်သော ကျိုးစွေ့အတွက် ယင်းသည် စိုးရိမ်စရာမဟုတ်ပေ။
သူသည် တိမ်မြူခိုးတောင်တန်းထဲသို့ နက်ရှိုင်းစွာ စွန့်စားဝင်ရောက်မည်မဟုတ်ပေ။
ကျင့်ကြံရေးအခန်းအတွင်း။
“ငါလုပ်နိုင်ခဲ့ပြီ၊ ဟွမ်းလုံဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီကွ။”
ကျိုးစွေ့က ပျော်ရွှင်မှုအပြည့်ဖြင့် အားရပါးရ ရယ်မောလိုက်သည်။ ဆေးမီးဖိုအတွင်း လုံးဝိုင်း၍ အဝါရောင်ရှိသော ဆေးလုံးများ ထွက်ပေါ်လာသည်နှင့် အခန်းတစ်ခုလုံးတွင် ပြင်းထန်သော ဆေးရနံ့များ ပြည့်နှက်သွားလေသည်။
သုံးလကြာ နားလည်သဘောပေါက်မှုဖြင့် ဆေးလုံးဖော်စပ်ပြီးနောက် ဆေးလုံးဖော်စပ်ရာတွင် ပိုမိုကျွမ်းကျင်လာလေသည်။
ဟွမ်းလုံဆေးလုံးသည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများအတွက် သင့်တော်သော ထိပ်တန်းအရည်အသွေးရှိ ဆေးလုံးတစ်လုံးဖြစ်ပြီး အတော်အတန်တန်ဖိုးရှိလေသည်။
ဟွမ်းလုံဆေးလုံးတစ်လုံးသည် အဆင့်နိမ်ဝိညာဉ်ကျောက်တုံး ငါးရာတန်သည်။
သူသည် ဟွမ်းလုံဆေးလုံးများကို ဖော်စပ်နိုင်ပြီဖြစ်သောကြောင့် ထိပ်တန်းဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်လာသည်ဟု ဆိုလိုသည်။
ဆေးဖော်စပ်ပညာရှင်တစ်ဦးအဖြစ် ဤအဆင့်ရှိ ကျွမ်းကျင်မှုသည် သူ့အား မည်သည့်ကျင့်ကြံသူမိသားစုတွင်မဆို ဂုဏ်သရေရှိဧည့်အကြီးအကဲတစ်ဦးပင် ဖြစ်လာစေနိုင်သည်။ ကျင့်ကြံသူအများအပြားက သူအား အလွန်ကျွမ်းကျင်သော ပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူကာ လေးစားကြည်ညိုကြပေမည်။
မည်သည့်နေရာတွင်မဆို သူသည် အလွန်လေးစားခံရမည်ဖြစ်ပြီး ဈေးကောင်းကောင်းလည်း ရပေလိမ့်မည်။
ထိုသို့တွေးကာ သူ၏အချက်အလက်ပြမျက်နှာပြင်အား ဖွင့်လိုက်သည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်း အဆင့်(၆) (တိုးတက်မှု ၆၅%)၊ သက်တမ်း - ၂၀ (၁၂၀နှစ်) ]
[ ပင်ကိုယ်ပါရမီ - သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ် (၁၀%) ]
[ ဓားသိုင်းပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၈၀%) ]
[ အဆောင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၅၅%) ]
[ အစီအရင်ပညာ - ပထမအဆင့် အလယ်အလတ်အဆင့် (၇၅%) ]
[ ဆေးဖော်စပ်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၂၅%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် (၈၅%) ]
[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် (၂၅%) ]
[ မီးလုံးပညာ - အကြီးစားအောင်မြင်မှုအဆင့် (၂၅%)၊ လေဓားသွားပညာ- ကျွမ်းကျင်အဆင့်၊ ရွှေအလင်းပညာ - ကျွမ်းကျင်အဆင့်၊ ရေခဲနှင်းပညာ - ကျွမ်းကျင်အဆင့်၊ နွေလေမိုးပညာ - ကျွမ်းကျင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - ကျွမ်းကျင်အဆင့်၊… ]
ဤသုံးလအတွင်း သူ၏စွမ်းရည်အားလုံး တည်ငြိမ်စွာ တိုးတက်လာခဲ့သည်မှာ သံသယဖြစ်စရာမလိုပေ။
သူ၏ဆေးဖော်စပ်ပညာအဆင့်သည် ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင် အဆင့်အတန်းသို့ မြင့်တက်လာခဲ့သလို၊ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာတွင် သူ၏လေ့ကျင့်မှုသည် ကျွမ်းကျင်အဆင့်ကို ကျော်လွန်၍ ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်သို့ ရောက်ရှိခဲ့သည်။
ဤဓာတ်ငါးပါး ဆေးဖော်စပ်ပညာတွင် တိုးတက်မှုသည် ထိပ်တန်းဆေးဖော်စပ်ပညာရှင် ဖြစ်လာရသည့် အကြောင်းရင်းပင်ဖြစ်သည်။
ဤပညာရပ်၏ တိုးတက်မှုသည် သူ၏ဓာတ်ငါးပါး မှော်နည်းစနစ်များအား နားလည်နိုင်မှုကိုလည်း လွယ်ကူချောမွေ့စေပုံရသည်။
သူသင်ယူခဲ့သော ပညာရပ်များအားလုံးနီးပါး ကျွမ်းကျင်အဆင့်သို့ ဝင်ရောက်ခဲ့လေသည်။ ယခင်က ထိုမန္တန်များကို အမှန်တကယ်မလေ့ကျင့်ခဲ့သော်လည်း ထိုပညာရပ်များအား အလိုလိုတတ်မြောက်ခဲ့သည့်အလား ခံစားလိုက်ရသည်။
တစ်ခုတည်းသော နှမြောစရာမှာ နတ်ဆိုးအသွင်ပြောင်းပညာရပ်သည် ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်တွင်သာ ရှိနေသေးခြင်း ဖြစ်သည်။
သို့သော် ယင်းအား သူဘာမှမတတ်နိုင်ပေ။ ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်ကို ရောက်သည်နှင့် နောက်ပိုင်းတိုးတက်မှုများက နားလည်နိုင်စွမ်းအခက်အခဲအား ဆတိုးနှုန်းဖြင့် တိုးပွားလာလေသည်။
သာမန်ကျင့်ကြံသူတစ်ဦးသည် အနည်းငယ်တိုးတက်မှုကို မြင်တွေ့ရန် အနည်းဆုံး ဆယ်စုနှစ်အနည်းငယ် လိုအပ်ပေလိမ့်မည်။ သူ၏လက်ရှိတိုးတက်မှုသည် ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
“သိပ်မြန်တာပဲ၊ လအနည်းငယ်နဲ့ ထိပ်တန်းဆေးဖော်စပ်ပညာရှင် ဖြစ်လာမယ်လို မထင်ထားမိဘူး။”
ကျိုးစွေ့ အလွန်စိတ်လှုပ်ရှားနေသည်။
သူ၏သိစိတ်ပင်လယ်ထဲတွင် ဆေးလုံးပြင်ဆင်နည်းများစွာနှင့်အတူ ဆေးလုံးများအကြောင်း အသိပညာလှိုင်းလုံးများက စီးဆင်းနေသည်အား သူအာရုံခံမိလေသည်။ သူသည် အမှန်တကယ် ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ချေသည်။
သိထားရမည်မှာ အိမ်နီးချင်းဟောင်း ကျန်းချန်သည် ဆယ်စုနှစ်များစွာ အချိန်ကုန်ဆုံးခဲ့ပြီး အသက်သာ ကြီးကြီးလာသော်လည်း အလယ်အလတ်အဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးအဖြစ်သာ ကျင်လည်နိုင်ခဲ့သည်။ ဤသည်မှာ သူ၏ဘဝတစ်လျှောက်လုံး ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာရန် မျှော်လင့်ချက်မရှိဟု ခန့်မှန်းရခြင်း အကြောင်းရင်းဖြစ်သည်။
လအနည်းငယ်အတွင်း ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာခြင်းအား ထုတ်ဖော်ပြောကြားလိုက်ပါက လူအများအပြား လန့်ဖျား ဖျားသွားပေလိမ့်မည်။
မှန်ပေသည် အရာအားလုံးသည် ‘စာအုပ်ကူ’၏အကူအညီကြောင့်ဖြစ်၏။ ဉာဏ်အလင်းပွင့်ခြင်းကို မြှင့်တင်ပေးရန် ‘စာအုပ်ကူ’၏စွမ်းအားမပါခဲ့ပါက၊ သူ၏ဆေးဖော်စပ်ပညာကျင့်ကြံမှုသည် ဤမျှ မြန်ဆန်စွာ တိုးတက်လာမည်မဟုတ်ပေ။
“ကြည့်ရတာ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက် ဖြစ်လာဖို့က သိပ်မလိုတော့ဘူးပဲ။”
“ဒါပေမဲ့၊ ဒုတိယအဆင့် ဆေးဖော်စပ်ပညာအမွေအနှစ်ကို ငါရဖို့လိုသေးတယ်။”
ကျိုးစွေ့ မျက်လုံးများအားကျဉ်းမြောင်းလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူသည် ပထမအဆင့် ဆေးဖော်စပ်ပညာအမွေအနှစ်ကိုသာ ရရှိထားပြီး၊ ဒုတိယအဆင့် ဆေးဖော်စပ်ပညာအမွေအနှစ်အား မရရှိထားပေ။
သို့သော် ဒုတိယအဆင့် ဆေးဖော်စပ်ပညာအမွေအနှစ်အား ရရှိနိုင်ရန် အင်မော်တယ်ရှားဂိုဏ်းကဲ့သို့သော ဂိုဏ်းများသို့ သွားရပေမည်။
“မဟုတ်သေးဘူး၊ လုမိသားစုမှာ ဒုတိယအဆင့် ဆေးဖော်စပ်ပညာအမွေအနှစ် ရှိနိုင်လောက်တယ်။”
သို့သော် လက်ရှိတွင် လုမိသားစုသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ကျောထောက်နောက်ခံဖြင့် အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်ရာ၊ သူတို့ထံမှ ဒုတိယအဆင့် ဆေးဖော်စပ်ပညာအမွေအနှစ်အား ရရှိရန် မလွယ်ပေ။ သူသည် မိုက်မဲစွာဖြင့် လုမိသားစုအား ရန်စမည်မဟုတ်ပေ။
“ထားလိုက်ပါ၊ လောနေစရာမလိုပါဘူး။ အခြားနည်းလမ်းတွေ ရှိလောက်ပါသေးတယ်။”
ကျိုးစွေ့သည် မည်သည့်စွန့်စားမှုများကိုမှ မလိုလားဘဲ၊ အဖြစ်အပျက်များအား သူ့အတိုင်းသာ စီးမျောလိုက်ပါစေရန်သာ လိုလားပေသည်။ မိမိအတွက် အန္တရာယ်ဖြစ်နိုင်ခြေ အနည်းဆုံးဖြစ်အောင်သာ ပြုလုပ်တတ်သည်။
လွန်ခဲ့သောလအနည်းငယ်အတွင်း မီယွင်မြို့သည် ငြိမ်သက်နေပြီး တိုက်ပွဲများသိသိသာသာ လျော့ကျသွားကာ လူထုလုံခြုံရေသည်လည်း အနည်းငယ်တိုးတက်လာခဲ့သည်။ ၎င်းမှာ အင်မော်တယ်ရှားဂိုဏ်းရောက်မလာခင်က အခြေအနေနီးပါး ပြန်လည်ရောက်ရှိသွားလေသည်။
သို့သော် ဤသည်မှာ မုန်တိုင်းမလာမီ ငြိမ်သက်နေခြင်း ဟုတ်မဟုတ်အား မသိနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ယခုထိတိုင် တစ္ဆေမိစ္ဆာဂိုဏ်းသည် အင်မော်တယ်ရှားဂိုဏ်းအား တိုက်ခိုက်မည့်အရိပ်အယောင်မပြသေးသကဲ့သို့၊ မိစ္ဆာကျင့်ကြံသူများ၏ ခြေရာလက်ရာများပင် ပေါ်ထွက်မလာချေ။
ဤခံစားချက်သည် ယခင်က သူရရှိခဲ့သော သတင်းအချက်အလက်များက အတုအယောင်များအလား ဖြစ်စေသည်။
၎င်းသည် သူ့အတွက် ကောင်းမွန်သောအရာသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် မီယွင်မြို့တွင် အရှုပ်အထွေးများအား မလိုလားသောကြောင့်ဖြစ်သည်။ ငြိမ်ချမ်းစွာဖြင့် အခြေတည်အဆင့် နယ်ပယ်သို့ ကျင့်ကြံနိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။ မည်သူက စစ်ပွဲတစ်ခုတွင် ကြားညှပ်နေချင်ပါမည်နည်း။
ဒုက္ခများသောကာလရှိ လူများသည် ခွေးများထက်ပင် ဆိုးရွားပေသည်။ ယင်းက အမှန်တရား ဖြစ်၏။
“တစ္ဆေမိစ္ဆာဂိုဏ်းက မီယွင်မြို့ကို တိုက်ခိုက်ဖို့ ကြံထားထား၊မထားထား ဥမင်တစ်ခုတူးပြီး ထွက်ပေါက်တစ်ခု ပြင်ဆင်ထားဖို့လိုတယ်။”
ကျိုးစွေ့ လက်သီးဆုပ်လိုက်သည်။
အမှန်တကယ်တွင် ဤသုံးလအတွင်း အပြောင်းအလဲအများဆုံးမှာ ‘ရွှေစားကူ’ဖြစ်သည်။
ရွှေနီသတ္တုတွင်းသို့ ဝင်ရောက်ပြီးနောက် ‘ရွှေစားကူ’သည် ရွှေနီများအား နေ့စဉ်စားသုံးကာ ဥများဥခဲ့သည်။
ထို့သို့ဖြင့် ၎င်း၏ကျင့်ကြံမှုအား အဆပေါင်းများစွာ တိုးတက်လာစေပြီး အဆင့်တစ် ထိပ်တန်းအဆင့်သို့ ရောက်ရှိစေခဲ့သည်။
မူလက ရွှေနီသတ္တုတွင်းသည် အင်မော်တယ်ရှားဂိုဏ်း၏ပိုင်ဆိုင်မှုဖြစ်ပြီး လွန်စွာတန်ဖိုးရှိသည်။ ယခုတွင်မူ ယင်းအား ‘ရွှေစားကူ’က တိတ်တဆိတ် ဝါးမျိုခဲ့လေပြီ။
အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူများသည် အနက်ရှိုင်းဆုံးအပိုင်းသို့ တူးဖော်သွားသောအခါ၊ ရွှေနီသတ္တုတွင်းသည် သူတို့ ထင်ထားသလောက် မကြီးမားတော့ဘဲ သိသိသာသာ ကျုံ့သွားသည်အား တုန်လှုပ်စဖွယ် တွေ့ရပေလိမ့်မည်။
ရွှေနီသတ္တုတွင်းသည် ‘ရွှေစားကူ’အတွက် အကောင်းဆုံးသော ထမင်းစားခန်း ဖြစ်သည်။ စားပြီးအိပ်၊ အိပ်ပြီးလျှင်စားလေသည်။
၎င်းက ရွှေနီသတ္တုတွင်းရှိ ‘ရွှေစားကူ’၏ အကောင်းဆုံးသော နေ့စဉ်ဘဝဖြစ်လေသည်။
ယခုအချိန်တွင် ‘ရွှေစားကူဘုရင်မ’သည် ရွှေစားပိုးကောင် နှစ်ရာအား မွေးမြူခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် အငယ်စား ရွှေစားပိုးကောင်းတပ်တစ်ခုအား ဖွဲ့စည်းနိုင်ပြီး မယုံနိုင်လောက်သော စွမ်းအားကို လျှပ်တစ်ပြတ်ထုတ်လွှတ်နိုင်ပေသည်။
သာမန်ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများသည် ရွှေစားပိုးကောင်တပ်နှင့် ကြုံတွေ့ပါက မုချ သေရပေလိမ့်မည်။
“ရွှေစားပိုးကောင် တစ်ရာကို အရင်ပြန်ယူထားလိုက်မယ်။ ဒီရွှေစားပိုးကောင်တွေနဲ့ဆိုရင် တခြားနေရာတွေထိကို ဥမင်တစ်ခု သေချာပေါက်တူးနိုင်လိမ့်မယ်။” ကျိုးစွေ့က မေးစေ့အား ပွတ်သပ်လိုက်သည်။
သူသည် ရွှေစားပိုးကောင်၏ အစွမ်းထက်သော တူးဖော်နိုင်စွမ်းအား သိထားလေသည်။ ကီလိုမီတာဆယ်ဂဏန်းရှည်သော မြေအောက်ဥမင်တစ်ခုတူးဖော်ရန် ရက်အနည်းငယ်သာ အချိန်ယူရပြီး၊ ဥမင်တူးဖို့အတွက် မွေးဖွားလာသောသတ္တဝါများဟုပင် ဆိုနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် မြေကြီးကို ဝါးမျိုကာ အစာအဖြစ် အသုံးပြုနိုင်သည်။ ထို့ကြောင့် သူ၏တူးဖော်ရေးလုပ်ငန်းစဉ်အတွင်း များပြားသော မြေကြီးများထွက်ပေါ်လာကာ အခြားကျင့်ကြံသူများ သတိထားမိမည်အား စိုးရိမ်စရာမလိုတော့ပေ။